ကဗျာ မင်းညွှန့်လှိုင်

မင်းညွှန့်လှိုင် – သား သို့

မင်းညွှန့်လှိုင် – သား သို့
(မိုးမခ) သြဂတ်စ် ၂၀၊ ၂၀၁၅

မေမေက
သားမျက်လုံးတွေကို
အနမ်းနဲ့ဖွင့်ပေးတဲ့အခါ
သစ်ရွက်ဝေဝေမနက်ခင်းရဲ့
ပြတင်းတံခါးဖွင့်သံ
တကျီကျီကိုကြားတဲ့အခါ
မင်္ဂလာမွေးနေ့ဖြစ်ပါစေ ။

ဖေဖေကတော့
အလွမ်းဆိုတဲ့
မမြင်ရတဲ့အနမ်းတွေနဲ့သာ
သားရဲ့မွေးနေ့မှာ
နှုတ်ခွန်းဆက်လိုက်ပါတယ်သားရေ ။

ဥပေက္ခာစိတ်နဲ့
တစ်ဝက်ပဲချစ်နိုင်တဲ့ခေတ်ကျပ်ထဲမှာ
ခန္ဓာကိုယ်ကြီးအစား
ချစ်မေတ္တာကိုသာ
မွေးနေ့လက်ဆောင်စေလွှတ်လိုက်ပါတယ် ။

ဒီကမ္ဘာပေါ်က
မဆုံတွေ့နိုင်တဲ့ချစ်သူများနည်းတူ
ဖေဖေတို့
မျှကူခံစားရမယ်လေ ။

ဖေဖေတို့ရဲ့
မအောင်မြင်တဲ့စွန့်စားခန်းများ
မအောင်မြင်တဲ့အနုပညာများအတွက်
သားတို့ထံ
တောင်ဖြိုအဖိုးအိုဒဿန
လက်ဆင့်ကမ်းခဲ့ပါရစေ ။

မှတစ်ပါးအခြားမရှိ
ယုံကြည်ရဲရင့်ရိုးသားခြင်းသာ
ကမ္ဘာတည်မယ့်အမွေ
ချန်ထားရစ်ခဲ့တော့မယ်ကွယ် ။

သားဆိုတာ အား
သားဆိုတာ ဓား
သားဆိုတာ မြား ။

သားမွေးနေ့တိုင်း
ဖေဖေ့ရင်မှာ
လှိုင်းသစ်ဘောင်ဘင် အားသစ်ဝင်ပေါ့ ။

ဖေဖေ့ရဲတိုက်မှာ
ဓားသစ်တစ်စင်းတိုးလာပေါ့ ။

ဖေဖေ့လေးညှို့မှာ
မြားသစ်တစ်စင်းတပ်ဆင်ပြီ ။

မေမေက
သားမျက်လုံးတွေကို
အနမ်းနဲ့ဖွင့်ပေးတဲ့အခါ
မင်္ဂလာမွေးနေ့ဖြစ်ပါစေ ။           ။

မင်းညွန့်လှိုင်

(ဒီကဗျာမရေးခင်မှာ ယက်ဗ်တူရှင်ကိုရဲ့  ‘မွေးနေ့’ကဗျာကို အရင်သတိရနေမိကြောင်း ဝန်ခံသမှုပြုပါတယ်။)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts