ဖိုးထက် ရသဆောင်းပါးစုံ

ဖိုးထက် – နာမည်ပေးချင်သလို ပေးကြလို့

 

ဖိုးထက် – နာမည်ပေးချင်သလို ပေးကြလို့

(မိုးမခ) စက်တင်ဘာ ၇၊ ၂၀၁၅

အချို့သော မိဘ၊ ဆွေမျိုးများသည် မိမိတို့၏ မျိုးဆက်သစ်ကလေးများကို နာမည်ပေး၊ ကင်ပွန်းတပ်ရာတွင် လှတ၊ ပတ ခပ်ဆန်းဆန်း နာမည်လေးများကို ရှာဖွေကြံဖန်ပြီး ပေးတတ်ကြသည်။ တစ်ခါတစ်ရံ မောင်နှမနာမည်များကို နာမည် ပေးရာတွင် ကလျာဏီ၊ ကလျာသီ စသည်ဖြင့် ကဗျာဆန်ဆန် စီးရီးကျကျ နာမည်များကို ရွေးချယ်ကြသည်။ ဒါက အမျိုး အဆွေတွေထဲမှာ အလုပ်အကိုင်သိပ်မရှိတတ်ဘဲ သြဇာအာဏာ အတော်အသင့်ရှိတတ်သည့် ဗေဒင် ယတြာကို ယုံကြည်သော ကဗျာဆန်ချင်သူ (သူများ)၏ အားအား လျားလျား အချိန်ကုန်ခံခြင်း၏ အကျိုးကျေးဇူးများတည်း။ 

 

လူတစ်ယောက်၏ နာမည်သည် ထိုလူ၏ ဘ၀သက်တမ်းတစ်လျှောက် လွန်စွာမှ အရေးကြီးလေ၏။ နာမည်တစ်လုံးနှင့် လူလုပ်ကြရသော လူများအတွက် နာမည်သည် အရေးပါလေသည်။ နာမည် မရှိသော လူများ လူရာမ၀င်။ မွတ်ဆလင်ဘာသာ ကိုးကွယ်သူများက တမန်တော် မိုဟာမက်၏ အမည်ကို ဘုံထုတ်ပြီး နာမည်တွေထဲမှာ မကြာခဏ ထည့်သွင်း အသုံး ပြုကြသည်။ ဗုဒ္ဓဘာသာမှာတော့ မြတ်စွာ ဘုရားရှင်၏ အမည်နာမကို ထည့်သွင်း အသုံးပြုလျှင် မသင့်တော်ဟု ယူဆကြဟန်ရှိသည်။ လွတ်လပ်ရေးရပြီးကာစက ရန်ကုန်မြို့လည်ခေါင်တွင် “ဂေါတမ” ဆိုသည့် အိန္ဒိယဆရာဝန် တစ်ယောက် ရှိဘူးသည်ဟု ဆိုကြ၏။ ဥရောပ လူမျိုးများနှင့် အချို့သော လူမျိုးများတွင် အိမ်ထောင်မကျခင်က အဖ၏ နာမည်ကို နာမည်၏ နောက်ဆုံးတွင် ထည့်သွင်းခေါ်ဝေါ်သည်။ အိမ်ထောင်ကျပြီးပါက လင်၊ ယောင်္ကျားဖြစ်သူ၏ နာမည်ကို အဖ၏ နာမည်နေရာတွင် အစားသွင်းလေ၏။ 

 

မြန်မာလူမျိုးများက ဒီကိစ္စတွင် အတော်လွတ်လပ်သည်။ ဦးလှ၏ သားက မောင်စွမ်းမောင် ဖြစ်သည်။ ဦးဖေ၀င်း၏ သားက မောင်ဇင်ဘိုဟိန်း ဖြစ်ချင်ဖြစ်သွား၏။ ဦးဝေဖြိုး ၏ သမီးက မခင်သန္တာဝင်း ဖြစ်ချင် ဖြစ်၏။ ထိုကဲ့သို့သော အကျင့်က ကောင်းလဲ ကောင်းသည်။ မကောင်းလဲ မကောင်း။ ကောင်းတာက အထက်က ဆိုခဲ့သလို လွတ်လပ်သည့် လူမျိုးဆိုတာကို ပြခြင်း ဖြစ်သည်။ မွေးကတည်းက လွတ်လွတ်လပ်လပ် ရှင်သန်ခွင့် ပေးသည့် မြန်မာလူမျိုး စရိုက်ကို ဖော်ပြသည်။ မကောင်းတာက နောင် မျိုးဆက် လေး၊ ငါးဆက် ကြာသော အခါ ကိုယ့် အမျိုးသည် ဘာအမျိုးမှန်း မသိတော့။ ဆိုကြပါစို့။ ဆရာကြီး ပီမိုးနင်း၏ နာမည်ကိုသာ ဆရာကြီး၏ သား၊ သမီးများ၏ နာမည် နောက်ဖျားနှင့် သူတို့မှ ပေါက်ဖွားသော သား၊ သမီးများအထိပါ ယူဆောင်ခဲ့ပါက နာမည်နောက်က “ပီမိုးနင်း” ကိုတွေ့တာနှင့် ဆရာကြီး၏ မျိုးဆက်များဆိုတာကို အလွယ်တကူသိနိုင်၏။ 

 

ထို့ပြင် အခြားနည်းအရလည်း မြန်မာလူမျိုးများ အများစုက နေ့နံနှင့် အစပ်တည့်အောင် မှည့်ခေါ်ကြသည်။ နေ၀င်းထွန်း ဟု မြင်တာနှင့် စနေသား။ ခင်မောင်ဝင်းဟု မြင်တာနှင့် တနင်္လာသား။ စိုးဝင်းနိုင်ဟု ခေါ်တာနှင့် အင်္ဂါသား။ ဒါပေမယ့် ဒါကလဲ အချိန်တိုင်း တစ်သက်မှတ်ကြီး သတ်မှတ်လို့ ရတာ မဟုတ်။ 

 

ဥပမာအားဖြင့် ကိုသောင်းမြင့်တို့ ညီအစ်ကို နှစ်ယောက်။ ကိုသောင်းမြင့်တို့ မိဘတွေက ခေတ်ပညာတတ် အလယ်အလတ်တန်းစား မိဘတွေ ဖြစ်ကြသော်လည်း သားနှစ်ယောက် မွေးပြန်တော့ သောင်းမြင့်နှင့် သောင်းတင့် ဟု အမည်ပေးသည်။ ကိုသောင်းမြင့်က သောကြာသားပေမယ့် သူ့ညီ သောင်းတင့်က စနေသား။ တကယ့် ရေတက်၊ နေတက်မှာ မွေးသောသူဖြစ်၏။ သို့သော် အစ်ကို ဖြစ်သူ သောင်းမြင့်ဆိုသည့် နာမည်ကို ရက်သမ်မိစေဖို့ စနေသားက သောကြာနာမည် သောင်းတင့် ဖြစ်ခဲ့ရ၏။ 

 

