ကဗျာ ငြိမ်းချမ်းအေး

ငြိမ်းချမ်းအေး – အနီထဲက ကြယ်တာရာသို့

 ငြိမ်းချမ်းအေး – အနီထဲက ကြယ်တာရာသို့
(မိုးမခ) သြဂတ်စ် ၂၀၊ ၂၀၁၅ 

ဂိုဂင်နီရဲ့ ပြိုးပြက်မှုနဲ့အတူ
တဟီတီ အရောက်ခေါ်သွားခဲ့သူ
လင်းလက်ကြယ်စင် တာရာကြီး..
ပလီစိချောက်ချက် မိန့်ခွန်းများမြွက်ကြား
စင်မြင့် ပွဲတက်ခံ နိုင်ငံရေး တရားဟောသံစုံ ကင်းရာ
လုပ်ဇာတ်မြူး စိတ်ကူးဝတ္ထု အတုရုပ်ရှင် မရှိရာ
အေးငြိမ်းရာ ဘုံနိဗ္ဗာန်မှာ ရောက်ရှိနေမည်
ယုံကြည်ပါ၏။

တိုင်းပြည်မှာတော့
ကျောင်းသားအရေး၊
လယ်သမား မျက်ရည်၊
အလုပ်သမား သောက၊
ပြည်တွင်းစစ်မီး အပူ
ဟန့်သူမဲ့ အော့သူမဲ့
၂ နှစ်ကြာခဲ့ရပါပြီ။

တာရာကြယ်စင် ယုံကြည်မျှော်မှန်းခဲ့ရာ
‘အားပြည့်သူ ဝါထည်ထည်က
အားငယ်ကိုနိုင်ရာစားတယ်
ဖားမျိုသည့် မြွေပမာ’
တောရိုင်းဥပဒေသ ကင်းလွတ်ရာ
‘လောကအမွန်’ ကာ လှမ်းကာနေဆဲ..

‘ရန်သူမရှိ၊ မိတ်ဆွေသာရှိ’
ဆရာကြီးရဲ့
‘ဓား’ မှ ‘ထယ်သွား’ ပြောင်းမည့်
‘ကျည်ဆန်’ အစား ‘ဆေးဝါး’ ‘စာအုပ်’ ထုတ်မည့်
‘တပ်မဟာ’ အစား ‘ဆေးရုံများ’ ပြင်မည့်
‘အမြောက်’ အစား လယ်သမားအတွက်
‘လယ်ထွန်စက်များ’ ခုတ်မောင်းသွားမည့်
အိပ်မက်အလီလီလည်း
စစ်ဘီလူးများရဲ့
စစ်သွေး စစ်မာန် စစ်သြဇာ စစ်အာဏာ
ပြမှုအစုစုနဲ့
ဝေးကာနေဆဲ..

ရန်သူမရှိပေမဲ့
လူထု ရန်သူတွေနဲ့ ဘယ်တော့မှ ပေါင်းမစားခဲ့တဲ့
အနီထဲက ဖြောင့်မတ်မှန်ကန် မယိုင်မလဲ
တာရာကြယ်ဖြူ လမ်းစဉ်အတိုင်း
ဘဝသစ်သို့ သနစ်ပြောင်းဖို့
တော်လှန်ကြွေးကြော်
ဆက်လက်ချီတက်
တာရာ့ ဂုဏ်ကျေးဇူး အောက်မေ့ကြပါစို့..။

ငြိမ်းချမ်းအေး
သြဂုတ် ၁၉၊ ၂၀၁၅

(ဆရာကြီး ဒဂုန်တာရာ (၁၀ မေ၊ ၁၉၁၉ ဖွား – ၁၉ သြဂုတ်၊ ၂၀၁၃ ဆုံး) ကွယ်လွန်ခြင်း (၂) နှစ်ပြည့် အမှတ်တရ)

သရုပ်ဖော်ပန်းချီ- ပန်းချီ သန်းဌေးမောင်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts