ဗိုလ်ထက်မင်း သတင်းဆောင်းပါး

ဗိုလ်ထက်မင်း – မိုးမခ ဒီမိုကရေစီက နုနု၊ မုန်တိုင်းက ထန်ထန် – အပိုင်း (၃)

 

ဗိုလ်ထက်မင်း – မိုးမခ ဒီမိုကရေစီက နုနု၊ မုန်တိုင်းက ထန်ထန် – အပိုင်း (၃)

(မိုးမခ) သြဂုတ် ၂၈၊ ၂၀၁၅

 ၁၉။ အခြေခံဥပဒေသဘောအရ သမ္မတကို power နဲနဲ ပိုပေးထားပြီး တပ်ချုပ်နဲ့လွှတ်တော်ဥက္ကဌကို မျှပေးထားကာ တဖန် သမ္မတ ပါဝါကုန်လုပ်လို့ မရအောင် တပ်ချုပ်က(ကာ/လုံ)နဲ့အပေါ်က ချုပ်ထားပါ တယ်။ ထိပ်သီးတွေရဲ့ လုပ်ပိုင်ခွင့်အာဏာကို တဖက်ဇောင်းနင်းမဖြစ်အောင်စီမံတာဟာ ဒီမိုကရေစီအသွင် ဆောင်ပေမဲ့ တဖက်ကတွေးကြည့်ရင် ဦးသန်းရွှေက သူ့ထံ အန္တရယ်မကျအောင် စီမံထားသလို ဖြစ်နေပါ တယ်။ ဦးသိန်းစိန်အား အမျိုးသားညီလာခံဥက္ကဌတာဝန်ပေးခဲ့ရာမှာ ဦးသန်းရွှေက (တရားသူကြီးချုပ်/ရှေ့ နေချုပ်) ဦးအောင်တိုး၊ ဦးသာထွန်း ဥပဒေဆရာကြီးတွေ မသေခင် မင်းတို့မြန်မြန်လုပ်ကြဟုဆိုကာ ဥပဒေ အငြင်းပွားဖွယ်ရာများ ကို သူ့ထံ သိပ်တက်မလာခိုင်းတာကြောင့် ဦးသိန်းစိန်  ကြိတ်မှိတ်လုပ်ခဲ့ရပြီး နောက်ဆုံး အခြေခံဥပဒေကို အောင်မြင်အောင် ရေးဆွဲနိုင်ခဲ့ပါတယ်။

၂၀။ ဦးသိန်းစိန်ဟာ သမ္မတဖြစ်တာနဲ့ နိုင်ငံတကာခရီးစဉ်တွေမှာ ဆက်ဆံရေးအပိုင်းသတိထားပြီး ထိမ်း ချုပ်လုပ်သွားလို့ နားထောင်တဲ့သမ္မတလို့ အနောက်နိုင်ငံတွေက မှတ်ချက်ပြုတယ်။ ဦးသိန်းစိန်ဖြတ်သန်း ခဲ့တဲ့ စစ်သက်တမ်းတလျှောက် ဦးစီးအရာရှိလုပ်ရတဲ့ အချိန်ကာလများပြီး ဦးစီးအရာရှိ အကျင့်စရိုက် အတိုင်းချင့်ချိန်မှူ၊ အကိုးအကား အထောက်အထား ခိုင်မာအောင် ပြုလုပ်နေရတဲ့အတွက် အချိန်ကြန့်ကြာ နေကာ ဆုံးဖြတ်ချက် နှောင့်နှေးတတ်တာတွေ့ရပါတယ်။ ဖြစ်စဉ်တခုမှာ သူတိုင်းမှူးဘဝက ထိုင်းနှင့်နယ်စပ် စစ်ပွဲမှာ စစ်ကူ တုန့်နှေးနေလို့ သူ့အား ဒုဗိုလ်ချုပ်မှူးကြီးမောင်အေးက ပြစ်တင်ဆူခဲ့ပေမဲ့ ဦးသန်းရွှေခံနေလို့ ဘာမှမဖြစ်ဘဲ နေခဲ့ပါတယ်။

၂၁။ သမ္မတဖြစ်လာပြန်တော့လည်း တပ်မတော်နဲ့ KIA အပစ်ရပ်ခိုင်းတဲ့ကိစ္စ၊ မိတ္ထီလာအရေးအခင်း၊ သစ်ခိုးတရုတ်လူမျိုးတွေကို ၈ ရက်ထဲနဲ့ ပြန်လွှတ်တဲ့ကိစ္စ၊ အမျိုးသားပညာရေးဥပဒေကို ကြိုတင် ညှိနှိုင်း ဆောင်ရွက်ပေးလိုက်ရမဲ့အစား ကျောင်းသားများဆန္ဒပြလို့မှ လိုက်လျောပေးလိုက်ရတာမျိုးနဲ့ မြို့တော်ခန်းမ မှာ စွမ်းအားရှင်များနဲ့နှိမ်နှင်းတဲ့ကိစ္စ ၊ လက်ပံတန်းတောင် သံဃာတော်များ နဲ့ လက်ပံတန်းကျောင်းသားများ အကြမ်းဖက်ခံရတဲ့ကိစ္စ၊ စတာတွေမှာ ဆုံးဖြတ်ချက် မပြတ်သားမှူ၊ ပွင့်လင်းမြင်သာမှူမရှိတာကြောင့် ပုံရိပ်တွေ ကျဆင်းခဲ့ရပါတယ်။ ဒါပေမဲ့ ဧရာဝတီမြစ်ဆုံကိစ္စမှာ တရုတ်ရဲ့ဒေါသကို လစ်လျှူရှူကာ ရပ်ဆိုင်းခိုင်းလိုက်တါ ဟာ ဦးသိန်းစိန်ရဲ့ စဉ်းစားချင့်ချိန် မျှော်တွေးနိုင်တဲံ့ စွမ်းရည်ဖြစ်ပြီး ပြည်သူတွေက သဘောကျသွားပါတယ်။

၂၂။ ဦးရွှေမန်းဟာ စစ်သဘောအရပြောရရင် pick up မြန်မြန် commander type and fighter type ရင်ဖွင့်ပြီး နိုင်ငံရေးဝင်လာတယ်။ သူဟာ အခြေခံဥပဒေကိုပြင်ရမယ် ၊ပြုပြင်ပြောင်လဲရေးလုပ်ရမယ်၊ အခြေခံ ဥပဒေပြုပြင်ရေးကို အချိန်ကာလသတ်မှတ်ချက်ပါ (ရွေးကောက်ပွဲမတိုင်ခင် ၆လ အလိုအပြီးပြင်) ပေးပြီး ကြေညာလာတယ်။ သူ အမေရိကန်ရောက်စဉ် ဗုဒ္ဓဘာသာအဖွဲ့အစည်း ၉၆၉ကို လက်မခံဘူး၊ ဆူပူ လှူံဆော်သူများကိုအရေးယူမယ်လို့ ဆိုလာလို့ ပါတီကလူတွေနဲ့  မျိုးစောင့် ဗုဒ္ဓဘာသာဝင်များ မကျေနပ်တဲ့ အသံဗလံ ထွက်လာပါတယ်။ သူက ရုံးလုပ်ငန်းကြိုးနီစနစ်တွေ ဖြတ်ရမယ်လို့ကြေညာလာပါတယ်။ ဝန်ထမ်းတွေနဲ့  လွှတ်တော်အမတ်တွေကို လစာတိုးဖို့ အစိုးရက အင်တင်တင် ဖြစ်နေချိန်မှာ သူကဖိအားပေးလာပါတယ်။ ဦးရွှေမန်းဟာ လွှတ်တော်အတွင်း အတိုက်အခံ၊တိုင်းရင်းသားအမတ်တွေနဲ့ ပေါင်းသင်းဆက်ဆံကာ အပြန် အလှန်ဝေဖန် ဆွေးနွေးရင်းနဲ့ရင်းနှီးမှူ၊ ယုံကြည်မှူ တည်ဆောက်ကာ စစ်ဗိုလ်ပုံစံမှ နိုင်ငံရေးသမား အသွင် ပြောင်းလဲပြီး ခြေစုန်ပစ်ဝင်လာပါတယ်။

၂၃။ သူဟာ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအတွက် လွှတ်တော်က အစိုးရကို ၆ပွင့်ဆိုင်ကိစ္စ လက်ခံ ကျင်းပရေး ဖိအားပေးရာ ၄ပွင့်က ၂ပွင့်ကို ဖိအားပေးမဲ့ အရိပ်လက္ခဏာ မြင်ဟန်တူလို့ သမ္မတက ၄၈ ပွင့်နဲ့ အစားထိုး ရှောင်ထွက်သွားခဲ့တယ်။ သူက အခြေခံဥပဒေပြင်ဆင်ရေးကိုNLDထက် ဦးအောင် အရင်အဆို ပြုတင်ခြင်းဖြင့် အမှတ်စ ယူတတ်ပါတယ်။ ဦးရွှေမန်းဟာ ပြည်သူ့ဘက်ရပ်တည်တဲ့ ဖိလစ်ပိုင်ကဗိုလ်ချုပ်ကြီး ရာမိုစ့် စတိုင် ဒီမိုကရေစီသူရဲကောင်းဘွဲ့ကို ခံယူဖို့ တာစူလာပါတယ်။ သူက ပြည်သူလူထုအတွက် သူ့ အသက်ပါ အပ်နှင်းပြီးလုပ်ပါမယ်လို့ဆိုလာတယ်။ နောက်ပိုင်းဦးရွှေမန်းရဲ့ ဗျုဟာမြောက် သိုင်းပြောင်းပြန် ကစားကွက်တွေဟာ စာအုပ်ကြီးသမား ဦးသိန်းစိန်တို့အဖို့ ရင်တမမနဲ့မျက်လုံးပြူးစရာဖြစ်လာရတယ်။

၂၄။ ဦးသိန်းစိန်နဲ့ ဦးရွှေမန်း တပ်မတော်မှာ အတူ တာဝန်ထမ်းဆောင်ခဲ့စဉ်က ဦးရွှေမန်းက power line up-၃ ဗိုလ်ချုပ်ကြီးအဆင့်ဖြစ်ပြီး ဦးသိန်းစိန်ဟာ power line up-၅ ရှိရာ တပ်ရဲ့ဖွဲ့စည်းပုံအရ ကြည့်ပါ က ပိုဆိုးပြီး ညှိနှိုင်းကွပ်ကဲရေးမှူးနဲ့ စစ်ရေးချုပ် ရာထူးအကြား ကာချုပ်(ရေ/လေ) တို့ခံနေကာ အများကြီး ထိုင်ခုံကွာသွားပါတယ်။ ၂၀၀၃ခုနှစ်ကတည်းက ဗိုလ်ချုပ်ကြီး အပွင့်တင်ထားတဲံ့ ဦးရွှေမန်းတယောက် ခေတ် စကားအရပြောရင် တက်ကြွလှူပ်ရှားသူလို့ဆိုရမှာဖြစ်ပြီး ဦးသိန်းစိန်ကျတော့ ဝန်ကြီးချုပ်ဖြစ်ပြီး နောက်မှ -၃- ၂၀၀၈ခုနှစ်မှာ ဗိုလ်ချုပ်ကြီးအပွင့်တင်ခွင့်ရတယ်။ ဒါကြောင့် ဦးရွှေမန်းက မိမိကို အလေးပြုနေခဲ့တဲ့သူဟာ ယခုကျတော့ မိမိကပြန်ပြီး သတိဆွဲ ဆလံပေးရကတည်းကိုက ပုထုဇဉ်အတိုင်း မသိစိတ်က အားပြိုင်မှူ၊ ပွတ်တိုက်မှူ၊ ၄င်းမှသည် အားစမ်းမှူကတဆင့် ပြင်းထန်လာကာ မုန်တိုင်းဖြစ်လာရတာလို့ သုံးသပ်ပါတယ်။

၂၅။ ဦးသန်းရွှေအား သူတို့နှစ်ဦးစလုံးထဲက ပိုင်နိုင်မှူ ဘယ်သူက ပိုရှိသလဲ ယှဉ်လိုက်ရင် ဦးသိန်းစိန်က ပို ပိုင်တယ်လို့ဆိုရပါမယ်။ ဦးသိန်းစိန် ခလေးထိန်း ကိုယ်တိုင်လုပ်လို့ အိမ်တော်ကြီးက အမှတ် တွေရနေ ချိန်မှာတော့ ဦးရွှေမန်းကတော့ မိန်းမနဲ့ဘဲ လွှတ်ထားရပါတယ်။ ဒါဟာ သစ္စာရှိခြင်းတမျိုး ၊စိတ်ချရတယ်လို့ အိမ်တော်ကြီးက သတ်မှတ်ပါတယ်။ ဦးသိန်းစိန်ဟာ ၁၉၉၁ခုနှစ်ကတည်းက စစ်ရုံးကို ရောက်နေချိန်မှာ ဦးရွှေမန်းတယောက် ကျောပိုးအိတ်နဲ့ တောင်တက်နေရပါသေးတယ်။ ဦးသိန်းစိန်ကို တိုင်မှူးတွေကတောင် လေးလေးစားစား ဆက်ဆံနေရပါတယ်။ အမျိုးသားညီလာခံဟာ အခြေခံဥပဒေအတွက် အသက်ဖြစ်တာမို့ ခွါစစ်ဆင်ဖို့ ဦးသန်းရွှေက ဦးသိန်းစိန်ကို အားကိုးယုံကြည်မှူပိုရသလို နောက်ပိုင်း ဦးစိုးဝင်းနဲ့ ဦးခင်ညွှန့်တို့ မရှိချိန်မှာ ညှင်ညှင်သာသာနဲ့ပြောင်းဖို့ရာ ဦးသိန်းစိန်လက်ထဲမှာရှိနေပါတယ်။

၂၆။ ဒါကြောင့် အစိုးရသစ်ပြောင်းလိုက်ချိန်မှာ နောက်လူဆိုရင် ယခင်အစိုးရလက်ထက်က အမှိုက်ထုပ်၊ နောက်ကြောင်းပြန် လက်ညှိးထိုးမှာစိုးလို့ ဦးသိန်းစိန်ကိုဘဲ ထိန်းနိုင်အောင် သမ္မတ တင်ပေးလိုက်တာ ဖြစ် တယ်။ ဦးရွှေမန်းဆိုရင် မိသားစုအမျိုးများဖြစ်ကြတဲ့ သား (ကိုအောင်သက်မန်းနဲ့ ကိုတိုးနိုင်မန်း)၊ ဦးရွှေမန်းရဲ့ ညီ ဗိုက်ကြီး၊ တူ ကျော်ဆွေ ၊ဒေါ်ခင်လေးသက်ရဲ့ညီမများ ဒေါ်မာလာအေးနဲ့ ဒေါ်နှင်းမာအေးတို့ရဲ့ စီးပွါးရေး သောင်ကျန်းမှူ ဇာတ်လမ်းတွေကြောင့် သမ္မတဆိုရင် အတိုက်အခံတွေက ခေါင်းပေါ် ဘီးစိတ်တင်ပါက ပိုဆိုး သွားနိုင်ပြီး ဦးသိန်းစိန်မိသားစုဆိုရင် သတင်း အနံ့သိပ်မထွက်လို့ ဦးသန်းရွှေက ရှေ့ကို ကြိုတွက်ကာ ဦးသိန်းစိန်ကို ပေးလိုက်ဟန်တူပါတယ်။

၂ရ။ တကယ်တော့ ဦးသိန်းစိန်က ချိန်ဆလွန်းပြီး ဦးရွှေမန်းက ခြေမြန်လက်မြန် ရဲတင်းလွန်းနေကာ ဘောလုံးဝေါဟာရအရ လူကျွံဘောဖြစ်နေတာ တွေ့ရပါတယ်။ ဂိုးဝင်တာကောင်းသော်လည်း ဂိုး မရ လိုက်တဲ့ သဘောဖြစ်တယ်။ တကယ်တမ်း ဦးရွှေမန်းဟာ အခြေခံဥပဒေရဲ့အနက်အဓိပ္ပါယ်၊ အနှစ်သာရ ကို ကိုယ်တိုင်နားလည်ဖို့မကြိုးစားဘဲ ကော်မတီတွေကိုဘဲ အမှီပြုနေလို့ မကြာခဏအစိုးရနဲ့ အငြင်းအခုံဖြစ် ရသလို PR စနစ်ကို ကော်မတီဖွဲ့၊ အချိန်တွေ အများကြီးပေးပြီး မိမိသဘောနဲ့ဖြတ်ချလိုက်တာမျိုး၊ အခြေခံ ဥပဒေ ပြုပြင်ရေး မဲဆန္ဒပေးပွဲမှာ ခုံသမာဓိ စောင့်ကြည့်ရမဲ့အစား မိမိကိုယ်တိုင် မဲပေးသွားတဲ့အထိ အမှား တွေ ဆက်ကြုံ လာရတယ်။ ဦးရွှေမန်းဟာ ရုပ်ရှင်၊ ဇာတ်သဘင်အထာပြောရရင် ဗီလိန် မင်းသားကြီးဖြစ်ပြီး မိဘလူကြီးအခန်းသရုပ်ဆောင်ရသူဖြစ် (တိတ်တခိုးအမည်ဝှက်ပေးထားတာက ကောင်းကင်မေမေ၊ မာမီကြီး၊) တဲ့ ဦးသိန်းစိန်လိုင်းနဲ့  ခွဲထွက်ကာ စစ်တပ်စကားအရ ပြောရရင် ဦးရွှေမန်း ငပွကြီးလုပ်လာဟန်တူပါတယ်။ ဦးရွှေမန်းရဲ့မဟာဗျုဟာ ဟာ သားရွှေအိုးထမ်းတဲ့ အစီအစဉ်ဖြစ်ပြီး တချက်ခုတ် ၃ချက်ပြတ်သွားမှာဖြစ်တယ်။ သူရဲ့မိသားစုစီးပွါးရေး အပုတ်နံ့ကို ဖုံးပြီးသားဖြစ်သလို နိုင်ငံရေးပုံရိပ် ကောင်းသွားမှာဖြစ်ပြီး သူမျှော်လင့်နေ တဲ့ သမ္မတကိုလည်း ရယူနိုင်မှာဖြစ်လို့ ဒေါ်အောင်ဆန်းစုကြည်ကို ချဉ်းကပ်ဖို့ စစ်ဆင်ရေး plan ဆွဲလိုက် ဟန်တူပါတယ်။ နောက်အပိုင်းမှာတော့ ဦးရွှေမန်း စစ်ဆင်ရေး အကောင်အထည်ဖေါ်ပုံတွေနဲ့ စစ်ဖက် အရပ်ဖက်ဆက်ဆံရေး အရ တပ်မတော်အား ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောဆိုဆောင်ရွက်ချက်အပေါ် သုံးသပ် ချက်ကိုတင်ပြသွားပါ့မယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts