ရသဆောင်းပါးစုံ

ထင်အောင် – ၁၉၉၀ ရွေးကောက်ပွဲက အမှတ်တရအဖြစ်ကလေးများ

ထင်အောင် – ၁၉၉၀ ရွေးကောက်ပွဲက အမှတ်တရအဖြစ်ကလေးများ
(မိုးမခ) သြဂတ်စ် ၁၇၊ ၂၀၁၅

၁၉၈၈ ခုနှစ်က စစ်တပ်ကအာဏာသိမ်းတယ်လို့ ကြေငြာပြီးတဲ့နောက် အမိန့်တွေ ကြေငြာချက်တွေ အမျိုးမျိုးကို ထုတ်ပြန်ခဲ့ပါ တယ်။ ပြည်သူတွေရဲ့ ဆန္ဒဖြစ်တဲ့ ရွေးကောက်ပွဲကို ကျင်းပပေးပါမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ပထမအဆင့်အနေနဲ့ပါတီတွေကို ဖွဲ့စည်းခွင့်ပေးခဲ့ပါတယ်။ ကမ္ဘာမှာမကြားဘူးတဲ့ပါတီတွေ ရာကျော်အောင်ဖွဲ့ပါတော့တယ်။ ပါတီဖွဲ့စည်းခွင့်ရတာနဲ့ အဲဒီခေတ် က အင်မတန်ရှားပါးရခဲလှတဲ့ ကြိုးဖုန်းတလုံးတပ်ဆင် ခွင့်ရတယ်လို့ ကြားဘူးလိုက်ပါတယ်။ ဒါကြောင့် အဖေက ဥက္ကဌ၊ အမေက ဒုတိယဥက္ကဌ၊ သားကြီးက အထွေထွေအတွင်းရေးမှူးနဲ့ ဆွေမျိုးတွေမိတ်ဆွေတွေက ပါတီဝင်ဆိုပြီး ပါတီ ဖွဲ့ကြ ပါတော့တယ်။

တကယ်တန်း ရွေးကောက်ပွဲကျင်းပတော့ မဲဆန္ဒနယ်တခုမှာမှ ဝင်မရွေးနိုင်တဲ့ပါတီတွေ အများကြီးထွက်လာပါတယ်။ တ ကယ်တန်းပြိုင်ရမဲ့ပါတီနှစ်ခုကတော့ မြန်မာဆိုရှယ်လစ်ပါတီကို အမွေဆက်ခံထားတဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီရယ်၊ အသစ်ဆက်ဆက်ပါတီ အမျိုးဒီမိုကရေစီအဖွဲ့ချုပ်တို့ဖြစ်ပါတယ်။ ကျန်တဲ့တိုင်းရင်းသားပါတီတွေနဲ့ ပါတီငယ်တွေ၊ ပုဂ္ဂလိကဝင်ပြိုင်သူတွေက နိုင်မယ်ထင်တဲ့မဲဆန္ဒနယ်တွေမှာ ဝင်ပြိုင်ကြပါတယ်။ ရွေးကောက်ပွဲမစခင်မှာ မဲဆွယ်တရားပွဲ တွေကို အကန့်အသတ်တွေကြားထဲက လုပ်ရပါတယ်။ ရုပ်မြင်သံကြားနဲ့ မြန်မာအသံကလည်း ရေနွေးအိုးတဆူစာ ဟော ပြောခွင့်ကို ပေးခဲ့ပါတယ်။ ပါတီတွေက မဲဆွယ်ပွဲမှာပါတီရဲ့ ဆောင်ပုဒ်တွေကိုသုံးလာကြပါတယ်။ ဒီကြားထဲမှာ မြန်မာစီး ပွားရေးဘဏ်က ဆောင်ပုဒ်လေးကြောင့် အလုပ်ပြုတ်သွားရတဲ့သူတွေလည်းရှိခဲ့ပါတယ်။ ငွေစုဘဏ်ဆိုတော့ ငွေစုရအောင် “စုနိုင်မှ အေးရမည်” စုနိုင်မှသာ နောက်ရေး စိတ်အေးရမည်ဆိုတဲ့ဆောင်ပုဒ်တွေကို တပြည်လုံးက ဘဏ်တွေမှာကပ်ထား တော့ အပြစ်ဖြစ်သွားပါတော့တယ်။ အတိုက်အခံခေါင်းဆောင်ကိုလည်း တပြည်လုံးက “မမစု” လို့ခေါ်နေတာလည်း အပြစ် ဖြစ်ရတဲ့အထဲက အချက်တချက်ဖြစ်နေမှာပါ။

ရွေးကောက်ပွဲလုပ်မယ်ဆိုကထဲက “ရွေးကောက်ပွဲကျင်းပရေးကော်မရှင်” ကို ဖွဲ့စည်းပေးရပါတယ်။ ကော်မရှင်ဥက္ကဌကို အုပ် ချုပ်ရေးစွမ်းရည် ရွေးကောက်ပွဲအတွေ့အကြုံတွေရှိခဲ့သူ ဘီစီအက်စ် ဦးဘဋ္ဌေးကို တာဝန်ပေးခဲ့ပါတယ်။ တိုင်းအဆင့် ကော်မရှင်တွေနဲ့ မြို့နယ်အဆင့်ကော်မရှင်တွေကိုလည်း အရပ်သားတွေနဲ့သာဖွဲ့ခဲ့ပါတယ်။ အရပ်သားအုပ်ချုပ်ရေးစနစ်မှာ ရွေးကောက်ပွဲကျင်းပနည်းစနစ်ကို သင်ကြားပေးထားပါတယ်။ ဗြိတိသျှအုပ်ချုပ်ခဲ့စဉ်ကထဲက ဒီမိုကရေစီနည်းအရ ရွေး ကောက်ပွဲကျင်းပနည်းတွေကို အိုင်စီအက်လောင်းလျာတွေကို သင်ပေးခဲ့ပါတယ်။ လွှတ်လပ်ရေးပြီးတော့လည်း အိုင်စီအက် နေရာကို အစားထိုးဝင်လာတဲ့ ဘီစီအက်တွေကသင်ကြားခဲ့ရပါတယ်။ ဒီလိုလူတွေက ရွေးကောက်ပွဲတခုကို နည်းစနစ်ကျ ကျ သိက္ခာရှိရှိ ပြုလုပ်ပေးနိုင်ကြမှာဖြစ်ပါတယ်။

ရွေးကောက်ပွဲရလဒ်ကြေငြာပြီးချိန်မှာ ပြဿနာပေါင်းစုံတက်တတ်ပါတယ်။ နိုင်တဲ့သူကို ရှုံးတဲ့သူက မဲခိုးတယ်လို့ပြောကာ တိုင်ကြားတာတွေက ကမ္ဘာအနှံကရွေးကောက်ပွဲတွေမှာ ကြားနေရတဲ့အသံပဲဖြစ်ပါတယ်။ ဒီလိုတိုင်စာတွေတက်လာရင် ရွေးကောက်ပွဲကော်မရှင်က ကော်မတီထပ်ဖွဲ့ကာ စုံစမ်းစစ်ဆေးရပါတယ်။ ကော်မတီတွေကို ဘီစီအက်တွေကိုအားကိုးပြီး ဖွဲ့ပါတော့တယ်။ ပြဿနာကို တကယ်မှန်မှန်ကန်ကန် ပြေလည်အောင်စစ်ပေးနိုင်တာက အရပ်သားအုပ်ချုပ်ရေးပညာရှင် တွေမှဖြစ်ပါတယ်။

စစ်အစိုးရကပြုလုပ်ပေးသော ရွေးကောက်ပွဲကျင်းပချိန်က မေမြို့ (ပြင်ဦးလွင်) ရှိစစ်တက္ကသိုလ်မှာ ကျွန်တော်တာဝန်ထမ်း ဆောင်နေရသောကာလဖြစ်ပါတယ်။ ဘီဘီစီ-ဗွီအိုအေက အသံလွှင့်ချက်တွေကိုနားမထောင်ရလို့ သတင်းတွေထွက်နေ ချိန်ဖြစ်ပါတယ်။ ကျောင်းမှာတော့ ဘာအမိန့်မှမထုတ်ထားပါ။ တဦးနဲ့တဦးသာ နားထောင်မိရင် ရာဇဝတ်မှုကြီးကျူးလွန် သလိုပြောနေကျပါတယ်။ ကျွန်တော်ကတော့ ပုံမှန်နားထောင်မိပါတယ်။ သမိုင်းဋ္ဌာနက ဆရာတယောက်ကလည်း သတင်း လာချိန်တိုင်းမှာ လမ်းကြုံသလိုလိုနဲ့ အိမ်မှာသတင်းလာနားထောင်တတ်ပါတယ်။ လေးစားစရာကောင်းတဲ့အချက်ကတော့ ဘယ်ပါတီဘယ်ပုဂ္ဂိုလ်ကိုမှ စော်ကားနှိမ်ချပြီး မပြောကြတာပါ။ ဘယ်ပါတီက ဘယ်သူကိုမဲပေးပါလို့ မပြောပါဘူး။ တစညက စစ်ဗိုလ်ဟောင်းတယောက်တော်ကြောင်းတော့ မသိမသာ ပြောတတ်ပါတယ်။

ရွေးကောက်ပွဲမဲပေးရမဲ့ မဲရုံတွေကို တပ်ထဲမှာမထားပါဘူး။ တပ်နဲ့အလှမ်းဝေးတဲ့ စာသင်ကျောင်းတွေမှာ လုပ်ထားပါ တယ်။ တပ်မတော်သားတွေနဲ့ အရပ်သားတွေမဲရုံတခု ထဲမဲပုံးတပုံးထဲ အတူတကွမဲပေးရတာပါ။ ကော်မရှင်ကြီးကြပ်သူတွေက ဥပဒေတွေကို တကယ်နားလည်ပြီး လိုက်နာတဲ့သူတွေဆိုတော့ အားလုံးကိုဥပဒေနဲ့တရားမျှတအောင်လုပ်ထားပေးနိုင်ပါတယ်။ ရွေးကောက်ပွဲပြီးတော့ ကိုယ်မဲဆန္ဒပြုထားသူ မဲဘယ်လောက်ရသလဲ သိချင်လာကြပြန်ပါတယ်။ ရေဒီယိုနဲ့သတင်းစာက နေအနိုင်ရသူများကိုကြေငြာပေးမဲ့အချိန်ကို စောင့်မျှော်ရတာကလည်း အလုပ်တခုဖြစ်လာပါတယ်။ မဲစာရင်းတွေကိုတရားဝင် ကြေငြာတော့ ကျွန်တော်ဆန္ဒပြုခဲ့တဲ့သူက သုံးမဲသာရပါတယ်။ သူကိုယ်တိုင်ရယ် သူရဲ့ ဒုတိယအချစ်ကလေးရယ်ဆီက နှစ်မဲရပါတယ်။ ပထမအချစ်နဲ့ သမီးကတောင် ဆန္ဒမဲမပေးကြပါဘူး။ သူတို့က တတိယမဲပေးသူကို အလွန်သိချင်နေပါတယ်။ အကြောင်းဆုံတဲ့နေ့တနေ့မှာ ကျွန်တော်က မဲပေးခဲ့တာပါလို့ပြောလိုက်တော့ ဝမ်းသာအားရနဲ့ လက်ဘက်ရည်တိုက်ပါတော့ တယ်။ ပထမ အချစ်တို့သားအမိကလည်း မဲပေးခဲ့တာကိုမသိတော့ ကြုံရင်ကြုံသလို ကျွေးမွေးပါသေးတယ်။

စစ်အစိုးရကကျင်းပပေးတဲ့ရွေးကောက်ပွဲမှာ ကြီးကြပ်သူတွေက အရပ်သားပညာရှင်တွေမဲရုံကို တာဝန်ယူရသူတွေကလည်း ဘက်မလိုက်တဲ့ ရိုးသားဖြောင့်မတ်သူတွေ မဲပေးသူတွေကလည်း ပညာဉာဏ်နဲ့စဉ်းစားတွေးခေါ်မဲပေးခဲ့ကြလို့ ရွေး ကောက်ပွဲကြီးမှာ ပြည်သူတွေလိုလားတဲ့ပါတီက နိုင်ခဲ့ပါတယ်။ နောက်ပိုင်းပြသနာတွေကတော့ တကမ္ဘာလုံးက သိကြပါ တယ်။ ကျွန်တော်ကတော့ အဲဒီရွေးကောက်ပွဲကိုတောင် ကမ္ဘာကလက်ခံရအောင် ကျင်းပပေးနိုင်ခဲ့ပါတယ်။ အခုရွေး ကောက်ပွဲမှာလည်း မဲရုံတွေကို တပ်ထဲမှာမထားပဲ တပ်နဲ့နီးတဲ့နေရာကျယ်ကျယ်မှာ လုပ်နိုင်ပါတယ်။ ကော်မရှင်ကလုပ်တဲ့ အလုပ်တွေက ရိုးသားပွင့်လင်းမှုမရှိပဲ ဘက်လိုက်မှုတွေဖြစ်နေသလိုမြင်နေကျတာကြောင့် ပြည်သူများရဲ့အပြောအဆိုကို ခံနေရတာဖြစ်ပါတယ်။

အရင်တခါကျင်းပသလိုပဲ ဝန်ထမ်းတွေကို လွတ်လွတ်လပ်လပ်ကြိုက်ရာပါတီကို မဲပေးနိုင်ပါတယ်လို့သာ ကြေငြာလိုက်ပါ။ ရွေးကောက်ပွဲကော်မရှင်ကို ယုံကြည်မှု ၁၀ ရာခိုင်နှုန်း တိုးလာမှာသေချာပါတယ်။ နိုင်ငံတကာက စောင့်ကြပ်ကြည့်နေသူ တွေနဲ့ မြန်မာနိုင်ငံက ပရဟိတစောင့်ကြည့်နေသူတွေကိုပါ မဲရုံအတွင်းနဲ့ မဲရေတွက်တာကိုလေ့လာခွင့်ပေးရင် နောက်ထပ် ၁၀ ရာခိုင်နှုန်း တိုးလာမှာပါ။ နိုင်ငံတကာနဲ့ ပြည်တွင်းကစာနယ်ဇင်းသမားတွေအားလုံးကို လွတ်လွတ်လပ်လပ် သတင်းယူ ခွင့် ရေးသားခွင့်ပေးမယ်ဆို ၁၀ ရာခိုင်နှုန်း ထပ်တက်လာနိုင်ပါတယ်။ ဒါတောင် ၃၀ ရာခိုင်နှုန်းပဲတိုးပါသေးတယ်။ အစက ယုံကြည်မှုနဲ့ပေါင်းလိုက်ရင် အနည်းဆုံး ၃၀ ရာခိုင်နှုန်းတော့ရမှာပါ။

ပြည်သူတွေဆန္ဒနဲ့အညီ ပညာတတ်ပညာရှင်တွေပါတဲ့ လွှတ်တော်ကိုယ်စားလှယ်ကောင်းတွေရအောင် ပြည်သူတွေက မဲစာရင်း ပါ မပါစစ်ဆေးကြပါ။ မဲစာရင်းပါခဲ့တာ သေချာပြီဆိုပါက မဲပေးရမဲ့နေ့မှာ မပျက်မကွက် ပယ်မဲမဖြစ်အောင် မဲထည့် ကြပါ။ မဲရေတွက်ချိန်မှာ မသမာမှုတွေမလုပ်နိုင်အောင် ဟန့်တားပေးကြပါ။ အရင်ရွေးကောက်ပွဲက ကြိုတင်မဲကို အားထား သူတွေရဲ့ ကြိုတင်မဲကိုမဲမရေတွက်မှီသိအောင်ကြေငြာခိုင်းပါ။ မဲရေပြီးဆုံးချိန်မှာ မဲဆန္ဒပေးနိုင်သူအရေအတွက် မဲလာပေးသူ အရေအတွက်နဲ့ မဲလာမပေးသူမရေအတွက်တွေ ကိုက် မကိုက် စစ်ဆေးရပါမယ်။ စစ်ဆေးတဲ့နေရာမှာ သတိတော့ထားရ ပါမယ်။ သာယာဝတီမှာကော ပါတီဌာနကြီးတခုမှာလိုရော ပြဿနာနာဖြေရှင်းချိန်မှာ ရဲတွေရောက်လာတတ်ပါတယ်။ ဒါ ပေမဲ့ အီးယူကသင်ပေးထားတဲ့အတိုင်းလုပ်မှာဆိုတော့ မစိုးရိမ်ပါနဲ့။ တရားရုံးကြမှ တွေ့ကြတာပေါ့။

ထင်အောင်
၁၅/၈/၂၀၁၅


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts