မှတ်စုမှတ်တမ်း လူများ၊ ရုပ်ပုံလွှာများ ငြိမ်းချမ်းအေး

တက္ကသိုလ်သူငယ်ချင်း ခင်ဝမ်း ၊ ရေးသူ – မောင်ညီညွတ်

တက္ကသိုလ်သူငယ်ချင်း ခင်ဝမ်း ၊ ရေးသူ – မောင်ညီညွတ်

(ဤ ဆောင်းပါးကို Mandalay Icon မဂ္ဂဇင်း 2012 June တွင် မူရင်း ပုံနှိပ် ဖော်ပြခဲ့သည်။)

(ပုံ ၁ – “မောင်ညီညွတ် ၊ ပြေငြိမ်း ၊ ခင်ဝမ်း” သူငယ်ချင်း သုံးယောက်။ ဓာတ်ပုံ မျှဝေသူ – Doney MP)

လူ့ ဘဝမှာ လူငယ်ဘဝဟာ ပျော်စရာအကောင်းဆုံး၊ လူငယ် ဘဝမှာမှ ကျောင်းသားဘဝဟာ ပျော်စရာအကောင်းဆုံး၊ ကျောင်းသားဘဝမှာလည်း တက္ကသိုလ်ကျောင်းသားဘဝဟာ ပျော်စရာအကောင်းဆုံးလို့   တက္ကသိုလ်ဘုန်းနိုင်ကသူ့ ရဲ့ ဝတ္ထုတပုဒ်ထဲမှာရေးခဲ့ဖူးပါတယ်။ ဘဝမှာလူဖြစ်လာခဲ့ပြီး ကြည်နူးပျော်ပိုက်စရာ လူဖြစ်ကျိုးနပ်ရပုံကို သိသာအောင်ရေးပြခဲ့တာ ဖြစ်ပါတယ်။ အဲဒီစာပိုဒ်ကိုမျဉ်းသားပြီး ကျွန်တော်မှတ်သားထားခဲ့လို့ မမေ့နိုင်ပါ။

၁၉၆၄ ခုနှစ်မှာ ကျွန်တော် (၁၀) တန်း အောင်ခဲ့ပါတယ်။ ရန်ကုန်တက္ကသိုလ်ရောက်ခဲ့ပါတယ်။ လူ့ ဘဝမှာ လူဖြစ်ကျိုးနပ်တဲ့ ဘဝကို ရောက်ခဲ့ပါတယ်။ တက္ကသိုလ် ရောက်တော့ အတိုင်းမသိ ပျော်ခဲ့ပါတယ်။ သူငယ်ချင်း အပေါင်းအသင်း အသစ်တွေ တိုးပွားခဲ့ပါတယ်။ ကျွန်တော့်လို စိတ်သစ်လူသစ်နဲ့ တွေ့ဆုံ ခဲ့ရတဲ့ အပေါင်းအသင်းတွေကို တွေ့ရတော့ ကျွန်တော်ပျော်မိပါတယ်။ သူငယ်ချင်း အသစ်တွေထဲမှာ ကျွန်တော့် တသက်နဲ့ တကိုယ် တခါမှမတွေ့ဖူးတဲ့ ပြည်မြို့ က လူထူးလူဆန်း ခင်ဝမ်း ဆိုသူ တယောက်လည်း ပါခဲ့ပါတယ်။ သူဟာ လူတစ်ဖတ်သားကို ပါးစပ်နဲ့ တမျိုး၊ ခြေနဲ့ လက်နဲ့ တမျိုး၊ အမျိုးမျိုး မျက်စိနောက်စရာ ကောင်းအောင် နောက်တတ်ပြောင်တတ်သူ တယောက် ဖြစ်ပါတယ်။ မျောက်တကောင်လို အငြိမ်နေတတ်သူ မဟုတ်ပါ။ အမြဲလို ပျော်ရွှင်နေတတ်သူ ဖြစ်ပါတယ်။

သူဟာတက္ကသိုလ် မရောက်ခင်က စာတွေ တော်တော်ဖတ်ခဲ့တယ်လို့ နောက်မှသိရပါတယ်။ ဇဝန ရဲ့ “ကောလိပ်ကျောင်းသား”၊ “ကောလိပ်ဂျပိုး” စတဲ့ ဝတ္ထုတွေကို ဖတ်ခဲ့ရလို့ တက္ကသိုလ်ရောက်ရင် လွတ်လပ် ပျော်ရွှင်စွာ နေတတ်၊ ထိုင်တတ် ရမယ်လို့ သိထားသူဖြစ်ပါတယ်။ သူ့ မှာ အကြောက်အလန့် လည်းမရှိပါ။  သူတက္ကသိုလ်ရောက်လာတာဟာ စူဠလိပ် ရေထဲကို လွှတ်လိုက်သလိုပါပဲ။

သူဟာ ရွှေဘိုဆောင်မှာနေပါတယ်။ သူနဲ့ သိကျွမ်းပြီး သူ့ အခန်းကိုရောက်တော့ ဂီတာတလက် အခန်းမှာချိတ်ထားတာ တွေ့ရပါတယ်။ ဂစ်တာတီးတာ သူဝါသနာ တော်တော်ပါ ပါတယ်။ ကျွန်တော်က သီချင်းဆိုတာ ဝါသနာပါသူ ဖြစ်တော့ သူနဲ့ ကျွန်တော်ဟာ ပုလင်းတူဗူးဆို့ ဖြစ်သွားပါတော့တယ်။ ကျွန်တော်တို့ တက္ကသိုလ် ရောက်စမှာ မောင်မောင်ကြီးရဲ့ “ရွှေညာဆီသွားမယ်” သီချင်းဟာ ကျော်ကြားပါတယ်။ ကျွန်တော်က“ရွှေညာဆီသွားမယ်”ကိုဆို သူကဂီတာတီး သူငယ်ချင်းတွေက လိုက်ဆိုကြနဲ့ သူအခန်းထဲမှာ ပျော်ပါးခဲ့ကြတယ်။ ကျွန်တော်တို့ သူငယ်ချင်းတစုဟာ (၇) ယောက်/ (၈) ယောက် လောက်ရှိပါတယ်။ ဘယ်သွားသွား တစုတဝေးကြီးပါပဲ။ ဦးချစ်ဆိုင် ထိုင်ရင်လည်း အတူတူ၊ ရုပ်ရှင်ကြည့်ရင်လည်း အတူ၊ သိပ္ပံစာသင်ခန်းတွေရဲ့ “S-1” ရှေ့က “S-Zero” လို့ ကျွန်တော်တို့ ခေါ်တဲ့ မြောင်းနှုတ်ခမ်းပေါ်မှာ ထိုင်ကြရင်လည်း ကျွန်တော်တို့ တစု အတူတူပါပဲ။

ကျွန်တော်တို့ သူငယ်ချင်းတွေထဲမှာ စာပေမြတ်နိုးကြသူတွေများပါတယ်။ စာတွေဖတ်ကြပါတယ်။ တနေ့မှာ စာရေးဆရာကြီးတွေ ဖြစ်ရမယ်လို့ အချင်းချင်း တိုင်ပင်မထားဘဲ ရည်ရွယ်ချက်တွေ တူခဲ့ကြလို့ ကျွန်တော်တို့ ခင်မင်မှုတွေဟာ ခိုင်မြဲခဲ့ပါတယ်။ ဝတ္ထုတွေ ကဗျာတွေကို မဖတ်ဘဲ ဖတ်ရကောင်းမှန်းမသိသူတွေကို ကျွန်တော်တို့ သူငယ်ချင်းတစုက အထင်သေးပြီး လှောင်ပြောင်ကဲ့ရဲ့ ကြပါတယ်။ ဒီအထဲမှာ ခင်ဝမ်းက အဆိုးဆုံးပါပဲ။ အလှောင်ခံရသူ မျက်နှာနီရဲပြီး အရှက်ရတဲ့အထိ သူကလှောင်ပြောင်ပြောဆိုပါတယ်။ နလပိန်းတုံး တယောက်ဖြစ်သွားအောင် သူကပြောပစ်လိုက်ပါတယ်။ ဒါ့ကြောင့် သူ့ကို တခြားသူတွေက မျက်နှာကြော မတည့်ကြပါ။

ဂစ်တာတီးတာ၊ စာဖတ်တာ ဝါသနာပါတဲ့အပြင် ကျွန်တော်တို့ သူငယ်ချင်းတစုထဲမှာ သူဟာ ပုံဆွဲတာကိုလည်း တော်တော်ဝါသနာပါခဲ့ပါတယ်။ ကျွန်တော့်ရဲ့ ပုံတူကို ဆွဲရတာ သူတော်တော်လက်တွေ့ ပါတယ်။ အမြဲလိုလိုပဲ ဆွဲပါတယ်။ မကြည့်ဘဲနဲ့ လည်း ဆွဲတတ်ပါတယ်။ တခါက ပုဂံစာအုပ်တိုက် ကိုချော က တိုက်စိုးရဲ့ “မင်းတုန်းမင်း ” စာအုပ် အဖုံးပုံသူ့ ကို အပ်ပါတယ်။ သူက လွယ်လွယ်ကူကူပဲ ကျွန်တော့်ပုံကို ဆွဲပြီး မင်းမြောက်တန်ဆာ တပ်ပေးလိုက်ပါတယ်။ ပုံပြီးသွားတော့ ကိုချောက ဒီပုံဘယ်ကရတာလဲ လို့ မေးပါတယ်။ သူက မင်းတုန်းမင်း နဲ့ တူတဲ့ သူငယ်ချင်းတယောက် သူ့ မှာ ရှိလို့ အဲဒီ သူငယ်ချင်းပုံကို ဆွဲလိုက်တာလို့ ပြောပါတယ်။ ရည်စားနဲ့ တွေ့ တဲ့ အချိန်မှာတောင် အချိန်ရရင်ရသလို ကျွန်တော့် ပုံကို ဆွဲပါတယ်။ သူ့ရည်းစား ခင်လေးမြင့် ကို သူ့ သူငယ်ချင်း လို့ ပြတော့ ဖဲချပ်ထဲက ကုလားကြီး လို့ ပြောပါတယ်။

(ပုံ ၂ – ခင်ဝမ်း ရေးဆွဲခဲ့သည့် ပုဂံစာအုပ်တိုက် ပ-ကြိမ်ထုတ်၊ တိုက်စိုး ၏ “မင်းတုန်းမင်း” စာအုပ် မျက်နှာဖုံး။ ဓာတ်ပုံ မျှဝေသူ – Doney MP)

နိုင်ငံခြားကထုတ်တဲ့ မဂ္ဂဇင်းတွေ၊ စာစောင်တွေကိုလည်း သူဖတ်ပါတယ်။ “Soviet Literature” တို့ ၊ ”Chinese Literature” တို့ ကိုအမြဲပဲ ဖတ်ပါတယ်။ အဲဒီ မဂ္ဂဇင်းတွေထဲမှာ ပါတဲ့ “Wood Cut” သစ်ထွင်းပန်းချီ တွေကို သူစိတ်ဝင်စားပါတယ်။ လိုက်လံပြီး ကြိုးစားပမ်းစား ဆွဲပါတယ်။ စာရွက်ပေါ်မှာ ဆွဲရတာမဟုတ်ဘဲ သစ်သားပျဉ်ချပ်ပေါ်မှာ ဆွဲပြီး ပုံကိုဓားနဲ့ ထွင်း ယူရပါတယ်။ နောက်မှ ပုံနှိပ်မင်သုတ်ပြီး စာရွက်ပေါ်မှာ နှိပ်ယူကူးရပါတယ်။ ပုံတပုံရဖို့ အတွက် ခက်ခက်ခဲခဲနဲ့ လုပ်ယူရပါတယ်။ ဘလောက်တုံး လုပ်သလို သဘောမျိုး ဖြစ်ပါတယ်။ ဒီလို ခက်ခဲတဲ့ အလုပ်ကို အပင်ပန်းခံပြီး ရအောင် သူလုပ်ပါတယ်။ ကျွန်တော့်ပုံကို သစ်ထွင်းပန်းချီနဲ့ အမှတ်တရ သူလုပ်ပေးခဲ့ဖူးပါတယ်။

(ပုံ ၃ – ခင်ဝမ်း ရေးဆွဲခဲ့သည့် ဆောင်းပါးရှင် မောင်ညီညွတ် ၏ ပုံတူ သစ်ထွင်း ပန်းချီ။ ဓာတ်ပုံ မျှဝေသူ – Doney MP)

သူငယ်ချင်းတယောက် ဒဿနိကဗေဒ မဂ္ဂဇင်း အတွက် သရုပ်ဖော်ပုံတွေ သူ့ ကို အပ်တော့ ကိုအောင်ရင် လက်ဖက်ရည် ဆိုင်မှာပဲ ဘာမှ ခက်ခဲမှု မရှိပါဘဲ စားပွဲခုံပေါ်က ဆေးလိပ်ပြာတွေ၊ ဖိတ်ကျနေတဲ့ လက်ဖက်ရည်တွေနဲ့  ပုံကိုရအောင် ချက်ချင်းပဲ ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဖြစ်တဲ့ နည်းနဲ့ပဲ သူ လုပ်ပေး နိုင်ခဲ့ပါတယ်။ သူ့ရဲ့ ဇဝန ဉာဏ်ကို အံ့မခန်းတွေ့ ခဲ့ရပါတယ်။ ကျွန်တော်တို့ မေဂျာက နံရံကပ်စာစောင် လုပ်တော့ သူက ပန်းချီတာဝန်ခံ ဖြစ်ပါတယ်။ ကာတွန်းတွေကိုလည်း သူဆွဲခဲ့ပါသေးတယ်။ သူ့ ကာတွန်း လက်ရာတွေက ထူးခြားကောင်းမွန်ပါတယ်။ ဟာသ ဉာဏ်ထူးကဲပြီး လှောင်တတ် ပြောင်တတ်သူ ဖြစ်လို့ သူ့ရဲ့ ကာတွန်း ပုံတွေ ကောင်းပါတယ်။ ကျွန်တော်တို့ က သူ့ ကို ကာတွန်းဆရာ လုပ်ဖို့ တိုက်တွန်း ခဲ့ကြပါသေးတယ်။ ဒါပေမယ့် သူကမလုပ်ပါ ဘယ်လိုကြောင့်မှန်းမသိပါ။

သူငယ်ချင်းတွေထဲမှာ ကျွန်တော့်ကို သူတော်တော်ခင်ပါတယ်။ တခါတော့ သူ့ အခန်းထဲမှာ ကျွန်တော့်ကို အိမ်မပြန်ဘဲ အိပ်ဖို့ ပြောပါတယ်။ ကျွန်တော်က မအိပ်ရဲဘဲ ငြင်းတော့ သူက ဘားမှ ကြောက်စရာမလိုပါဘူးကွ လို့ သူ့ရဲ့ ထုံးစံအတိုင်းပဲ ပြောပါတယ်။ အဲဒီညက အင်းလျားဆောင်ရှေ့မှာ ကျွန်တော်တို့ သီချင်းသွားဆို ကြပါတယ်။ တက္ကသိုလ် အဆောင်ကနေ ကျောင်းသား တယောက်ရဲ့ အတွေ့ အကြုံကို ထူးထူးခြားခြားပဲ သူ့ကြာင့် ကျွန်တော် ရရှိခဲ့ပါတယ်။ တက္ကသိုလ်ဘုန်းနိုင် ရေးခဲ့သလို လူဖြစ်ကျိုးနပ်တဲ့ ဘဝကို ကြုံခဲ့ရပါတယ်။

မနက်ဖက် ကျောင်းမတက်ခင်မှာလည်း သူ့အခန်းကို ကျွန်တော်ဝင်နှိုးမှ သူအိပ်ယာထပါတယ်။ တခါတလေ အဆောင်ထမင်းကို သူမစားဘဲ ကျွန်တော့်ကို သွားစားခိုင်း ပါသေးတယ်။ ကျွန်တော့်မှာ အဆောင်နေ ကျောင်းသား တယောက်ရဲ့ အတွေ့ အကြုံတွေ သူနဲ့ ပေါင်းလို့ တော်တော်ပဲ ရခဲ့ပါတယ်။

“စိတ္တဇပန်းချီ” စာအုပ် ရေးနေချိန်မှာတော့ ခင်ဝမ်းဟာ စားလည်းဒီစိတ်၊ အိပ်လည်းဒီစိတ် ပါပဲ။ ဘာကိုမှ စိတ်မဝင်စားတော့ပါ။ သူရေးပြီးသမျှတွေကိုလည်း သူငယ်ချင်းတွေကို စိတ်ဝင်စားအောင် မမောမပန်း ပြောပြပါတယ်။

“စိတ္တဇပန်းချီ” ကို ရေးနေတုန်းမှာပဲ ကျွန်တော့် ကဗျာစာအုပ်ကို သူထုတ်ပေးမယ်ဆိုပြီး ကျွန်တော့်ကဗျာတွေ စုခိုင်းပါတယ်။ သူ့ရဲ့ “စိတ္တဇပန်းချီ” စာအုပ်အဖွင့် မှာလည်း ကဗျာတပုဒ် ထည့်မယ်ဆိုပြီး ကျွန်တော့်ကို ရေးခိုင်းပါတယ်။ သူ့ စာအုပ် အဖွင့်မှာ ကဗျာထည့်ဖို့ သူ့ရဲ့ စိတ်ကူးဟာ တော်တော်ကောင်းပြီး ဆန်းသစ်ပါတယ်။

ခင်ဝမ်းဟာ ကဗျာတွေကိုလည်း တော်တော် ဖတ်ပါတယ်။ စွဲမက်ပြီး တန်ဖိုးထားတတ်သူ ဖြစ်ပါတယ်။ အင်္ဂလိပ် ဘာသာပြန် “အိုမာခယမ် ရဲ့ ရုဘိယတ် (Rubaiyat of Omar Khayyam)” ထဲပါတဲ့ ကဗျာတချို့ကို အလွတ်တောင် ရပါတယ်။

၁၉၇၁ ခုနှစ် နှစ်ဦးမှာ ကျွန်တော့်ရဲ့ “ဝိရောဓိအရုဏ်” နဲ့ သူ့ ရဲ့ “စိတ္တဇပန်းချီ” တို့ ပြိုင်တူလိုပဲ ထွက်ခဲ့ပါတယ်။ ကျွန်တော့် ဘဝမှာ ပထမဆုံး ထုတ်ဝေသူ ဖြစ်ခဲ့တဲ့ ခင်ဝမ်းကို ကျွန်တော် တသက်လုံး မမေ့နိုင်ပါ။ နှစ်ယောက်စလုံး စိတ်တူ ကိုယ်တူ၊ တက်တက်ကြွကြွနဲ့ နေခဲ့တဲ့ တက္ကသိုလ် ကျောင်းသားဘဝ ကိုလည်း မမေ့နိုင်ပါ။ သူ့ရဲ့ “စိတ္တဇပန်းချီ” စာအုပ် အောင်မြင်ခဲ့ပါတယ်။

နိုင်ငံခြားက ထုတ်တဲ့ ကမ္ဘာ့ပန်းချီ စာအုပ်တွေကို အကုန်လုံးလိုလို ဝါးစားပစ်သလို ခင်ဝမ်းဖတ်ခဲ့ပါတယ်။ ပန်းချီပညာကို ဆရာမရှိဘဲ “Self-Taught” နဲ့ တဖက်ကမ်းခတ် တတ်မြောက်ခဲ့တာ ကျွန်တော့်မျက်မြင်ပဲ ဖြစ်ပါတယ်။

[ ပြန်လည်မျှဝေသူ “ငြိမ်းချမ်းအေး” ၏ မှတ်ချက် – ခင်ဝမ်းသည် “စိတ္တဇပန်းချီ” စာအုပ် ရေးအပြီး သူစတင် ပန်းချီဆွဲချိန်မှာ သူ ဝါးစားသလို ဖတ်ခဲ့သည့် ကမ္ဘာ့ပန်းချီ စာအုပ်တွေက သူ့ဖန်တီးမှုအပေါ် လွှမ်းမိုးမလာစေဖို့ရာအတွက် သူပိုင် ကမ္ဘာ့ပန်းချီ စာအုပ် အကုန် ရောင်းထုတ်ပစ်ခဲ့သည် ဟူ၍ မှတ်သားဖူးပါသည်။ ]

၁၉၇၂ ခု မှာ“မျက်နှာစိမ်း”အမည်နဲ့ တကိုယ်တော် ပန်းချီ ပြပွဲ လုပ်ခဲ့ပါတယ်။ ၁၉၇၃ ခု မှာ “မြားဘုရင်” တကိုယ်တော် ပန်းချီ ပြပွဲလုပ်ခဲ့ပါတယ်။ အဲဒီပွဲမှာ “Not for Sale” လို့ စာကပ်ထားတဲ့ သူ့ဇနီး ခင်လေးမြင့် ရဲ့ ပုံတူဟာ ခင်ဝမ်းရဲ့ အကောင်းဆုံး “Fine Art” တခုပါပဲ။ သူဂျပန်ကို သွားလိုက်ပါသေးတယ်။ သိပ်မကြာဘဲ ပြန်ရောက်လာပါတယ်။

အဲဒီနောက်မှာတော့ သူသီချင်းဆိုပါတယ်။ စာတွေတော်တော် ဖတ်ထားလို့ ကိုယ်တိုင်ပဲ သီချင်းတွေရေးနိုင်ခဲ့ပါတယ်။ တော်တော်လည်း အောင်မြင်ခဲ့ပါတယ်။ လူငယ်တွေကြိုက်ကြပါတယ်။ အောင်မြင်ခဲ့တဲ့ သူ့သီချင်းတွေ အများကြီးကျန်ခဲ့ပါတယ်။ သူ့ရဲ့ “ဆယ်လ်မွန် ငါးတို့ အပြန်” ကို မြန်မာပြည်က “Rock” အဆိုတော်ကြီး ဇော်ဝင်းထွဋ် ကိုယ်တိုင် နှုတ်က ဖွင့်ဟပြီး ချီးကျူးခဲ့တာ ရန်ကုန်FM ထဲမှာ ကြားခဲ့ပါတယ်။

ကမ္ဘာ့စာပေကိုလည်း ခင်ဝမ်းနှံ့ စပ်ခဲ့ပါတယ်။ မြန်မာပြည်မှာ ဘယ်သူမှ မသိကြသေးခင် ကမ္ဘာ့စာပေလောကမှာ “Existentialism” ဝါဒနဲ့ ကျော်ကြားနေတဲ့ ပြင်သစ်စာရေးဆရာ ကမူးရဲ့ “Exile and Kingdom” ဝတ္ထုတိုပေါင်းချုပ် စာအုပ်ထဲပါခဲ့တဲ့ “The Guest” ကို ၁၉၇၁ ခုနှစ်က မိုးဝေ မဂ္ဂဇင်းမှာ ခင်ဝမ်း ဘာသာပြန်ဆိုခဲ့ပါတယ်။ သူ့ရဲ့မင်ခြစ်လက်ရာနဲ့ သရုပ်ဖော် ပုံကိုလည်း ရေးဆွဲခဲ့ပါတယ်။ ကမူးရဲ့ ဝတ္ထုကို မြန်မာစာပေလောကမှာ ဦးဆုံးဘာသာ ပြန်ဖြစ်ပါတယ်။

ပန်းချီပညာဘက်မှာ မျိုး စုံတတ်ကျွမ်းခဲ့သူဖြစ်ပါတယ်။ သစ်ထွင်းပန်းချီကို သူဆွဲပြနိုင်ခဲ့တာကိုလည်း ဖော်ပြလိုက်ပါတယ်။ ပန်းချီစွယ်စုံတော်ခဲ့တဲ့ သူငယ်ချင်းခင်ဝမ်း သူ့ရဲ့ သီချင်းတွေ ဘယ်လောက်ပဲ လူကြိုက်များများ ကျွန်တော်ကတော့သူ့ကို အဆိုတော် တယောက်လို့ မသတ်မှတ်ချင်ပါ။ သူ့ကို ထူးကဲရှားပါးတဲ့ မြန်မာပန်းချီကျော် တယောက်အဖြစ်နဲ့ပဲ သတ်မှတ်ထားချင်ပါတယ်။

လူဖြစ်ကျိုးနပ်ခဲ့တဲ့ ငယ်ငယ်ရွယ်ရွယ် တက္ကသိုလ်ကျောင်းသားဘဝမှာ ညီအစ်ကိုအရင်းလို အတူတူလက်တွဲပြီး ခင်မင်၊ ပျော်ပါးခဲ့ရတဲ့ သူငယ်ချင်း ခင်ဝမ်းကို ကွယ်လွန်ခဲ့တာဘယ်လောက်ပဲကြာကြာ ကျွန်တော် တသက် မမေ့နိုင်ပါ။ တဖြည်းဖြည်း နှစ် (၁၀၀) ပြည့်ဖို့ နီးလာတဲ့ “အမိတက္ကသိုလ်” ကြီးကို သတိရသလို “ခင်ဝမ်း” ကိုလည်းမမေ့နိုင်ပါ။

မောင်ညီညွတ်

၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီ လ၊  ၃ ရက်နေ့ တွင် (၁၃) နှစ် ပြည့်မည့် ခင်ဝမ်းကွယ်လွန်ခြင်း နှစ်ပတ်လည် အတွက် ယခု ဆောင်းပါးအား မိုးမခ စာဖတ်သူများ ဖတ်ရှုနိုင်ရန် ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

ဤ ဆောင်းပါးကို “Doney MP” က Facebook – Khin One Fan Club တွင် မူရင်း မျှဝေသည်။ ဤ ဆောင်းပါး နှင့် ခင်ဝမ်း ရေးဆွဲခဲ့သည့် တိုက်စိုး “မင်းတုန်းမင်း” စာအုပ်အဖုံးပန်းချီ၊ မောင်ညီညွတ် ပုံတူ သစ်ထွင်း ပန်းချီ နှင့် ခင်ဝမ်း၊ မောင်ညီညွတ်၊ ပြေငြိမ်း သူငယ်ချင်း သုံးယောက် ဓာတ်ပုံ များကို  မျှဝေပေးခဲ့သည့် “Doney MP” ကို အထူး ကျေးဇူးတင်ပါသည်။

ကဗျာဆရာ/တေးရေးဆရာ သိဒ္ဓတ္ထလှိုင် (သုခမိန်လှိုင်) နှင့် ဦးမျိုးမြတ်သူ တို့ “မန္တလေး FM” ၏ “ကျွန်တော်တို့ နေ့များအကြောင်း” ဆွေးနွေးခန်းတွင် “ခင်ဝမ်း” အကြောင်း ပြောပြချက်များကိုလည်း အောက်ပါ အင်တာနက်စာမျက်နှာများ တွင် နားဆင်နိုင်ပါသည။

https://soundcloud.com/moetharr/vkb9txuniqik (ခင်ဝမ်း – ပ)

https://soundcloud.com/moetharr/lulqa3jmnrgq (ခင်ဝမ်း – ဒု)

ခင်ဝမ်း ၏ ပန်းချီ၊ စာပေ၊ ဂီတ ပရိတ်သတ်များ၊ ခေတ်ပြိုင် အနုပညာရှင် များ နှင့် ရင်ဘတ်ချင်းတူ မိတ်ဆွေများ အားလုံးကို ခင်ဝမ်း နှင့် ပတ်သက်သမျှ အမှတ်တရ များ လာရောက်၊ ဆွေးနွေး၊ ဝေမျှ၊ လွမ်းဆွတ် ရန် ခင်ဝမ်းချစ်သူများ ဖေ့စ်ဘုတ်စာမျက်နှာ “Khin One Fan Club” မှ ဖိတ်ခေါ်ပါသည်။

https://www.facebook.com/groups/KhinOneFanClub/

ငြိမ်းချမ်းအေး

၁၄ ၊ ဇန္နဝါရီလ ၊ ၂၀၁၃


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

2 thoughts on “တက္ကသိုလ်သူငယ်ချင်း ခင်ဝမ်း ၊ ရေးသူ – မောင်ညီညွတ်
  1. ကာမျူးရဲ့စာအုပ်ကိုဘာသာပြန်တာသူမဟုတ်ဘူးလို့ထင်ပါတယ်။၁၉၆၀ကျော်ခုနှစ်လောက်ကetranger(stranger)၀ထ္တုကိုတစိမ်းဆန်ဆန်ဆိုတဲ့အမည်နဲ့ အောင်မျိုး(ပြင်သစ်စကားပြန်ါဟောင်း)ဆိုပြီးပြန်ဆိုဘူးပါတယ်။ဘာသာပြန်သူဟာဦးအောင်ကို(Beyond Rangoon)ဖြစ်ပြီးပြင်သစ်မှာခုနေထိုင်ပါတယ်။ဆရာလုပ်တာမဟုတ်ရပါ။သိတာလေးပြောတာဖြစ်ပါတယ်။

    1. ဆောင်းပါး မှာလည်း “stranger” ကို ခင်ဝမ်း ဘာသာပြန်တယ်လို့ ရေးမထားပါ။ “The Guest” ဘာသာပြန် အကြောင်းသာ ရေးထားပါတယ်။ ခင်ဝမ်းဟာ စံကြည်ကျော့ ကလောင် အမည် နဲ့ တခြား ဘာသာပြန် ဝတ္ထု များလည်း ရေးဖူးခဲ့ပါတယ်။

Comments are closed.