တင်မိုး ရသဆောင်းပါးစုံ

တင်မိုး – လူငယ့်ကြေးမုံ ၂

 

တင်မိုး – လူငယ့်ကြေးမုံ ၂

(ပြန်လည်ဆန်းသစ်) ဇန်န၀ါရီ ၂၄၊ ၂၀၁၅)

 

ဖြူစင်တဲ့ လူတွင်ကျယ်တွေကို “လူငယ်”လို့ သတ်မှတ်ရမယ်။

နိုင်ငံရဲ့ မိုးသောက်ကြယ်တွေပေါ့။

လူငယ်ဆိုတာ ငါစွဲ မကြီးရဘူး။

“ငါစွဲမသို၊ ကိုယ်စွဲမထာ” ၊ မေတ္တာပွားမှ လူငယ်တရားရှိရာရောက်မယ်။

လူငယ်အင်အား ပြုန်းတီးရင် နိုင်ငံကြီး ပြိုပျက်မှာ သေချာတယ်။

လူငယ်တွေ ဖရိုဖရဲဖြစ်နေသမျှ နိုင်ငံပြိုကွဲမှာ မုချ။

လူငယ်တွေဟာ ကိုယ့်အခန်းကဏ္ဍကို ဖော့တွက်လို့ မရဘူး။

နိုင်ငံရဲ့ တန်ဖိုးရှိတဲ့ အသီးအပွင့်တွေဆိုတာ အမြဲ သတိရရမယ်။

ကိုယ်တန်ဖိုးဟာ နိုင်ငံအတွက် အင်မတန်ကြီးမားပြီး တန်ဖိုးရှိတဲ့ ခွန်အားဆိုတာ မမေ့ရဘူး။

လူငယ်ဂုဏ်ကို အမြဲတစေ ပွားများနေအပ်တယ်။

ငယ်ရွယ်နုပျိုခြင်းဆိုတာ ထာဝရမပိုင်ဆိုင်ဘူး။

ခဏသာ ပိုင်ဆိုင်ခြင်း ဖြစ်တယ်။

ခုလို သွေးသစ် သားသစ်လောင်းတုန်း အရွယ်ကောင်းတုန်း

အကျိုးရှိအောင် နေရမယ်၊ ကျင့်သုံးရမယ်။

ပျက်စီးလေလွင့်နေမယ်ဆိုရင် ဘ၀တခုလုံး အမှိုက်ပုံလို တန်ဖိုးမဲ့သွားလိမ့်မယ်။

“တက်လူသာလျှင်

မြန်မာပြည်မ၊ အားသစ်ရ၍

ဇေယျအောင်လံ ထူမည်တည်း” တဲ့ … ။

မျိုးချစ်စာဆိုကြီး ဆရာဇော်ဂျီက လှုံဆော်ခဲ့ဖူးတယ်။ 

ဟုတ်တာပေါ့။ တိုင်းပြည်တခုရဲ့ အနာဂတ်ကို သိချင်ရင် ဒီနေ့လူငယ်တွေ အခြေအနေကို အကဲခတ်ကြည့်ရင် သိနိုင်တာပေါ့။

လူငယ်တွေ ဦးတည်ချက်လွဲနေရင်၊ အပျော်ကြူးပြီး ယစ်မူးနေရင်၊

အချင်းချင်း အစေးမကပ်၊ စိတ်ဓာတ်တွေ အကြောင်အကျားနဲ့ တကွဲတပြားဖြစ်နေရင်

ဒီတိုင်းပြည် နာပြီသာ မှတ်ပေတော့။

အောင်ဆန်းလို လူငယ်လေးတယောက် ထွန်းထွန်းတောက်တောက် ပေါ်ပေါက်လာလို့

တို့တိုင်းပြည်ဟာ ကိုလိုနီထမ်းပိုးအောက်က လွတ်မြောက်ခဲ့ရတယ်။

အောင်ဆန်းဟာ မြန်မာ့လွတ်မြောက်လမ်းကို ဘယ်ပုံရှာခဲ့တယ်ဆိုတာ ဂျပန်ရောက် မြန်မာလူငယ်တွေ အသိဆုံး။

အထူးပြောဖွယ်မလို။

“အရေးကြီးပြီ ညီနောင်အပေါင်းတို့

သွေးစည်းကာ ညီစေ ညီကြစို့”

 

(အညွှန်း – ဘားမားဂျာနယ်၊ ပြည်ပထုတ်၊ ရက်စွဲရေးမထား)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts