ကိုသန်းလွင် ခရီးသွား ဆောင်းပါး
ကိုသန်းလွင် – သာဝတ္တိ
 ကိုသန်းလွင် –  သာဝတ္တိ
(မိုးမခ)  စက်တင်ဘာ ၈၊ ၂၀၁၅
(၁)
ဘီစီ ၆ ရာစု ဗုဒ္ဓသက်တော်ထင်ရှားရှိစဉ်က သာဝတ္တိ သည်ကောသလတိုင်း၏ မြို့တော် ဖြစ်သည်၊ ဘုရင်မှာ ပသေနဒီကောသလမင်းကြီးဖြစ်သည်၊ သာဝတ္တိမြို့တော်သည်ချမ်းသာကြွယ်ဝသောမြို့တော်ကြီး  ဖြစ်ခဲ့ပါသည်၊ တချိန်က သာဝတ္တိ ဟုခေါ်သော ဘုရင်မင်းမြတ်က တည်ခဲ့သော မြို့တော်ဖြစ်သည်၊ သာဝတ္တိဆိုသော စကားလုံးမှာ အလုံးစုံကြွယ်ဝချမ်းသာခြင်းဟူ၍လည်း အဓိပ္ပါယ်ရသည်၊ လူတို့အတွက် လိုအပ်သော အစာအဟာရ နှင့် ပျော်ရွှင်ချမ်းမြေ့ခြင်းအတွက် လိုအပ်သာ အရာဝတ္တုပစ္စည်းမှန်သမျှ ကြွယ်ဝ သည်ဟု ဆိုပါသည်။
 (၂)
ဗုဒ္ဓ၏ ကျောင်းတော်အမွန် ဇေတ၀န် သို့ ကျွန်တော်တို့သည် ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ၊ ဆီးနှင်းတွေ ထူထပ်စွာကျနေသော အချိန်တွင် ရောက်ရှိသွားကြပါသည်၊   ဘုန်းတော်ကြီးပေါင်း ထောင်သောင်းချီ၍ သီတင်း သုံးနေကြသော်လည်း ဗုဒ္ဓရဟန်းတော်များသီတင်းသုံးနေထိုင်ရာ ကျောင်းတော်ကြီးများအတွင်း ၀င်သွားလျင် လူသံမကြားရ ဇွန်းသံ၊ ပုဂံခွက်ယောက်သ၊ံတွေမကြားရ ငြိမ်သက်တိတ်ဆိတ်နေတတ်သည် ဟုကြားရဘူးသည်၊   ယခုအခါ ကျောင်းတော်ကြီး၌ သီတင်းသုံးသော ဘုန်းတော်ကြီးများမရှိကြတော့ပါ၊ အိန္ဒိယ အစိုးရ ရှေးဟောင်း သုတေသနက ခြံစည်းရိုးခတ် ထိမ်းသိမ်းထားသော ၀င်းကြီးမှာ အုတ်ရိုးညိုညိုနှင့် မျက်ခင်းစိမ်းစိမ်းများ ကိုသာတွေ့ရသည်၊  နိုင်ငံအသီးသီးက ရောက်လာကြသော ဘုရားဖူးများနှင့်  စည်ကားနေသည်။
ဗုဒ္ဓဘုရားရှင် မရှိတော့သော်လည်း တချိန်က သူသီတင်းသုံးခဲ့ရာ တရားရေအေး တိုက်ကျွေးခဲ့ရာ ကျောင်းတော် မြတ် အတွင်းသို့ ၀င်ရောက်လာခဲ့ကြသော ကျွန်တော်တို့ မှာ ဘုရားရှင် ၂၅၀ါပတ်လုံး ၀ါဆိုခဲ့ရာ   နေရာကို မြင်တွေ့ရသော အခါ အတိုင်းမသိ ရွှင်လန်းတက်ကြွဖြစ်မိကြရပါသည်။
ဘုရားရှင် သီတင်းသုံးရာ ဂန္ဓဂုဋိတိုက်သည်လည်း အုတ်ပုံအုတ်ချပ် အရာသာကျန်ရှိတော့သည်၊     ဘုန်းတော် ကြီးကျောင်း ၀င်းအတွင်းမလိုသူများကဖျက်ဆီးကြသောကြောင့်၎င်း၊ နှောင်းလူတို့က ပြုပြင်ခဲ့မှုများ ကြောင့်၎င်း၊  မူလ လက်ရာ အရိပ်အရောင်ကိုကား မတွေ့ရတော့ပေ။
ကျွန်တော်တို့သည် ကျောင်းဆောင်နေရာ အုတ်စီထပ်ထားရာနေရာပေါ်၌ ကိုယ့်နေရာ ကိုယ်ယူပြီး ရှေ့က ဘုန်းတော်ကြီးက တိုင်ချပေးသည့်သုတ်တော်များကိုကိုညီညာဖျဖျ လိုက်ပြီးဆိုကြရပါသည်၊ကျွန်တော်တို့၏ ရခဲသောလူ့ဘ၀ ခဏတာတွင် ကြုံရန်ခက်သော ထိုအချိန်ကလေးများ ကုန်ဆုံးမသွားစေရန် မိမိနှစ်သက်ရာ ကမ္မဌာန်းဖြင့်ကျွန်တော်တို့ကို နေခွင့်ပေးထားပါသည်၊ ကျွန်တော်တို့ထိုင်နေကြရာအနီးဝန်းကျင်မှာပင် မထင်ရှား သောနတ်သား  တပါးက မေးမြန်းလျှောက်ထား သည် ကို ဗုဒ္ဓကလူသားတို့၌ ရှိအပ်သော မင်္ဂလာ တရား ၃၈ဖြာ ကိုဟောပြခဲ့ခြင်းဖြစ်ပါလိမ့်မည်၊
ကျွန်တော်သည် ဤကျောင်းတော်ကြီး၌ ဖြစ်ပျက်ခဲ့သမျှကို စဉ်းစားမကြည့်ဘဲမနေနိုင်ပါ၊ သာဝတ္ထိ နှင့် ၄င်း၊  ဇေတ၀န်နှင့်၎င်း၊ ပတ်သက်သမျှ ဘုရားရှင်တွင် ဥပသကာ မြောက်များစွာတို့ အနက် မှ အနာတပိဏ်သူဌေး   သုဒ္ဒတ္တ၊ ကျောင်းအစ်မ ၀ိသာခါ၊ ပသေနဒီ ကောသလမင်းကြီးနှင့် မလ္လိကာ မိဖုရားကြီးတို့ကို သွားပြီးသတိရမိပါ သည်။
ဘုရားရှင်သည် မိဂဒါဝုန်တော၌ တရားဦးဓမ္မစကြာကို ဟောပြီးဒေသစာရီ ကြွချီတော်မူခဲ့ရာမှ တတိယ၀ါ၌ ရာဇဂြိုလ်ပြည်သို့ရောက် ရှိလာပါသည်၊ သူဌေးသုဒ္ဒတ္တသည် မိမိညီမဖြစ်သူ၏ယောင်္ကျား ယောက္ဖတော်သူက သတင်းပေးရာမှ ဘုရားရှင်ကို ဖူးမျှော်ခွင့် စကားပြောခွင့်ရခဲ့သည်၊  “လာလော့သုဒ္ဒတ”္တ ဟုဘုရားရှင်က သူ့နာမည်ရင်းကိုခေါ်ပြီးနှုတ်ဆက်ချိန်မှစပြီး သူဌေးကြီးသည်ဗုဒ္ဓ၏ ဥပသကာဖြစ်သွားပေပြီ၊ သူသည် မဆိုင်းမတွပင် ဘုရားရှင်ကို သာဝတ္ထိမြို့ တော်သို့ ကြွရောက်သီတင်းသုံးနိုင်ရန် ပင့်ဖိတ်ခဲ့လေသည်။ ဘီစီ ၅၁၄ ခုနှစ် မှာဟုယူဆရပါသည်၊   ထို့နောက် မြတ်ဗုဒ္ဓသည်ဘီစီ  ၅၀၇ ခုနှစ်မှ စ၍ ၂၄၀ါဆိုလုံး သာဝတ္တိကျောင်းတွင် သတင်းသုံးနေထိုင်ခဲ့ ပါသည်။
သာဝတ္ထိသို့ ပြန်ရောက်သော် ဘုရားရှင် သီတင်းသုံးရန်ကျောင်းတော်နေရာ အတွက်မြို့နှင့် မနီးမဝေး နေရာကို ရှာဖွေပါသော် ပသေနဒီမင်း၏သားတော် ဇေတမင်းသားပိုင်ဥယျာဉ်မြေသည်သာ ကျောင်းဆောက်ရန် အသင့်တော်ဆုံးဖြစ်ကြောင်း တွေ့ရသည်၊   ဇေတမင်းသားက သူ့ခြံမြေကိုမရောင်း နိုင်ဟုဆိုသည်၊    ရွှေဒင်္ဂါး တွေ အနှံ့ခင်းပြီးမြေပြင် အနှံ့ ခင်းနိုင်ပါသော် ရောင်းမည်ဟု မခြေမငံပြောလိုက်မိ သည်၊ သူဌေးကြီးက မိမိဘဏ္ဍာတိုက် မှ ရွှေဒင်္ဂါးပြားတွေ ကို လှည်းနှင့် တိုက်ခါ မြေကြီးပေါ် မှာ ဖြန့်ခင်းပြီး ၀ယ်သည်ဟု ဆိုကြသည်၊    ဒင်္ဂါးပြားပေါင်း သန်း၁၈၀ မျှတန်ဘိုး ရှိသည်ဟုဆိုကြသည်၊ ထိုငွေနှင့် ညီမျှသော ငွေကြေးဖြင့် ကျောင်းတော် ကြီးကို လည်းဆောက်သည်ဟုလည်းမှတ်တမ်းတွေရှိသည်၊ ထိုပမာဏငွေဖြင့် ရဟန်းသံဃာ တို့ကိုလှုဒါန်းရာ   စုစုပေါင်း ၅၁ ကုဋေ ကုန်ကျခံပြီးလှုခဲ့ခြင်းဖြစ်သည်၊ စန္ဒကူးပင်နှင့် သရက်ပင်  တွေကိုချန်၍ မြေပြင်ကို ရှင်းလင်းထားသည်၊ ထိုအပင်များ၏ ပင်စည်ကိုတိုင်းပြီးထိုက်သင့်သော ဒင်္ဂါးကို ပေးရန် ဖြစ်သည်။ နောင်တွင် ဇေတ မင်းသားက တောင်းပန်သောကြာင့် ဂိတ်ပေါက်နေရာကသာ ဇေတမင်းသားအမည်ဖြင့် လှုခွင့်ပေးသည်၊
အနာတပိဏ်သူဌေးက ဇေတ၀န်မင်းသားထံမှ မြေကိုဝယ်ရန် ဒင်္ဂါးလှည်းမှသွန်ချနေပုံ အုတ်ထွင်း ပန်းချီများကို မာဒရာဒတ်(ရှ) နှင့်ဘီဟာနယ်တွင်ရှိသော ဗုဒ္ဓဂါယာ  အင်ဒရာပရာဒတ်(ရှ)နယ်ရှိ အမရ၀တီ တို့တွင် တူးဖော် တွေ့ရှိခဲ့ကြသည်။
ဗုဒ္ဓပရိနိဗ္ဗာန်ပြုပြီးသော်လည်းသာဝတ္ထိရှိစေတီပုထိုး၊ ကျောင်းတော်ကြီးများသည် အစည်ကားပျက်ခဲ့ပုံမရ၊   ဘီစီ၃ရာစုနှစ်တွင် ဗုဒ္ဓဘာသာဝင်ဖြစ်နေပြီဖြစ်သော အသောကရာဇာသည် သာဝတ္ထိရှိဇေတ၀န်ကျောင်းတော်  သို့ရောက်ရှိလာခဲ့သည်၊ ဇေတ၀န်ကျောင်းတော်အ၀င်ဂိတ်ဝ၏ဘယ်ညာနှစ်ဖက်တွင်အမြင့်ပေ၇၀ရှိကျောက်တိုင် ၂ တိုင်ကိုထူခဲ့သည်၊ ဗုဒ္ဓစင်္ကြန်ကြွတော်မူရာ တရားဟောတော်မူရာ နေရာတို့၌ အမှတ်တရ စေတီကိုတည်ပြီး ဗုဒ္ဓ၏ ဓါတ်တော်မွေတော်များကို ဌာပနာခဲ့သည်။
ထိုအချိန်က သာဝတ္ထိတွင် သီတင်းသုံးခဲ့ကြသော ဘုန်းကြီး ၆၂ပါး နှင့် သီလရှင် ၁၄ဦးရှိသည်ဟု သာသနာဝင်ကျမ်း ကဆိုသည်၊ သားငယ်ကွယ်လွန်သောကြောင့် ပရိဒေ၀မီးတောက်လောင်နေသော ကိသာဂေါတမီမှာ ဗုဒ္ဓ မှ လူမသေဘူးသော အိမ်မှ မုန်ညှင်းစေ့ကိုတောင်းယခဲူ့ရမည်ဟု ခိုင်းစေချက်မှ သတိတရားရပြီး သီလရှင်မကြီး ဖြစ်လာခဲ့သည်၊  သားသေ၊ လင်ဆုံးပရိဒေ၀မီးတွေ ၀ိုင်းနေသော ပဋာစာရီမှာ ဗုဒ္ဓ၏ တရားပြမှုကြောင့် သတိသံဝေဂရကာ သာသနာ ဘောင်သို့ ၀င်ရောက်ခဲ့သည်၊ သူ့သားကြီးရေမြောပါခဲ့ ရာအစီရ၀တီမြစ်မှာ ဇေတ၀န်ကျောင်းတော်ဘေးမှာ ရစ်ခွေစီးလျက်ရှိသည်၊ ဓါးပြလူဆိုးကြီး အင်္ဂ္ဂုလိမာလကို ဇေတ၀န် ကျောင်းတော် အနီး အနာတပိဏ်သူဌေး၏ အိမ်ဘေးမှာပင် ဘုရားက ချွေချွတ်တော် မူခဲ့ပါသည်၊ ဗုဒ္ဓသည် တိထ္တိကြီး ၁၁ ဦးနှင့် ဇေတ၀န် ကျောင်းတော်ကြီးဘေးမှာ မဏ္ဍပ်ထိုးပြီး  ၀ါဒသဘောတရားများ ဆွေးနွေးခဲ့ကြသည်၊ ထိုနေရာသို့လာပြီး စိဉ္ဇမာဏဆိုသော အမျိုးသမီးက ဗိုက်ဖုံးအင်္ကျီ ကိုဝတ်ခါ ဘုရားနှင့်ရ သော ကိုယ်ဝန်ပါဟု စွတ်စွဲခဲ့သည်၊
ဗုဒ္ဓသည် မိုးတွင်းကာလသုံးလသာ ကျောင်းတော်ကြီးမှာသီတင်းသုံးပြီးကျန်ကာလများတွင် ခရီးဒေသစာရီ လှည့်လှည်ခါ မငြိမ်းချမ်းသေးသောသတ္တ၀ါအပေါင်းကို တရားပြတော်မူခဲ့ပါသည်။
အနာတပိဏ် သူဌေးကြီး သည်ဇေတ၀န်ကျောင်းတော်၌ ဘုရားရှင်သီတင်းသုံးနေပြီဆိုလျင် တနေ့တွင် အနည်း ဆုံး၂ ခေါက် ကျောင်းသို့လာသည်၊    ကျောင်းသို့လာရာတွင် လက်ချည့်မလာ၊ ဘုရားနှင့် သံဃာတော်များ အတွက် လှူဘွယ်ဝတ္ထုပစ္စည်းများကို အမြဲတစေသယ်ဆောင် လာမြဲဖြစ်သည်၊     သူ့အိမ်သည် ၇ ထပ်ရှိသော အိမ်ဖြစ်သည်၊ ရဟန်း တော်များအတွက် သူ့အိမ်တံခါးကို အမြဲဖွင့်ထားပြီး  ဧည့်ခံရာအဆောင် ၇ ဆောင်ကို လည်း ဆောက်ထားသည်၊   ဆန်၊ဆီ၊ စားရေး ရိက္ခာကို ပေးလှူရန် ပျက်သည်ဟု မရှိစေရ။
သူသည်ဗုဒ္ဓ နှင့်တွေ့တိုင်း မေးခွန်တွေမေးလေ့ရှိသည်၊    တကြိမ်တွင် အိမ်ယာတောင်သူ အိမ်ထောင်ဦးစီးတို့ အတွက်ဝမ်းသာဂုဏ်ယူဘွယ်အရာများမှာ အဘယ်တို့ ပါနည်းဟုမေးသည်၊    (၁) စုစည်းအပ်သောဥစ္စာရှိခြင်း၊  (၂) ထိုဥစ္စာကို ကုသိုလ်ပွားများအောင်ပေးလှူရခြင်း၊ (၃) ကြွေးမြီကင်းရှင်းခြင်း၊ (၄) လူအများအပြစ်တင်ကဲ့ရဲ့ စရာ အလုပ်ကို မလုပ်ခြင်းတို့ဖြစ်သည်ဟု  ဗုဒ္ဓက ဖြေတော်မူသော် သူဌေးကြီးမှာများစွာ ပီတိချမ်းသာဖြစ်ရ   သည်။
ဤလောက၌ နှစ်လိုဘွယ်၊ နှစ်သက်ဘွယ်၊ အရာများမှာ အဘယ်သို့ရှိပါသနည်းဆိုသော မေးခွန်းကို လောက၌ နှစ်လိုဘွယ်ရာ ငါးခု အဖြစ် (၁) အသက်ရှည်ခြင်း (၂) အဆင်းလှပခြင်း (၃) ပျော်ရွှင်ချမ်းမြေ့ခြင်း (၄) ကျော်ဇောခြင်းနှင့် (၅) အဆင့်မြင့်သော ဘုံ၌ ပြန်လည် မွေးဖွားရခြင်းဖြစ်သည်ဟုဟောခဲ့သည်။
သူ့တွင် သမီး ၃ ယောက်နှင့်သားတယောက်ရှိသည်၊    အသားမဲသောကုလားဟုခေါ်သည့်သားမှာကျောင်းအမ  ကြီး ၀ိသာခါ၏ ညီမ သုဇာတာ နှင့်အိမ်ထောင်ကျသည်၊ လင်ယောက်ျားကို မရိုသေခြင်းဖြင့် နာမည်ကြီး     သောသုဇာတာကို အိမ်သို့ဆွမ်းစားရောက်လာသော ဗုဒ္ဓဘုရားရှင်က ဇနီးမယား  ၇မျိုး ရှိသည် ဟုရှင်း ပြခဲ့သည်၊ (၁) သူသတ် နှင့်တူသောမယား၊ (၂) သူခိုးနှင့် တူသောမယား၊ (၃) သခင်နှင့် တူသော မယား၊ (၄) မိခင်နှင့်တူ သောမယား၊ (၅) ညီအစ်မနှင့်တူသောမယား၊ (၆) မိတ်ဆွေနှင့် တူသော မယား၊ (၇) ကျွန်နှင့်တူသော မယားဟူ၍ ရှိကြောင်းမယားတို့၏ သဘာဝ အမျိုးမျိုးကို ရှင်းပြတော်မူခဲ့သည်။
(၃)
ဘီစီ၁၈၄ ခုနှစ်က အာသောကမင်းကြီး၏နောက်ဆုံးမင်းဆက် ဘီဟဒတ္တမင်းကို သူ၏ ဗြဟ္မဏ အနွယ်ဝင်     စစ်သူကြီးကလုပ်ကြံလိုက်ချိန်မှစပြီးဗုဒ္ဓသာသနာ အရောင်မှာမှေးမှိန်သွားခဲ့ရာ အေဒီ ၇၈ – ၁၀၁  ကနီသကမင်း လက်ထက်တွင် အေဒီ ၂ရာစု ကုန်ဆုံးချိန်အထိ ပြန်လည်ဖွင့်ဖြိုးခဲ့ရသည်၊ အေဒီ ၃၂၀ – ၁၀၀  ခုနှစ်များသို့ ရောက်သော် အိန္ဒိယ မြောက်ပိုင်း တခုလုံး  ဗြဟ္မဏ ၀ါဒလွှမ်းမိုးလာရာ သာဝတ္ထိရှိ ဗုဒ္ဓ ရုပ်ထု အဆောက်အဦးများမှာ ထိမ်းသိမ်းသူမရှိ ယိုယွင်းပျက်စီးစပြုခဲ့သည်၊    တရုတ်ဘုန်းတော်ကြီးဖာဟီရန်   အေဒီ ၄၀၇ ခုနှစ်တွင် ရောက်လာသောအခါ ကောသလပြည် နှင့် ပသေနဒီမင်း၏နန်းတော်ကြီး မှာ ပျက်စီးနေပေပြီ၊    အနာတပိဏ်သူဌေးကြီး နှင့် အင်္ဂုလိမာလတို့၏ရုပ်ထုများ မှာလည်း ကျိုးကျပျက်ဆီးနေကြပြီး ဗုဒ္ဓ၏ အထင်ကရ  နေရာများ၌ ဗြဟ္မဏ ဘာသာဝင်တို့ က၀င်ရောက်ကျူးကျော်နေထိုင်လာကြသည်။
သာဝတ္ထိမြို့တော်၏ တောင်ဘက် ဂိတ်ဝ မှခြေလှမ်း ၁၂၀၀ ခန့်၊( မိုင်ဝက် )ခန့် တွင် သုဒ္ဒတ္တ သူဌေးကြီးတည်  ထားသော ဇေတ၀န်ကျောင်းတော်ရှိသည်၊ ဘုန်းကြီးတွေက သူ့ကို နွေးနွေးထွေးထွေးကြိုဆိုကြသည်ဟု မှတ်တမ်းရေးခဲ့သည်၊ အာသောက ကျောက်တိုင်ထိပ်တခုစီတွင် ဘီးနှင့် နွားရုပ်ထု များရှိသည်၊   ရေကန်တွင်း က ရေသည်အေးကြည်လင်ပြီး ပန်းပေါင်းစုံလည်းပွင့် နေကြသည်ဟုရေးခဲ့သည်၊     ထိုအချိန်တွင် ဇေတ၀န် ကျောင်းတော်ကြီးဘေး မှ ၀ိသာခါ ၏ ပုဗ္ဗာရုံ ကျောင်းတော်ကြီး မှာ ပျက်စီး နေပါပြီ၊
အေဒီ ၆၃၇ – ၃၈ တွင်ရောက်လာသော နောက်ထပ် တရုတ် ဘုန်းတော်ကြီး  Hiuen  Tsang  ရောက်လာချိန်  တွင် ဇေတ၀န်ကျောင်းတော်ကြီးမှာ အကောင်းမကျန်တော့ပေ၊ ပသေနဒီ ကောသလမင်းကြီး ဆောက်လုပ် ခဲ့သော နန်းတော်ဘေး ရှိ ဗုဒ္ဓ တရားဟောရာ အဆောင်ကြီးမှာလည်းပျက်စီးနေပြီ၊    မိထွေးတော် ပဇာပတိ ဂေါတမီ၏ စေတီကြီးတည်နေ ရာတွင် မျှော်စင်တခုကိုမြင်ခဲ့ရပြီး ဘေးမှ အနာတပိဏ်သူဌေး၏ အိမ်မှာပျက်စီး နေပြီ၊ ဗုဒ္ဓက အင်္ဂုလိမာလကို တရားပြ ချွေချွတ်ခဲ့သောနေရာတွင် တည်ထားခဲ့သည့်    ရုပ်ထုကြီးကိုမူ သူ့အိမ် ဘေးမှာတွေ့ခဲ့ရသည်ဟုဆိုသည်။
အိန္ဒိယရှေးဟောင်းသုတေသန ဌာန၏ တူးဖော်တွေ့ရှိချက်များ အရမူ တရုတ်ဘုန်းတော်ကြီးက မှတ်တမ်းတင် ခဲ့သော ပျက်စီးနေသောမြို့တော်နှင့် အဖျက်စီးခံရသော အိမ်ယာကျောင်းတွေ ထိုအချိန်က ရှိခဲ့သော်လည်း ထိုခေတ်နောက်ပိုင်းတွင် ဗုဒ္ဓသာသနာ ပြန်လည်ထွန်းကားလာသည့် အရိပ်အရောင်များကို တွေ့ရသည်ဟု ဆိုပါသည်၊    သက္ကရာဇ် ၁၁၉၀၊ ၁၂ရာစု အကုန်ပိုင်း အနောက်တိုင်း မှ မွတ်စလင်များ ၀င်ရောက်လာချိန် ရောက်မှဇေတ၀န် ကျောင်းတော်ကြီးမှာ ပျက်စီးခြင်းဖြင့် အဆုံးသတ်သွားရသည်၊    ၁၁၂၉ – ၃၀ တွင် ဂေါဝိဒ ချန်ဒရာဘုရင်က ဇေတ၀န်ကျောင်းတော်ကို မွန်းမံပြင်ဆင်ခဲ့ကြောင်း ကြေးပြားတချပ်ကို တွေ့ရှိခဲ့ကြရပါသည်။
သာဝတ္ထိနှင့် ဇေတ၀န် ကျောင်းတော်ကြီးသည် နှစ်ပေါင်း ၇၀၀  မျှ ခြုံနွယ်ပိတ်ပေါင်း နှင့် အပျက်အစီးတွေ  ကြားမှာ နေခဲ့ရပါသည်၊    ၁၈၆၃ ခုနှစ် အင်္ဂလိပ်အစိုးရ အုပ်ချုပ်ချိန်တွင်  နောင်ကျောက်စာဝန် ဖြစ်လာမည့် စစ်ဗိုလ်  Alexander  Cunningham  ကသာဝထ္ထိမြို့တော်ဟောင်းကိုတွေ့ရှိခဲ့သည်၊     ထိုအပျက်အစီးများကို မြင်ရသော ကန်နင်ဟန်  က သူ့ကို ဤ ရှေးဟောင်းသုတေသနလုပ်ငန်းတွေကို လုပ်ခွင့်ပြုပါရန် လျှောက်ထားခဲ့ ရာ ၁၈၇၁ ခု၊ ဇန်န၀ါရီလ  ၁ရက်နေ့တွင်  အိန္ဒိယ နိုင်ငံ၏ ရှေးဟောင်းသုတေသနဌာန Director-General   ဖြစ်လာခဲ့သည်၊     ၁၈၇၁ ခုနှစ်မှာပင် The  Geography  of  Ancient  India  စာအုပ်ထုတ်ဝေခဲ့ပြီး သူတွေ့ရှိချက်၊ သူ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်များကို စုံစုံလင်လင်ရေးသားခဲ့သည်၊ ကျောက်စာဝန် အသစ်ကြောင့် အိန္ဒိယ တနိုင်ငံလုံးရှိ ဗုဒ္ဓ  နှင့် ပါတ်သက်သောနေရာများသည် အစိုးရ၏ ကာကွယ်စောင့်ရှောက်မှုအောက်သို့ ရောက်ရှိသွားရခြင်း  လည်းဖြစ်ပါသည်။ သာဝတ္ထိနှင့် ဇေတ၀န်ကျောင်းတော်ကို ( Maheth-Saheth) ဟုဒေသခံတွေကသိကြပါသည်၊
သူသည် ဇေတ၀န်ကျောင်းတော်ကြီး၏မြေပုံကို ဖော်ထုတ်နိုင်ခဲ့သည်၊ ကျောင်းနှင့်စေတီ ၂၅ ခုကို နေရာချ  ထားနိုင်ခဲ့သည်၊ အင်္ဂလိပ်အစိုးရကသာ ထိမ်းသိမ်းရေးလုပ်ငန်းတွေကို မလုပ်ခဲ့ဘူးဆိုလျင် ကျွန်တော်တို့သည် ဇေတ၀န်ကျောင်းတော်ကြီးကို၎င်း၊ သာဝတ္တိမြို့တော်ကြီးကို ၄င်း ယခုအခြေအနေအတိုင်းမြင်ရ အောင်ကာလ မည်မျှကြာ အောင်စောင့်ဆိုင်းရမည် မသိတော့ပေ၊ အိန္ဒိယတွင် ဗုဒ္ဓဘာသာဥပသကာများ မြောက်များစွာ ရှိနေကြသည် မဟုတ်၊ မြတ်စွာဘုရားဒေစာရီကြွချီချိန်တွင် ရောက်လာကြသော ဘုရားဖူးများက မိမိတို့ယူဆောင်လာကြသော ပန်းသစ်သီးများကို ကျောင်းတော်ကြီးရှေ့ တွင်စွန့်ပစ်ကြရသည်၊ ရှင်အနန္ဒာ လျှောက်ထားသဖြင့် ဘုးရားက သူ့ကိုယ်စား ဗောဓိပင်တပင်ကို ဗုဒ္ဓဂါယာမှ မျိုးယူ၍ စိုက်ခဲ့ရာ အာနန္ဒာ ဗောဓိပင် ဟုခေါ်ခဲ့ကြပြီး ထိုအပင်ကို ကိုကျွန်တော်တို့တွေ့မြင်ခဲ့ကြပါသည်၊
ရာသီအလိုက်မြန်မာနိုင်ငံမှ ဘုရားဖူးသူတော်စင်များ ထောင်ချီ၍လာရောက်နေသောကြောင့်ဗုဒ္ဓ၏ သီတင်းသုံး နေထိုင်ခဲ့ရာ နေရာများသည် ထင်ရှားလာနေကြပါပြီ၊ တရုပ်၊ကိုရီးယား ဂျပန် တကမ္ဘာလုံးမှ ဘုရားဖူးများမှာ လည်း တဖွဲဖွဲ လာရောက်နေကြပါသည်၊ ထေရ၀ါဒ စစ်စစ် ထိမ်းသိမ်းကျန်ရစ်ကြသော နိုင်ငံများမှာ မြန်မာနှင့် သီဟိုဠ် တို့သာကျန်ရှိတော့သည်ဟုလည်းယူဆကြသည်၊
(၄)
ဇေတ၀န်ကျောင်းတော်ကြီးမှထွက်ခွါရချိန်၌၄င်း၊ သာဝတ္တိမြို့တော်ကြီးမှ ထွက်ခွါလာရချိန်၌၄င်း၊ ဘုရားရှင်၏ တရားဒေသနာများနှင့်ပါတ်သက်၍ သတိရလွမ်းဆွတ်မိသည်၊ သတ္တ၀ါတို့၏ မတည်မြဲသော သဘာဝ ကို စဉ်ဆက်မပြတ် သတိရနေကြရမည်ဟူသော ဗုဒ္ဓ၏တရားစကား ကို လည်းကြားရောင်နေမိပါတော့သည်၊
ကိုသန်းလွင်
သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Similar Posts