လူများ၊ ရုပ်ပုံလွှာများ

ခင်မောင်စော (ဘာလင်) – မြန်မာ့လွတ်လပ်ရေး ပိသုကာ၏ ဆရာ့ဆရာ

 

ခင်မောင်စော (ဘာလင်) – မြန်မာ့လွတ်လပ်ရေး ပိသုကာ၏ ဆရာ့ဆရာ

(မိုးမခ) စက်တင်ဘာ ၆၊ ၂၀၁၅

စက်တင်ဘာလသို့ရောက်ပြန်ပြီ။ ယခုနှစ်ဆိုလျှင် ၇၆ ကြိမ်မြောက် ဆရာတာ်ဦးဥတ္တမနေ့ ကျင်းပတြ တော့မည်ဖြစ်သည်။  ဆရာတော်ဦးဥတ္တမကျေးဇူးကိုမမေ့ဘဲ နှစ်စဉ် ဆရာတော်ဦးဥတ္တမနေ့ကို ရခိုင်အ ပေါင်းက ကျင်းပတြသည်။

“၁၂၄၇ ခုနှစ်မှာတည် တန်ဆောင်မုန်းလဆုတ် ၈ ရက်နေ့ ကိုတော့ မမေ့နိုင်ပါသည်။ ယနေ့ တိုင်ပါ အ တည်။ ရေမြေ့ရှင်ကို ယူငင်သွားတော့ လူရှင်များက ကြေကွဲကြလို့ ရေနည်းငါးပုံအညီ။ သြော် သီပေါ ရာ ဇာ ပါတော်မူရှာပြီ”။ စစ်ကြိုခေတ်က ဆရာရွှေတိုင်ညွန့်  ရေးစပ်ပြီး အဆိုတော်ကြီး ဒေါ်စိန်ပါတီသီဆိုသွား ခဲ့သည့်  အထက်ပါ သီချင်းအတိုင်းပင် မြန်မာတနိုင်ငံလုံးမှာ ကျွန်ဖြစ်ခဲ့ရပါသည်။

၁၈၈၆ခုနှစ် ဇန္န၀ါရီလ ၁ ရက်နေ့ တွင် အိန္ဒိယဘုရင်ခံချုပ် လော့ဒပ်ဖ်ရင် (Lord Dufferin) က မြန်မာမင်း ပိုင်နက်အားလုံးကို ဗြိတိသျှ အိန္ဒိယအင်ပါယာ (British Indian Empire) အတွင်းသွတ်သွင်းလိုက်  ကြောင်း ကြေငြာလိုက်သဖြင့် မြန်မာတို့ မှ ကျွန်ဘ၀မှ သဘောက်ဘ၀သို့  ကျဆင်းရပြန်သည်။

ရတနာပုံခေတ် သာသနာပိုင် ဆီးဘန်နီ ဆရာတော် ဘုရားကြီးက “သုဉ်းသုံးဝဖြင့်၊ သုညခေတ်ဝယ် လူဖြစ်ရလေ၊ တို့ တတွေသည်၊ သေသော်မှတည့်၊ သြော် ကောင်း၏” ဟု ပြတ်သားစွာ စာဆိုခဲ့သည်။

အချုပ်တန်း ဆရာဖေကလည်း “မြန်မာတွေ စည်းကမ်းဖောက်လို ၊့ ထီးနန်းပျောက်ခဲ့ပြီ၊ ညစ်ပလီလူမျိုး၊ ဂွကောင်တွေ ခွေးဖြစ်တော့ဗျိုး—- ပျာတာစာသင်တောင်ဦးချရ၊ ကုလားမြင် သူ့ အမေ –ိုးတော့မလို” ဟု မြန်မာတွေ အင်္ဂလိပ် ကုလားဖြူသာမက၊ ကုလားနက်တို့ ကိုပင် ကြောက်နေရပုံကို ရင်နာနာဖြင့် စာဖွဲ့ ခဲ့ ပါသည်။

ကုလားကို ကြောက်စရာစကားအဖြစ် ထားကာ ကလေးများဆိုးနေလျှင် “ပျာတာလာပြီ တိတ်တိတ်။ ပျာတာလာပြီ အိပ်အိပ်” ဟုတမျိုး “ကုလားကြီးလာပြီ။ ဖမ်းသွားလိမ့်မယ်။ အိမ်ထဲဝင်တော့”ဟု တဖုံ ဆိုလေ့ရှိသည်။ ခြောက်လေ့ရှိသည်။

မှန်ပါသည်။ ထိုစဉ်က မြန်မာများ ကုလားကို အကြောက်ကြီး ကြောက်နေကြပါသည်။ ဇာတ်ခုံပေါ်မှ ဇာတ် မင်းသား တဦးကလည်း “ဂါတ်တဲလေးပေါ်မှာနော်ဗျာ။ ကျနော်ဟာ အငယ်ဆုံးပါဘဲ။ ပန်ချာပီ ပုလိပ်ကြီးေ တွေ ၀ိုင်းပါလို့ ။ကြောက်အားလန့် အားပို။ ငိုယိုကာ ရှိခိုးတောင်းပန်ပါသော်လဲ။ လက်ထိပ်က ခတ်ထားဆဲ” ဟု အမူပိုပိုနှင့် သီဆိုပြခဲ့ပါသည်။

မျက်နှာဖြူမဟုတ်သော ဘောင်းဘီဝတ် ပညာဝန်ထောက်တဦး ဆရာကြီး ဦးဝန် (မင်းသုဝဏ်) ငယ်စဉ် ကနေခဲ့သည့် ဘုန်းကြီးကျောင်းအတွင်း နောက်ပိတ်ဖိနပ်ကြီး မချွတ်ဘဲ ၀င်လာရာ ကျောင်းသူ ကျောင်း သား တရာကျော်က ထိုကုလားမဲ ပညာရေးဝန်ထောက်ကို ပဌမ၊ ဒုတိယ၊ တတိယ၊ တကြိမ်၊ နှစ်ကြိမ်၊ သုံး ကြိမ်မြောက်အောင် ထိခြင်းကြီး ငါးပါးဖြင့် ဖူးမြော်မာန်လျှော့ ကန်တော့ခဲ့ရပါကြောင်း ဆရာကြီး ဦးဝန်က ၁၉၆၂ ခုနှစ်တွင် ရေးသော ၎င်း၏ “သာဓုခေါ်၍ အမျှဝေပါ၏” ဆောင်းပါးတွင် ၀န်ခံ ထားခဲ့ပါသည်။

မြန်မာတို့  ကုလားမဲကိုပင် ဤမျှ ကြောက်နေရသော ခေတ်၌ မြန်မာပြည်ရှိ မျက်နှာဖြူများ၏ အဓိပတိ မြန်မာပြည် ဘုရင်ခံမင်းကြီးကို မြန်မာပြည်မှ မောင်းထုတ်ရဲသော သတ္တိခဲတဦး ပေါ်ပေါက်လာပါတော့ သည်။ ထိုသူသည်ကား ရခိုင်သား ဆရာတော် ဦးဥတ္တမပင်တည်း။ ဆရာတော်က “ခရက်ဒေါက်၊ မင်းမြန် မာပြည်က ထွက်သွားပေတော့”ဟု အဓိပ္ပါယ်ရသည့် ´Crackdock Get Out” ဆိုသည့်စကားကို ပြော ခြင်းဖြင့် မြန်မာပြည်လွတ်လပ်ရေးကို ကြေငြာပြလိုက်သည်။ အင်္ဂလိပ်ခေတ်တွင် အင်္ဂလိပ် ဘုရင်ခံကို  မောင်းထုတ်ခြင်းမှာ လွတ်လပ်ရေး ကြေငြာမှုတမျိုးပင်ဖြစ်သည်။

ထိုအချိန်က ဆရာတော်နှင့် ခေတ်ပြိုင် မြန်မာမျိုးချစ်ကြီးများ ဘာလုပ်နေခဲ့ကြသနည်း။ ပုဂ္ဂိုလ်ကြီးတဦးက “ရွှေဘုန်းတေဇာ၊  ဖြိုးဝေဖြာ၍” တို့ ဖြင့်  အစချီသော ပဉ္စမမြောက် ဂျော့ဘုရင်နှင့် မေရီ မိဖုရားတို့ ၏ ဘုန်းတော်ဘွဲ့ ပိုဒ်စုံရတုကို သီကုံးခဲ့ပြီး ဆဌမတန်းသုံး ဒေါင်းတံဆိပ် မြန်မာဖတ်စာထဲတွင်ထည့်၍ ကျောင်းသားများကို သင်ကြားစေခဲ့သည်။  “ရှစ်စင်းစိုက်ထူ၊ ကျွန်းဇမ္ဗူ ဟု၊ ဟိန္ဒူစတန်၊ ဇေယျာဖန်သည့်၊ မြေမှန်ဗွေဟီ၊ မြို့ ဒေလီဝယ်၊ မေရီထိပ်ထား ၊ မိဖုရားနှင့် စုလျားညာနေ” တို့ ဖြင့်ဖွဲ့ ထားပြီး “ငါးတိုက်ဝဠာ၊ မိုးမည်ကို” ဖြင့် အဆုံးသတ်သော ရတုပိုဒ်စုံ ဖြစ်ပါ၏။ 

ဇာတ်မင်းသားကြီး တဦးကလည်း “ဂျော့ဘုရင်ရွှေဘုန်း၊ နေတလုံး ပမာတဆူ၊ သတ္တ၀ါကြည်ဖြူ၊ ထီးနန်း သရဖူ၊ အုပ်စိုးပိုင်ယူ၊ ဆရာစိန် တေးသီချင်း၊ ဘေးကင်းတော်မူ၊ ဂရိတ်ဗြိတိန်သာသာ ကြည်ကြည်ဝိုင်းလို့ ၊ ဘာလင်ဂျာမန်တိုင်းကို၊ မဆိုင်းဘဲအောင်တော်မူ” ဟု သီဆိုခဲ့ပါသည်။ ၎င်းပုဂ္ဂိုလ်ကြီးမှာ အင်္ဂလိပ်အစိုးရ က ချီးမြှင့်သော TPS (Taingkyo Pyikyo Saung) တိုင်းကျိုးပြည်ကျိုးဆောင် ဘွဲ့ ရရှိခဲ့ပြီး၊ လွတ်လပ်ရေး ရပြီးသောအခါ၌ ၀ဏ္ဏကျော်ထင် ဘွဲ့  ထပ်ရပြန်ပါသည်။

စစ်တွေသား ဆရာတော် ဦးဥတ္တမက ဘုရင်ခံကိုမောင်းထုတ်၍ “ထောင်ဆု” ရနေခိုက် မြန်မာပညာရှိများ ကတော့ “အောင်ဆုသြဘာ၊ မင်္ဂလာဖြင့်၊ ဆယ်ဖြာလက်မြှောက်၊ ဆက်ခါလျှောက်ပိမ့်၊ ခိုင်ဆောက်အောင် လံ၊ ဂရိတ် ဗြိတန်နှင့်၊ နိုင်ငံ အိန္ဒိယ၊ အစိုးရသည့်၊ ဘ၀သခင်၊ ဂျော့ဘုရင်နှင့်၊ အရှင်မိဖုရား၊ မြတ်နှစ်ပါးတို့ ၊ တိုင်းကားစိုးစံ၊ ပြည်နိုင်ငံကို၊ ရန်မာန်ကင်းပြီး၊ ဘုန်းတော်ကြီး၍၊ သက်တော်ရှည်စွာ၊ ဆယ်ဖြာဓမ္မ၊ သင်္ဂ ဟနှင့်၊ နာယကဂုဏ်၊ ကိုယ်လုံးခြုံ၍၊ တိမ်မှုန်မသန်း၊ လပြည့်ဝန်းသို့ ၊ ရွှေနန်းပေါ်ထက်၊ နှစ်သက်မြတ်နိုး၊ ဥစ္စာစိုးသည်၊ တန်ခိုးနေသို့  ထွန်းစေသောဝ်´ ဟူသော မင်္ဂလာဧကပိုဒ် ရတုကို တောရောမြို့ ပါ နှုတ် တိုက်ကျက်မှတ်ခိုင်းပြီး စာသင်ကျောင်းတိုင်းတွင် ကျောင်းမတက်မီ သီဆိုကာ ဂုဏ်ပြုနေဆဲဖြစ်ပါ၏။ 

မစ္စတာ မောင်မှိုင်းကသာ ခွေးဋီကာ၊ ဒေါင်းဋီကာတို့ ဖြင့် အင်္ဂလိပ်များနှင့် “ဖလဖ” (ဖော်လံဖါး) တို့ ကို ကလိတတ်ပါ၏။

ဆရာတော်မှာမူ ပြောင်မြောက်လှသော ၀ံသာနုတရားများ၊ အဟိံသ၊ Non corporation ။ ကိုယ်ကျင့် တရား။ ခြိုးခြံရေး။ ညီညွတ်ရေး။ ပညာရေး။ သည်းခံရေး တို့ ကို အခြခံကာ ဟောသဖြင့် သွားလေရာတွင် ပြည်သူလူထုကြီးက မင်္ဂလာစည်တော်ရွမ်း၍ ကြိုဆိုသကဲ့သို့ ဗြိတိသျှ အာဏာပိုင်များကလည်း “လာပါ၊ လာပါ၊ ရှင်ဥတ္တမရဲ့၊ တကယ်စောင့်တဲ့ မောင်၊ မလွယ်ပေါက်နဲ့ ထောင်” လုပ်ကာ ထောင်တံခါးကြီး ဖွင့် ပြီး ကြိုဆိုခဲ့ပါသည်။

ဆရာတော်မှာ လွတ်လပ်ရေး တိုက်ပွဲဝင်ရင်း ထောင်ကျခံခဲ့ရသည်မှာလည်း မနည်းပါ။ အကျဉ်းသားဘ ၀နှင့် သင်္ကန်းချွတ်ခဲ့ရပြီး အကျဉ်းသားဝတ်စုံနှင့် အလုပ်ကြမ်း လုပ်နေရရှာသော ဆရာတော့်ဓါတ်ပုံများ ကိုလည်း တွေ့ဘူးပါသည်။ ပျံလွန်တော် မမူမီလည်း ဆင်းဆင်းရဲရဲနေခဲ့ရပြီး ဆင်းဆင်းရဲရဲဖြင့်ပင် ပျံ လွန် တော်မူ သွားခဲ့ရရှာပါသည်။ 

ဆရာတော် ပျံလွန်တော်မမူခင် ဆင်းဆင်းရဲရဲ နေခဲ့ရပုံအချို့ကို ကွယ်လွန်သူ စာရေးဆရာကြီး ရွှေဥဒေါင်း က ၎င်း၏ “ဘ၀တသက်တာ အတွေးအခေါ်များ” စာအုပ်တွင် ဖော်ပြထားပါသည်။ ဆရာတော်မှာ ဆီးချို ရောဂါ ဖိစီးနေရချိန်တွင် အချို့ဘုန်းကြီးများက ဆရာတော်ကို နိုင်ငံရေးဘုန်းကြီး ဆိုပြီး ၀ိုင်းပယ် ထားကြ ပုံ။ ဆရာတော်မှာ ပစ္စည်းလေးပါး တကာမရှိ၍ ဆင်းရဲစွာနေရပုံတို့ကို ရေးသားထားပါသည်။ သို့သော် လည်း ပညာရှိသတိဖြစ်ခဲဟု ဆိုရမည်လောမသိ။ ဆရာကြီး ရွှေဥဒေါင်းသည် ဆရာတော်ကို ၎င်းကပင့် ဖိတ်၍ ဆွမ်းကပ်သည့်အကြောင်းကို ရေးသားရာတွင် စေတနာသုံးတန်ဖြင့် လှူသော ၎င်း၏သဒ္ဓါစိတ်ကို ကြည်နူးစွာ ဖော်ပြရမည့်အစား ဆရာတော် စားနိုင်အားရှိပုံကို အသားပေးပြီး ရေးသားထားသဖြင့် ဆရာ တော်ခမျာမှာ “လှူတာ အကုန်စားသော ဇူဇကာပုဏ္ဏား” အဖြစ်သို့ ရောက်သွားရရှာတော့သည်။  

အကယ်စဉ်စစ်တွင် ဆရာတော်ကဲ့သို့ ဘက်စုံတော်၍ ထင်ရှားသူမှာ ရှာမှရှားပါသည်။ ဆရာတော်သည် ဘာသာစကား၆မျိုးခန့် ကိုကျွမ်းကျင်စွာပြောတတ်ပြီး၊ ဂျပန်တက္ကသိုလ်တခုတွင် ပါမောက္ခ အဖြစ် အမှု ထမ်းခဲ့ဘူးသည့်အပြင် အိန္ဒိယနိုင်ငံ ဟိန္ဒူ မဟာဆဗ္ဗ အသင်းကြီး၏ ဥက္ကဌ အဖြစ်ပင် ရွေးကောက် တင်မြောက်ခြင်းခံရသူဖြစ်ပါသည်။ ဤကဲ့သို့ ဘာသာခြား ဟိန္ဒူများကပင် ၎င်းတို့အသင်းဥက္ကဋ္ဌအဖြစ် ရွေးချယ်ခဲ့ခြင်းကလည်း ဆရာတော်၏အရည်အချင်းကို မီးမောင်းထိုးပြ လိုက်ခြင်းတမျိုးပါ။ 

ဆရာတော် ပျံလွန်တော်မူပြီးနောက် လွတ်လပ်ရေးရပြီးချိန်တွင် ဖဆပလအစိုးရသည် ရွှေတိဂုံဘုရား ခြေတော်ရင်းရှိ ကန်တော်မင် ပန်းခြံကို ဦးဥတ္တမ ပန်းခြံဟု ပြောင်းလဲ သတ်မှတ်ပေးရုံမှလွဲပြီး အခြား မည်သည့် ချီးမြှောက်ပူဇော်မှုမျှ မလုပ်ခဲ့ကြပါ။ အင်္ဂလိပ်ခေတ်က ဂျော့ဘုရင်၏ဘုန်းတော်ဘွဲ့ကို ဇာတ် ကလေရာတိုင်းတွင် သီဆိုခဲ့သည့် ဇာတ်ဆရာကြီး ဂရိတ် ဦးဖိုးစိန်ကိုတော့ ၀ဏ္ဏကျော်ထင်ဘွဲ့ ချီးမြှင့် ခဲ့ကြပါသည်။ ဆရာတော်ကဲ့သို့ နိုင်ငံခြား တက္ကသိုလ်များတွင် ပါမောက္ခအဆင့်ဖြင့် အမှုထမ်းခဲ့ဘူးသူ တဦးကိုမူ အဂ္ဂမဟာပဏ္ဍိတဘွဲ့ဖြင့် နောက်ကြောင်းပြန် ပူဇော်ရန် မည်သူကမျှ သတိမရကြ။ မည်သူက မျှလည်း မတိုက်တွန်းခဲ့ကြပေ။ အဘယ်ကြောင့်ပါနည်း။ 

ဖဆပလအစိုးရက စတိ ချီးမြှင့်ပူဇော်ခဲ့သော ဦးဥတ္တမ ပန်းခြံမှာလည်း ၁၉၆၂ ခုနှစ် နောက်ပိုင်း  တော်လှန်ရေးကောင်စီနှင့်မဆလခေတ်တို့တွင် မသိ မသာ တမျိုး သိသိသာသာ တဖုံ ကန်တော်မင်္ဂလာ ပန်းခြံဟု ခေါ်လာကြပါတော့သည်။  

ရခိုင်အပေါင်းက ဆရာတော်ဦးဥတ္တမကျေးဇူးကိုမမေ့ဘဲ နှစ်စဉ် ဆရာ တော်ဦးဥတ္တနေ့ ကျင်းပလာကြပြီး  ဦးဥတ္တမပန်းခြံအဖြစ်ပြန်ပြောင်းခွင့်ရရန် ကြိုးစားခဲ့ကြသောကြောင့် ယခု ၂၀၁၅ တွင် ဦးဥတ္တမပန်းခြံဟု အမည်ပြန်ပြောင်းပေးခဲ့သည့်သတင်းမှာ ရခိုင်များအတွက် မင်္ဂလာရှိသောသတင်း ဖြစ်ပါသည်။

မြန်မာပြည် လွတ်လပ်ရေးတွင် ဆရာတော်၏ အခန်း ကဏ္ဍက ကြီးမားလှပါသည်။

ဗိုလ်ချုပ်အောင်ဆန်းကို အများပြည်သူတို့ က မြန်မာ့လွတ်လပ်ရေး ပိသုကာအဖြစ် တင်စားခေါ်ဝေါ်ကြ ပါသည်။ မှန်ပါသည်။ သို့ သော် မည်သည့်ပိသုကာ၌မဆို “ကြားဆရာ၊ မြင်ဆရာ၊ သင်ဆရာ”တို့  ရှိရ စမြဲဖြစ်ပါသည်။ ဆရာတော် ဦးဥတ္တမသည် ဗိုလ်ချုပ်အောင်ဆန်း၏ သင်ဆရာ မဖြစ်ခဲ့ဘူးသော်လည်း ကြားဆရာ မြင်ဆရာတော့ ဖြစ်ခဲ့ပါ၏။ ထို့ ကြောင့် ဆရာတော်ကို “မြန်မာ့လွတ်လပ်ရေး ပိသုကာ၏ ဆရာ့ဆရာ”ဟု ခေါ်ရသော် မှားအံ့မထင်ပါ။  နတ်မောက်သား ဗိုလ်ချုပ်အောင်ဆန်း။ ငယ်နာမည် မောင် ထိန်လင်းကား လွတ်လပ်ရေး၏ ပိသုကာကြီးဖြစ်ပြီး။ စစ်တွေသား ဆရာတော် ဦးဥတ္တမ ငယ်နာမည်  ပေါ်ထွန်းအောင် ကတော့ ဗိုလ်ချုပ်၏ ကြားဆရာ၊ မြင်ဆရာ “မြန်မာ့လွတ်လပ်ရေး၏ မီးပြတိုက်ကြီး” ပါပေတည်း။

တခါတရံကျွန်တော်စဉ်းစားကြည့်မိပါသည်။  မြန်မာပြည်အတွက် အနစ်နာခံခဲ့သော ဆရာတော်သည် အဘယ်သို့သော အကြောင်းများကြောင့် မြန်မာအစိုးရအဆက်ဆက်က လျစ်လျူပြု ခံနေရပါသနည်း။ ဗမာရဟန်း မဟုတ်ဘဲ ရခိုင်ရဟန်း ဖြစ်၍ပင်လော။ ၀ဋ်မှာအမြဲ ငရဲမှာအပ ဆိုသော ဆိုရိုးစကားရှိပါ သည်။ မြတ်စွာဘုရားသော်မှ ၀ဋ်တော်နှင့်မကင်းဘဲ အားလုံးချုပ်ငြိမ်းရာ နိဗ္ဗာန်ကူးမည့် နောက်ဆုံးဘ၀ တွင် ၀ဋ်တော်များ ခံသွားခဲ့ရရှာပါသည်။ ဘုရား သက်တော်ထင်ရှား ရှိစဉ်ကလည်း ရဟန္တာများနှင့် ပုထု ဇဉ်ရဟန်းများ လူများ၏ ရှေးဘ၀က အကြောင်းနှင့် ၀ဋ်များအကြောင်းကို ထုတ်ဖော် ဟော ကြားတတ် ပါသည်။ မြတ်စွာဘုရားသာ သက်တော်ထင်ရှား ရှိနေခဲ့ပါလျှင် ဆရာတော် ဦးဥတ္တမ၏ ရှေးကံကို ဟော ကြားပေးပါရန် လျှောက်ထားကြည့်ချင်ပါတော့သည်။ 

 

မြန်မာအစိုးရအဆက်ဆက်တွင် ဆရာတော်ချီးမြှောက်ပူဇော်မှုမခံရခြင်းကိစ္စသည် အကျယ်အကျယ် မငြိမ်းဖွယ် မဖြစ်စေရန် ဆရာတော်၏ ဘဝေဘဝတခုခုက ၀ဋ်ကြွေးကြောင့်ဟုပင် ထားကြပါစို့။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts

One thought on “ခင်မောင်စော (ဘာလင်) – မြန်မာ့လွတ်လပ်ရေး ပိသုကာ၏ ဆရာ့ဆရာ
  1. ဦးခင်မောင်စောခင်ဗျား။

    ကျန်းကျန်းမာမာနဲ့ အဖိုးတန်စာတွေ တပုဒ်ပြီးတပုဒ်ရေးနိုင်တဲ့ အရည်အချင်းနဲ့ စိတ်စေတနာကို အားကျမိပါတယ်။ ဦးခင်မောင်စော ပို့ပေးတဲ့ဆောင်းပါးကိုဖတ်ပြီး ခပ်ရှက်ရှက်နဲ့ ဒီစာကို ရေးလိုက်ပါတယ်။

    “ထိုအချိန်က ဆရာတော်နှင့် ခေတ်ပြိုင် မြန်မာမျိုးချစ်ကြီးများ ဘာလုပ်နေခဲ့ကြသနည်း။ ပုဂ္ဂိုလ်ကြီးတဦးက “ရွှေဘုန်းတေဇာ၊ ဖြိုးဝေဖြာ၍” တို့ ဖြင့် အစချီသော ပဉ္စမမြောက် ဂျော့ဘုရင်နှင့် မေရီ မိဖုရားတို့ ၏ ဘုန်းတော်ဘွဲ့ ပိုဒ်စုံရတုကို သီကုံးခဲ့ပြီး ဆဌမတန်းသုံး ဒေါင်းတံဆိပ် မြန်မာဖတ်စာထဲတွင်ထည့်၍ ကျောင်းသားများကို သင်ြကားစေခဲ့သည်။ “ရှစ်စင်းစိုက်ထူ၊ ကျွန်းဇမ္ဗူ ဟု၊ ဟိန္ဒူစတန်၊ ဇေယျာဖန်သည့်၊ မြေမှန်ဗွေဟီ၊မြို့ဒေလီဝယ်၊မေရီထိပ်ထား၊မိဖုရားနှင့်စုလျားညာနေ”တို့ဖြင့်ဖွဲထ့ားပြီး”ငါးတိုက်ဝဠာ၊ မိုးမည်ကို” ဖြင့် အဆုံးသတ်သော ရတုပိုဒ်စုံ ဖြစ်ပါ၏။”

    ဦးခင်မောင်စော၊ ဒီတချီတော့ ကိုယ့်ကိုယ်ကို မြန်မာဖြစ်ရတာ ဂုဏ်မယူနိုင်ဘူးဗျာ။ ဒါပေမယ့် ခေတ်တိုင်း ခေတ်တိုင်း အာဏာရှင်ကို ဖားတဲ့ ကပ်ဖားရပ်ဖားစွပ်ဖားတွေ ကြီးပွားကြသကိုး၊ အဲဒီခေတ်က ဆရာတော်လို ရှေ့တန်းမရောက်ပေမယ့်လဲ ပါတော်မူတဲ့အချိန်ကစလို့ မြန်မာမျိုးချစ်တွေကတော့ တယောက်ပြီးတယောက် အသက်ပေးခဲ့ပါတယ်။ နောက်တချက်က ဆရာတော်က ရဟန်းဝတ်နဲ့ဖြစ်တဲ့အတွက် ဘာပဲဖြစ်ဖြစ် ပြောအားရှိပါတယ်။ တူတယ်နှိုင်းတာတော့ မဟုတ်ပါဘူး၊ ခုခေတ် မဘသ ဘုန်းကြီးတွေကော မဘသမဟုတ်တဲ့ဘုန်းကြီးတွေကော ပြောချင်ရာပြော လက်သီးလက်မောင်းတန်းလိုတန်း ကြိမ်းလားမောင်းလား လုပ်လိုလုပ်၊ ကိုယ့်ကို ချီးမြှောက်တဲ့ဖက်ကနေလိုက်ပြီး မဲဆွယ်လိုဆွယ် အကုန်လုပ်နေတာကို ကြည့်ရင် အဆုံးမတော့ ဝိနည်းနဲ့မညီလို့ သိက္ခာမစောင့်ကြလို့ ဒီလိုဖြစ်ကုန်ကြတယ်လို့ ကောက်ချက်ချရမှာဖြစ်ပါတယ်။
    ဆရာတော်ကို ရည်ရွယ်ပြီး ရေးခဲ့တာတော့ မဟုတ်ပါဘူး၊ ဖေ့စ်ဘုတ်ပေါ်မှာလဲ ဘုန်းကြီးတွေ သောင်းကျန်းလွန်းလို့ ကျွန်တော် ခုလိုရေးပြီး အတိုက်အခံလုပ်ခဲ့ပါတယ်။ နည်းနည်းဖတ်ကြည့်ပါ။

    ဖဘတွေမှာ ရေးခဲ့တဲ့ ကွန်မင့်တွေ

    ဦးဝီရသူ၊ အညတြ ဘိက္ခု နဲ့ မဘသ ဂိုဏ်းသားတွေကော အဖွဲ့ချုပ်ဖက်က လိုက်ပြီး မဲဆွယ်နေတဲ့ ကိုယ်တော်တွေကော ဖတ်ဖို့။ (ဗဟုသုတ ရှာမှီးသူတိုင်းလဲ ဖတ်ပါ၊ အပ်ချမတ်ချ အကိုးအကားတွေ ပေးထားတယ်။)

    ပျံလွန်တော်မူသွားပြီးဖြစ်တဲ့ မဟာဂန္ဓာရုံဆရာတော်ကြီး ရှင်ဇနကာဘိဝံသရဲ့ သာသနာပြုသြဝါဒတရားတော် စာအုပ်ကို ဖတ်ပါ။ တစ်အုပ်လုံး မဖတ်ချင်ရင် မဖတ်အားရင် စာမျက်နှာ ၃၀၅ တစ်မျက်နှာထဲ ဖတ်ကြည့်စမ်းပါ။

    “လူတွေရဲ့ ဝေယျာဝစ္စတွေကို မကူညီကြပါနဲ့၊ လူဆိုတော့ လူနည်းနဲ့တော်ရဲ့၊ ရဟန်းဘဝဆိုတာ မကူညီကောင်းဘူး၊ . . . . . တသာသနာလုံး လူတွေရဲ့ အမူအရာတွေနဲ့ ဘာမှ မတူစေချင်ဘူး” တဲ့။

    ဗုဒ္ဓကိုယ်တော်တိုင် ဆုံးမခဲ့တဲ့ စကား -(အင်္ဂုတ္ထိုရ် မြန်မာပြန် ဒုတိယတွဲ)

    ဘဒ္ဒကသုတ်

    “ငါ့သျှင်တို့ ဤသာသနာတော်၌် ရဟန်းသည် အမှုနှိုက် မွေ့လျော်၏၊ အမှု၌ ပျော်ပိုက်၏၊ အမှု၌ မွေ့ လျော်သည့်အဖြစ်ကို အဖန်ဖန်အားထုတ်၏၊ စကားပြောဟောခြင်း၌ မွေ့လျော်၏၊ စကားပြောဟောခြင်း၌ ပျော်ပိုက်၏၊ စကားပြောဟောခြင်း၌ မွေ့လျော်သည့်အဖြစ်ကို အဖန်ဖန်အားထုတ်၏၊ အိပ်ခြင်း၌ မွေ့ လျော်၏၊ အိပ်ခြင်း၌ ပျော်ပိုက်၏၊ အိပ်ခြင်း၌ မွေ့လျော်သည့်အဖြစ်ကို အဖန်ဖန်အားထုတ်၏၊ အပေါင်းအ ဖေါ်၌ မွေ့လျော်၏၊ အပေါင်းအဖေါ်၌ ပျော်ပိုက်၏၊ အပေါင်းအဖေါ်၌ မွေ့လျော်သည့်အဖြစ်ကို အဖန်ဖန် အားထုတ်၏၊ နှီးနှောမှု (ငါးမျိုး) ၌ မွေ့လျော်၏၊ နှီးနှောမှု၌ ပျော်ပိုက်၏၊ နှီးနှောမှု၌ မွေ့လျော် သည့်အဖြစ်ကို အဖန်ဖန်အားထုတ်၏၊ ချဲ့ထွင်မှု ပပဉ္စတရား၌ မွေ့လျော်၏၊ ချဲ့ထွင်မှု၌ ပျော်ပိုက်၏၊ ချဲ့ ထွင်မှု၌ မွေ့လျော်သည့်အဖြစ်ကို အဖန်ဖန်အားထုတ်၏။”

    “ငါ့သျှင်တို့၊ ဤသို့လျှင် ရဟန်းသည် ကောင်းသောသေခြင်း ကောင်းသောကွယ်လွန်ခြင်း မဖြစ်နိုင်သော အခြင်းအရာဖြင့် နေခြင်းကို ပြု၏။” (နှာ၊ ၃၃၆)။

    ဓမ္မိကဝဂ် ဓမ္မိကသုတ်

    အသျှင်ဘုရား၊ အဘယ်သို့လျှင် ရဟန်းသည် ရဟန်းတရား၌ တည်ပါသနည်းဟု (လျှောက်၏)။

    “ပုဏ္ဏားမျိုး ဓမ္မိက၊ ဤသာသနာတော်၌ ရဟန်းသည် ဆဲရေးသူကို ပြန်၍ မဆဲရေး၊ ချုတ်ချယ်သူကို ပြန်၍ မချုတ်ချယ်၊ ငြင်းခုံသူကို ပြန်၍ မငြင်းခုံ၊ ပုဏ္ဏားမျိုး ဓမ္မိက ဤသို့လျှင် ရဟန်းသည် ရဟန်းတရား၌ တည်၏ဟု (မိန့်တော်မူ၏)။ (စာမျက်နှာ ၄၁၅)

    နောက် ဗိုလ်ချုပ်ရဲ့ (သတင်း) အပါးတော်မြဲ သတင်းစာဆရာ ဦးပုကလေးရေးတဲ့ “ငါတို့ဗိုလ်ချုပ်” ကို ဖတ်ကြည့်ပါ။ စာမျက်နှာ ၂၀၈ ကနေ ၂၁၁ အထိ ဖတ်ဖြစ်အောင် ဖတ်ပါ။ အဲဒီ(၂၁၁)မှာ ဘုန်းကြီးတွေကို

    “ နောက်တခု . . . တပည့်တော် ရှင်းရှင်း လျှောက်ထား ချင်တာကတော့ ဘုန်းကြီးလုပ်လျှင် ဘုန်းကြီးနှင့် တူအောင် လုပ်စေချင်ပါတယ်၊ လူလုပ်လျှင်လဲ လူနဲ့တူအောင် လုပ်စေချင်ပါတယ်။ ဟိုတပိုင်း ဒီတပိုင်း အလုပ်မျိုးတော့ မလုပ်စေချင်ဘူး၊ ဒီလို တပိုင်းစီ လုပ်တာမျိုးတော့ တပည့်တော် မကြိုက်ဘူး” . . . .
    နောက်တစ်ခု တပည့်တော် လျှောက်ထားချင်တာကတော့ ဘုန်းတော်ကြီးများနှင့် နိုင်ငံရေး မစပ်ရှက်စေချင်ပါဘူး၊ သာသနာတော်နဲ့ မဆန့်ကျင်ပဲ တိုင်းပြည်အကျိုးရှိတာမျိုးလောက်သာ ဆောင်ရွက်တော်မူစေ ချင်ပါတယ်။ ဥပမာ တောင်တန်းနယ် သာသနာပြုရေးကိစ္စမျိုး . . . .”

    အဲလို ဗိုလ်ချုပ်ကပြောခဲ့တယ်။

    ”ကိုယ်တော်တို့ အခုကိုယ်တော်တို့လုပ်မယ်ကြံတဲ့ အလုပ်ဟာ ကိုယ်တော်တို့ကို ပါရာဇိက ကျအောင် ချပေးလိမ့်မယ်ဆိုတာ နဲနဲမှ မရိပ်မိကြဘူးလား၊ ကျောင်းကိုပြန်ပြီး ပရိယတ္တိ ပဋိပတ္တိဆိုတဲ့ သံဃအလုပ်တွေကို ပြန်လုပ်ကြပါ” (နှာ ၂၂၉ )

    “ကျွန်တော်၏စိတ်ထဲတွင် ဘုန်းကြီးဖြစ်လာလျှင် ပရိယတ် ပဋိပတ် အလုပ်သာရှိသည်၊ နိုင်ငံရေးအစရှိသော လူတို့၏ လောကီအလုပ်များတွင် ဝင်ရောက်စွက်ဖက်သည်ကို နည်းနည်းမှ မကျေနပ်” (နှာ ၂၃၁)

    အဲဒီအကိုးအကားတွေကို ဦးနုကိုယ်တိုင်ရေး “ငါးနှစ်ရာသီ ဗမာပြည်” မှာ ဖတ်ကြပါ။

    သင်္ကန်းဝတ်တာနဲ့ ပြောချင်ရာပြောလို့ရတယ်လို့မှတ်နေကြတဲ့ သင်္ကန်းဝတ်တွေကများတယ်။ လောဟိစ္စသုတ်မှာ ဗုဒ္ဓက ဒီလိုဟောထားတယ်၊ အောက်မှာ အကျဉ်းမျှ ဖော်ပြပေးလိုက်တယ်၊ အသေအချာဖတ်။

    ၄။ “လောဟိစ္စ လောက၌ အပြစ်တင် စောဒနာထိုက်သော ဤဆရာသုံးဦးရှိကုန်၏၊ ယင်းဆရာတို့ကို တစ်စုံတစ်ယောက်က အပြစ်တင် စောဒနာသည်ရှိသော် (ထိုသူ၏) ထိုအပြစ်တင် စောဒနာချက်သည် ဟုတ်မှန်၍ တရားနှင့်လျော်ပေ၏၊ အပြစ်လည်းမရှိပေ။”[2] လို့ အစချီပြီး၊ ရဟန်းဆိုတာ ရဟန်းဖြစ်ကျိုး၊ ရဟန်းကိစ္စမပြီးပဲ နာချင်သူကိုပဲဖြစ်ဖြစ် မနာချင်သူကိုပဲဖြစ်ဖြစ် ဘယ်သူ့ကိုပဲဟောဟော “ဤဟောပြောခြင်းကို ယုတ်မာသောလောဘတရားဟု (ငါ)ဆို၏” လို့ ပိဋကတ်မြန်မာပြန်မှာ ဆိုထား မိန့်ထားတယ်။ ဒီဃနိကာယ် မြန်မာပြန်မှာ အကျယ်ကို ဖတ်ပါ။

    နောက်ဆုံးအဆုံးမသတ်ခင် ကျနော်တို့အင်မတန်ကို အထွဋ်အထိပ်ထားပါတယ်ဆိုတဲ့ ဗုဒ္ဓသာသနာကို ကိုယ်ဇိမ်ကျဖို့ နာမည်ကြီးဖို့ အဲဒီနာမည်ကို အကာအကွယ်ယူပြီး လုပ်ချင်တာလိုပ်ဖို့ ဖျက်ဆီးနေတဲ့ ရဟန်းဆိုးတွေ ရှက်တတ်ရင် အင်မတန် ရှက်ဖို့ကောင်းတဲ့၊ တချိန်က ဗုဒ္ဓဘာသာရဟန်းအများစုက ဒိဋ္ဌိတွေလို့သမုတ်ကြတဲ့ ခရစ်ယန်ဘာသာက ရဟန်းဖြစ်သင်တန်းတက်ခဲ့ဘူးသူ ကိုပတ်စကယ် ခူးသွေးရဲ့ စာအုပ်ထဲက သူ့ကိုယ်ပိုင်အတွေ့အကြုံလေးတစ်ခုကို အောက်မှာ ဘာသာပြန်ထည့်လိုက်ပါတယ်။
    “ကျနော်တို့ကို မြို့ထဲကို အများဆုံးမှ တစ်ပါတ်တစ်ကြိမ်သာ သွားခွင့်ပြုပါတယ်။ မိန်းခလေးတွေရဲ့ အာရုံကို ဆွဲဆောင်နိုင်တဲ့ ရေမွှေးနံ့သာ အသုံးပြုခြင်းကို ခွင့်မပြုပါဘူး။ မိန်းခလေးတွေကို လိုလားတပ်မက်တဲ့ မျက်စိနဲ့ကြည့်တာမျိုးကို မျက်ထောက်နီနဲ့ အကြည့်ခံရတာလောက်ကို မပြောပါနဲ့၊ မိန်းခလေးမိတ်ဆွေ ထားတာမျိုးကို လုံးလုံးလျားလျားကို တင်းတင်းကြပ်ကြပ် တားမြစ်ထားတာပါ။ မျက်စေ့ဣနြေ္ဒကို ထိန်းချုပ်တဲ့အကျင့်ကိုလဲ ကျင့်ကြရပါတယ်။ မိန်းခလေးတွေနဲ့ စကားပြောဖို့ကြုံလာရင် ဘေးဖက်ကိုဖြစ်ဖြစ် အောက်ကိုဖြစ်ဖြစ် မျက်စေ့ကို လွှဲပြီး စကားပြောရပါတယ်။တစ်ယောက်ကို တစ်ယောက် ညာသံပေးတာ အော်ဟစ်တာမျိုး မလုပ်ရပါဘူး။ ဆေးလိပ်ကိုတော့ ဘုန်းကြီးမဖြစ်မချင်း မသောက်ရပါဘူး။ ဒီသင်တန်းက အစအဆုံးဆိုရင် ၁၁ နှစ် အချိန်ကြာပါတယ်” တဲ့။ (အစိမ်းရောင် တစ္ဆေများရဲ့ မြေမှ၊ ပါစကယ်ခူးသွေး၊ ၂၀၀၃၊ ဟာပါကောလင်းစာအုပ်တိုက်၊ နှာ ၁၀၀)

    ကျုပ်တို့ဘုန်းကြီးတွေကတော့ ဗုဒ္ဓက မင်းတို့အတွက် အကြီးဆုံးရန်သူဟာ မာတုဂါမ (မိန်းမ) လို့ ဟောခဲ့ပေမယ့် အရောတဝင် ပလူးချင်တဲ့ ဘုန်းကြီးက ဒုနဲ့ ဒေး မြင်တွေ့နေကြရကြောင်းပါဗျား။

    ဒီမိုပုရစ်ဖဘမှာရေးခဲ့တဲ့ မှတ်ချက် ၂၂-၈-၂၀၁၅

    ဗုဒ္ဓသာသနာကို ညစ်နွမ်းအောင် လုပ်နေတဲ့အထဲမှာ အဆိုးဆုံးက အာဏာရှင်တွေနဲ့ လူမှုရေးထဲ ကန့်လန့်ကန့်လန့်ပါနေတဲ့ အကျင့်သီလမဲ့တဲ့ အချောင်စား အကန်တော့ခံ ရဟန်းတုတွေပဲ။

    ဟောဒီမှာ အင်္ဂုတ္ထုရ်ပါဠိတော် မြန်မာပြန် ဒုတိယတွဲ စာမျက်နှာ ၁၄၅/၁၄၆ မှာ ဗုဒ္ဓကိုယ်တော်တိုင် ဟောထားတဲ့ “အသေခသုတ်”

    ရဟန်းတို့ ဤတရားငါးမျိုးနှင့် ပြည့်စုံသော ရဟန်းသည် (ရပ်ဝေးမှ) ဆောင်လာ၍သော်လည်း ပေးလှူပူဇော်သော အလှူကို ခံထိုက်၏၊ ဧည့်သည်တို့အလို့ငှါ စီမံထားသော ဝတ္ထုကို ခံထိုက်၏၊ တမလွန်အတွက် ရည်မျှော်သော အလှူကို ခံထိုက်၏၊ လက်အုပ်ချီခြင်းငှါ ထိုက်၏၊ သတ္တဝါအပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံး လယ်မြေဖြစ်၏။
    အဘယ် ငါးမျိုးတို့နည်းဟူမူ –

    ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် –

    ၁။ ကျင့်ပြီး “ရဟန္တာ”ပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော သီလအစုနှင့် ပြည့်စုံ၏။
    ၂။ ကျင့်ပြီး “ရဟန္တာ”ပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော သမာဓိအစုနှင့် ပြည့်စုံ၏။
    ၃။ ကျင့်ပြီး “ရဟန္တာ”ပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော ပညာအစုနှင့် ပြည့်စုံ၏။
    ၄။ ကျင့်ပြီး “ရဟန္တာ”ပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော (ကိလေသာမှ) လွတ်မြောက်မှု (အရဟတ္တဖိုလ်)အစုနှင့် ပြည့်စုံ၏။
    ၅။ ကျင့်ပြီး “ရဟန္တာ”ပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော (ကိလေသာမှ) လွတ်မြောက်မှု (အရဟတ္တဖိုလ်) ကို သိသော ဉာဏ်အမြင် “ပစ္စဝေက္ခဏဉာဏ်”အစုနှင့် ပြည့်စုံ၏။ တဲ့။

    အဲဒီငါးမျိုးနဲ့ ဒီကိုယ်တော်တွေနဲ့ ဘာမှ မဆိုင်ဘူး၊ ဘာမှ မကျင့်ဘူး၊ မရမခြင်း သေသေကြေကြေ မကျင့်ပဲ မဆိုင်ရာမှာပဲ ဆံပင်ကောင်းနေကြတယ်လေ။ ကဲ ဗုဒ္ဓစကားနားထောင်သူတွေဆိုရင် ဒီလိုကိုယ်တော်မျိုးတွေကို လက်အုပ်ချီဖို့လဲ မလိုဘူး၊ ဘာတခုမှ လှူဖို့လဲ မလိုဘူး။ မိဖ ဘိုးဘွား ဆရာသမားနဲ့ မရှိတဲ့သူတွေကိုသာ ပေးကြ ကျွေးကြ။ ကပ်ဆိုက်နေတဲ့ ပြည်သူတွေကိုသာ စွန့်ကျဲကြ။ အဲဒါ ဗုဒ္ဓစကား နားထောင်ရာ အရောက်ဆုံးပဲ။ ကျုပ်တို့ အဲလိုလုပ်မှ ဒို့ ခါတိုင်းလို အချောင်စားချင်လို့ မရတော့ဘူးလို့ သိမှာ။ အဲဒါ သာသနာ သန့်စင်ရေးကို ကူညီရာရောက်တယ်လို့ သိကြ။

    အကိုးအကားတွေကတော့ ပိဋကတ်မြန်မာပြန်ထဲမှာ ဒုနဲ့ဒေး မကုန်နိုင်ပါဘူး ဦးခင်မောင်စော။ ကျွန်တော့်အမြင်ကော ဖတ်ဖူးတဲ့ တချို့စာတွေအရရော ဆရာတော်ရဲ့နောက်ပိုင်းဘဝဟာ ပထမဘဝရဲ့ အကျိုးဆက်တွေလို့ပဲ ထင်ပါတယ်။ ဝဋ်လို့ပြောရင်လဲ ပြောပေါ့။ ကျွန်တော်မြင်တာ ပြောရရင် ဆရာတော်သာ လူထွက်ပြီး နိုင်ငံရေးလုပ်ခဲ့မယ်ဆိုရင် လွတ်လပ်ရေးခေတ် မြန်မာနိုင်ငံရဲ့ သမ္မတမြှောက်လဲ တန်တယ်၊ ဝန်းကြီးချုပ်မြှောက်လဲ တန်ပါတယ်။

    ဗိုလ်ချုပ်အောင်ဆန်းဟာ ဝိနည်းသိက္ခာပိုင်းနဲ့ပတ်သက်လို့ သိတဲ့ပုဂ္ဂိုလ်ဖြစ်တယ်၊ ဗုဒ္ဓသာသနာပေါ်မှာ ယုံမှားသံသယအတော်ကင်းပုံရပါတယ်။ ဒါ့ကြောင့် ဘာသာရေးနဲ့ နိုင်ငံရေးကို ပြတ်ပြတ်သားသား စည်းခြားရမယ်လို့ မိန့်ခွန်းထဲမှာ တခုတ်တရထည့်ပြောသွားတာပါ။ သူဟာ ဘယ်ဘုန်းကြီးရဲ့ အရှိန်အဝါကိုမှ မယူခဲ့ မတွဲဖက်ခဲ့ကြောင်းကို ဂျိုးဇက် ဆီလ်ဗာစတိန်းကတောင် အောင်ဆန်းလီဂေစီ စာအုပ်မှာ ထည့်ရေးခဲ့ပါတယ်။

    ဘာပဲပြောပြော ဆရာတော်ရဲ့ အဟောအပြောတွေကြောင့် နိုင်ငံရေးမျက်စေ့တွေ ပိုပွင့်ကြတယ်ဆိုတာ သမိုင်းပါပဲ။ ဒီအတွက်တော့ အားလုံးက ကျေးဇူးတင်မယ်လို့ ထင်ပါတယ်။ သို့သော်လည်း ရဟန်းတပါးအနေနဲ့ နိုင်ငံရေး လူမှုရေးထဲ ဝင်ပါတာကိုတော့ ကျွန်တော်လဲ မနှစ်သက်ပါဘူး။ ဒီအထိပြောတာကလဲ ဦးခင်မောင်စောကို လေးစားလို့ ကျွန်တော့်စိတ်ရင်းအမှန်ကို ပြောပြခြင်းပဲ ဖြစ်ပါတယ်။

    အသက်ကြီးပြီ၊ ရေးစရာတွေ အများကြီးကျန်ဦးမယ်လို့ ယုံပါတယ်၊ အဲဒါတွေ ရေးနိုင်ပြောနိုင်အောင် ကျန်းမာရေးကို အပ္ဗမာဒေးန သမ္မာဒေးထ ဂရုစိုက် စောင့်ရှောက်ပါခင်ဗျား။

    ခင်မင်လေးစားလျက်

    ညွန့်ရွှေ

Comments are closed.