ကိုသောင်းမြင့်က မသူဇာနှင့် အိမ်ထောင်ကျပြီးသော် မသူဇာကို “သူဇာသောင်းမြင့်”ဟု အမည်ပြောင်းဖို့ တိုက်တွန်းဖူးသည်။ မသူဇာ၏ မျက်ခုံးပင့်သော အကြည့် တစ်ချက်နှင့်ပင် သူ့အဆိုကို သူဘဲ ပြန်ရုပ်သိမ်းလိုက်ရ၏။ ကျွန်ုပ်စာရေးသူ ကြိမ်ဖန်များစွာ ရေးခဲ့သလို မသူဇာနှင့် ကိုသောင်းမြင့်က မတည့် အတူနေ။ မမြင်ရ ချောင်းကြည့် စုံတွဲဖြစ်သည်။ ကိုသောင်းမြင့်က ဆရာကြီး လုပ်နေရမှ ကျေနပ်သည်။ ရှေ့မကြည့် နောက်မကြည့် ဘေးမကြည့် ဘီမကြည့် ကောက်ချက် ရဲရဲကြီးတွေကို နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးတွေမှာ ပေးတတ်သည်။ မသူဇာက သူ့လင်တော်မောင်ကို လေးစားချစ်ခင်သော်လည်း ထိုကဲ့သို့ မလေ့မလာဘဲ ကောက်ချက် ချစောလွန်းသည့် သူ့ကို ထောက်ပြသည်။ တိုက်ခိုက်သည်။ ဝေဖန်သည်။ 

 

ထိုအခါ အွန်လိုင်းပေါ်မှာ လူတကာ လေးစားရသည့် သောကြာသား ကိုသောင်းမြင့်သည် စနေသား သူ့ညီ သောင်းတင့်၏ ဒေါသများကိုပါ ချေးငှားပြီး စိတ်ကြီးတော့သည်။ အခဲ မကြေ ပြန်ပက်တတ်သည်။ ဘယ်အကြောင်းအရာနှင့် ပါတ်သက်ပြီး အဘယ်ကဲ့သို့ စကားများခဲ့ကြသည်ကို မမှတ်မိကြတော့သော်လည်း ယနေ့မှာလဲ ထိုစုံတွဲမှာ စကား မပြောကြ။ ကိုသောင်းမြင့်ညီ သောင်းတင့် ရောက်လာသည် အထိ အနှီစုံတွဲမှာ အပြန်အလှန် စိတ်ကောက်လို့ ကောင်းနေကြဆဲ။ 

 

သောင်းတင့်က ကိုသောင်းမြင့်နှင့်ဆိုလျှင် ဆယ့်ငါးနှစ်ခန့် အသက်ကွာခြားလေသည်။ ကိုသောင်းမြင့်တို့ အဖေ ပြောစကား အရသာဆိုလျှင် ကိုသောင်းမြင့် ဆယ့်ငါးနှစ်သား လူပျိုပေါက် လောက်မှာ သိကြားမင်းက သူ့အမေ၏ ချက်တော်ကို လက်တော်နှင့် ရစ်ဆိုလား၊ ဘာဆိုလား လုပ်သည်နှင့် သောင်းတင့်မွေးသည်တဲ့။ ကိုသောင်းမြင့်က သူ့မိဘတွေ နောက်ကျမှ မွေးထားသည့် သူ့ညီကို ချစ်သော်လည်း မိသားစုထဲတွင် ယောက်င်္ကျားလေး တစ်ယောက်တည်းဆိုသည့် သူ၏ ဂုဏ်ပုဒ်ကို ခြေဖျက်သွားသဖြင့် သိပ်မကြည်။ မသူဇာကတော့ သူ့လို မဟုတ်။ သောင်းတင့်ကို မောင်လေးအရင်းလေးလို၊ သားလေး တစ်ယောက် ချစ်သလို ချစ်ရှာသည်။ သောင်းတင့် ဘွဲ့ရပြီး စင်္ကာပူကို အလုပ်ထွက်လုပ်မယ်ဆိုတော့ မသူဇာကပင် အလုံးစုံသောကုန်ကျစရိတ်ကို စိုက်ထုတ်ကုန်ကျပေးခဲ့သည်။ ကိုသောင်းမြင့်တို့ အမျိုးတွေဆိုလျှင် မသူဇာက အလုပ်မရှိ၊ အကိုင်မရှိ၊ ပွဲစားလိုလို၊ ဘာလိုလို၊ လက်ကြောမတင်း၊ ဘာ၊ ညာဟု ပေါ်ပေါ်တင်တင် ဝေဖန်သော်လည်း သောင်းတင့်ဆိုလျှင်တော့ သဒ္ဒါသည်။ ကြည်ဖြူသည်။

 

သောင်းတင့်ကလဲ သောင်းတင့်။ ကြိုးစားသည်။ အောက်သက်ကြေသည်။ လက်ကြောတင်းသည်။ ပေါင်းသင်းဆက်ဆံရေး ပြေပြစ်သည်။ မာန်မာန နည်းပြီး ဆွေမျိုးသားချင်းတွေကို ကူညီသည်။ မိသားစုထဲမှာ အငယ်ဆုံးဆိုပေမယ့် ဒီအတွက်လဲ ဘာအခွင့်အရေးမှ ယူရှာတာ မဟုတ်။ အခုလဲ စင်္ကာပူမှာ အလုပ်လုပ်ရင်း သူတို့မိသားစု၏ မိအို၊ ဖအိုကြီး နှစ်ပါးကို သူကဘဲ အဓိက ထောက်ပံ့ထားသူ ဖြစ်သည်။ ဒီတော့ မသူဇာက သောင်းတင့်ဆိုလျှင် မရီး နှင့် မတ်ဆိုသော်လည်း မောင်လေး အရင်းလေး တစ်ယောက်ကို ကြင်နာ သနားသလို ချစ်ခင် ရှာ၏။ သံယောဇဉ် ရှိရှာ၏။ 

 

အခုလဲ ရွေးကောက်ပွဲအတွက် အဆင်သင့် ဖြစ်အောင် ပျောက်ထားသော မှတ်ပုံတင်ကို ပြန်လာ လုပ်ခြင်း ဖြစ်သည်။ သောင်းတင့်က လူငယ်ပီပီ Facebook တွေ ဘာတွေ သုံးပြီး ဒီမိုကရေစီရေးရာ တိုက်ပွဲဝင် အော်ဟစ်တတ်သူ ဖြစ်သော်လည်း ပါးစပ်သာ ပါပြီး လက်မပါသော သူ မဟုတ်။ ရှင်းရှင်း ပြောရလျှင် သူ့ အစ်ကို ကိုသောင်းမြင့်လို မဟုတ်။ ကိုသောင်းမြင့်က Facebook ပေါ်မှာ က၀ိ ပညာရှိကြီးလို ဟိုလို လုပ်ပါလား၊ ဒီလို လုပ်ပါလား ဝေဖန်သော်လည်း သူ့နာမည် မဲစာရင်းထဲ မပါတာကို မသူဇာက လိုက်ပြီး နာမည် စာရင်းပါအောင် လုပ်ထားရသည်။ ပြီးတော့ NLD လဲ မကောင်း၊  ကြံဖွဲ့လဲ မကောင်း၊ တိုင်းရင်းသားပါတီတွေလဲ မကောင်းသောကြောင့် လာမည့် ရွေးကောက်ပွဲကို သပိတ်မှောက်တော့မလိုလို လေသံက ပစ်သေး၏။ ဒီအတွက် မသူဇာနှင့် နှောင်ဂျိန်သတ်ရတာ မရေ မတွက်နိုင်တော့။ မသူဇာက NLD ကလွဲပြီး လက်ရှိ နိုင်ငံရေးပါတီတွေထဲမှာ ဘယ်ပါတီကိုမှ သူ့မဲတစ်ပြားကို မသဒ္ဒါ။

 

မှတ်ပုံတင်လုပ်ဖို့ သက်သက်ဖြင့် အလုပ်က ခွင့်ယူ၊ မြန်မာနိုင်ငံကို ပြန်လာပြီးမှတ်ပုံတင် လာလုပ်သည့် သောင်းတင့်ကို ကိုသောင်းမြင့်နှင့် မသူဇာတို့ စုံတွဲက လိုအပ်တာတွေကို လိုက်ပါ လုပ်ဆောင်ပေးသည်။ ရပ်ကွက်ရုံး ထောက်ခံစာ။ ရဲစခန်း၊ မြို့နယ်….အို ရှုပ်နေအောင် သွားရ၊ လာရ၊ တွေ့ရ၊ ပြောရ ဆိုရသည်။ သောင်းတင့်က ပါးစပ်က ပြောလဲ ပြောသလို လက်တွေ့လဲ လိုက်နာချင်သူ ဖြစ်သည်။ ဘယ်ဌာန၊ ဘယ်သူ့ကိုမှ အပိုပိုက်ဆံ မပေးချင်။ လ္ဘက်ရည်ဖိုး ပေးပါလို့ ပြောလို့ ဘယ်ဆိုင်က လ္ဘက်ရည် သောက်ချင်သလဲ ပြော။ ၀ယ်ပေးမယ်လို့ ဘုတောသဖြင့် နေ့ခြင်းပြီး ကိစ္စတစ်ခုက ၂၄ နာရီ ကြာအောင် အညစ်ခံလိုက်ရသည်။ မသူဇာကတော့ သူ့မောင် သောင်းတင့်၏ ခွင့်ရက် အတောအတွင်း အချိန်မှီ မပြီးမှာ စိုးသဖြင့် မရှက်မကြောက် သူတောင်စားများလို မသဒ္ဒါရေစာ တောင်းသည်များကို ချက်ချင်း မပေး။ ဘာကြောင့်လဲ။ ဘာအတွက်လဲ။ ဘာလို့လဲ။ စသည့် ဘာ…ဘာ…ဘာ ဆိုသည့် စကားလုံးကို တွင်တွင်သုံးပြီး မကြေနပ်ကြောင်းလေးတော့ ပြသည်။ ပြောသည်။ 

 

ကိုသောင်းမြင့်ကတော့ စကားနည်း ရန်စဲ။ သူ့ညီလေး အဆင်ပြေပြေပြီးသွားစေချင်သည်။ အရာရာကို ငွေလမ်းခင်းသွားချင်သည်။ ထို့ကြောင့် မသူဇာကို မျက်စောင်းထိုးလိုက်၊ သူ့ညီ သောင်းတင့်ကို ကျောကုတ်လိုက်နှင့် လောဆော်သည်။ နောက်ဆုံး အဆင့် လက်ဗွေနှိပ်၊ ကျမ်းကျိန်ဆိုသည့် အဆင့်တွေ လုပ်ဖို့ လ၀က ရုံးကို သွားတော့ မသူဇာတို့ စုံတွဲက မထူးဆန်းသော်လည်း သောင်းတင့် အတွက် ပါးစပ်အဟောင်းသားဖြင့် အံ့သြလို့ မဆုံးနိုင်တော့။ 

 

မြေစိုက်တဲကြီးသာသာ ပေါက်ပြဲနေသည့် သွပ်တွေမိုးထားသည့် တဲကြီးက လူဝင်မှု ကြီးကြပ်ရေး ရုံးဆိုတာ ဘယ်လိုမှ မယုံနိုင်။ သူ့ဖိုင်တွဲကို ပြန်ရှာပေးသူကို လေးထောင်ကျပ်တဲ့။ တစ်ရက်ကို လူဆယ်ယောက်ဘဲ လာရှာတယ်ထား။ မြန်မာငွေ လေးသောင်း။ တစ်လကို ဘယ်လောက်။ စသည့်ဖြင့် သောင်းတင့်က တွက်ချက်မိနေသည်။ ဖုန်အလိမ်းလိမ်း၊ ချေးအထပ်ထပ် စက္ကူတွေ ထပ်တင်ထားသည့် စင်ကြီးပေါ်က အမှုတွဲ ဖိုင်တွဲတွေကို ရှာဖွေ ပေးရသည့် ထိုလူကို မြန်မာငွေ လေးထောင် ဘာအကြောင်းနှင့်မျှ မသဒ္ဒါစရာ အကြောင်းမရှိ။ သို့သော် ဘာအကြောင်းနှင့်များ ဒီလို အင်တာနက်ခေတ်၊ Facebook ခေတ်ကြီးမှာ ကွန်ပြူတာ စနစ်တွေကို မသုံးစွဲသေးသနည်း။ ဘတ်ဂျက်မရှိလို့။ မီးပျက်လို့။ ကျွမ်းကျင်သူ မရှိလို့။ အဆောက်အဦး မပြည့်စုံလို့ စသည့် ဆင်ခြေတွေကို ပေးကြအုံးမည် ထင်သည်။ ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံမှ ဒီလို အလုပ်လုပ်နေကြတာ မရှိတော့နိုင်တော့သော စာရွက်အဟောင်းအမြေ့ကြီးများ၊ လယ်ဂျာစာအုပ် ထူထူရှည်ရှည်ကြီးများဖြင့် အလုပ် လုပ်နေသည့် လူဝင်မှု ကြီးကြပ်ရေး ၀န်ကြီး ဌာနအောက်မှ ၀န်ထမ်းများကို စင်္ကာပူတွင် အလုပ် လုပ်နေသည့် သောင်းတင့်က ပါးစပ်ထဲ ဆင်ဆယ်ကောင် ၀င်သွားနိုင်လောက်အောင် ပါးစပ် အဟောင်းသားဖြင့် အံ့သြနေမိသည်။ 

 

သူတို့ သုံးယောက် သွားခဲ့သည့် ရဲစခန်းတွေ၊ ရပ်ကွက်ရုံးတွေအားလုံးမှာလဲ လယ်ဂျာစာအုပ်ကြီးတွေ၊ လယ်ဂျာစာအုပ်ကြီးတွေ။ ခေတ်မှီတာဆိုလို့ တယ်လီဖုန်းနှင့် ပွတ်ပြီး Facebook သုံးနေတာဘဲ ရှိသည်။ ဒီလောက် အရေးကြီး၊ ကြီးကျယ်သည့် အလုပ်တွေကို လယ်ဂျာစာအုပ် ကိုယ်စီဖြင့် အလုပ် ပြီးမြောက်အောင် လုပ်နေကြသော ၀န်ထမ်းများ၊ သူတောင်းစားသာသာ သူခိုး၊ကြီးကြပ်သူ အရာရှိများကို သောင်းတင့်က စိတ်လဲ မရှည်။ ဒေါသလဲ ထွက်ချင်ချင်။ ကိုသောင်းမြင့်က သူ့ညီကို လိုက်ဆွဲရသည်။ မသူဇာက ရှင်းစရာ ရှိတာရှင်း။ မေးစရာ ရှိတာ မေးပြီး အမြန်ပြီးဖို့ လုပ်ရသည်။ ကြာလျှင် သောင်းတင့် လုပ်ပုံနှင့်သာ ဆိုလျှင် မြန်မာပြည်မှ ရုံးပိုင်းဆိုင်ရာ လူများ ညစ်တွန်းတွန်းကြသည့် စရိုက်များနှင့် အချိန်ကုန်၊ လူပန်း၊ ငွေကုန်ပြီး အလုပ် မပြီးဘဲ ရှိတော့မည်။ လုပ်ပိုင်ခွင့် နည်းနည်းထဲက သြဇာ အာဏာကို ရသလောက် အကုန်ထုတ်ပြချင်သည့် အကျင့်ဆိုးများက အပေါက်စောင့် ဒရ၀မ် က အစ မ.ဘ.သ အဆုံး ။ 

 

မှတ်ပုံတင် လာထုတ်ဖို့ ရက်ချိန်းပေးတော့ သောင်းတင့် ဘယ်လိုမှ ပြန်လာ ထုတ်နိုင်သော ရက်စွဲ မဟုတ်။ ကိုသောင်းမြင့်က သူ့အစ်ကို အရင်းပါဆိုသည့် စာတစ်စောင်နှင့် ထုတ်ယူပေးထားရမည်တဲ့။ ဒီလိုနှင့် သူတို့ သုံးယောက် စိတ်မော လူမောဖြင့် လ၀က ရုံးမှ ပြန်လာပြီး လမ်းမှာ ထမင်း ၀င်စားကြသည်။ ထမင်းဝိုင်းမှာ ထိုင်တော့ သောင်းတင့်က ဟင်းပန်းကန်ထဲက ကြက်မြစ်တစ်ဖတ်ကို ကိုသောင်းမြင့်ကို အရင်ဆုံး ဦးချသည်။ ပြီးတော့ မသူဇာ။ မသူဇာက သိတတ်လိမ္မာသည့် သူ့မောင် ခေတ်ပညာတတ်ကြီးကို အားရ ဂုဏ်ယူလို့ မဆုံး။ 

 

“အေးကွယ် ကျန်းမာ၊ ချမ်းသာပါစေ။ သောင်းတင့် နဲ့ သောင်းမြင့်ဆိုပြီး နာမည်ဆင်ပေမယ့် အလိုက်သိ၊ လိမ္မာပုံခြင်းတော့ ကွာသဟေ့” ဟု တိုက်ပွဲ ခေါ်သံ ပြုသည်။ ကိုသောင်းမြင့်က ဟင်းခွက်တွေ စိတ်ရောက်နေတာနှင့် သူ့မိန်းမ မသူဇာ ပြောသံကို မကြား။ 

 

သောင်းတင့်ကို သူ့သူငယ်ချင်းများနှင့် တွေ့ဖို့ မြို့ထဲကို သူတို့ လင်မယားနှစ်ယောက် လိုက်ပို့ပေးသော လမ်းမှာ သောင်းတင့်က မြန်မာနိုင်ငံက ရုံးတွေ စနစ်မကျတာတွေကို အပြစ်မတင်သော်လည်း အားမရသည့် လေသံဖြင့် ဝေဖန်သည်။ အချိန်မကြာသင့်တာတွေကို မကြာ့ ကြာအောင် လုပ်နေကြသည့် စနစ်ဆိုးတွေကို ထောက်ပြ ဝေဖန်သည်။ မသူဇာက ထောက်ခံသည်။ ပြီးတော့ စင်္ကာပူက ရုံးတွေ ဘယ်လို အလုပ် လုပ်တယ်ဆိုတာ စင်္ကာပူပါးဝနေသည့် သောင်းတင့်ကို မေးသည်။ သောင်းတင့်က စင်္ကာပူမှာ လူတွေ အကျင့်ပျက် ချစားချင်သော်မှ System (စနစ်) တွေက ကောင်းသဖြင့် လုပ်လို့ မရကြောင်း၊ ငွေကို လူက မြင်လျှင် လောဘတက်တတ်သည့် လူ့ သဘာဝကို သိသည့် စလုံးအစိုးရက ငွေတပြားမှ ၀န်ထမ်းတွေ မကိုင်ရပါဘဲ quotation တွေ၊ delivery ordear တွေ၊ Invoice တွေဖြင့်သာ အလုပ်တွေ လုပ်ကြကြောင်း။ သို့ကြောင့် စလုံးမှာ လူတွေက စနစ်ကို ထိန်းခြင်း မဟုတ်ဘဲ စနစ်က လူတွေကို ပြန်ပြီး ထိန်းကြောင်းမောင်းနှင်သွားသဖြင့် အစစ အရာရာ အဆင်ပြေနေကြောင်း သူ့ အစ်ကိုနှင့် မရီးကို ရှင်းပြသည်။ စလုံးမှာ နိုင်ငံခြားသား ဖြစ်သည့် သူ့ရဲ့ နေထိုင်ခွင့် ကဒ်ပြားအတွက် နေ့တစ်ဝက်သာ အချိန်ပေးရကြောင်း။ ကိုယ့် နိုင်ငံ ကိုယ်ပြန်လာပြီး နိုင်ငံသားကဒ် လုပ်ခါမှ တစ်ရက်လဲ မပြီး၊ နှစ်ရက်လဲ မပြီးကြောင်း ငြီးငြူသည်။ ကိုသောင်းမြင့်ကတော့ သူ့ညီကို “မင်းကြီးကျယ် မနေနဲ့။ မင်းလဲဒီနိုင်ငံထဲမှာ ပညာသင်၊ လူဖြစ်လာတဲ့ကောင်။ အပြစ်တင်ရုံနဲ့ ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး” ဘာ၊ ညာဖြင့် ပြန်လှန် ဝေဖန်သည်။ မသူဇာနှင့် သောင်းတင့်က တစ်ဖက်။ ကိုသောင်းမြင့်က တစ်ဖက် ငြင်းခုံ လာကြသည်။

 

သောင်းတင့် ကားပေါ်က ဆင်းတော့ စကား စစ်ထိုးပွဲ အင်အားက ရာခိုင်နှုန်း အညီအမျှ ပြန်ဖြစ်သွားသည်။ သောင်းတင့်၏ ကားပေါ်က မဆင်းခင် ပြောသွားသည့် “မြန်မာလူမျိုးများ နာမည်ပေးရင်တောင် ဖြစ်သလို ကြုံရာ ကျပန်းပေးတယ်။ ကျွန်တော်တို့ အဖေ ဦးထွန်းတင် ဆိုတဲ့ နာမည် ကိုကို့မှာလဲ မပါဘူး။ ကျွန်တော့်မှာလဲ မပါဘူး။ အဲဒီ နာမည်ပေး စနစ်ဇယား မကျတာကြီးက အခု ရုံးတွေမှာ အလုပ်လုပ်တာ စနစ်မကျတာကြီးနဲ့ တိုက်ဆိုင်မယ် ထင်တယ်နော်။ မမကြီး ဘယ်လို သဘောရသလဲ” ဟု မသူဇာကိုပါ စကားဝိုင်းထဲ ဆွဲသွင်း၊ ချွန်တွန်းလုပ်ကာ ကားပေါ်မှ ကော့ကော့ ကော့ကော့နှင့် ဆင်းသွား၏။

 

တကယ်တော့ သောင်းတင့်က မြန်မာလူမျိုး နာမည်ပေးတာနှင့် မြန်မာအစိုးရ ရုံးများ အလုပ်လုပ်ပုံ စနစ် ဇယား မကျတာ ဘာမှ မသက်ဆိုင်တာ သိသည်။ မြန်မာလူမျိုး နာမည်ပေးခြင်းသည် ချစ်စရာ လွတ်လပ်သည့် လူမျိုးလို့ အကောင်းဘက်က လှည့်ယူသော် ရကောင်း၏။ အစိုးရ ရုံးဌာနများ၏ လယ်ဂျာဖိုင်တွဲကြီးများဖြင့် စနစ်မကျမန အလုပ် လုပ်သည်ကား အစိုးရ အသုံးမကျခြင်းသာ ဖြစ်သည်။ သို့သော်လည်း သူ့အစ်ကိုနှင့် သူ့အမကို စချင်သောကြောင့် မဆိုင်တာ နှစ်ခုကို ဇွတ်ဆွဲယှဉ်တွေးကာ ချွန်တွန်း လုပ်ပေးခဲ့ခြင်းသာ ဖြစ်သည်။ ဒါကို ထိုစုံတွဲက မသိ။ နားမလည်ဘဲ စည်းကမ်း မကျနစွာ ရန်ဖြစ်ရင်း အိမ်ပြန်သွားကြလေတော့သည်။ 

 

ဖိုးထက်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts