သူတို့အာဘော် မောင်မိုးသူ

မောင်မိုးသူ – ဘာတွေဖြစ်ကုန်ကြပြီလဲ နှင့် ဘကြီးမိုး

 

မောင်မိုးသူ – ဘာတွေဖြစ်ကုန်ကြပြီလဲ နှင့် ဘကြီးမိုး

(ကုမုဒြာဂျာနယ်မူရင်းဖော်ပြပြီး) မိုးမခ၊ သြဂုတ် ၁၉ ၊ ၂၀၁၅

ပြည်ပသတင်းဌာနတစ်ခုက ဘကြီးမိုးကို မေးပါတယ်။ ရွေးကောက်ပွဲ နှစ်လကျော်လောက်အလိုမှာ အာဏာရကြံ့ခိုင်ရေးပါတီခေါင်းဆောင် အပြောင်းအလဲတွေ ဘာကြောင့်ဖြစ်တာလဲ၊ အင်န်အယ်လ်ဒီပါတီမှာ  လွှတ်တော်ကိုယ်စားလှယ်ရွေးချယ်မှုနဲ့ပတ်သက်ပြီး မကျေမလည်တွေ ဘာကြောင့်ဖြစ်ရတာလဲဆိုတော့ ဘကြီး မိုးက ဖြေပါတယ်။ အင်န်အယ်လ်ဒီဆိုတာ ဒီမိုကရေစီပါတီလေ။ တည်ထောင်ထားတာမှ ၂၀၁၂ မှ ပြန်လည် တည်ထောင်ထားတာ။ အခု ၂၀၁၅ ရွေးကောက်ပွဲဆိုတော့ အောက်ခြေက တက်ချင်တဲ့သူ၊ ဗဟိုကချပေးတဲ့သူ၊ အယူအဆမတူ ကွဲပြားတာတွေရှိမှာပဲ။ ဘကြီးမိုးကိုလည်း ရှေးမူလလက်ဟောင်း အင်န်အယ်လ်ဒီဟောင်းကြီး ဖြစ်တော့ တိုင်ကြတောကြတာ ရှိပါတယ်။ ဘကြီးမိုးဖြေနိုင်တာက အရေးကြီးတာက အင်န်အယ်လ်ဒီနိုင်ဖို့ ဝိုင်း လုပ်ကြပေါ့။ အခုရှုံးတဲ့သူက နောက်တစ်ခါရွေးကောက်ပွဲမှာ နိုင်အောင်လုပ်ကြပေါ့။ သည်ကိစ္စက ဒီမိုကရေစီနဲ့ အာဏာရှင်တိုက်ပွဲပဲ။ ဒီမိုကရေစီနိုင်အောင် တိုက်ကြလို့ပဲ ပြောနိုင်တာပေါ့လေ။ 

 

နိုင်ငံခြားသတင်းဌာနက ရွေးကောက်ပွဲကြီး ဖင်နားကပ်မှ အာဏာရပါတီအကွဲအပြဲ၊ ခေါင်းဆောင်ပိုင်း အပြောင်းအလဲတွေ ဘာဖြစ်လို့ လုပ်ရတာလဲဆိုတဲ့ အမေးကိုတော့ ဘကြီးမိုးလည်း ဖြေရခပ်ခက်ခက်ပဲခင်ဗျ။ ၂၀၁၅ မှာ ဘကြီးမိုး နားကိုမလည်နိုင်တာတွေ အများကြီး အများကြီး ဖြစ်တယ်ခင်ဗျ။ ဒါကြောင့် ဒီဆောင်းပါး ခေါင်းစဉ်ကို ‘ ဘာတွေဖြစ်ကုန်ကြပြီလဲ နှင့် ဘကြီးမိုး’ လို့ ပေးလိုက်ရတာလေ။ 

 

ဟုတ်တယ်။ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဆိုတာ အရင်ကတည်းက ပါတီမဟုတ်ဘူးခင်ဗျ။ လူမှုရေးအဖွဲ့အစည်း ပဲဖြစ်ပါတယ်။ အဲဒါကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဦးဆောင်တဲ့ ဒုတိယစစ်အစိုးရက နာဂစ်အပြီး တစ်ဖက်စောင်း နင်းမကဘူး၊ အားလုံးစောင်းနေတဲ့ အခြေခံဥပဒေဆိုသဟာကြီးကို အတည်ပြုပြီး အဲသဟာကြီးနဲ့  ရွေးကောက် ပွဲလုပ်တော့မယ်ဆိုခါမှ ကြံ့ခိုင်ရေးဆိုတဲ့ လူမှုရေးအဖွဲ့ကို ပါတီဆိုတာ တည်ထောင်ပြီး သူတို့စစ်ခေါင်းဆောင် တွေ ဦးစီးပြီး စိတ်တိုင်းကျ ဖွဲ့စည်းခဲ့တာလေ။ အဲသလိုနဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ အခြေခံဥပဒေအရ ရွေးစရာ မလိုတဲ့ စစ်တပ်က ၂၅ ရာခိုင်နှုန်း၊ ကျန်တဲ့အများစုကို ကြံ့ခိုင်ရေးက အနိုင်ရပြီး ဒီမိုကရေစီယောင်ဆောင်  လွှတ်တောအစိုးရ ဖွဲ့စည်းခဲ့ပါတယ်။ အဲသည်မှာ သမ္မတက ဦးသိန်းစိန်ပေါ့ခင်ဗျ။ အဲ လွှတ်တော်ဥက္ကဌက တော့ ဗိုလ်ချုပ်ကြီးဟောင်းဖြစ်တဲ့ ဦရွှေမန်းပါတဲ့။ 

 

၂၀၁၀ မှာ တက်လာတဲ့ လွှတ်တော်အစိုးရမှာ ဝန်ကြီး၊ အစိုးရအဖွဲ့အစည်းထဲ ပါဝင်လုပ်ဆောင်ရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ နေရာလစ်လပ်သွားလို့ ၂၀၁၂ မှာ နေရာ ၄၀ ကျော် ကြားဖြတ်ရွေးကောက် ပွဲလုပ်ရာမှာ အင်န်အယ်လ်ဒီကို ပါတီတည်ထောင်ခွင့်ပေးပြီး အရွေးခံခိုင်းလေတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီက ကြားဖြတ်မှာ အနိုင်ရပြီး လွှတ်တော်ထဲရောက်လာပါတယ်။ လွှတ်တော်အစိုးရဟာ ၂၀၁၀ မှာအဖွင့် ပြည်သူအများရဲ့ အကြိုက်ဆုံးဖြစ်နိုင်တဲ့ မြစ်ဆုံစီမံကိန်းကို သူ့လက်ထက်ငါးနှစ်မှာ ရပ်ဆိုင်းထားမယ် ဆိုတဲ့ ပြည်သူတွေ သည်းခြေကြိုက်စကားလုံးကိုပြောပြီး ပြုပြင်ပြောင်းလဲရေးတွေလုပ်မယ်၊ ဒီမိုကရေစီလမ်း ကြောင်းသွားမယ်ဆိုတော့ ပြည်သူတွေကလည်း ဟုတ်နိုးနိုး၊ အခြေခံဥပဒေကြီးကို ပြင်မဟဲ့ဆိုပြီး လွှတ်တော်ထဲ ဝင်သွားတဲ့ အင်န်အယ်လ်ဒီကလည်း ဟုတ်နိုးနိုးပေါ့။ တကယ့် တကယ် အခြေခံဥပဒေပြင်ဆင်ဖို့ လွှတ်တော်မှာ တင်တော့  စစ်တပ်ကိုယ်စားလှယ်က ကန့်ကွက်ပယ်ချလို့ ပြင်မယ်ဆိုတာကြီး တစ်စခန်းရပ်ခဲ့ရပါတယ်။ 

 

သည်ကြားထဲမှာ စစ်အစိုးရကို နေရာတကာမှာ ထောက်ပြနေတဲ့ လွှတ်တော်နဲ့ အစိုးရ သဟဇာတမဖြစ် သလိုလို အသံတွေထွက်လာပါတယ်။ နောက်ဆုံးတော့ အများသိတော်မူကြတဲ့အတိုင်း အာဏာရပါတီကြီးဖြစ် တဲ့ ကြံ့ခိုင်ရေးပါတီက သူ့ရဲ့ခေါင်းဆောင်ဖြစ်တဲ့ ဦးရွှေမန်းကို ဖယ်ရှားပြီး ဦးဌေးဦးနဲ့ စစ်ခေါင်းဆောင်များပါတဲ့ ဗ ဟိုဦးစီးအဖွဲ့ကြီး ပြင်ဆင်ဖွဲ့စည်းလိုက်ကြတာပါပဲ။ ဒီမိုကရေစီဆိုတဲ့ ရွေးကောက်ပွဲလမ်းစဉ်ကို လိုက်ခဲ့မယ်၊ လိုက် လုပ်မယ်ဆိုတဲ့ ကြံ့ခိုင်ရေးပါတီဟာ သူတို့ရဲ့ခေါင်းဆောင်ပိုင်းအပြောင်းအလဲကို ညကြီးသန်းခေါင်မှာ ရဲအစောင့် အရှောက်များနဲ့ လုပ်လိုက်ကြတာဆိုတော့ ဘကြီးမိုးတို့တစ်တွေ ဘယ်လိုဖြစ်တာလဲဟ ဖြစ်ကုန်ကြတာပေါ့။

 

တစ်ခုတော့ရှိပါတယ်။ ဘကြီးမိုးတို့လို ရန်ကုန်နေလူထုကတော့ ‘ ညကျောင်း’ ဆိုတာကြီးကို သိဖူး ကြားဖူးကြပါတယ်။ အရေးကြီးတဲ့ အစည်းအဝေးတွေကို၊ အဆုံးအဖြတ်တွေကို စစ်ရုံကြီးထဲမှာ၊ ညကြီးသန်း ခေါင်မှာ လုပ်ကြလို့ ‘ ညကျောင်း’ လို့ နာမည်ကြီးခဲ့တာလေ။ အခုလည်း ဒီမိုကရေစီဆိုတဲ့ ကြံ့ခိုင်ရေးဟာ သူတို့ ရဲ့ ပါတီခေါင်းဆောင်မှု အပြောင်းအလဲကို မြင်သာထင်သာ ပါတီညီလာခံတွေလုပ်ပြီး အပြောင်းအလဲမလုပ်ဘဲ အစောင့်အရှောက်များနဲ့ ညကျောင်းမှာ ကျိတ်ဝိုင်းလုပ်ချလိုက်တော့ ဇာတ်ကနေကြတာလားလို့ ပြောရမလိုလို ဖြစ်နေပါတော့တယ်။ 

 

၂၀၁၅ ရွေးကောက်ပွဲကော်မရှင်မှာ အမည်စာရင်းတင်သွင်းထားကြတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်တွေ၊ လူမျိုးစုလွှတ်တော်ကိုယ်စားလှယ်တွေ၊ တိုင်းဒေသကြီးကိုယ်စားလှယ်လောင်း နေရာတွေမှာ အ နည်းဆုံး လေးငါးဦးကနေ အများဆုံး ၁၀ ဦးကျော်ရှိသတဲ့ခင်ဗျ။

 

ဟုတ်တာပေါ့လေ။ ပထမစစ်အစိုးရက မဆလလုပ်တယ်။ မဆလက တစညပါတီထောင်ခဲ့တာပဲ။ သည် တော့ တစညဆိုတာ ပါတီရန်ပုံငွေတွေလည်းရှိ၊ ပါတီလည်းရှိမဟုတ်လား။ ရွေးကောက်ပွဲဝင်ရမှာပေါ့။ အဲ တစညမှ နှစ်စဉ် ညဏ်သစ် လူသစ် မလောင်းနိုင်ခဲ့လို့ သက်ကြီးရွယ်အိုတွေပဲ ရှိတော့မှာပေါ့။ သူတို့မှာလည်း ၂၀၁၅ မှာ ဝင်ရောက်အရွေးပိုင်ခွင့် ရှိတာပေါ့။

နောက် လူမျိုးစုပါတီတွေ။ လူမျိုးစုပါတီတွေလည်း ပြည်နယ်အစိုးရဖွဲ့ဖို့ ကြံ့ခိုင်နဲ့ပေါင်းခဲ့ကြတဲ့သူတွေက တစ်ဖွဲ့၊ လက်နက်ကိုင်လူမျိုးစုတစ်ဖြစ်လဲ ပါတီက တစ်ဖက်ပေါ့။ ဥပမာပြောရရင် ရှမ်းမှာ ကျားဖြူနဲ့ ကျားခေါင်း  SNLD ဆိုပြီး နှစ်ဖွဲ့ရှိမှာပေါ့။ အဲသည်တော့ လူမျိုးစုတွေထဲမှာလည်း နှစ်ဖွဲ့ပေါ့။ ကြံ့ခိုင်ကလည်း အဲ အဲ အသစ်ဖွဲ့လိုက်တဲ့ ဦးဆောင်မှုကတစ်ဖွဲ့၊ လူဟောင်းတွေက တစ်ဖွဲ့၊ အဲ နောက်ပြီး သမ္မတရဲ့ အကြံပေးပုဂ္ဂိုလ် နေ ဇင်လတ်ကလည်း တစ်ဖွဲ့လေ။  

 

အင်န်အယ်လ်ဒီမှာလည်း ၂၀၁၀ မှာ အင်န်အယ်လ်ဒီက မဝင်တော့ ကိုခင်မောင်ဆွေရဲ့ NDF ကလည်း ရှိသေး။ တခြား တခြား နောက်ပေါက် ဒီမိုကရေစီပါတီတွေလည်းရှိသေး။ သူတို့ကလည်း ရွေးကောက်ပွဲမှာ သုံး နေရာမရွေးရင် ပါတီဖျက်ရမှာမို့ ရွေးကြရဦးမှာပဲ။ ထို့အတူ အင်န်အယ်လ်ဒီဗဟိုကမရွေးတဲ့သူ တချို့ကလည်း ပုဂ္ဂလိကက ရွေးကြမယ်တဲ့လေ။ သည်တော့ လွှတ်တော်ကိုယ်စားလှယ်တစ်နေရာ တစ်နေရာမှာ သုံးလေးဦး ကနေ ၁၀ ဦးကျော်အထိ ရှိကြတာပေါ့။ 

 

ရွေးကောက်ပွဲက နိုဝင်ဘာ ၈ ရက်မှာဆိုတော့ ရွေးကြပေါ့။ နိုင်ငံရေးအကဲခက်တစ်ဦးဖြစ်တဲ့ လယ်ရီ ရေဂင်ကတော့ အင်န်အယ်လ်ဒီဟာ တော်တော်များများ တောင်ပြိုကမ်းပြို နိုင်မယ်တဲ့။ ဒါပေမယ့် အစိုးရတော့ ဖွဲ့နိုင်မှာ မဟုတ်ဘူးတဲ့။ 

 

အရင် အင်န်အယ်လ်ဒီကိုလာမယ်ဆိုတဲ့ ခရိုနီတွေလည်း ပြေးလိုက်ကြတာ တန်းနေတာပဲ။

 

ဘာတွေဖြစ်ကုန်ကြတာလဲ ဟ။ 

 

ဗဟိုဘဏ်က ဒေါ်လာဈေးသက်မှတ်ချက် နည်းနည်းတိုးလိုက်ရင် အပြင်ဈေးကထိုးတက်၊ ဒေါ်လား ဈေးတက်လို့ဆိုပြီး ကုန်ဈေးနှုန်းကလည်းတက်ပေါ့။ အာဏာရကြံ့ခိုင်ခေါင်းဆောင်ပိုင်း အပြောင်းအလဲတွေဖြစ် တော့ ဒေါ်လာဈေးကတက်၊ ကုန်ဈေးနှုန်းကတက်ပြန်ရော။ သည်ကြားထဲ ရေကြီးရေလျှံ သဘာဝအန္တရာယ် ဆိုက်ခဲ့တဲ့ မြန်မာတစ်နိုင်ငံလုံးမှာ လမ်းပန်းအဆက်အသွယ်တွေ ပြတ်တောက်၊ နောက် ကုန်ဈေးနှုန်းက တက် ပြန်တော့ ဖြစ်သမျှအားလုံးရဲ့ဒဏ် ပြည်သူတွေခံကြပေါ့။

 

ဘာတွေဖြစ်ကုန်ကြတာလဲ။

 

တစ်လောက ကမ္ဘာမှာ ဒုတိယအကြီးမားဆုံး မူးယစ်ဆေးဝါးများကို ဇေကမ္ဘာဝင်းထဲ ကားတစ်စီးပေါ်မှာ ပိုင်ရှင်မဲ့တွေ့ရသတဲ့။ နောက်ဆက်တွဲ သာကေတမှာလည်း မူးယစ်ဆေးဝါးတွေ ပိုင်ရှင်မဲ့အဖြစ် တွေ့ရပြန်သ တဲ့။ သည်လောက် တန်ဖိုးကြီးမားတဲ့ မူးယစ်ဆေးဝါးတွေကို ဘယ်သူတွေကထုတ်လုပ်ပြီး ဘယ်ကိုဖြန့်ကြ၊ ဘာ့ ကြောင့် ပိုင်ရှင်မဲ့ဆိုပြီး ထား ထွက်ပြေးကြတာလဲ။

 

အကြောင်းရှာတော့ ဘကြီးမိုးတစ်ယောက် ခေါင်းမှာ ချာချာလည် ဖြစ်နေရပါပြီ။ ရွတ်နိုင်တဲ့ စကားတစ် ခွန်းပါ။ ကွယ်လွန်သူ ညီတော်မောင် မင်းလူရဲ့ စကားပါ။ 

 

ဘာတွေဖြစ်ကုန်ကြတာလဲဟ နှင့် ဘကြီးမိုးပါ။

 

 

ဘကြီးမိုး


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts