မှတ်စုမှတ်တမ်း အုန်းနိုင်

အုန်းနိုင် – “ခေါင်းဆောင်ဘယ်သူလဲ”

A picture provided by Myanmar News Agency shows Myanmar detained democracy leader Daw Aung San Suu Kyi (L) meet with her party’s senior leader Aung Shwe in Yangon, 09 November 2007.

 

အုန်းနိုင် – “ခေါင်းဆောင်ဘယ်သူလဲ” 

 ၁၉၉၁ခုနှစ် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ ဒေါ်အောင်ဆန်းစုကြည်ကို ထုတ်ပယ်ခြင်း (၁၇)

(မိုးမခ) စက်တင်ဘာ ၃၊ ၂၀၁၅

ဒါနဲ့ ထမင်းစားကြပြီး တိုင်းငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးရုံး(တ၀တ)ကို သွားကြတယ်…။ တ၀တ ရုံးမှာ တစ်တိုင်းလုံး က ကိုယ်စားလှယ်အစုံ လာပါတယ်..။ တိုင်းစည်းရုံးရေးအဖွဲ့ တွေဖြစ်တဲ့ ဦးမြလေး..၊ ဦးညွန့်ဝေ၊ ဦးမောင်အေး၊ ဦးပိုက်ခြုံ တို့နဲ့အတူ သူတို့နဲ့နီးစပ်တဲ့ ဘာအဖွဲ့ဝင်မှန်း မသိတဲ့ ဦးစံဝင်း..၊ ဦးသောင်းစိန်၊ ဦးအေးမြင့် ၊ ဦးအောင်မြင့်တို့က တအုပ်စုလို နေပါတယ်..။ ကျနော်တို့ကိုတော့ စကားပြောနှုတ်ဆက်တောင် သိပ်မလုပ်ပါ..။ ပဲခူးတိုင်းရဲ့  တဦးတည်းသော အမျိုးသမီးကိုယ်စားလှယ် ဒေါ်လှလှမိုးကလည်း ကျနော်တို့ အစုဘက်မှာ လာထိုင်ပါတယ်..။ တ၀တရဲ့  အခန်းထဲမှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို ထုတ်ပယ်တဲ့ ကိစ္စကို ထပ်မပြောကြတော့ပါ..။ ဒါပေမဲ့ အုပ်စုတစုစီ ကွဲနေတဲ့ ပုံတော့ ပေါ်နေပါတယ်..။ ကျနော်တို့ကလည်း တိုင်းစည်းရုံးရေးအဖွဲ့ အုပ်စုကိုရော သူတို့နဲ့တွဲတဲ့ အုပ်စုကိုရော ဒေါ်အောင်ဆန်းစုကြည်ကို ထုတ်တဲ့အစုလို့ သဘောထားပြီး လှည့်တောင်မကြည့်ပါ..။

တ၀တအတွင်းရေးမှူးဆိုတဲ့ ဗိုလ်မှူးတယောက် ၀င်လာပြီး စာရွက်တွေဝေပါတယ်..။ အဲဒီစာရွက်တွေမှာ အချက်အလက်တွေဖြည့့် ခိုင်းပါတယ်..။ အခု ဖြေတဲ့အဖြေကိုပဲ အတည်ယူမယ်..။ အရင်မြို့ နယ်မှာ ဖြေခဲ့တာတွေ ရှိပေမဲ့ အခုဖြေတာကသာ နောက်ဆုံးအတည်ပြုချက် လို့ ပြောပါတယ်..။

ဒီတော့မှ ပေးထားတဲ့စာရွက်တွေကို ဖတ်ကြည့်တော့

၁။ အမည်

၂ ။မြို့ နယ်

၃။ ဂန္ဒီအစည်းအဝေးတက်ခဲ့လား။

၎။ ဂန္ဒီအစည်းအဝေးရက်စွဲ..။

၅။ တောင်းဆိုချက်

၆။ ဗိုလ်အောင်ကျော်လမ်း တောင်းဆိုချက်က ဘာလဲ..။

၇ ။ကြေညာချက်အမှတ် (၁/၉၀)ကို လက်မှတ်ထိုးခဲ့သည့် ရက်စွဲ။

၈။ ခေါင်းဆောင်ဘယ်သူလဲ။

၉။ ယခင်ပါတီနှင့် တာဝန်

၁၀။ ဘာကြောင့်ထွက်ခဲ့သလဲ

၁၁။ နိုင်ငံရေးပင်စင် ခံစားနေသလား

၁၂။ မြို့ ပြပင်စင် ခံစားနေသလား..။

၁၃။ မည်သည့်ဝါဒ သဘောတရားယုံကြည်သလဲ..။

၁၄။ ဒီမိုကရေစီဟာ ၀ါဒလားကျင့်စဉ်လား.. ဆိုတာတွေ ဖြေရပါတယ်..။

အခြားအချက်တွေထက် အဓိကထားတဲ့အချက်ကတော့ အမှတ်(၈)ခေါင်းဆောင်ဘယ်သူလဲ ဆိုတာ ဖြစ်မယ်ထင်ပါတယ်..။ ဒီခေါင်းဆောင်နေရာမှာ အင်းမဦးအေး အနားက ရင်းနှီးတဲ့ကိုယ်စားလှယ်တဦးက “ဦးအောင်ရွှေ” လို့ရေးထားလို့ အင်းမဦးအေးက ကျနော့်ကို ပြောပါတယ်.။ “ဆရာကြီးရေ..ဒီမှာ ကြည့်ပြောပါဦး” တဲ့။ ကျနော် ပြန်ပြောလိုက်ပါတယ်..။ “ဒါ.. သူ့ယုံကြည်ချက်နဲ့သူပဲဗျာ..။ ဒါမျိုးတော့ ကျနော်ဘာမျှ ၀င်မစွက်ချင်ဘူး.။ အခုပဲ.. ၀ါဒသဘောတရား ဆိုတဲ့နေရာမှာ လစ်ဘရယ် (Liberalism) လို့ .ကျနော်ရေးထားတယ်ဗျာ” ။

တ၀တကနေ တိုင်းအတွင်းက ကိုယ်စားလှယ်တွေ အားလုံးကို ဆင့်ခေါ်ထားတဲ့ ကိစ္စက ဒါပါပဲတဲ့..ဗျား။ အလုပ်မရှိကြောင်မရေချိုး ဆိုတဲ့ ဗိုလ်ခင်ညွန့်ရဲ့  ထောက်လှမ်းရေးနဲ့ ခြောက်လှန့်ရေး မဟာစီမံချက်ကြီးပဲ ဖြစ်မယ်ထင်ပါတယ်..။

တ၀တကိစ္စပြီးတော့ ရန်ကုန်ကို ပြန်ပါတယ်..။ ရန်ကုန် ဇေယျဝတီလမ်းအိမ်မှာ ဆိပ်ဖြူဦးစိုးဝင်းက လာစောင့်နေပါတယ်..။ရွှေဘထမင်းဆိုင်မှာ ထမင်းကျွေးပြီး ပဲခူးမှာ ဘာတွေပြောသလဲ လို့ မေးတယ်..။ ကျနော်က မေးခွန်းပုံစံတွေ ဖြည့်ရကြောင်းပြောလို့ ရန်ကုန်မှာလည်း ဒီမေးခွန်းတွေ မေးပြီးပြီလို့ ပြောပါတယ်။

သူ့ဆီက ကြားရတဲ့ သတင်းတခုကတော့ အဓိကမေးခွန်းက ခေါင်းဆောင်ဘယ်သူလဲ ဆိုတာပဲ..။ ဒါလောက်နဲ့ မနေသေးဘူး..။ အဖွဲ့ ချုပ်ရုံးတွေမှာ ဒေါ်စုဓါတ်ပုံ မချိတ်ရဆိုတဲ့အထိ လာဦးမယ်..။ အဖွဲ့ ချုပ် ဗဟိုကလည်း ဒီဟာကို အလျှော့ပေးပြီး အောက်ကို ဆက်ညွှန်ကြားဦးမှာဘဲ လို့ ပြောပါတယ်..။ ကြားရကြားရ နားဝမချမ်းသာဆိုသလို ဖြစ်နေပြီ..။

စိတ်မကောင်းစွာနဲ့ပဲ ရန်ကုန်က ပြန်ခဲ့ပါတယ်..။ဒေါ်အောင်ဆန်းစုကြည်ကို ထုတ်ပယ်တဲ့ကိစ္စအတွက် လူတွေ့ပြီး တာဝန်ခံရှင်းလင်းမဲ့သူ မရှိပါ..။ ရွှေဂုံတိုင်ရုံးကို ရောက်ခဲ့ပေမယ့် ဗဟိုအလုပ်အမှုဆောင်က ဘယ်သူ့ကိုမှ မတွေ့ ခဲ့ရပါ..။ ကျနော်တို့ ပဲခူးတိုင်းက ဦးမြလေးတို့၊ ဦးညွန့်ဝေတိုလည်း ရှောင်ပဲနေလေသလား မသိ..။ မေးလို့မြန်းလို့တောင် မရပါ..။ ဦးစိုးဝင်း ရှာဖွေပေးထားတဲ့ စာရွက်စာတမ်းတချို့ နဲ့ ဦးစိုးဝင်း ပြောပြချက်တချို့ နဲ့ပဲ ပြန်ခဲ့ရပါတော့တယ်..။ ။

(အပိုင်း (၁၈) – မြို့ နယ်စည်းရုံးရေးကော်မတီရဲ့ ဆုံးဖြတ်ချက် (သို့) ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီ..ကို ဆက်ပါမယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts