သူတို့အာဘော် ငြိမ်းချမ်းအေး

ငြိမ်းချမ်းအေး – နေရာတိုင်းမှာ ဆန့်ကျင်ရမယ့် ‘ဗိုလ်’ ကျမှု

 ငြိမ်းချမ်းအေး – နေရာတိုင်းမှာ ဆန့်ကျင်ရမယ့် ‘ဗိုလ်’ ကျမှု
(သည်လေဒီးစ်နယူးစ် / မိုးမခ) သြဂုတ် ၁၇၊ ၂၀၁၅

အရပ်ဘက် ကျန်းမာရေးဝန်ကြီးဌာနကို စစ်တပ်က ပုဂ္ဂိုလ်တွေ ပြောင်းရွှေ့မှု ဆက်စပ် သတင်းတွေ အတွက် ဆောင်းပါး ၂ ပုဒ် ရေးဖြစ်ခဲ့ပါတယ်။

၁) ဖဲကြိုးနက်များဖြင့် ‘အဘ’ ခေတ်ကို အဆုံးသတ်စို့ (ဧရာဝတီ)
http://burma.irrawaddy.org/rule-of-law/2015/08/14/79717.html

မိုးကျရွှေကိုယ်စနစ် ဖျက်သိမ်းပစ်မှ ‘အဘ’ ခေတ် ပျောက်မည်။

Posted by The Irrawaddy – Burmese Edition on Friday, August 14, 2015

၂) ကတော့ အခု အပုဒ်ပါပဲ။

လူတွေကြား ရေပန်းစားနေတဲ့ သတင်းကို မူတည်ပြီး ပေါ်ပင်လိုက်ရေးချင်လို့ ဒီလို ၂ ပုဒ် ရေးဖြစ်ခဲ့တာ မဟုတ်ပါဘူး။

ဒီလို အရပ်ဘက်ကို တပ်မတော်က ကိုယ်တော်အရာရှိများ စိမ့်ဝင်မှု၊ ကဏ္ဍတိုင်းမှာ လှိုက်စားမှုဒဏ်ဟာ တိုင်းပြည်မှာ အများမြင်သာတဲ့ ‘လူမှန်နေရာမှန် မဟုတ်’ ဆိုတဲ့ သဘောထက် ပိုတယ်၊ ‘လူမှန်နေရာမှန်ဖြစ်’၊ ‘လုပ်တတ်ကိုင်တတ်’ ဆိုလည်း လက်သင့်ခံစရာ မရှိ၊ အဓိကဆန့်ကျင် စိုးရိမ်ရမှာက ဒီလို စိမ့်ဝင်မှုတွေရဲ့ နောက်ဆက်တွဲ အကျိုးဆက် စစ်ဝါဒ ရှင်သန်ရေး၊ လူအများ မှိုင်းတိုက်ခံနေရခြင်း၊ အကျင့်တွေ စွဲမှန်းမသိ စွဲ၊ လုပ်ဟန်ကိုင်ဟန် စဉ်းစားဟန်တွေ ကူးမှန်းမသိ ကူးစက်ခံနေရတယ်ဆိုတာကို အဓိက မြင်စေလိုလို့၂ ပုဒ် ခွဲ ကျယ်ကျယ်ပြန့်ပြန့် ရေးဖြစ်ခဲ့တာပါ။  ပုံနှိပ်မှာက စိတ်တိုင်းကျ စာလုံးရေးများ စာရှည်လို့ မရတဲ့ အတွက် ဟိုတပုဒ်၊ ဒီတပုဒ် နေရာခွဲ ဆွေးနွေးခြင်းလည်း ဖြစ်ပါတယ်။  မိုးမခ စာဖတ်သူများရဲ့ ထင်မြင်ယူဆချက် အသံကိုလည်း ပြန်ကြားချင်ပါတယ်။

±±±±±±±±±±±±±

ကျန်းမာရေးဝန်ကြီးဌာနကို စစ်အရာရှိများ ပြောင်းရွှေ့ခန့်အပ်မှုအပေါ် အရပ်သားဆရာဝန်များ ပြန်လည်ကန့်ကွက်မှုတွေညံခဲ့ခြင်းနဲ့အတူ နောက်ဆက်တွဲ ပြောင်းရွှေ့မှုအစီအစဉ်ရပ်တန့်မှု အပါအဝင် ဆက်စပ်သတင်းတွေ လူထုကြားမှာ ရေပန်းစားခဲ့တယ်။  တကယ်တော့ တိုင်းပြည်မှာ လက်နက်ကိုင်အဖွဲ့အစည်း စစ်တပ်က အုပ်ချုပ်ရေးတာဝန်တွေကို လွန်ခဲ့တဲ့ နှစ် (၅၀) ကျော်ကတည်းက ဝင်ရောက် စွက်ဖက် နေရာယူထားခဲ့တာ၊ ကျန်းမာ၊ ပညာ၊ လူမှု၊ စီးပွား၊ နိုင်ငံရေး၊ အုပ်ချုပ်ရေး ကဏ္ဍစုံမှာ ကိုယ့်ဘာသာ စွယ်စုံရထင်နေတဲ့ စစ်ဗိုလ်များသာ တိုင်းပြည်နေရာတိုင်းမှာ လူတွင်ကျယ် လုပ်နေတာ အားလုံးလည်း လက်တွေ့ မျက်မြင် ခံစား ဘဝပေးအသိတွေ သူသူကိုယ်ကိုယ် ရှိပြီး ဖြစ်ပါတယ်။

ဆေးလောကကို စစ်ဗိုလ်များဝင်ရောက်မှု ကိစ္စအပေါ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမြင်ကို လွတ်လပ်တဲ့အာရှအသံ သြဂုတ်လ ၁၃ ရက်နေ့ ‘ဒီမိုကရေစီ ခရီးကြမ်းနဲ့ဒေါ်အောင်ဆန်းစုကြည်’ မှာ ထည့်မေးတော့ သူက ဖြေခဲ့ပါတယ်။  ‘အရင်တုန်းက စနစ်ရဲ့ အကျိုးဆက်တွေ..’  ဆိုပြီး ဖြေကြားသွားခဲ့တယ်။  လိုရင်း ပြဿနာ အကြောင်းရင်းခံကြီးကလည်း ဒါပါပဲ။  အရင်တုန်းက အတွေးအခေါ်ဟောင်း၊ အမြင်ဟောင်း၊ ခံယူချက်ဟောင်းတွေ မပြောင်းလဲနိုင်တော့ စနစ်လည်း မပြောင်းနိုင်၊ အလုပ်၊ မူဝါဒ ပေါ်လစီတွေလည်း မပြောင်းနိုင် ဖြစ်နေခြင်းပါပဲ။

ဒီလို အဟောင်း အဟောင်းတွေကြားမှာပဲ တဝဲဝဲလည်ချင်နေတဲ့ လူတွေ၊ စနစ်တွေ ရှင်သန်ကြီးစိုးနေသေးတော့ ဒီကျန်း မာရေးဝန်ကြီးဌာနကို စစ်ဗိုလ်များနယ်ချဲ့မှုက ဘာထူးဆန်းသလဲ ဆိုရတော့မှာပေါ့။  ဒီလူတွေ ဒီလိုပဲ ခေတ်အဆက်ဆက် ဗိုလ်ကျ နေရာယူခဲ့၊ အခုလည်း ယူနေတာမဟုတ်လား။

အခု အာဏာရ နိုင်ငံရေးပါတီအဖြစ် အစိုးရတက်လုပ်နေတဲ့ ကြံ့ခိုင်ရေးအသင်းဆိုရင်လည်း စတည်ထောင်တုန်းက လူမှုရေးလိုလို၊ ဘာလိုလိုနဲ့ နိုင်ငံအနှံ့ ရပ်ကွက်၊ မြို့နယ်ရုံးတွေမှာ မြှောင်ကပ် ဖွင့်ခဲ့ပြီး နောက်မှ ညောင်မြစ်လို သူတပါး နေရာကို တဖြည်းဖြည်း ဝါးမျိုလာခဲ့တာ မဟုတ်လား။  လူနေရာတင်ယူတာ မဟုတ်၊ တိုင်းပြည်အရင်းအမြစ် အားလုံးလည်း မျိုဆို့ခဲ့တာပါပဲ။  ကြံခိုင်ရေး လူမှုရေးအသင်း အမည်နဲ့ ပြည်သူဘဏ္ဍအသုံးချ တည်ဆောက်ခဲ့တဲ့ အဆောက်အအုံများ အခု သူတို့ စစ်တပ်ပါတီပိုင်တွေ ဖြစ်ခဲ့တာချည်း မဟုတ်ပါလား။

ဒီလို လူနေရာ၊ ရာထူး၊ အကျိုးစီးပွား၊ လုပ်ပိုင်ခွင့်၊ အာဏာ၊ အရင်းအမြစ် စိတ်တိုင်းကျ ယူငင်ခဲ့တာအပြင် ပိုဆိုးတဲ့ အနုစား နေရာယူမှုတွေလည်း ရှိပါသေးတယ်။

စစ်အာဏာရှင်စနစ်မှာ ဘယ်လောက်ပဲ ဇာတ်တူသား စား စား၊ ဖြုတ်ထုတ်ရှင်း လုပ်လုပ်၊ ကိုယ့်အချင်းချင်းကို အမြဲ စောင့်ရှောက်လေ့ရှိတာ သမိုင်းထင်ရှားခဲ့ပါတယ်။  ပြုတ်သူမှန်သမျှ ထိုက်သင့်တဲ့ လုပ်ပိုင်ခွင့်တွေ၊ နေရာတွေ ရကြတာချည်းပါပဲ။  ဒါကြောင့် ဗိုလ်နေဝင်း မဆလခေတ်က စလို့ နောက်ပိုင်း နဝတ၊ နအဖ ဝန်ကြီးဟောင်း ဗိုလ်ပြုတ်တွေဟာ နယ်ပယ်အသီးသီးမှာ စီးပွားလုပ်ကိုင်ခွင့် အပြည့်အဝရခဲ့တဲ့အပြင် လူထုကို လွှမ်းမိုးနိုင်စွမ်းတဲ့ စာပေ၊ စာနယ်ဇင်း လောကထဲမှာအထိ စီးပွား အခြေကျ နယ်ချဲ့ နေရာယူနိုင်၊ သြဇာ တည်ဆောက်လာနိုင်ခဲ့ပါတယ်။

ယနေ့ စစ်လွှတ်တော်နိုင်ငံရေးအထိ တိုင်းပြည်မှာ စစ်အုပ်စုလုပ်သမျှ တင့်တယ်၊ လုပ်တိုင်း ဖြစ်နေခြင်း အကြောင်းတခုက စစ်တပ်ဟာ လက်ဝါးကြီးအုပ်ခြင်းဓလေ့၊ စိမ့်ဝင်ခြင်းထုံးကို ကောင်းကောင်းအသုံးချနိုင်ခြင်းကြောင့် ဖြစ်ပါတယ်။  စစ်အုပ်စုဟာ သူတို့ လူတွေ၊ သူတို့ ဝါဒ ထောက်ခံသူ သြဇာခံ Proxy တွေကို တိုင်းပြည်ရဲ့ နေရာ၊ ကဏ္ဍ အသီးသီးမှာ စနစ်တကျ ရည်ရွယ်ချက် ရှိရှိနဲ့ ထည့်သွင်း သြဇာ၊ အာဏာနဲ့ လူနေရာကို ကျယ်ကျယ်ပြန့်ပြန့် ပျိုးချနိုင်ခဲ့ပါတယ်။  ဒီလိုသဘောမှာ  အထိရောက်ဆုံးကတော့ စာပေ၊ စာနယ်ဇင်း လောကကို စစ်ဗိုလ်ဟောင်းကြီးများ ထိုးဖောက်နေရာယူနိုင်ခဲ့ခြင်း ပါ။

နာမည်တွေတပ် ဥပမာပြုဆိုရရင် မြလှိုင်၊ မြတ်ထန်၊ မိုးမိုးတာရောစန်၊ မှူးသမိန် အစရှိတဲ့ စာပေနယ်မှာ တွင်ကျယ်သူ၊ အမှန်တကယ် သုတရသစာရေးစွမ်းနိုင်သူ စစ်ဗိုလ်ဟောင်းပုဂ္ဂိုလ် ဆရာကြီးများကအစ နောက်ပိုင်းခေတ် အတ္ထုပ္ပတ္တိတွေ ထုတ်ရေးတဲ့ ဗိုလ်ချစ်ဆွေ၊ ဗိုလ်ထွန်းကြည် အလယ်၊ နောက်ဆုံး သောင်းဝေဦး အဆုံးပါ။  စာပေ၊ စာနယ်ဇင်း လောကဟာ မဆလခေတ်ကတည်းက ဗိုလ်ပြုတ်များ ဗိုလ်ဟောင်းများ နယ်ချဲ့ကြီးစိုး လက်ဝါးကြီးအုပ်ရာ ဖြစ်ခဲ့ပါတယ်။  တရားဝင် စစ်တပ်ပိုင် မဂ္ဂဇင်းတွေရှိတယ်၊ စာပေနယ်သားတွေကို ခေါ်မွေးတယ်၊ တနည်း ခေါ် ‘ဖျက်’ တယ်။  နောက်ပိုင်း သတင်းဂျာနယ်ဆိုရင် စစ်ထောက်လှမ်းရေး အဆက်၊ ချိတ်မပါရင် လုပ်လို့မရ၊ သူတို့ လူ၊ သူတို့ အကျိုးစီးပွားမပါရင် ထုတ်လို့မရတဲ့အထိ ဖြစ်ခဲ့တယ်။

အခုအထိလည်း ဒီသဘော၊ ဒီအတိုင်းပါပဲ။  မြန်မာ ဂျာနယ်၊ မဂ္ဂဇင်း၊ သတင်းဌာန အများစုမှာ စစ်အုပ်စု (သို့မဟုတ်) စစ်အုပ်စု အပေါင်းအပါ ခရိုနီ သြဇာခံများ ကျယ်ကျယ်ပြန့်ပြန့်နဲ့ ဓနအင်အား ပိုင်ဆိုင်မှု တည်ဆောက်ထားနိုင်တယ်။  ဒီလို လူထုကို မှိုင်းတိုက်နိုင်စွမ်းတဲု့အင်အား Soft Power တွေကို အသုံးချပြီး စစ်ဝါဒ စစ်အုပ်စု ရေရှည် အာဏာ၊ စီးပွား တည်မြဲရေးအတွက် သွယ်ဝိုက် ဝါဒဖြန့်နေနိုင်ကြတယ်။

စာပေဂုဏ် အထိုက်အလျောက်ကြီး ရှိတဲ့ စစ်ဗိုလ်ဟောင်းစာရေးဆရာကြီးများကိုယ်နှိုက်ကကော ယေဘုယျသူတို့ အားလုံး ဘာကို တူညီ ဇောင်းပေး ပုံဖော်ခဲ့ပါသလဲ။  သူတို့စာပေတွေကို လေ့လာကြည့်ပါ။  တပ်မတော်သာလျှင် တိုင်းပြည်ရဲ့ ကယ်တင်ရှင် အစစ်အမှန်၊ လွတ်လပ်ရေး ရယူပေးခဲ့သူ၊ တိုင်းပြည် အချုပ်အခြာ အာဏာ ခိုင်မြဲ တည်တံ့အောင် ကာကွယ်သူပေးနေသူ၊ ဒီသဘောပဲ အဓိက ဇောင်းပေးခဲ့တာပါ။  ဒီလို အပျော့ဆွဲ အင်အားတွေက တဆင့် စစ်အာဏာရှင်စနစ် တည်မြဲရေး လမ်းကြောင်းမှု ပဒေသရာဇ်ခေတ် စစ်ဘုရင် သူရဲကောင်း ကိုးကွယ်မှု ဝါဒ၊ လက်ယာစွန်း အမျိုးသားရေးဝါဒ၊ ဒါတွေကိုပဲ ပုံဖော် မှိုင်းတိုက်ခဲ့ကြတာပါပဲ။

ဒီအကျိုးဆက်ကြောင့် စစ်ဝါဒနဲ့စနစ်က မျက်မှောက်မှာ တိုင်းပြည်ကို အကျိုးယုတ်စေ၊ တိုင်းပြည် ခွက်ဆွဲနေရတာကို သိနေ၊ ပြည်သူကို သတ်ဖြတ်၊ ဖိနှိပ်နေတာ မျက်မြင် ခံစားနေသည့်တိုင် လူထုရဲ့ မသိစိတ်မှာ စစ်ဝါဒမှိုင်းဟာ ကျပ်ခိုးလို စွဲနေပါတယ်။   ဘာကြောင့်ပါလဲ။  မသိမသာ ပုံဖျက် ပုံမှားရိုက် လာနိုင်စွမ်းတဲ့ စာပေ၊ စာနယ်ဇင်းလို သြဇာရှိတဲ့ အုပ်စုရဲ့ စစ်ဝါဒီ၊ အာဏာရှင် အလိုကျ ပုံဖော် သမိုင်း၊ အမြင် ဝါဒဖြန့်မှုတွေက လူထု စိတ်ထဲမှာ စွဲမှန်းမသိ စိမ့်ဝင်နေစေလို့ပါပဲ။  ဒါကြောင့် စစ်ဝါဒ အလိုကျ ပုံဖော် တည်ဆောက်ယူ၊ ကြိုးရှည်ရှည် လှန်းထားတဲ့ တိုင်းရင်းသား ပြဿနာ၊ လူနည်းစု ပြဿနာ၊ ပြည်တွင်းစစ်၊ လူမျိုးရေး/ဘာသာရေး ပဋိပက္ခတွေ၊ အမုန်းတွေ ရေရှည်နေရခြင်းပါ။  တိုင်းပြည်မှာလည်း စစ်အုပ်စုနဲ့ အပေါင်းအပါ တသိုက် ထင်တိုင်းကြဲကာ စစ်လွှတ်တော် နိုင်ငံရေးကို ၂၀၁၅ အလွန်အထိ အခိုင်အမာ တည်ဆောက်နေနိုင်ခြင်းပါ။

Monopoly ဆိုတဲ့ လက်ဝါးကြီးအုပ်မှု သဘော အင်္ဂလိပ်စကားကို မြန်မာလို ချက်ကျလက်ကျ အဓိပ္ပာယ် ပေါက်အောင် ဆိုရင် မောင်ပိုင်စီးခြင်း လို့ရပါတယ်။  ဒီလို မောင်ပိုင်စီးခြင်းမှာ မြင်သာထင်သာ မောင်ပိုင်စီး ဗိုလ်ကျသလို မမြင်သာတဲ့ စိမ့်ဝင်လွှမ်းမိုးမှုတွေလည်း ရှိတယ်ဆိုတာကိုပါ မြင်နိုင်ရပါမယ်။  စစ်အာဏာရှင်စနစ်ဟာ မောင်ပိုင်စီးခြင်း၊ စိမ့်ဝင်ခြင်း ကို ခေါင်းစဉ်အမျိုးမျိုးနဲ့ ကဏ္ဍစုံမှာ ဓလေ့တခု ဖြစ်တဲ့အထိ၊ ယဉ်ကျေးမှုဖြစ်စေတဲ့အထိ တိုင်းပြည်မှာ စနစ်တကျ သွတ်သွင်းနိုင်ခဲ့ပါတယ်။  စစ်အုပ်စုအကျိုးစီးပွားဖြန့်ကြက်မှုဟာ စီးပွားရေးမှာဆိုရင် ‘မောင်ပိုင်စီးခြင်း’ တင်မက ‘ဦးပိုင်စီးခြင်း’ ဖြစ်နေတာ မျက်မြင်ပါပဲ။  စီးပွားဥစ္စာနဲ့ ပတ်သက်ရင် စိမ့်ဝင်ရုံမက စစ်လှိုင်းခက်ထန် စစ်ဒီရေအတက်ကြမ်းခဲ့တာကို စစ်အုပ်စုနဲ့ အပေါင်းအပါ ခရိုနီတစုသာ ဟန်၊ လျှံနေတဲ့ တိုင်းပြည် စီးပွား ကဏ္ဍတိုင်းမှာ ထင်ထင်ရှားရှား မြင်တွေ့နိုင်ပါတယ်။

တိုင်းပြည်ရဲ့ အခြားအရေးပါတဲ့ နေရာအသီးသီးမှာလည်း စစ်အုပ်စုနဲ့ သူ့သြဇာခံ Proxy များဟာ မောင်ပိုင်စီးခဲ့ကြတယ်။  အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ ဘာသာရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ စာပေ၊ စာနယ်ဇင်၊ အနုသုခုမ အားလုံး တခုမကျန်အောင်ပါပဲ။  ဒါ့အပြင် အမျိုးသားရေးဝါဒ၊ အမျိုး၊ ဘာသာ၊ သာသနာ ပုံဖော်ရင်တောင်မှ လူအများစု တိုင်းပြည် မှာ ဗိုလ်ကျ ခြယ်လှယ် စိုးမိုးနိုင်တဲ့ တမျိုး၊ တဘာသာ ဇောင်းပြု မောင်ပိုင်စီးခြင်းဓလေ့ကိုပဲ လမ်းကြောင်းခဲ့တာပါပဲ။  ဒီလို သဘောနဲ့ပဲ လူအများစုကို လှည့်ဖြား သွေးဆောင် ဖြားယောင်း၊ အာဏာကို ဆွဲဆန့်ခဲ့၊ ဆွဲဆန့်နေတာကြာခဲ့ပါပြီ။

ဒီလို Soft Power Hard Power နေရာတိုင်းမှာ အနုနည်း၊ အကြမ်းနည်၊ မှိုင်းတိုက်နည်း အစုံစုံနဲ့ စစ်အုပ်စု၊ စစ်အာရှင်စနစ်နဲ့ ဒေါက်တိုက် စစ်ဗိုလ်များရဲ့ ဗိုလ်ကျခြင်း၊ လက်ဝါးကြီးအုပ်ခြင်း၊ မောင်ပိုင်စီးခြင်းတွေကို ရာစုဝက်ကျော် ခံခဲ့ရပြီးပါပြီ။  တိုင်းပြည်လည်း ဓားမနောက်ပိတ်ခွေး ဖြစ်ခဲ့ပါပြီ။  အခု အနက်ရောင်ဖဲကြိုးများတပ်ကာ ကျန်းမာရေးဌာနကို စစ်ဗိုလ်များ ဗိုလ်ကျ ဝင်ရောက်မှု ဆန့်ကျင်မှုဟာ တကယ်တော့ တိုင်းပြည်ရဲ့ နေရာဒေသတိုင်း ကဏ္ဍစုံ အတွက် ကျယ်ပြန့်တဲ့ ရန်မှန်းချက် ထားနိုင်ရပါမယ်။  စစ်အုပ်စု အသိုက်အမြုံတခုလုံးကို ဆန့်ကျင်မှု၊ မတရားမှုကို အာခံမှု၊ ဗိုလ်ကျမှုကို တန်ပြန်မှု အသွင် ဖြစ်ရပါမယ်။

ဒါကြောင့် မြန်မာစကားမှာပါ ‘ဗိုလ်ကျ’ ဆိုတဲ့ စကားရပ်နဲ့ တွင်ကျယ်တည်တံ့နေပြီ ဖြစ်တဲ့ စစ်ဗိုလ်တွေရဲ့ မတရား မောက်မာနေရာယူ ခေါင်းပုံဖြတ် လူတွင်ကျယ် လူပေါ်လူဇော်လုပ် လက်ဝါးကြီးအုပ် မောင်ပိုင်စီး၊ ဦးပိုင်စီး၊ စစ်ပိုင်စီးစနစ် တခုလုံးကို အားလုံးနေရာတိုင်းမှာ ကဏ္ဍစုံမှာ တနိုင်အာခံ မဲလက်နက်တင်မက အကြမ်းမဖက် လူထုလှုပ်ရှားမှု အစုံစုံနဲ့ ဆန့်ကျင်ရမှာ ဖြစ်ကြောင်း တိုက်တွန်းလိုက်ကြောင်းပါ ခင်ဗျား။

ငြိမ်းချမ်းအေး
သြဂုတ် ၁၃၊ ၂၀၁၅ (စာပြီးရက်စွဲ)

(သည်လေဒီးစ် သတင်းဂျာနယ်၊ အတွဲ ၂၊ အမှတ်စဉ် ၇၄၊ ၂၀၁၅ ခုနှစ် သြဂုတ် ၁၄ ရက်၊ သောကြာနေ့ထုတ်၌ မူရင်းပုံနှိပ်ခဲ့သည်။  မိုးမခတွင်လည်း အွန်လိုင်း ဖြန့်ချိသည်။  ဆောင်းပါးပါ အာဘော် ကို ဝေဖန်ရန် လွတ်လပ်စွာ မှတ်ချက်ပြုနိုင်ပါသည်၊ nyeinchanaye81@gmail.com သို့လည်း စာရေးနိုင်ပါသည်။)

The Ladies News Journal Facebook စာမျက်နှာတွင်လည်း ဖတ်ရှုနိုင်သည်။
https://www.facebook.com/News.TheLadies/photos/a.179109772264000.1073741828.178829095625401/461407997367508/?type=1


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts