တူမောင်ညို သူတို့အာဘော်

တူမောင်ညို – ဖဲကြိုးနက်လှုပ်ရှားမှု (သို့မဟုတ်) ဗိုလ်ကျလွှမ်းမိုးမှု ဆန့်ကျင်ရေး

 တူမောင်ညို – ဖဲကြိုးနက်လှုပ်ရှားမှု (သို့မဟုတ်) ဗိုလ်ကျလွှမ်းမိုးမှု ဆန့်ကျင်ရေး
(မိုးမခ) သြဂတ်စ် ၁၂၊ ၂၀၁၅

ရေဘေး၊ မုန်းတိုင်းဘေး အန္တရာယ်တွေကြားကနေ ထိုးဖောက်ထွက်ပေါ်လာတဲ့ လှုပ်ရှားမှုကတော့ “ဖဲကြိုးနက်လှုပ်ရှားမှု” (Black Ribbon Movement Myanmar 2015) ဖြစ်ပါတယ်။ ဒီလှုပ်ရှားမှုကို ကျနော်တို့အလေးအနက်ထားပြီး ကြိုဆိုရပါမယ်၊ ဂုဏ်ပြုကြ ရပါမယ်။ ဘာလို့လဲ။

ဒီလှုပ်ရှားမှုနဲ့ပတ်သက်ပြီး အတွေးအခေါ်ပိုင်း(ဝါ)စိတ်ဓါတ်ရေးရာပိုင်းနဲ့ လက်တွေ့တိုက်ပွဲဝင်မှုအပိုင်းဆိုပြီး နှစ်ပိုင်းခွဲ၍ ကျနော့် အမြင်နဲ့သဘောထားကို တင်ပြပါရစေ။

• အတွေးအခေါ်ပိုင်း (ဝါ) စိတ်ဓါတ်ရေးရာပိုင်း

“ဖဲကြိုးနက်လှုပ်ရှားမှု” ဟာ  အတွေးအခေါ်ပိုင်း (ဝါ) စိတ်ဓါတ်ရေးရာပိုင်းဘက်ကနေပြောရင် “နိုင်ငံတော်၏ အမျိုးသား နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်ရေး” ဆိုတဲ့အချက်ကို ပြတ်ပြတ်သားသား ထိုးနှက် ဆန့်ကျင်လိုက်တာဖြစ်ပါတယ်။ နယ်ပယ်ပေါင်းစုံမှာ စစ်အုပ်စုရဲ့ဗိုလ်ကျလွှမ်းမိုးနေမှုတွေကို အတွေးအခေါ်အရရော၊ စိတ် ဓါတ်အရပါ ဆန့်ကျင်ကြောင်း တပြည်လုံးနဲ့တကမ္ဘာလုံးကို ရှင်းရှင်းလင်းလင်း အသိပေးပြသလိုက်တာလည်းဖြစ်ပါတယ်။  ဒီအချက်ဟာ အရေးကြီးပါတယ်။

စစ်အုပ်စုအတွေးအခေါ်ဖြစ်တဲ့ “အရာရာ ကို စစ်ဗိုလ်များသာ သိတယ် – တတ်တယ် – စစ်ဗိုလ်တွေကသာလျှင် တိုင်းပြည်ကို ကယ်တင်နိုင်တယ် ” ဆိုတဲ့ မိုက်မဲမှောက်မှားတဲ့ အတွေးအခေါ်ကို နယ်ပယ်ပေါင်းစုံမှာ  အဝင်မခံဘဲ ပြတ်ပြတ်သားသား တွန်းလှန်ဆန့် ကျင်ဖို့ လိုပါတယ်။ အတွေးအခေါ်အရ ၊ စိတ်ဓါတ်ရေးရာအရ အညံ့ခံအရှုံးမပေးဖို့လိုပါတယ်။

“ဖဲကြိုးနက်လှုပ်ရှားမှု”က စစ်အုပ်စုရဲ့ဗိုလ်ကျလွှမ်းမိုးမှုကို အတွေးအခေါ်အရ၊ စိတ်ဓါတ်အရ စံနမူနာပြအဖြစ် ဆန့်ကျင်အာခံ ပြလိုက်တာပါပဲ။ ဒါကြောင့် အညွန့်တလူလူနဲ့ပေါ်ထွက်လာတဲ့  ဖဲကြိုးနက်လှုပ်ရှားမှု (သို့မဟုတ်) စစ်အုပ်စုဗိုလ်ကျမှုဆန့်ကျင်လှုပ်ရှားမှု ကို လေးလေးနက်နက်ထောက်ခံကြိုဆိုဖို့ သိပ်လိုအပ်ပါတယ်။

နောက်တစ်ချက်က ဒီလှုပ်ရှားမှုဟာ “၈လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီး” ရဲ့ (၂၇) နှစ်မြောက် နှစ်ပတ်လည်ကာလမှာ  တိုက်တိုက်ဆိုင်ဆိုင်ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ ပိုအရေးကြီးတာက အဓိကအတိုက်အခံပါတီမှာ ဖြစ်သမျှအကြောင်း အကောင်း ချည်းပဲပေါ့ဆိုတဲ့  “တစ်ဖက်သတ် ပြန်လည်သင့်မြတ်ရေးတိမ်းစောင်းမှု”  ဆိုးဆိုးဝါးဝါးဖြစ်ပေါ်နေချိန်မှာပေါ်ထွက်လာတာဖြစ်ပါတယ်။ ဒီမိုကရေစီအတိုက် အခံပါတီက လှေလှော်ပြီး မဲဆယ်နေချိန်မှာ ပေါ်ထွက်လာတဲ့ အာခံမှုဖြစ်ပါတယ်။

“ပြန်လည်သင့်မြတ်ရေး” ကို နှစ်မျိုးခွဲခြားနိုင်ပါတယ်။

– ကုန်းခံသင့်မြတ်ရေး
– ရုန်းကန်သင့်မြတ်ရေး

“ကုန်းခံသင့်မြတ်ရေး” ဆိုတာကတော့ အစိုးရလုပ်သမျှ အပေါ် ဖြစ်သမျှအကြောင်းအကောင်းချည်းပဲပေါ့ဆိုတဲ့ သဘောထား နဲ့ လိုအပ်ပြီးထိရောက်တဲ့ တုန့်ပြန်မှုတစုံတစ်ခုမျှ မပြုဘဲ ငုံ့ခံမျှောလိုက်နေတဲ့ သင့်မြတ်ရေးဖြစ်ပါတယ်။ ဒါကို တနည်းအားဖြင့် “တဖက်သတ်သင့်မြတ်ရေး” လို့လည်းခေါ်နိုင်ပါလိမ့်မယ်။ ဒီရေစီးမှာ  အတိုက်အခံပါတီ ရေစုန်မျောနေပါတယ်။

စစ်အုပ်စု အတွေးအခေါ်အပြည့်အဝရှိတဲ့ “ဒေါ်စိန်အေး” (DSA) ကျောင်းဆင်းတွေဟာ သူတို့ကိုယ်သူတို့  “ဘာမဆို အကုန် သိ – အကုန်တတ်” တွေလို့ထင်နေသူတွေဖြစ်ပါတယ်။ ဒီလိုသွေးနထင်ရောက်နေသူတွေဟာ ရာထူးငယ်ငယ်ရှိတဲ့ စစ်ဗိုလ် တွေထက် ရာထူးကြီးထက်စစ်ဗိုလ်တွေမှာပိုရှိပါတယ်။ ရာထူးပိုကြီးတဲ့စစ်ဗိုလ်ချုပ်ကြီးတွေမှာ ပိုပြီးကြီးကြီးမားမားရှိနေပါတယ်။ သူတို့ရဲ့ စစ်အုပ်စု ဗိုလ်ကျလွှမ်းမိုးရေးအတွေးအခေါ်ကို “၂၀၀၈ အခြေခံဥပဒေ”ဆိုတာနဲ့ အခိုင်အမာပြဋ္ဌာန်း ထားတာဖြစ်ပါတယ်။

ဒီလိုလူတွေထဲမှာ “သင်ယူလွယ်တဲ့သူလား/သင်ရခက်သူလား”ဘယ်လိုခွဲခြားမလဲ။ အဓိကလေးနက်သင့်တဲ့ အချက်ကတော့ သူတို့စစ်အုပ်စုလက်ထဲမှာ “အာဏာနဲ့သေနတ်” ရှိနေသမျှ သင်ဖို့ မလွယ်ဘူးဆိုတဲ့ အချက်ပါပဲ။ ဒီအချက်ကို ဒီမိုကရေစီခေါင်း ဆောင်အနေနဲ့ နက်နက်နဲနဲ လေ့လာသဘောပေါက်မိလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

ဒီနေရာမှာ ဒေါက်တာအောင်ထွန်းက ကဗျာဆရာ(ဦး)တင်မိုးနဲ့ တွေ့စဉ်မှာ ပြောခဲ့ဖူးတာလေး အမှတ်ရမိပါတယ်။ “ဆရာရယ် ဒီအကောင်တွေက ဦးဆောင်မှုအခန်းကို “အမျိုးသားနိုင်ငံရေး” တင်မကဘူးဆရာ။ “မော်တော်ကားခေါင်းခန်း” ကိုပါ အပိုင် စီးထားတာ ဆရာရဲ့” တဲ့။ ဒေါက်တာအောင်ထွန်းက နယ်တာဝန်ကျရာက နေရန်ကုန်လာတဲ့အခါ မော်တော်ကားခေါင်းခန်းက စီးနိုင်ဖို့ကြိုတင် ဘုတ်ကင် ဘယ်လိုပဲလုပ်လုပ် အဲဒီနယ်မှာရှိတဲ့ စစ်ဗိုလ်က ဗိုလ်ကျပြီး ရယူသွားတဲ့ ကိုယ်တွေ့ဖြစ်ရပ်ကို ပြောပြခဲ့တာပါ။ “အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍ”  ဆိုတော့ စဉ်းစားသာကြည့်ပါတော့ ဘယ်လောက်ကြီးမားကျယ်ပြန့်မလဲဆိုတာ။

ဒါကြောင့် ဒီလို ဗိုလ်ကျတဲ့ စစ်အုပ်စုအတွေးအခ်ါကို “ဖဲကြိုးနက်လှုပ်ရှားမှု” နဲ့ ဆန့်ကျင်ပြလိုက်တာဟာ အတွေးအခေါ်အရ စိတ်ဓါတ်အရအရေးကြီးတဲ့အဓိပ္ပါယ်ဆောင်ပါတယ်။ စစ်အုပ်စုရဲ့ဗိုလ်ကျတဲ့အတွေးအခေါ်ကို ပြတ်ပြတ်သားသားဆန့်ကျင် တယ်/ ဆန့်ကျင်ရမယ်/ ဆန့်ကျင်ရဲတယ် ဆိုတဲ့ အတွေးအခေါ်နဲ့လှုပ်ရှားမှုကို လက်တွေ့ပြုလုပ်ပြီး တပြည်လုံးကို လှုံ့ဆော် လိုက်တဲ့အတွက် အင်မတန်အဖိုးထိုက်တန်တဲ့လှုပ်ရှားမှုပါတယ်။ ဗိုလ်ကျလွှမ်းမိုးမှုနဲ့ မတရားဖိနှိပ်အနိုင်ကျင့်မှုကို ဆန့်ကျင် တွန်း လှန်ရမယ်ဆိုတဲ့ တော်လှန်ရေး အညွန့်/ ဆန့်ကျင်အာခံရေးအညွန့် ရှင်သန်နေကြောင်းလှုပ်ရှားမှု သက်သေပြလိုက်တာ လည်းဖြစ်ပါတယ်။

• လက်တွေ့တိုက်ပွဲဝင်မှုအပိုင်း
လက်တွေ့တိုက်ပွဲဝင်မှုမှာ ဖဲကြိုးနက်တပ်ဆင်ပြီးဆေးရုံအလိုက်၊ အမည်၊ ဆမနံပတ်၊ ဓါတ်ပုံတွေနဲ့ သတ္တိရှိရှိဖော်ပြပြီးတိုက်ပွဲ ဝင်ကြတာဟာ အင်မတန်မှ စိတ်လှုပ်ရှားဖွယ်ကောင်းပါတယ်။ ဒီလှုပ်ရှားမှုကို အခြားပညာရပ်နဲ့ လုပ်ငန်းနယ်ပယ်များကလည်း မိမိတို့ နယ်ပယ်များမှရှိတဲ့ “မိုးကျရွှေကိုယ်”တွေကိုဆန့်ကျင်ခြင်းဖြင့်လက်တွဲသင့်ပါတယ်။ထောက်ခံမှုနဲ့စာနာမှုကိုပြသသင့်ပါတယ်။ ကျန်းမာရေး ဌာန၊ ဆေးရုံများ၊ ဆရာဝန်များ၊ သူနာပြုများဆိုတဲ့ နယ်ပယ်တစ်ခုထဲမှာတင်ကန့်သတ်မထားပဲ။ နယ်ပယ်ပေါင်းစုံက ပါဝင်သင့်တယ် လို့မြင်ပါတယ်။ စစ်ဗိုလ်တွေဟာ နယ်ပယ်ပေါင်းစုံမှာ ဗိုလ်ကျခြေရှုပ်လူလည်လူတတ်လုပ်နေတာပါ။ ဒါကိုဆန့်ကျင်ရပါမယ်။

ဒီလိုလက်တွေ့တိုက်ပွဲဝင်မှုရလဒ်အဖြစ် “ တပ်မတော်အရာရှိအချို့ကို ကျန်းမာရေးဝန်ကြီးဌာနသို့ ပြောင်းရွေ့မည့်အစီအစဉ် ရပ်ဆိုင်း” ကြောင်း ကျန်းမာရေးဝန်ကြီးက ဒေါက်တာသန်းအောင်က ပြောကြားတယ်ဆိုတဲ့ သတင်းထွက်ပေါ်လာပါတယ်။ “ကောင်းမယ် ထင်လို့  စီစဉ်တာပေါ့။ အများက မလိုလားဘူးဆိုတော့လည်း ဆက်မလုပ်တော့ဘူး” လို့ ဝန်ကြီးပြောတယ်လို့ မီဒီယာတွေမှာ ဖော်ပြတာ ဖတ်ရပါတယ်။ ဒါဟာ လှုပ်ရှားမှုကို အချိုသပ်တာပါ။ အပျော့ဆွဲတာပါ။ အုပ်စိုးသူတွေရဲ့ မာယာ ပရိယာယ်နဲ့ ကောက်ကျစ်ယုတ်မာမှုတွေကိုသတိရှိရပါမယ်။  တကယ်တန်းသာ “အများက မလိုလားဘူး”ဆိုတာကို အလေး အနက်ထားရိုးမှန်ရင် “ဆက်မလုပ်တော့ဘူး” ဆိုတာကို စာနဲ့ပေနဲ့ တိတိကျကျ တရားဝင်ထုတ်ပြန်ပေးဖို့လိုအပ်ပါတယ်။

“ဖဲကြိုးနက်လှုပ်ရှားမှု” အနေနဲ့အတွေ့အကြုံနဲ့သင်ခန်းစာအဖြစ် မတ်လ ၁၀ ရက် (မနက်ပိုင်း) လက်ပံတန်းမှာ ကျောင်းသား သပိတ်အကြမ်းဖက်ခံရမှု အခြေအနေနဲ့လှည့်စားခံရမှုကိုအလေးအနက်ထားသင့်ပါတယ်။ဒါ့အပြင်ဆရာညီပုလေးရေးသားတဲ့ “ထက်မြတဲ့ ဓါးသွားပေါ်က ချိုမြမြ ပျားရည်စက်” အထုပ္ပတ္တိထဲမှာ အလုပ်သင်ဆရာဝန်များ လခရရှိရေးလှုပ်ရှားမှုမှာ (ထို စဉ်က) အလုပ်သင်ဆရာဝန် လေးဒေါက်တာသိန်းလှိုင်ရဲ့တိုက်ပွဲဝင်မှုနဲ့ (ဖဆပလ) အစိုးရရဲ့ ညစ်ပတ်ကောက်ကျစ်လှတဲ့ဖြိုခွဲမှုကို လေ့လာသင်ခန်းစာယူသင့်ပါကြောင်း ပန်ကြား အသိပေးအပ်ပါတယ်။

စစ်အုပ်စုအတွေးအခေါ်ဖြစ်တဲ့ “အရာရာ ကို စစ်ဗိုလ်များသာသိတယ် – တတ်တယ် – စစ်ဗိုလ်တွေကသာလျှင် တိုင်းပြည်ကို ကယ်တင်နိုင်တယ် ” ဆိုတဲ့ မိုက်မဲမှောက်မှားတဲ့ အတွေးအခေါ်ကို ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းဆန့်ကျင်ကြပါစို့။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “တူမောင်ညို – ဖဲကြိုးနက်လှုပ်ရှားမှု (သို့မဟုတ်) ဗိုလ်ကျလွှမ်းမိုးမှု ဆန့်ကျင်ရေး
  1. Once upon a time many years ago(nearly 50 years), my high school friend, a DSA Cadet(12th Intake) who became Bogyoke Gyi and Prime Minister told me that”WE” army personnel especially well trained officer can do ANYTHING.We are Jack of all trades. At that time I was still learning in Medical School and not yet finished my study. I replied that if you said so,why your senior generals went abroad frequently for their medical check up & treatments? Why not treated by themselves? If all of you particularly DSA cadets and some smart guys have boastful ideology,there should not be higher professional learning Institutes & Universities for Doctors,Engineers, Layers etc in the country.
    That DSA graduate now passed away with Leukemia(Blood Cancer) in Singapore Hospital as same fate as his twin brother.Welcome & Congratulation fellow doctors’ success for “Black Ribbon Revolution”. Bravo, ne plus ultra! Fight against Nepotism & PAGO SARs ( Pegu Salts) in every government Institutions & departments. They all are Jack of all trades but master of NOTHING. Hypomaniac and Grandeur abnormal personality people. Hypocrites with delusion of grandeur.

Comments are closed.