ရသဆောင်းပါးစုံ မောင်မိုးသူ

မောင်မိုးသူ – ၈၈၈၈ နှင့် ဘကြီးမိုး

မောင်မိုးသူ – ၈၈၈၈ နှင့် ဘကြီးမိုး
သြဂတ်စ် ၁၂၊ ၂၀၁၅
(ကုမုဒြာသတင်းဂျာနယ်တွင် ဖော်ပြပြီးဖြစ်သည့် မောင်မိုးသူ၏ ဆောင်းပါးဖြစ်ပါသည်။)

၈-၈-၈၈ ရှစ်လေးလုံးအရေးတော်ပုံကြီး ဖြစ်ပွားခဲ့သည်မှာ ၂၇ နှစ်ပြည့်ပြီဖြစ်ပါတယ်။ ဩဂုတ်လ ၄ ရက်နေ့ နေ့ခင်းမှာ သူငယ်ချင်း သာဘန်း ကွယ်လွန်သွားကြောင်း သတင်းရရှိပါတယ်။သာဘန်းမှာ ဘကြီးမိုးထက် နှစ်နှစ်သာကြီးပြီး တစ်သက် လုံး တစ်ယောက်နဲ့တစ်ယောက် သာဘန်း  မိုးသူဟုခေါ်ကြသူများ ဖြစ်ပါတယ်။ ဦးသာဘန်းဟာ ကျောင်းသားလှုပ်ရှားမှုမှာလည်း ၅၃ အရေးအခင်းမှာ ပါဝင်လှုပ်ရှားခဲ့သူဖြစ်ပါတယ်။ဘကြီးမိုးက ၅၆ ကျမှ ကျောင်းရောက်ပြီး ကျောင်းသားလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့သူ ဖြစ်ပါတယ်။

ဩဂုတ်လ ၅ ရက်နေ့မနက် ဦးသာဘန်းအိမ်သို့ အရောက်သွားပြီး ဦးသာဘန်းရဲ့ ဇနီး၊သမီးတို့နဲ့အတူ ဆွမ်းကပ်၊တရားနာခဲ့ပါတယ်။ဦးသာဘန်းအသုဘကို ထိန်ပင်မှာ ၈ ရက်နေ့ (၈-၈-၈၈ ၂၇နှစ်ပြည့်နေ့) မှာပြုလုပ်မယ်ဆိုတော့ ထိန်ပင်တော့ မလာနိုင် မပို့ဆောင်နိုင်ကြောင်း ဦးသာဘန်းရဲ့ ဇနီးနဲ့ သမီးတို့ကို ခွင့်တောင်းခဲ့ရပါတယ်။

ဦးသာဘန်း

၈-၈-၈၈ ၂၇ နှစ်ပြည့် အထိမ်းအမှတ်ပွဲကိုလည်း ဘကြီးမိုးမတက်နိုင်ခဲ့ပါ။ဘကြီးမိုးရဲ့ အခြေအနေက တွဲခေါ်သူတစ်ဦးပါပြီး ကားနဲ့လာခေါ်သူရှိပါမှ အခမ်းအနားများ၊ပွဲများ တက်ရောက်နိုင်သူဖြစ်ပါတယ်။ ၂၅ နှစ်ပြည့်အခမ်းအနားတုန်းကတော့ ဦးဝင်းတင်နဲ့အတူ တက်ရောက်ခဲ့ကြပါတယ်။

ဩဂုတ်လ ၉ ရက်နေ့မှာ မောင်ဝံသကွယ်လွန်ခြင်း နှစ်နှစ်ပြည့်နေ့ကတော့ မဟာဗန္ဓုလပန်းခြံ အထက်လမ်းမှာ ပြုလုပ်လို့ ကိုစိုး၊ကိုဇော်သိန်း၊ထက်မြက်၊ဆရာလေးတို့နဲ့အတူ သွားရောက်နိုင်ခဲ့ပါတယ်။မောင်ဝံသအိမ်ကျတော့လည်း ကြမ်းပေါ်မှာ မထိုင်နိုင်လို့ ကုလားထိုင်နဲ့ ထိုင်ခဲ့ရပါတယ်။မောင်ဝံသဟာလည်း ဘကြီးမိုးနဲ့ သတင်းစာဆရာ၊စာရေးဆရာဘဝ၊ရှစ်လေးလုံးအရေးတော်ပုံ၊ အင်န်အယ်လ်ဒီအဖွဲ့ချုပ်တို့မှာ ပါဝင်ခဲ့သူဖြစ်ပြီး ဘကြီးမိုးထောင်ထဲ နှစ်ကြိမ်ဝင်ရောက်ခဲ့ရစဉ် နှစ်ကြိမ် စလုံး အတူလိုက်ပါ ထောင်ထဲကို ဝင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။မောင်ဝံသကို အကြောင်းပြုပြီး ဘကြီးမိုးနဲ့အတူ ထောင်ထဲကို ရောက်ကြသူများ၊ကွယ်လွန်ခဲ့ကြသူများကို သတိရလာပါတယ်။

၈၈၈၈ အရေးတော်ပုံကြီးအတွင်း တွေ့ရသည့် မြန်မာနိုင်ငံကဗျာဆရာများအဖွဲ့

ရှစ်လေးလုံးမှာ အတူပါဝင်ကြတဲ့ မောင်သော်က၊ ဦးဝင်းတင်တို့မှာ ထောင်ထဲကို အတူရောက်ခဲ့ကြသူများဖြစ်ပြီး မောင်သော် က၊ ဦးဝင်းတင်တို့မှာ ထောင်ထဲကို အတူရောက်ခဲ့ကြသူများဖြစ်ပြီး မောင်သော်ကမှာ ဘကြီးမိုးနဲ့အတူ ကြိုးတိုက်ထဲမှာ ရှိစဉ် ဆေးရုံတက် ကွယ်လွန်ခဲ့သူဖြစ်ပါတယ်။ အင်န်အယ်လ်ဒီ စတင်ဖွဲ့စည်းစဉ်က အတူပါဝင်ခဲ့သော ရှေ့နေလေးဦး ဦးထွန်းတင်၊ ဦးတင်ရွှေ၊ မောင်ကိုယု၊ ဒေါ်မြင့်မြင့်ခင်တို့အနက် ဘကြီးမိုး ဒုတိယအကြိမ် ထောင်ထဲရောက်စဉ် ဦးတင်ရွှေ ထောင်ထဲမှာ ကွယ် လွန်ခဲ့ခြင်းဖြစ်ပါတယ်။မောင်ကိုယုကတော့  ဘကြီးမိုး ထောင်ထဲမှာရှိစဉ် အပြင်မှာ ကွယ်လွန်သွားခြင်း ဖြစ်ပါတယ်။ ဦး ထွန်းတင်လည်း အပြင်ရောက်မှ ကွယ်လွန်ခြင်းဖြစ်ပါတယ်။ ဦးဝင်းတင်ကတော့ မနှစ်က ကွယ်လွန်ခဲ့ခြင်း ဖြစ်ပါတယ်။ ရှေ့နေလေးယောက် အနက် ဒေါ်မြင့်မြင့်ခင်သာကျန်တော့ပြီး ယခုနိုင်ငံခြားမှာ ရောက်ရှိနေပါတယ်။ ရှစ်လေးလုံးမှာ အတူပါ ခဲ့တဲ့ ကိုမောင်ကို၊ ကိုတင်မောင်ဝင်းတို့လည်း ကွယ်လွန်ရှာပေါ့။ ဦးကျော်မင်း၊ ကိုသိန်းတင်တို့လည်း ဘကြီးမိုးနဲ့အတူ ထောင်ထဲမှာနေခဲ့ပြီး ကွယ်လွန်ရှာကြသူများ ဖြစ်ပါတယ်။ ဘကြီးမိုး အသက်ရှင်ကျန်ရစ်နေတာလည်း လွမ်းတော်မူလို့ စာကိုစီဖို့ ကျန်ရစ်တာလို့ ပြောဆိုခံနေရပါတယ်။

သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်

ရှစ်လေးလုံးက ပါဝင်ခဲ့ကြသူများအကြောင်းကို စဉ်းစားလိုက်တော့ ရှစ်လေးလုံးမှာ မင်းကိုနိုင်၊ ကိုကိုကြီးတို့ ကျောင်းသားများ ဦးဆောင်လှုပ်ရှားခဲ့ကြတာဖြစ်ပြီး ဘကြီးမိုးတို့စာပေနဲ့ အနုပညာရှင်များ ပါဝင်လှုပ်ရှားခဲ့ကြတာ ဖြစ်ပါတယ်။

ရှစ်လေးလုံးအရေးတော်ပုံဟာလှည်းနေလှေအောင်း အလွှာပေါင်းစုံ၊ လူတန်းစားပေါင်းစုံ၊ ကျောင်းသားလူငယ်၊ ရဟန်း သံ ဃာ၊ မယ်သီလဆရာလေးများပါ ပါဝင်ခဲ့ကြတာကို သတိရမိပါတယ်။ အရေးကြီးပြီး သွေးစည်းကြတာဖြစ်ပါတယ်။ စစ်တပ် ရဲ့ဖိနှိပ်ချုပ်ချယ်မှုကို ဖီဆန်၍ တစ်မျိုးသားလုံးပါဝင်လှုပ်ရှားခဲ့ကြတာဖြစ်ပါတယ်။

စစ်တပ်က ၆၂ မှာ အာဏာသိမ်းပြီး စစ်အုပ်ချုပ်ရေး၊နောက် မဆလအစိုးရ အဖြစ်နဲ့ ၂၆ နှစ် အုပ်စိုးခဲ့တာ တိုင်းပြည်အဝန်း ဖွတ်ကျောပြာစု ခရုအဆန်ကျွတ် ဖြစ်ခဲ့ရပါတယ်။

ရှစ်လေးလုံးအရေးတော်ပုံကြီးဟာ ပထမစစ်အစိုးရ၊မဆလအစိုးရကို ပြည်သူ့ဆန္ဒထုတ်ဖော်ခဲ့ကြပြီး ပြောင်းလဲမှု ဖြစ်စေခဲ့ တာ ဖြစ်ပါတယ်။ အဲသည် ရှစ်လေးလုံး အရေးတော်ပုံကိုလည်း စစ်တပ်က အာဏာသိမ်းပြီး စစ်တပ်က အာဏာသိမ်းပြီး စစ်အုပ်ချုပ်ရေးလုပ်ခဲ့ပါတယ်။ဒုတိယစစ်အစိုးရဟာ နာဂစ်ရေကြီးမှုကြီး တစ်ပြည်လုံး အကြီးမားဆုံးဆုံးရှုံးမှုဖြစ်ကာ မြန်မာ့သမိုင်းမှာသေဆုံးမှု၊ပျက်စီးမှု အကြီးမားဆုံးဖြစ်ပွားပြီးစ ၂၀၀၈ မှာ စစ်တပ်စိတ်တိုင်းကျ ရေးဆွဲထားတဲ့ အခြေခံဥပဒေကို အတည်ပြုပြီး ဒုတိယစစ်အစိုးရရဲ့ လူမှုရေးအဖွဲ့အစည်း ဆိုတဲ့ ကြံ့ခိုင်ရေးကို ပါတီအသွင်ပြောင်းပြီး ကြံ့ခိုင်ရေးကို ပါတီအသွင်ပြောင်းပြီး ၂၀၁၀ ရွေးကောက်ပွဲလုပ်၊ကြံ့ခိုင်ရေးအဖွဲ့က အနိုင်ရကာ လွှတ်တော်အစိုးရပေါ်ပေါက်လာခဲ့ပါတယ်။
သမ္မတကြီးဦးသိန်းစိန် အမှူးရှိတဲ့လွှတ်တော်အစိုးရဟာ တိုင်းပြည်ကို ပြုပြင်ပြောင်းလဲရေးလမ်းကြောင်းပေါ် လျှောက်မယ် ဆိုတဲ့ ကြွေးကြော်သံတွေနဲ့ စီမံကိန်းအမျိုးမျိုး ချမှတ်ခဲ့ပေမဲ့ လေးနှစ်အချိန်အထိ ဘယ်စီမံကိန်းမှ မအောင်မြင်တဲ့အပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနဲ့ အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုနိုင်ဖို့ကလည်း အပြည့်အဝမရ သေး ဘဲ ဖြစ်နေပါတယ်။

သည်အချိန်မှာပဲ မြန်မာ့သမိုင်းမှာ မကြုံစဖူး ကြုံတွေ့ရတဲ့ မိုးကြီးရေလျှံမှုကအထက်ပိုင်းတောင်တန်းဒေသတွေမှာ ရေကြီး ရေလျှံဖြစ်ပြီး မြေပြိုမှုတွေအထိ ဖြစ်လာပါတယ်။မိုးဟာ အထက်ပိုင်းမှာကြီးလို့ မြန်မာနိုင်ငံရဲ့ မြစ်ကြီးအားလုံးစိုးရိမ်ရေမှတ်ရောက်တဲ့အထိ ရောက်လာပါတယ်။ နောက်အထက်က မြစ်ရေကြီးမှုတွေ အောက်ရောက်လာပါတယ်။သည်မှာတင် အောက်မြန် မာပြည် ရေကြီးရေလျှံမှုဖြစ်တော့တာပဲ။

မြန်မာပြည်တစ်န့တစ်လျားမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်လာချိန်မှာ တိုင်းပြည်နဲ့အဝန်း အလွှာပေါင်းစုံတွေက တစ်ပြည် လုံးအတိုင်းအတာနဲ့ ရေဘေးဒုက္ခသည်တွေအတွက် အလှူခံကြထွက်ကြပါတယ်။တကယ်ပဲ တစ်ပြည်လုံး လူတန်းစားပေါင်း စုံက ဝိုင်းဝန်းအလှူခံကြ၊သွားရောက် လှူဒါန်းကြတာ ဖြစ်ပါတယ်။

အရေးကြီးပြီ သွေးစည်းကြစို့ဆိုတဲ့စကားကို အထင်အရှား ပြလိုက်တာပဲ ဖြစ်ပါတယ်။

ရေကြီးရေလျှံမှုကို ကယ်ဆယ်ကူညီထောက်ပံ့နေကြတာတွေကို တစ်ပြည်လုံးက ဝိုင်းဝန်းကူညီကြပါတယ်။ နိုင်ငံခြားတိုင်း ပြည်များနဲ့ ကမ္ဘာ့အဖွဲ့အစည်းများ ကလည်း ကူညီကြတာကို တွေ့ရပါတယ်။

ရေကြီးရေလျှံမှုဟာ အချိန်အတိုင်းအတာတစ်ခုမှာ လျော့ကျသွားမှာ ဖြစ်ပါတယ်။တကယ်အရေးကြီးတာက ရေကြီးရေလျှံမှု ဖြစ်ပွားပြီးတဲ့နောက် …

၁။ပြန်လည်ထူထောင်ရေးကိစ္စ (အိုးအိမ်ပြန်လည်ထူထောင်ရေးကိစ္စ)

၂။ပျက်စီးဆုံးရှုံးသွားတဲ့ သီးနှံများ၊လယ်မြေများ ပြန်လည်စိုက်ပျိုးနိုင်ရေးကိစ္စ။မျိုးများပေးဝေရေး၊ရေဖုံးလွှမ်းခဲ့ပြီး နုန်းများ တင်ကျန်ရစ်နေသည်များကို ဖယ်ရှားရေး၊အဲသည်လို လုပ်ကိုင်နိုင်ကြဖို့ငွေရေးကြေးရေး ထောက်ပံ့ရေးကိစ္စ။

၃။ရေကြီးရေလျှံဖြစ်ပြီးတဲ့နောက် နောက်ဆက်တွဲ ကျန်းမာရေးကူညီစောင့်ရှောက်မှုများ၊ ဖြစ်ပွားလာသော ရောဂါများခုခံ ကာကွယ်ရေးတွေ ဖြစ်လာပါတယ်။

သည်ကိစ္စတွေကို မြန်မာနိုင်ငံလို ဆင်းရဲနွမ်းပါးတဲ့ ပြည်သူပြည်သားများ ကိုယ်ထူကိုယ်ထနဲ့ လုပ်ဆောင်နိုင်ကြမည် မဟုတ် ပါ။

တကယ်ပဲ ဆောက်လုပ်ရေးနည်းပညာ ကျွမ်းကျင်မှုရှိသော ပညာရှင်များ၊ပစ္စည်းများ နိုင်ငံတကာမှ လိုအပ်ခြင်းတွေအပြင် စိုက်ပျိုးရေးနည်းပညာတွေ ၊ ကျန်းမာရေးစောင့်ရှောက်မှုမှာလည်း နိုင်ငံတကာအဆင့်မီ ကျန်းမာရေး နည်းပညာကျွမ်းကျင် မှုများအပြင် ခေတ်မီဆေးဝါးထောက်ပံ့ကူညီမှုများ လိုအပ်မည် ဖြစ်ပါတယ်။

ရှစ်လေးလုံးအရေးတော်ပုံမှာ တစ်ပြည်လုံး ပါဝင်ခဲ့ကြပြီး ယခုကြုံတွေ့နေရတဲ့ ရေကြီးရေလျှံမှုတွေအတွက် မြန်မာနိုင်ငံတဝန်း အားလုံးလက်တွဲညီညာဖြေရှင်းခဲ့ကြသလို ကောင်းမွန်တဲ့ စိတ်ဓာတ်နဲ့ လက်တွဲညီညာသောအားဖြင့် နှစ်ပေါင်း ၅၀ ကျော် စစ်အုပ်ချုပ်ရေးမှသည် ဒီမိုကရေစီနိုင်ငံသစ် ဖြစ်ပေါ်ရေးကိုလည်း စုပေါင်းညီညာ ကြိုးစားလုပ်ဆောင်ကြရမည်ဖြစ်ကြောင်းပါ။

၈-၈-၈၈ နှင့် ဘကြီးမိုးပါ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts