ရသဆောင်းပါးစုံ

သွန်းခ – ကြားထဲက အချောင်

 

သွန်းခ – ကြားထဲက အချောင် 

(မိုးမခ) စက်တင်ဘာ ၇၊ ၂၀၁၅

 ပြီးခဲ့တဲ့ ၂၊၉၊၂ဝ၁၅ တုန်းက လူမှုကွန်ရက်တွေပေါ်မှာ အနိဌာရုံသတင်းတစ်ခု တက်ခဲ့ပါတယ်။ အတည်မယူရဲခဲ့သလိုအတည်မယူရက်ခဲ့ပါဘူး။ ဘယ့်နှယ်၊ တရားခံပြေးကများနယ်ထိန်း အင်ချတ်ခ်ျနဲ့ နယ်ထိန်းတပ်ကြပ်ကို ဓား နဲ့ ထိုးသတ်သွားသတဲ့။ကြားလို့မှမတော်။မဟုတ်ပါစေနဲ့ပဲဆုတောင်းခဲ့ပါတယ်။တကယ်ပါ။ မြန်မာလူမျိုးပီပီအမှတ်မရှိဘူးပဲပြောပြော ငယ်ငယ် ကတည်းက ရုပ်ရှင် ထဲမှာ နောက်ဆုံးခန်းမို့ ပြည်သူ့ရဲတွေရောက် လာပြီလားဟေ့ဆို လက်ခုပ်တွေ တဖြောင်းဖြောင်း၊ လက်ခေါက်မှုတ်သံ တရွှီရွှီ နဲ့အားပေးခဲ့၊ အားကိုးခဲ့ကြဖူးတာကိုး။ ကိုယ့်ဇာတ်လိုက်ကိုလူဆိုး၊ သူခိုးတွေလက်က ဥပဒေကြောင်းအရ (လိုအပ်ရင် လူဆိုးတွေကို သေနတ်နဲ့တောင် ပစ်ဖမ်းပြ လိုက်သေးတာများ အားရစရာ၊ လူဆိုးတွေကိုနော်) အရေးယူပေးခဲ့တဲ့ ဟိုးအရင်အခေါ် ပြည်သူ့ရဲ တွေလေ။

၃၊ ၉၊ ၂ဝ၁၅နေ့ ထုတ်သတင်းစာတွေမှာတော့ သတင်းကအခိုင်အမာ။ သန်လျင် မြို့မရဲစခန်းက ရဲအုပ်အောင်နိုင် နဲ့ ရဲတပ်ကြပ်သူရလွင်တို့ကို တရားခံပြေး၊ ရာဇဝတ်မှုဟောင်းရှိခဲ့တဲ့ လူဆိုး တင်မြင့် က ဓားနဲ့ ထိုးသတ်သွားတာပါတဲ့။ သွန်းခ “တောက်” တစ်ချက်ခေါက်လိုက်မိပါတယ်၊ တကယ်ပါ။ နယ်ထိန်းဆိုတာ တော်ရုံရဲ ဝန်ထမ်းကိုတာဝန်ပေးလေ့မရှိ၊ အသတ်အပုတ်၊ အပူးအခွာကျွမ်းကျင်သူ၊ နယ်မြေကျွမ်းကျင်သူ၊နယ်မြေထဲအပ်ကျတာက အစသိနေတတ်သူ၊ အချိန်ပေးတတ် ၊နေရာယူတတ်တာတွေမှာ ကျွမ်းကျင်တဲ့ရဲဝန်ထမ်းက နယ်ထိန်း။ နယ်ထိန်းအင်ချတ်ခ်ျ က ပိုတောင်ကျွမ်းကျင်ရဦးမယ်။သူ့မှာ လက်နက်ငယ် ကိုင်ဆောင်ခွင့်ရှိပြီးသား၊ လိုအပ်ရင် သတ်မှတ်တဲ့ နေရာကိုပစ်ဖမ်းဖို့။  မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုတော့ စိတ်ထဲတစ်မျိုးတော့ တွေးမိသား၊ အင်း…..ငါတို့ပြည် သူတွေအတွက် ပြည်သူ့ရဲ မဟုတ်တော့တာ များလားပေါ့။ဘာပဲဖြစ်ဖြစ် ပြည်သူတွေအတွက် ကူညီမယ်ဆိုတော့ကျေနပ်ခဲ့ ရပါပေတယ်။

ဟော…….ဖုန်တထောင်းထောင်းနဲ့၊ အလန့်တကြား ကျောင်းသားတွေကို ဆော်ပလော်လည်းတီးရော၊စိတ် ထဲတယ်မကောင်းလှပါပေဘူး။ များလိုက်တဲ့ ရဲဝန်ထမ်းတွေ၊ ရိုက်လိုက်ကြတာများဗျာ၊ အညှိုးတကြီး၊မြန်မာလူမျိုးအချင်းချင်းဗျာ။ ထားပါတော့၊ “ဟိုကစရိုက်လို့ ဒီကလည်းပြန်ရိုက်တဲ့သဘောပါ” နဲ့တင်ပြီးသွားခဲ့တာ  ဘာကြာသေးတာမှတ်လို့။ ဘာပဲဖြစ်ဖြစ်မြန်မာလူမျိုး၊ ဆင်းရဲလွန်းတဲ့လူမျိုး၊ ကြင်နာတတ်တဲ့လူမျိုး၊စာနာ တတ်တဲ့လူမျိုးတွေက ရဲဝန်ထမ်းတွေရဲ့ကျန်ရစ်သူမိသားစုတွေအတွက် စိတ်မကောင်းဖြစ်ကျန်နေခဲ့ကြတာ အမှန်ပါပဲ။

နောက်ထပ်လည်း အဲဒီသတင်းဆိုးမျိုးတွေမကြားရပါစေနဲ့လို့ တပ်ဖွဲ့ဝင်တွေကိုယ်စား ဆုတောင်းပေးပါတယ်။ တကယ်ပါ။ အမှန်က ရဲနဲ့ပြည်သူတွေ တစ်ထပ်တည်း ကျနေသင့်တာပါ။ယုံကြည်မှု တည်ဆောက်စရာမလိုအောင်ကို အပြန်အလှန်နားလည်မှုတွေ ရှိနေကြရမှာပါ။ ပြည်သူတွေကသတင်းပေးလို့ ရဲဝန်ထမ်းတွေအများကြီး အထောက်အကူရခဲ့တာတွေရှိခဲ့ပါ တယ်။ အဲ….ပြည်သူတွေက ပြောတာကို မယုံကြည်ခဲ့တာကြောင့် အလွဲ တွေနဲ့ တိုးခဲ့ကြတာတွေကလည်း ခပ်များများပါပဲ။ အဲဒီ အလွဲတွေ ထဲကမှတစ်ခုလောက်ရေးပါ့မယ်။

ရန်ကုန်မြို့မှာ ဗုံးတွေလန့် ခဲ့ကြတုန်းကပါ ။နေရာအနှံ့ လုံခြုံရေးတွေ၊ ကျီးကန်းတောင်းမှောက် မျက်လုံးတွေနဲ့ပြူးပြဲပြီး နေခဲ့ရတဲ့အချိန်ပေပေါ့။ အပြင်ထွက်ရမှာတောင် ကြောက်လန့်နေခဲ့ကြတာ သတိရနေပါသေးတယ်။ ပုဂ္ဂလိက ဆေးရုံကြီးတစ်ခုရဲ့ပြင်ပလူနာဌာနမှာပေါ့။ ဆေးရုံတက် လူနာတွေ၊ ဆေးရုံဆင်းလူနာတွေ၊ အပြင်ကလာပြတဲ့လူနာတွေ၊ လူနာစောင့်တွေနဲ့ ရှုပ်ယှက်ခတ် နေခဲ့တာပါ။ ဗုံး အကြောက်တရားကလည်း လူတိုင်းရင်မှာ ရှိနေကြချိန် …  ဆေးရုံပြင်ပလူနာဌာန ထောင့်မှာ သေတ္တာအနက်ကလေးတစ်လုံး တွေ့တဲ့အကြောင်း ဆေးရုံဝန်ထမ်းတစ်ယောက်ကနေ တစ်ဆင့် သိလိုက်ကြပါတော့တယ်။ အားလုံးပျာယာခတ်ကုန်ကြတော့တာပေါ့။ မတို့နဲ့ ၊မထိကြနဲ့။ မဆိုင်သူတွေအနားမကပ်ကြနဲ့။သ က်ဆိုင်ရာကိုဖုန်းဆက်ကြဆို တော့ သက်ဆိုင်ရာမြို့နယ်ရဲတပ်ဖွဲ့က အပြေးအလွှားရောက်လာခဲ့တော့တာပါပဲ။

သံသယဖြစ်စရာသေတ္တာအနက်ကလေးကို တာဝန်ရှိသူတွေက ဟိုထောက်၊ ဒီထောက် လုပ်နေကြပါတယ် ။တွေ့ရသလောက်ကတော့ မီတာခွက်ကလေးနဲ့ ထောက်စမ်းကြည့်ကြပြီး အန္တရာယ်ရှိသဟ ဆိုတာနဲ့ ဆေးရုံပေါ်ကလူနာတွေပါ တစ်ဆင့်စကားတစ်ဆင့်ကြားပြီး ဆေးရုံ ကဆင်းမယ်လုပ်ကြပါလေရော။ အပြင်လူနာတွေကတော့ ဘာပြောကောင်းလိမ့်မလဲ၊ ဖနောင့်နဲ့တင်ပါး တစ်သားထဲပေါ့။ အန္တရာယ်ရှိပြီဆိုမှတော့ သက်ဆိုင်ရာက (အဲဒီတုန်းကပူပူနွေးနွေးထုတ်ပေးထား ခဲ့တဲ့) အဝါရောင်တိပ်ပြားရှည်နဲ့ အပြင်လူမဝင်ရ တားမြစ်ထားလိုက်ပါတော့တယ်။ တကယ့်ကို အလန့်တကြားဖြစ်အင်ပါပဲ။ေ

သေတ္တာအနက်ကလေးကို အကာအကွယ်တွေအပြည့်နဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေက ဆေးရုံအပြင်ကို သယ်ထုတ်သွားခဲ့လိုက်ကြပုံများ ဘဂ္ဂဒတ် စစ်မြေပြင်ထဲကအတိုင်းပ။ဆေးရုံအပြင်မှာ မရဲတရဲနဲ့စောင့်ကြည့်နေကြသူတွေကလည်း ခပ်လှမ်းလှမ်းမှာ ရပ်လို့ တစ်မျိုး၊ ဝပ်လျက်တစ်မျိုး ။ချွေးပျံနေကြတဲ့ သက်ဆိုင်ရာတွေခမျာ လမ်းလျှောက်စကားပြောစက် တွေ၊ကြိုးမဲ့ကြေးနန်းစက်တွေနဲ့ အလုပ်တွေကိုရှုပ်လို့။ သိပ်မကြာခင်အချိန်လေးမှာ အစိမ်းရောင်ကားတစ်စီးမီးစုံဖွင့်ပြီး ရိုက်ကွင်းထဲ အဲလေ ဆေးရုံရှေ့အခင်းဖြစ်ပွားရာနေရာကို တရကြမ်းမောင်းဝင်လာပါတော့တယ်။

ကျွိခနဲ ဘရိတ်အုပ်သံနဲ့အတူ ဖုတ်ခနဲ ကားပေါ်က ဆင်းလာတဲ့တာဝန်ရှိသူတွေထဲက တစ်ယောက်က အကာအကွယ် ချပ်ဝတ်တန်ဆာတွေဝတ် ဆင်လိုက်ပါတယ်။ အရင်ရောက်နှင့်နေခဲ့ကြတဲ့ တာဝန်ရှိသူတွေကလည်း မသင်္ကာစရာ လူဝင်လူထွက်တွေစစ်မေး လားမေးရဲ့ ၊ဆေးရုံကလူနာစာရင်း တောင်းကြည့်လားကြည့်ရဲ့၊ ပတ်ဝန်းကျင်ကို အကဲခတ်သလားခတ်ရဲ့နဲ့ပါ။ တာဝန် ရှိကြတာကိုးခင်ဗျ။ အကာအကွယ်၊ ချပ်ဝတ်တန်ဆာအပြည့်နဲ့ တာဝန်ရှိသူကတော့ လက်ထဲမှာ မည်းမည်းအဝိုင်း ကြီးကိုင်လို့ သံသယသေတ္တာဆီ တစ်ရှိန်ထိုးပြေးသွားပြီးသေတ္တာအနက်ကလေးကို အုပ်ချလိုက်ပါတော့တယ်။ မည်း မည်းအဝိုင်းကြီးကတော့ မော်တော်ကားတာယာ ကြီးမှန်း နောက်မှသိရတာပါ။ အုပ်ချလိုက်ပြီးတာနဲ့ အဲဒီတာဝန်ရှိသူ ကြီးက မြေပေါ်မှာ တစ်ပတ်လှိမ့်ရှောင်ထွက်လိုက်ပါတော့တယ်။

တိကျမြန်ဆန်လွန်းလှတဲ့ လှုပ်ရှားမှုတွေက တကယ့်ကို လျှပ်တပျက် အတွင်းလေးမှာပါ။ မည်းမည်းအဝိုင်းကြီးပေါ်ကိုလည်း ထပ်ဆင့်ပြီး အကာအကွယ်တွေ တင်လိုက်ကြပါပြီ။ အပြင်လူမဝင်ရ တားမြစ်နယ်မြေထဲ ဘာအကြောင်းပြချက်နဲ့မှ ဝင်ခွင့်မရကြလို့ ဆေးရုံအပြင်မှာ လူနာစောင့် ကားတွေကစောင့်လို့။ ဆေးရုံထဲမှာလည်း အပြင်ထွက်ချင်သူတွေ ထွက်မရကြနဲ့ပါ။ သက်ဆိုင်ရာကိုလည်း ဘာမှ ပြောခွင့်မရကြပါဘူး။ပြောလည်းမပြောရဲကြပါဘူး။ အချိန်နဲ့ တစ်ပြေးညီ လှုပ်ရှားလိုက်ကြတာ သေတ္တာအနက်ကလေး အကာအကွယ်တွေ အထပ်ထပ်နဲ့ လုံခြုံတဲ့နေရာရောက်သွားပါတော့တယ်။

ဆေးရုံထဲကိုလည်း ဝင်ခွင့်ပေးလိုက်ပြီဆိုပေမယ့် လူတွေမှာတော့ အကြောက်တရားရဲ့ အစိုးအမိုးခံနေကြရတုန်းပါ။ ဆေးရုံထဲဝင်ဖို့ကြိုးစားနေခဲ့ကြတဲ့ လူနာစောင့်တွေထဲက တစ်ယောက်က တော့ဆေးရုံဆင်း လက်မှတ်ပြန်လာယူတာပါတဲ့။ အလုပ်ရှုပ်နေပါတယ်ဆိုမှ သူက တစ်မျိုးပေါ့လေ။ ဒါပေမယ့် အဲဒီလူဟာ အလန့်တကြားကိစ္စမှာ အဓိကကျသူတစ်ယောက်ဖြစ်နေပါတော့တယ်။ ဆေးရုံရဲ့အုပ်ချုပ်မှုအဖွဲ့တွေရော၊တာဝန်ရှိသူတွေပါ ဝိုင်းပြီးမေးကြ  ၊မြန်းကြတဲ့အထဲမှာ ဘာဖြစ်လို့ လူနာအရင်ဆင်းသွားပြီးမှ နောက်မှ ဆေးရုံဆင်းလက်မှတ်လာပြန်ယူတာလဲ ဆိုတဲ့ မေးခွန်းက အဓိကပေပေါ့။ သူကလည်းပြန်ဖြေပါတယ်။ကျသင့်ငွေရှင်းပြီးသည်အထိ ဆေးရုံဆင်းလက်မှတ်က မရသေးတဲ့အကြောင်း၊ သူ့ပစ္စည်းတစ်ချို့ လည်း ဆေးရုံမှာ ကျန်နေခဲ့တဲ့အကြောင်းပြောပါတယ်။ ကျန်နေခဲ့တဲ့အထဲမှာ သေတ္တာအနက်ကလေးလည်း ပါတဲ့အ ကြောင်းလည်း ပြောမိရော သူ့ကိုအားလုံးက အာရုံစိုက် ကြောက်လန့်လာကြပါတော့တယ်။

 

သူကအဲဒီသေတ္တာ အနက်ကလေးဟာ သူ့လူနာဆန်ပြုတ်နွေး၊ ဟင်းနွေးဖို့ အိမ်ကယူလာခဲ့တဲ့ ဓါတ်ငွေ့သုံး အသေးစားမီးဖိုကလေးဖြစ် ပါတယ်တဲ့ခင်ဗျာ။ တာဝန်ရှိသူတွေ စစ်ဆေးမေးမြန်းနေခဲ့တုန်း  ဆေးရုံတယ်လီဖုန်းအော်ပရေတာ အမျိုးသမီးက ထွက်ကြည့်ပြီး အဲဒါလေးက အသေးစား ဂက်စ်မီးဖိုလေးပါ လို့ပြောခဲ့ပါသေးတယ်။ တာဝန်ရှိသူတွေက တာဝန်ရှိတဲ့အတိုင်း ဆက်လုပ်နေကြတာနဲ့ပဲ အော်ပရေတာအမျိုးသမီးလည်း သူ့အလုပ်ခန်းထဲပြန်ဝင်သွားခဲ့တာပါ။ အတည်ပြု စစ်ဆေးမှုတွေအပြီးမှာတော့ ဓါတ်ငွေ့သုံးမီးဖိုကလေး သံသယသေတ္တာအနက်ကလေးဘဝက လွတ်မြောက်ခဲ့ပါပြီ။ တာဝန်ရှိတဲ့အတိုင်း မသင်္ကာစရာတွေ့ရှိရပါတယ်ဆိုတဲ့ ဆေးရုံရှေ့က လက်ပွေ့ဂျာနယ်သမားလေးလည်း သူ့နားရင်း၊ နားအုံလေးကို ပွတ်သပ်ရင်း ဆေးရုံရှေ့က သူ့ဂျာနယ်ပုံလေးနားပြန်ရောက်လာပါပြီ။ အ လန့်တကြားဆို ကြောက်နေခဲ့ကြရတဲ့အထဲမှာ ကြားထဲက၊ အချောင်ခံလိုက်ရတဲ့ လက်ပွေ့ဂျာနယ်သမားလေးကတော့ အကြောက်ဆုံးဖြစ်ပါလိမ့်မယ်။

Photo – Patients infected with multidrug-resistant tuberculosis (MDR-TB) wear masks as they wait to be seen by medical staff at the Medecins Sans Frontieres (MSF) HIV-AIDS clinic April 3, 2012 in Yangon, Myanmar. According to a recent report by Medecins Sans Fron

Paula Bronstein/Getty Images


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts