သရော်စာ မောင်လူရေး

မောင်လူရေး – ဖွတ်ဂါရာမ ဒါးစွဲဒုတ်စွဲ အလှူပွဲကြီး

အနာဂတ်ကြိုမြင်တဲ့ ကာတွန်းဆြာ စောငို၏ ၂၀၁၃ တုန်းက ကာတွန်း (တိုက်ဆိုင်မှု ရှိရင် ခွင့်လွှတ်ပါ)

မောင်လူရေး – ဖွတ်ဂါရာမ ဒါးစွဲဒုတ်စွဲ အလှူပွဲကြီး
(မိုးမခ) သြဂုတ် ၁၅၊ ၂၀၁၅

ဖွတ်ဂါရာမမှာ ဒါးစွဲ ဒုတ်စွဲ ရုတ်ရုတ်သဲသဲဖြစ်နေပြီ။

ရွာထဲ ဘာပွဲရှိရှိ သူကြီးဘပြောင်နဲ့ ကာလသားခေါင်းလေပန်းတို့ မတွေ့လိုက်နဲ့ ထေ့နေ ငေါ့နေ မာန်နေ ဖီနေကြ။

ခါတိုင်းက ဟောင်ရုံလောက်သာ။ အခုကတော့ ခြောက်မရ မောင်းမရ ရေပက်မရ ဂဲထုမရ အသဲအမဲ အသေအကြေ ကိုက်ကြလေပြီ။ တရွာလုံးတနယ်လုံးအားခဲထားတဲ့အလှူပွဲကြီးပျက်မတတ်။

ပြဿနာက ယင်းအလှူပွဲကြီးပင်။

အလှူပွဲမတိုင်ခင် မဏ္ဍာပ်မဆင်ခင် အစည်းအဝေးလုပ်စဉ်ကပင် ကာလသားဂေါင်းလေပန်းက သူကြီးဘပြောင်ကို ပြောခွင့်မပေး။ စီမံခွင့်မပေး။ သူကြီးကျန်းမာရေးမကောင်းလို့ မအားလို့ သူ့ကိုဘဲအစခပ်သိမ်းလွဲထားသယောင်ယောင် ချောင်ထိုးသည်။

ပိုဆိုးတာက တရွာလုံးတနယ်လုံး ပွဲလယ်ယှဉ်တွဲချင်တဲ့ ကွမ်းတောင်ကိုင်လေးနဲ့ တပူးတွဲတွဲ တဟီးဟဲဟဲလုပ်နေခြင်းပင်။ ပွဲအကြောင်းပြ တွဲကောင်းလှလုပ်နေပေသည်။ ဘပြောင်ကြည့်မရတော့။ အရင်က ပွဲမှန်သမျှ သူကြီးဘပြောင်နဲ့ဘဲ ယှဉ်တွဲ ဆင်နွဲနေကျဆိုတာ တနယ်လုံးသိပီးသားဆိုတော့ ဘပြောင်အရှက်ဟက်တက်ကွဲရဘီ။

လေပန်းနဲ့တွဲသွားတာမြင်တိုင်း ကွမ်းတောင်ကိုင်မလေးရဲ့ ဘပြောင်ကိုဘဲ ယုံတယ်ဆိုတဲ့ စကားကိုကြားယောင်ရင်း ဒေါသတွေ တဗျင်းဗျင်းထွက်ရသည်။

မကျေနပ်ပေမဲ့ နေတပ်ရသည်။ ကာလသားခေါင်းမှာ အင်အားအပေါင်းခြံရံနေလေတော့ နေသေးသပ ချုံထဲက၊ ဂျိုသွေးသပ တမြမြလုပ်နေရသည်။

အလှူပွဲမှာ အရပ်ဇာတ်ပါသည်။ လူတိုင်းက ပါဝင် ကချင် ဆိုချင် သရုပ်ဆောင်ချင်ကြသည်။ ကာလသားဂေါင်းလေပန်းက သူ့လူတွေကို များများထည့်ဖို့လုပ်သည်။ သူကြီးအုပ်စုကလည်း သူကြီးရှိရက်နဲ့တောင် နှစ်ယောက်သုံးယောက်ဘဲပါခွင့်ရ၊ ပါရတာကလည်း မင်းသမီးပခုံးဖက်ရဖို့ဝေး၊ လက်ကလေးမှ မကိုင်ရ၊ သေနတ်မှန်တဲ့အခန်း ဖြတ်လျှောက်ရတဲ့အခန်းလောက်သာပါရသည်။ ဒါပေမဲ့ ဘာမှမတတ်နိုင်။ ပွဲက ကာလသားခေါင်းတာဝန်ဆိုတော့ ဒီတိုင်းကြည့်နေရသည်။

ရွာထဲမှာ မိုက်ကန်းကန်း ဂျစ်ပေပေ အမေမနိုင် အဖေမနိုင် ရွာဦးဘုန်းကြီးပင် လက်မှိုင်ချထားရတဲ့အုပ်စုရှိသည်။ အဲဒီအုပ်စုသည် စတိတ်ရှိုးကဏ္ဍကို သူတို့အကုန်ပေးရမယ်ဆို ယူပြီးကာမှ နောက်ထပ် ပြဇာတ်ရော အော်ပရာပါ ဝင်ကချင်တယ်ဟု တောင်းဆိုလာသည်။ တောင်းဆိုတာကလည်း ဇာတ်တိုက်နေကာမှ ဇွတ်တောင်းဆိုလာခြင်းဖြစ်သည်။ လေပန်းက လက်မခံ။ အဲဒီတင် ဂွင်က ဘပြောင်လက်ထဲ အလိုလိုဝင်လာသည်။

မောင်ရင်ငတေ အုပ်စုသည် ကာလသားခေါင်းတို့ ဇာတ်တိုက်ရာကို ဝင်ရောက်ရန်စ မိုက်ကန်းကြတော့သည်။ အဲလို ဒါးစွဲဒုတ်စွဲ ခုတ်ခွဲ ဖြုတ်ပွဲ ဆွဲမရ တားမရ ဖြစ်ကြသည်။ အဲသလို အလဲလဲအကွဲကွဲ သွေးရဲရဲသံရဲရဲ ရုတ်ရုတ်သဲသဲဖြစ်ပြီးနောက် သူကြီးဘပြောင်ရောက်လာသည်။ ပြဿနာဖြစ်ရခြင်းအကြောင်းမှာ ကာလသားခေါင်းလေပန်း စီမံခန့်ခွဲမှုညံ့ဖျင်းလို့ဖြစ်ရတာဆိုပြီး လေပန်းကို ထိပ်တုံးခတ်ကာ ကာလသားခေါင်းရာထူးကို ဖြုတ်ချလိုက်လေပြီး သူ့တပဲ့လည်းဖြစ် ငတေဂိုဏ်းသားဟောင်းလည်းဖြစ်တဲ့သေးလူးကို ခန့်ထားလိုက်လေသည်။

ယခုအခါ ဖွတ်ဂါရာမတွင် အလှူပွဲကြီးကို မောင်ရင် ငတေ သေးလူးတို့ ကြီးမှုးပြီး ကျင်းပတော့မယ်ဖြစ်ကြောင်း မောင်းနင်းနေပေပြီ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts