သူတို့အာဘော် ငြိမ်းချမ်းအေး

ငြိမ်းချမ်းအေး – မျိုးချစ်စကားပြောလေ ကြောက်စရာကောင်းလေ

 
ငြိမ်းချမ်းအေး – မျိုးချစ်စကားပြောလေ ကြောက်စရာကောင်းလေ
(သည်လေဒီးစ်နယူးစ် / မိုးမခ) ဇူလိုင် ၃၀၊ ၂၀၁၅
၂၀၁၅ အာဇာနည်နေ့ သွေးစွန်းရက်စွဲအတွက် သမိုင်းဆိုင်ရာဆက်စပ် အာဘော်ဆောင်းပါး ၃ ပုဒ် ပုံနှိပ် ထုတ်ဖြစ်ခဲ့ပါတယ်။
၁) ဗိုလ်ချုပ်ကို ဘယ်သူသတ်သလဲ…  (မန္တလေးတိုင်း Friday Times ဂျာနယ်နဲ့ မိုးမခ အွန်လိုင်းမှာ ပုံနှိပ်ပြီး)
၂) သွေးစွန်းတဲ့ သမိုင်းသင်ခန်းစာ (ဧရာဝတီ အပတ်စဉ် ဂျာနယ် နှင့် အွန်လိုင်းမှာ ပုံနှိပ်ပြီး)
တတိယ အပုဒ်ကတော့ အခု ဆောင်းပါး ပါပဲ။
မြန်မာ့သမိုင်းအတွက် ကြီးကျယ် သက်ရောက်မှု ပြင်းတဲ့ အဖြစ်အပျက်ကြီး ဖြစ်တာမို့ ရှုထောင့်ပေါင်းစုံကနေ သမိုင်းဆင်ခြင်မှုထုတ်ပြီး မျက်မှောက်ရေးရာများမှာ အသုံးချဖို့ လိုတယ်လို့ ထင်မြင်ယူဆမိလို့ ဒီလို ဆောင်းပါး ၃ ပုဒ်နဲ့ သိမြင်သလောက် အကျယ် ဆွေးနွေး ဖြစ်ခဲ့တာပါ။  မိုးမခ စာဖတ်ပရိသတ်များရဲ့ တုံ့ပြန်ချက် အမြင်များကိုလည်း ပြန်လည် ကြားချင်ပါတယ်။
++++++++++++++++++
ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ ခေါင်းဆောင်ကြီးများ လုပ်ကြံခံရခြင်း အောက်မေ့ဖွယ် ၁၉ ဇူလိုင် အာဇာနည်နေ့ အခမ်းအနားတွေကို ပြီးခဲ့တဲ့ နှစ်နှစ်သုံးနှစ် ဒီဘက်အစိုးရခေတ်မှာ ပိုမိုလွတ်လွတ်လပ်လပ် ကျယ်ကျယ်ပြန့်ပြန့် ကျင်းပခွင့်သာလာကြတယ်။  ဟိုအရင်ခေတ်များဆီကတော့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း စကား၊ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံ ဆိုတာ ‘တိုးတိုးသား’ ဖြစ်ရလောက်အောင် စနစ်ဆိုးက အရိပ်ထိုးခဲ့တယ်။  နိုင်ငံတော်အဆင့် အစိုးရအခမ်းအနားမျိုးမှာတောင် ဗိုလ်ချုပ်နေဝင်းရဲ့ စစ်တပ်တစ်ပါတီ အာဏာရှင် မဆလခေတ်မှာကတည်းက ခေါင်းဆောင်အဆင့် ကိုယ်တိုင် တက်ရောက် ဂါရဝ အလေးပြုတာမျိုး မလုပ်တော့ဘဲ တဖြည်းဖြည်းနဲ့ အဆင့်ချလာခဲ့တယ်။  ဒါကတော့ ဗိုလ်နေဝင်းရဲ့ တပ်မတော်ဖခင်နေရာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ သမိုင်းပုခုံးချင်းတိုင်း ဇွတ်အတင်း ပုံဖော်ချင်မှုနဲ့ စစ်တပ်ကိုမောင်ပိုင်စီးပြီး အာဏာကို မလွတ်တမ်းဆုပ်ကိုင်လိုမှုကြောင့်ပါ။
၁၉၈၈ နောက်ပိုင်း နဝတ၊ နအဖ ခေတ်များတော့ ဒီလို အဆင့်ချခြင်းမျိုးကိုကျော်ပြီး လုံးလုံးဖျောက်ဖျက်လိုတဲ့အထိ ဖြစ်လာခဲ့တယ်။  ဒါကတော့ အမျိုးသားခေါင်းဆောင်ကြီးရဲ့ သမီးအငယ် ဒေါ်အောင်ဆန်းစုကြည်က စစ်အစိုးရကို အဓိကအာခံ တန်ပြန်နေတဲ့ အတိုက်အခံ ဒီမိုကရေစီပါတီ ခေါင်းဆောင် ဖြစ်နေတာကြောင့်ပါ။  ‘အောင်ဆန်း’ ဆိုတဲ့ အမည်နာမကိုဖြုတ် အစိုးရပါးစပ်သတင်းစာမှာ ‘စုကြည်’ ချင်းထွေး အပုတ်ချခဲ့ကြတယ်။
အခုတော့ ခေတ်တွေလည်း ပြောင်းပြီ၊ ဒီလို ခါးခါးသီးသီး လုပ်ခဲ့ကြသူတွေ ကိုယ်တိုင် ဗိုလ်ချုပ်အောင်ဆန်းကို ရည်စူး ဆွမ်းကပ်လား ကပ်ရဲ့၊ ဗိုလ်ချုပ်သြဝါဒ ဦးထိပ်ထားတဲ့ ပါတီလို့ ပြောထွက် မဲဆွယ်ချင်တဲ့ အထိ ဖြစ်လာခဲ့ပါပြီ။  ဗိုလ်ချုပ်ရုပ်ပုံကို အသုံးမချကြဖို့အရေးအတွက် အတိုက်အခံ ဒီမိုကရေစီပါတီကြီး ကိုယ်တိုင်က ဦးဆောင် စံပြနေထိုင်ပြောဆို ဆင်ခြင်နိုင်ရပါမယ်။
အကောင်းလုံးလုံးပြောင်းတယ် မဟုတ်သော်ငြားလည်း ဘာပဲဖြစ်ဖြစ် အခုခေတ်မှာ အာဇာနည်နေ့ အခမ်းအနားတွေ (ဘာရည်ရွယ်ချက်နဲ့ပဲဖြစ်ဖြစ်) ပိုမိုကျယ်ပြန့် လုပ်ခွင့်ရလာတာကတော့ မျိုးဆက်သစ်ကလေးများနဲ့ သမိုင်းက အထင်ကရ ရက်စွဲများ၊ သင်ခန်းစာများ၊ ပုဂ္ဂိုလ်များကို မိတ်ဆက်ပေးလာနိုင်တယ်။  ဒီလို လူငယ်များ မအအောင် သမိုင်းမှန်တွေနဲ့ ပေးသိ၊ ဆင်ခြင်ဉာဏ် တိုးပွားစေနိုင်ခြင်း အကျိုးကျေးဇူးကြောင့် ပိုမိုကောင်းမွန်တဲ့ အနာဂတ်သစ်ဆီကို သွေးစွန်းမှုတွေ၊ အကြမ်းဖက်မှုတွေ၊ စစ်ပွဲတွေ၊ ရန်ပွဲတွေ၊ အမုန်းတွေ ကင်း တည်ဆောင်လာနိုင်စေဖို့ရာ ‘အား’ ဖြစ်စေပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းတို့ လုပ်ကြံခံရခြင်း နောက်ကွယ်မှာ တကယ်တော့ လက်သည်တရားခံစာရင်း က အများကြီး ရှိပါတယ်။  အစွယ်လိုသူတွေများလှပါတယ်။  အသွားစေခိုင်းသူတွေ ပေါလှပါတယ်။  လေးပစ်သူ၊ အစွယ်ဖြတ်ရသူ သောနုတ္တရ သက်သက် သမိုင်းသုံးသပ်ချက်ထုတ်လို့လည်း မဖြစ်ပါဘူး။  သတ်ဖြတ်ဖို့ လက်တွေ့ ညွန်ကြားသူ ဦးစောနဲ့  တကယ်သတ်ရသူ နောက်လိုက် အပေါင်းအပါ အပြင်မှာ ဒုတိယကမ္ဘာစစ် အပြီး ဗမာ့လွတ်လပ်ရေး တိုက်ပွဲရဲ့ ရှုပ်ထွေပွေလီလှတဲ့ နိုင်ငံရေး အခြေအနေ၊ ကွဲပြားနေတဲ့ နိုင်ငံရေး အုပ်စုတွေ၊ ဗိုလ်ချုပ်ရဲ့ လက်ဝဲအင်အားစုများအားလုံး ညီညွတ်ရေး လမ်းစဉ်ကို မလိုလားတဲ့ လက်ယာစွန်းဝါဒီများ၊ ကျွန်သက်ရှည်လိုတဲ့ အလိုတော်ရိများ၊ ကျွန်ဆက်ပြုချင်တဲ့ နယ်ချဲ့အရင်းရှင် အင်္ဂလိပ် အစိုးရနဲ့ ကုန်သည်ကြီးများ အားလုံးကို တရားခံစာရင်း၊ ကြံရာပါအမှုတွဲ အဖြစ် သမိုင်းလေ့လာ သုံးသပ်နိုင်ရပါမယ်။
ဒီလို ဗိုလ်ချုပ်တို့ လုပ်ကြံခံရခြင်း သမိုင်းဝင်နေ့ကို ပြန်လည် ဝမ်းနည်းပူဆွေး အမှတ်တရပြုရာမှာ နောက် အလေးဂရုပြု ဖော်ထုတ်သင့်တာကတော့ ကျူးလွန်သူ ဂဠုန် ဦးစော (၁၉၀၀ ဖွား – ၁၉၄၈ ဆုံး) ရဲ့ သမိုင်းလာခဲ့ရာ လမ်းကြောင်းနဲ့ သူ့မူဝါဒ၊ သူ့အတွေးအခေါ်တွေပါ။   ဒါတွေကို ပုဂ္ဂိုလ်ရေး စော်ကားမှု၊ ပြစ်တင်မှု မပါ၊ သူ့မျိုးဆက် နောက်ခံမိသားစု ဂုဏ်သိက္ခာ ထိခိုက် ညှိုးနွမ်းစေမှု မပြုလုပ်ဘဲ ပညာရပ်ဆိုင်ရာ လေ့လာမှု၊ သမိုင်းသုံးသပ်မှုတွေကိုလည်း အစွဲကင်းကင်းနဲ့ ပြုလုပ်နိုင်ရပါမယ်။
ဂဠုန် ဦးစောဟာ ပုဂ္ဂလ အရည်အချင်းရှိသူ၊ ကိုယ့်ဒူးကိုယ့်ချွန် အမြင့်ရောက်အောင် လှမ်းတက်နိုင်သူပါ။  အလယ်တန်းအဆင့် ပညာအရည်အချင်းနဲ့ပေမယ့် ရန်ကုန်တက္ကသိုလ် တကသ သမဂ္ဂ အဆောက်အအုံမှာ ဒေါက်တာဘမော် (၁၈၉၃-၁၉၇၇) လို ပညာရှင် သုခမိန်မျိုးနဲ့ ယှဉ် အင်္ဂလိပ်လို စကားရည်လုနိုင်စွမ်းသူ လည်း ဖြစ်ပါတယ်။  ဦးစောဟာ ရှေ့နေစာမေးပွဲ အောင်ထားပြီး နိုင်ငံရေးဘဝ အဦးမှာ တောင်သူလယ်သမား လက်နက်ကိုင် အင်္ဂလိပ်နယ်ချဲ့ တော်လှန်ရေး (၁၉၃၀) အပြီး ဦးဆောင်သူ ဂဠုန် ဆရာစံ (၁၈၇၆ ဖွား – ၁၉၃၁ ဆုံး) တစ်ယောက် အင်္ဂလိပ်တရားရုံးမှာ တရားစွဲဆို ခံရတော့လည်း ဒေါက်တာဘမော်နဲ့ အတူ အခမဲ့ရှေ့နေလိုက်ပေးခဲ့တယ်။  ဒီလိုနဲ့ ဂဠုန်ဘွဲ့ ရခဲ့တယ်။  သူရိယ သတင်းစာကို ဝယ်ယူပြီး စာနယ်ဇင်းကတဆင့် နိုင်ငံရေးသြဇာရှိမှုကို ပိုမို တည်ဆောက်ခဲ့တယ်။  နောက်တော့ ကိုလိုနီခေတ် အစိုးရအဖွဲ့မှာ နန်းရင်ဝန်ရာထူး အရယူနိုင်ခဲ့တယ် (၁၉၄၀-၁၉၄၂)။  ဒါတွေဟာ သူ့ရဲ့ တကိုယ်ရေ အစွမ်းတွေပါ။
ဒါပေမဲ့ ဦးစောရဲ့ မူဝါဒရေးရာပိုင်းကတော့ အင်မတန် ဖောက်ပြန်လှပါတယ်။  ဒါကြောင့်လည်း သမိုင်းသင်ခန်းစာ ယူသင့်တာပါ။  လူတော်တိုင်း၊ ထက်တိုင်း၊ စွာတိုင်း၊ လူတွင်ကျယ်ဖြစ်တိုင်း တိုင်းပြည်လူအများအတွက် အကျိုးမရှိဘူးဆိုတာကို အကောင်းဆုံး သက်သေပြဖို့ရာက ဦးစောသမိုင်းနဲ့ ဝါဒ ပါပဲ။
ဦးစောဟာ တောင်သူလယ်သမား တော်လှန်ရေး ကိုယ်စားပြု အမည် ဂဠုန်ကို မောင်ပိုင်စီးပြီး အင်္ဂလိပ်အရင်းရှင် အစိုးရရဲ့ ရုပ်သေးနန်းရင်ဝန် ဘဝ ၉၁ ဌာန အုပ်ချုပ်ရေးခေတ်မှာ တောင်သူလယ်သမားအများကို ဆင်းရဲတွင်းနက်၊ ဒုက္ခပင်လယ်ဝေစေခဲ့တဲ့ “လယ်မြေဝေခြမ်းရေးဥပဒေ” တွေကို လယ်ပိုင်ရှင်၊ အရင်းရှင်ကြီးများ အကြိုက် လုပ်ပေးခဲ့တယ်။  ဦးစောရဲ့ နိုင်ငံရေးပါတီအမည်က “မျိုးချစ်ပါတီ” ပါ။  ထိပ်ပိုင်းခေါင်းဆောင်အများအပြားက ထိပ်သီးပတ်ကား လယ်ပိုင်ရှင်ကြီးတွေပါ။  သူတို့ အားလုံးဟာ မျိုးချစ် အမည်ခံပြီး အင်္ဂလိပ်အလိုတော်ရိသာ လုပ်ခဲ့ကြတယ်။  လူချမ်းသာ လူတစ်စု အကျိုးကာကွယ်ရေးကိုသာ ရှေးရှုခဲ့ကြတယ်။
ဒို့ဗမာအစည်းအရုံးနဲ့ သခင်အပေါင်းက လုံးဝလွတ်လပ်ရေး ကြွေးကြော် စဉ် ဒုတိယကမ္ဘာစစ် အဦး ကာလ အင်္ဂလိပ် အခက်၊ ဗမာ့အချက် မှာလည်း ဦးစောဟာ သူ့ကျွန်ဘဝ အလုံးစုံ ကျွတ်ရေး ကို အလေးဂရုမပြုဘဲ “ဗမာပြည် ဗမာပြန်ရရေးဝါဒ” ဆိုပြီး စကားလုံးလှည့်စားမှုလုပ်ခဲ့တယ်။  အင်္ဂလိပ် ကို အရေးဆိုမယ်ဆိုပြီး ဘိလပ်ကို `၁၉၄၁ နိုဝင်ဘာမှာ သွားခဲ့တယ်။  တကယ်တော့ အလုပ်မဖြစ်ခဲ့ပါ။  နယ်ချဲ့ ပုဆိန်ရိုး အဖြစ် ဆက်လက်အသုံးချခံဖို့လည်း စစ်အပြီးမှာ ဗမာပြည် ပြန်ရောက်လာတယ်။  နိုင်ငံရေး သွေးထိုး၊ ကစားမှုတွေ ပြုလုပ်ခဲ့တယ်။  နောက်ဆုံး ဗိုလ်ချုပ်တို့ကို လုပ်ကြံတဲ့ အထိ ဖြစ်ခဲ့တယ်။
ဦးစော ဗမာပြည် ပြန်ရောက်ရောက်ချင်း  နယ်ချဲ့ဝါဒ၊ ဖက်ဆက်ဝါဒတွေ ကျဆုံးပြီ ဆိုပြီး ရန်သူ မရှိတော့လေဟန် ပုံမှားရိုက် မရှိဆင်းရဲသား လူအများကို ဝါဒဖြန့်ခဲ့တယ်။  ပြီးတော့ ၉၁ ဌာနခေတ် ဓာတ်ပြားဟောင်းအတိုင်း အင်္ဂလိပ်ပေး ဒိုမီနံယံ အဆင့် အုပ်ချုပ်ရေးကို လက်ခံပြီး လက်နက်အဖြစ် အသုံးချ ပူးသတ်မယ် ဆိုပြီး ဖောက်ပြန်တဲ့ ဝါဒ ခွေးသားကို ဆိတ်ခေါင်းတပ် ရောင်းဖို့ ကြံစည်ခဲ့တယ်။  အရင်းရှင်ကျဆုံးပြီ၊ ကွန်မြူနစ်ဝါဒ၊ ဆိုရှယ်လစ်စနစ်ကနေ ကောင်းတဲ့ အချက်တွေ ယူသုံးမယ်တောင် ဆိုခဲ့တယ်။  ဒါကို အဲဒီခေတ် ကွန်မြူနစ်ပါတီ အာဘော် ပြည်သူ့အာဏာ ဂျာနယ် (၀၉ ဖေဖော်ဝါရီ ၁၉၄၆) မှာ သခင်စိုးက ပြန်လည် ဝေဖန်ခဲ့ဖူးတယ်။  ဦးစောရဲ့ ဗမာ့နည်းဗမာ့ဟန် လျော်ညီအောင် ပြုလုပ်ထားတဲ့ ဆိုရှယ်လစ်ဝါဒ ဆိုတာ အာဏာရှင် ဟစ်တလာရဲ့ အမျိုးသားဆိုရှယ်လစ်ဝါဒ ပဲလို့ လူထုကို အသိပေး ပြန်လည် ထောက်ပြခဲ့ရတယ်။ 
တကယ်တော့ လွတ်လပ်ရေး အရယူဖို့ အားကောင်းနေပြီ ဖြစ်တဲ့ စစ်ပြီးခေတ် မြန်မာ့နိုင်ငံရေးကို စနစ်တကျ သွေးထိုး သပ်လျှို ဖြိုခွဲ ပြိုလဲ စေဖို့ရာ ဦးစောကို နယ်ချဲ့အရင်းရှင်ကြီးများက ကောင်းကောင်းအသုံးချနိုင်ခဲ့ကြတယ်။  ဦးစောရဲ့ ငယ်မွေးခြံပေါက် လက်ပါးစေများရဲ့ မျိုးချစ်ပါတီ ဂဠုန်ဂိုဏ်းသားများကလည်း လူထုကို ခြိမ်းခြောက်အာဏာပြတဲ့ လူမိုက်ဂိုဏ်းသားများ ဖြစ်ခဲ့တယ်။
ဦးစော ဟာ လူထူထူရှိရင် မျိုးချစ်စကားပြော၊ လွတ်လပ်ရေး အသံကောင်းဟစ် တောင်သူလယ်သမား ဆင်းရဲသားများ အရေး အလေးပေးဟန် ပုံဖော်ခဲ့ပေမဲ့ လက်တွေ့ အတွင်း အနှစ် သဘော မူဝါဒမှာတော့ ကျွန်သက်ရှည်ရေး၊ ကိုလိုနီ နယ်ချဲ့စနစ် စည်ပင်ရေးနဲ့ လူတစ်စု ကောင်းစားရေးဝါဒသာ ဖြစ်ကြောင်း သမိုင်းသင်ခန်းစာ ထုတ်နိုင်ပါတယ်။  ဆရာ သိန်းဖေမြင့် (၁၉၁၄ ဖွား – ၁၉၇၈ ဆုံး) ရဲ့ ဗိုလ်တထောင်သတင်းစာ (၁၉ ဇူလိုင် ၁၉၆၆ ခုနှစ် ထုတ်) ပွင့်ပွင့်လင်းလင်း ကဏ္ဍပါ သုံးသပ်ချက် ခေါင်းစဉ် အတိုင်းဆိုရရင် ‘မျိးချစ်အယောင်ဆောင် ဂဠုန်အတုဦးစော’ သာ ဖြစ်ကြောင်း တိုင်းပြည်ရဲ့ မျက်မှောက်နဲ့ အနာဂတ် မျိုးဆက်သစ်ဟာ ဆင်ခြင် သတိပြုနိုင်ရပါမယ်။
မျက်မှောက် ဒီမိုကရေစီ နိုင်ငံရေးမှာလည်း ဟိုအရင် အာဏာရှင်ဆန် လူထု အကျိုးစီးပွားကို နှစ်ငါးဆယ်ကျော် စနစ်တကျ ဖျက်ဆီးခဲ့ကြသူများ၊ တိုင်းပြည်ကို အထွေထွေ ဆုတ်ယုတ် ပျက်စီးစေခဲ့သူများဟာ ဝတ်စုံလဲ အရောင်ပြောင်းကြရင်းနဲ့ အခုဆိုရင် လူထုအသံညံ၊ ဒီမိုကရေစီ စကား ချောင်းစီး၊ ဗိုလ်ချုပ်အောင်ဆန်းဝါဒ ကျင့်သုံးတော့မဟန် လေထွားနေကြပါပြီ။  စစ်အင်အားကြီးထွားရေး၊ စစ်တပ်ကြီးစိုးရေး၊ စစ်အုပ်ချုပ်ရေး ခိုင်မြဲရေး မူဝါဒတွေနဲ့ ပြည်တွင်းစစ်မီးကို ရည်ရွယ်ချက်ရှိရှိ နိုင်ငံရေးအရ အဆုံးတိုင် မဖြေရှင်းဘဲ စနစ်တကျ လက်နက်နဲ့ ဖြေရှင်း တိုက်လိုက်၊ နားလိုက် ရာစုဝက်ကျော် လုပ်ခဲ့သူများက အခု ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရေး စကားကိုပါ ပြောထွက်လာကြပါပြီ။  ခေတ်အဆက်ဆက် လယ်သိမ်း၊ ယာသိမ်း၊ မြေသိမ်း၊ ပြည်သူ့ပစ္စည်းကို လူတစ်စုပိုင် ဦးပိုင်၊ စစ်ပိုင် အမျိုးမျိုး လုပ်ခဲ့ကြသူများဟာ အခုဆိုရင် ပြည်သူ့အကျိုးစီးပွားကို ကာကွယ်မယ်ဆိုတဲ့ စကားအလှတွေ အာပေါင်အာရင်းသန်သန် ဆိုနေကြပါပြီ။  ထေရ်ကြီးဝါကြီး သိက္ခာရှိ သံဃာတော် ဆရာတော်ကြီးများကို နိုင်ငံရေး ရည်ရွယ်ချက်နဲ့ ခေတ်အဆက်ဆက် ထောင်ချ၊ ဖိနှိပ်၊ ဘုန်းကြီးကျောင်းသိမ်း၊ သိမ်ဖျက်၊ ဘုရားဖြို၊ သံဃာ မီးဗုံးခွဲ ကျည်ဆန် ဆွမ်းကျွေး၊ နံပါတ်တုတ် ပူဇော် လုပ်ချင်တိုင်း လုပ်ခဲ့သူများက အခုတော့ အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်သူ ဘုရား ဒါယကာ၊ ကျောင်း အလှူ့ရှင်ကြီးများ ပုံဖမ်း ဘာသာရေး၊ လူမျိုးရေးကို အသုံးချနေကြပါပြီ။
ဒီလို စနစ်၊ ဒီလို အဖွဲ့အစည်း၊ ဒီလို လူပုဂ္ဂိုလ်တွေဟာ အပေါ်ယံ ဝတ်စုံကလွဲလို့၊ စကားအရာကလွဲလို့ ကျန်တာဘာမှ မပြောင်းလဲသေးကြောင်းကလည်း လက်ရှိ အစိုးရသက်တမ်း ၄ နှစ်ကျော် အတွင်း ဖော်ဆောင်ခဲ့တဲ့ မူဝါဒတွေ၊ ကျင်သုံးခဲ့တဲ့ အကျင့်အကြံ အလုပ်တွေက သက်သေပြုခဲ့ပြီးပါပြီ။  လက်ပံတောင်းကအစ လက်ပံတန်း အဆုံး ဖြစ်စဉ် တွေမှာ မြင်နိုင်ပါတယ်။  လက်ပါးစေ လက်ကိုင်တုတ် လက်ပတ်နီများ၊ လုံထိန်းများရဲ့ အစွမ်းကလည်း ဦးစောခေတ် ဂဠုန်အတုတပ်အလား ကြမ်းရမ်းလှတာ တွေ့ခဲ့ပြီးပါပြီ။  ကိုပါကြီးကနေ အရီးမယ်ခင် အထိ၊ လယ်ထဲ ယာထဲ တောထဲ တောင်ထဲ ကနေ ရန်ကုန်မြို့လယ် ဆူးလေဘုရားဘေး အထိ ကြည့်နိုင်ပါတယ်။  လှိုင်သာယာ အလုပ်သမားအရေးက အစ ဂေါဝိန်ဆိပ်ကမ်း အဆုံး မြင်ကွယ်ကျယ်က ထင်ဟပ်စေပါတယ်။  အခုအထိ အလုပ်မဖြစ် သေနတ်သံညံနေဆဲ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို တိုင်တည် သုံးသပ်နိုင်ပါတယ်။
ဒီလို လူတွေ၊ ဒီလို သမိုင်းတွေကို အခု နိုဝင်ဘာ ရွေးကောက်ပွဲ အတွက် မဲဆွယ်ကြရာမှာ အလိုတော်ရိကြသူ ဘုန်းကြီး အုပ်စု တချို့နဲ့ လော်ဘီများက အမျိုးသားရေး အသံကောင်းဟစ်ကြတာ၊ လူထုလူအများစု အရေး ဖော်ဆောင်မယ် ဆိုတာ၊ ငြိမ်းချမ်းတဲ့ ပြည်ထောင်စု စစ်စစ်တည်ဆောက်မယ်ဆိုတာဟာ ထူးမခြားနား ဇာတ်ထုပ် မရယ်ရတဲ့ ပြက်လုံးကြီး တစ်ခုပါပဲ။
အခု ထွက်လာခဲ့တဲ့ ဘီဘီစီ ရုပ်သံ အမေးအဖြေပါ လက်ရှိ တပ်မတော်ခေါင်းဆောင်ရဲ့ သဘောကိုပဲ နောက်ဆုံးကြည့်ပါ။  စစ်တပ်က အနာဂတ် နိုင်ငံရေးကို ပါမယ်၊ ဦးဆောင်မယ်၊ ပြည်တွင်းစစ်တွေ မရပ်သရွေ့ စစ်တပ်က ပါနေရဦးမှာပဲ၊  သမ္မတလည်း သူ လုပ်ချင် လုပ်မယ် ဆိုပြီး ဆိုခဲ့တယ် မဟုတ်လား။  ဒါတွေအားလုံးဟာ တပ်မတော်ရဲ့ စစ်မှန်တဲ့ သဘောထားတွေပါပဲ။  ဘယ်တော့မှ မပြောင်းလဲခဲ့သလို နောင်လည်း ပြောင်းလဲဖို့ရာ ခက်လှပါတယ်။
ဒီလို လက်သင့်မခံစဖွယ် အခြေအနေကို လွှတ်တော်နိုင်ငံရေးကတဆင့် အတိုင်းအတာ တစ်ခုအထိ အဆင့်တစ်ခု တိုးအောင် ပြုပြင်ပြောင်းလဲဖို့ရာကတော့  လာမယ့် နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲပါပဲ။  လူထူလူအများဟာ ပယောဂ အစုံစုံ၊ သွေးထိုး ခြေထိုးမှု အဖုံဖုံ၊ ဝါဒဖြန့်မှု မိုးလိုးပြည့် မုသာဝါဒများကို နားလည်ဆင်ခြင်ကာ မဲဆန္ဒကနေ စနစ်တစ်ခုပြောင်းအောင် လုပ်ခွင့်ရှိပါတယ်။  အမြဲတမ်း တာဝန်ကျေ နိုင်ငံရေး ရေချိန် မြင့်တဲ့ လူထုကတော့ မဲလက်နက်ကို ကောင်းကောင်း အသုံးချနိုင်မှာ ယုံကြည်ပါတယ်။  ဒါပေမဲ့ ဒီမိုကရေစီ စကားပြော အမျိုးသားရေးဝါဒက အစွန်းရောက် တလွဲ အသုံးချခံနေရတဲ့ ခေတ်ကြီးမို့ သမိုင်းဆင်ခြင်မှုတစ်ခုထုတ် ပြင်ဆင်ထားနိုင်ရင် ပိုကောင်းပါမယ်။
အကောင်းဆုံး သမိုင်းဥပမာ သိမြင် ရမှာကတော့ ဆောင်းပါးမှာ တင်ပြခဲ့တဲ့ ‘မျိးချစ်အယောင်ဆောင် ဂဠုန်အတုဦးစော’ ဖြစ်စဉ်ပါပဲ။  ဦးစော အကျင့်၊ ဦးစော အကြံ၊ ဦးစော အလုပ်တွေကို နှစ်ငါးဆယ်ကျော် တစ်နည်းတစ်ဖုံနဲ့ ပြုလုပ်ခဲ့သူ အခုလည်း ‘ဒီမိုကရေစီအယောင်ဆောင် မျိုးချစ်အတု ကိုယ်ကျိုး အာဏာသမား ဒုတိယ၊ တတိယ ဦးစော၊ ပိုသာဆိုး ဦးစောတွေ’ ကို ၂၀၁၅ ရွေးကောက်ပွဲ အလွန် နိုင်ငံရေးမှာ သက်ဆိုးရှည်ခွင့်မပေးရအောင် လူထုနဲ့ ဒီမိုကရေစီ နိုင်ငံရေးသမားများ၊ တိုင်းရင်းသား လူမျိုးစု ခေါင်းဆောင်းများ အားလုံး ဟန်ချီညီ ပိုမို ပူပေါင်းဆောင်ရွက်ဖို့ လိုနေပါတယ်။
ဒါကြောင့် ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ တိုင်းပြုပြည်ပြုလွှတ်တော် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး မဲပေးမမှားကြရန် ၁၉၄၇ မတ်လ မြွက်ကြားချက် မိန့်ခွန်းကို ပြန်လှန်ဖတ်ကြပါ။  ၁၉ ဇူလိုင် သမိုင်းသွေးစွန်မှုနဲ့အတူ မျိုးချစ် ဂဠုန်အတုရဲ့ သမိုင်းဆိုး၊ ဝါဒါဆိုးတွေကို နမူနာယူ ဆင်ခြင်နိုင်ကြပါ။  ‘မျိုးချစ်စကားပြောလေ ကြောက်စရာကောင်းလေ’ ဖြစ်ကြောင်း သမိုင်းဉာဏ်အသိ ရှိကြပါ။  လူထုနဲ့ ဒီမိုကရေစီ နိုင်ငံရေးအုပ်စုများ ညီညွတ်မှုကို တည်ဆောက် ဒီမိုကရေစီနိုင်ငံအစစ် အသစ်ကို အမြန်ဆုံး တည်ဆောက်ကြစေဖို့ရာ သမိုင်းကိုသင်ခန်းစာထုတ်နိုင်ဖို့လိုကြောင်း တိုက်တွန်းနှိုးဆော်လိုက်ကြောင်းပါ ခင်ဗျား။
ငြိမ်းချမ်းအေး
ဇူလိုင် ၂၃၊ ၂၀၁၅ (စာပြီးရက်စွဲ)

 

(သည်လေဒီးစ် သတင်းဂျာနယ်၊ အတွဲ (၂)၊ အမှတ်စဉ် (၇၁)၊ (၂၀၁၅) ခုနှစ် ဇူလိုင် (၂၄) ရက်၊ သောကြာနေ့ထုတ်၌ ‘ဒီမိုကရေစီအယောင်ဆောင် ကိုယ်ကျိုး အာဏာသမားများကို ဆန့်ကျင်ကြ’ အမည်ဖြင့် ပုံနှိပ်ခဲ့သည်။  ယခု မိုးမခတွင် ‘မျိုးချစ်စကားပြောလေ ကြောက်စရာကောင်းလေ’ နံမည်ဖြင့် အွန်လိုင်း ဖြန့်ချိသည်။  ဆောင်းပါးပါ အာဘော် ကို ဝေဖန်ရန် လွတ်လပ်စွာ မှတ်ချက်ပြုနိုင်ပါသည်၊ nyeinchanaye81@gmail.com သို့လည်း စာရေးနိုင်ပါသည်။)
The Ladies News Journal Facebook စာမျက်နှာတွင်လည်း ဖတ်ရှုနိုင်ပါသည်။

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts