လူများ၊ ရုပ်ပုံလွှာများ လှကျော်ဇော လှကျော်ဇော

လှကျော်ဇော – ဗိုလ်ရန်အောင်


၁၉၄၅-ဇန္န၀ါရီလ-ရန်ကုန်။ နောက်တန်းဝဲမှယာ – ဗိုလ်မှူးမြင့်အောင် – ဗိုလ်မှူးဗထူး။
ရှေ့တန်းဝဲမှယာ- ဗိုလ်မှူးရန်အောင် – ဗိုလ်မှူးကျော်ဇော – ဗိုလ်မှူးရဲထွတ်
လှကျော်ဇော – ဗိုလ်ရန်အောင်
(မိုးမခ) ဇူလိုင် ၁၅၊ ၂၀၁၅

ဖေဖေတို့ ဂျပန်မှာ စစ်ပညာသင်ကြားကြစဉ်က သူ့ရဲ့ရင်းနှီးတဲ့ ရဲဘော်ရဲဘက်တွေထဲမှာ ဗိုလ်ရန်အောင်ပါရှိပြီး အဲဒီတုန်းက ဗိုလ်ရန်အောင်နဲ့ သူ့ဆက်ဆံရေးကို သူရဲ့ ကိုယ်ရေးအတ္ထုပ္ပတ္တိစာအုပ်မှာ အတော်ပြည့်ပြည့်စုံစုံ ရေးပြီးဖြစ်ပါတယ်။

အခု ကျွန်မရေးမှာကတော့ သူတို့တတွေ ရဲဘော်သုံးကျိပ်များအဖြစ် ဗမာပြည်ပြန်ရောက်ပြီး အဖြစ်အပျက် များဖြစ်ပါတယ်။
ဖေဖေတို့ တပ်မှူးငယ်အုပ်စုဟာ ဗမာပြည်ကြီး လွတ်လပ်ရေးရပြီးမှ အိမ်ထောင်ပြုကြမယ်လို့ ဆုံးဖြတ်ထားကြသတဲ့။ ဒါနဲ့ပဲ ဖေဖေက ဖဆပလ ဖွဲ့စည်းရေးအတွက် သခင်စိုးကို မြစ်ဝကျွန်းပေါ်က သွားခေါ်ဖို့ ဗိုလ်ချုပ်အောင်ဆန်းက ခေါ်ခိုင်းတဲ့အခါမှာ သခင်စိုးကဆီးပြီး ဖေဖေတို့ လာ ကြိုခေါ်တဲ့အုပ်စုကို နိုင်ငံရေးသင်တန်းပေးပါတယ်။ ဂျပန်မှာနေစဉ်ကတည်းက ဗမာပြည် ကွန်မြူနစ်ပါတီဝင်ဖြစ်ပြီးနေတဲ့ ဗိုလ်ရန်အောင်က ဖေဖေ့ကို ‘ခင်ဗျား ဗမာပြည်ပြန်ရောက်ရင် နိုင်ငံရေးသင်တန်း တက်ဖြစ် အောင် တက်ပါ’ လို့ တိုက်တွန်းဘူးသတဲ့။ ဖေဖေတို့က ကျောင်းသားဘဝက လိုက်လာ ရတာဖြစ်လေတော့ ဗမာပြည်ပြန် ရောက်လို့ ဗမာ့လွတ်လပ်ရေးရပြီးရင် ကျောင်းပြန်နေမယ်လို့ပဲ စိတ်ကူးထားတာကြောင့် နိုင်ငံရေးသင်တန်း တက်ရေးဆိုတာ နားလည်းမလည် သဘောလည်း မပေါက် ဖြစ်နေတယ်တဲ့။ သခင်စိုးနိုင်ငံရေး သင်တန်းတက်မှပဲ ဘာကြောင့်နိုင်ငံရေးသင်တန်း လိုအပ်တယ်ဆိုတာ သဘောပေါက်မိတယ်လို့ ဖေဖေက ပြောပြဖူးပါတယ်။

အဲဒီသင်တန်းက ဖေဖေကို သာမန်မျိုးချစ်စစ်သားလေးဘဝကနေ ရာသက်ပန် လူတန်းစား လွတ်မြောက်ရေးတိုက်ပွဲဝင် တော်လှန်ရေးသမားဘဝကို ပြောင်းလဲပေးလိုက်ပါတော့တယ်။ တဆက်တည်းမှာပဲ ပြည်သူတွေလွတ်မြောက်ဖို့ဆိုတာ ရေ ရှည်သွားရမယ့် လမ်းခရီးဖြစ်ကြောင်း သဘောပေါက်သွားတဲ့အတွက် အိမ်ထောင်ပြုရေးကိုလည်း စဉ်းစားလာမိပြီး ဖေဖေ ဂျပန်မသွားခင်ကတည်းက မေတ္တာမျှခဲ့တဲ့ မေမေနဲ့ လက်ထပ်ခွင့်ရဖို့ ကြိုးစားပါတော့တယ်။

စစ်အတွင်း စစ်သားတယောက်နဲ့ လက်ဆက်ပေးဖို့ သဘောမတူနိုင်တဲ့ မေမေ့မိဘများကြောင့် မေမေဟာ ဖေဖေမှာတဲ့အ တိုင်း အဖော်တယောက်ခေါ်ပြီး ဖေဖေရှိရာ ရန်ကုန်ကို ထွက်လိုက်လာပါတော့တယ်။

ဒီလိုနဲ့ ဖေဖေနဲ့မေမေကို ၁၉၄၅ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့မှာ ဆရာကြီး သခင်ကိုယ်တော်မှိုင်း သခင်မြ ဗိုလ်ချုပ်အောင် ဆန်းတို့က ဦးစီးပြီး အဲဒီတုန်းက နိုင်ငံခြားရေးဝန်ကြီး ဦးနုတို့ဇနီးမောင်နှံက လက်ထပ်ပေး လိုက်ကြပါ တော့တယ်။

အဲဒီလက်ထပ်ပွဲမှာ ဖေဖေရဲ့ လူပျိုရံများဟာ သူရဲ့ရဲဘော်သုံးကျိပ်ဝင် ရဲဘော်ရဲဘက်တွေဖြစ်တဲ့ ဗိုလ်ရန်အောင် ဗိုလ်မြင့် အောင်နဲ့ ဗိုလ်ရဲထွဋ်တို့ပါ။ အားလုံး လူပျိုကြီးတွေဖြစ်ပြီး ဖေဖေကို ဝိုင်းစကြ နောက်ကြနဲ့ အလွန်ပျော်ခဲ့ကြဆိုပဲ။ ဖေဖေရဲ့ လူပျိုည ကြက်သားကာလသားဟင်းချက် စားပွဲအကြောင်းကတော့ ဖေဖေရေးပြီးပြီပဲ။

ဗိုလ်ရန်အောင်ဟာ ဖေဖေနဲ့ မေမေ လက်ထပ်ပြီးနောက် ဖေဖေတို့နေတဲ့ ဦးဝိစာရလမ်းက အိမ်လေးကို လာလာလည်တိုင်း နောက်ပြောင်ရယ်မောပြောဆိုတတ်ပေမယ့် တခါတရံလည်း မေမေ့ကိုကြည့်ပြီး ငေးငိုင်မှိုင်တွေ သွားတတ်တယ်လို့ ဖေဖေ က ဆိုပါတယ်။ ဒါနဲ့ပဲ ဖေဖေက တနေ့မှာ ဗိုလ်ရန်အောင်ကို မေးကြည့်သတဲ့။ ခင်ဗျားက တခါတခါ မျက်နှာမကောင်းဘူး။ ကျွန်တော် အိမ်ထောင်ပြုတာပဲဖြစ်ဖြစ် ကျွန်တော် အိမ်ထောင်ဖက်ပေါ်မှာပဲဖြစ်ဖြစ် ခင်ဗျား ဘာအမြင်ရှိလို့တုန်း။ မကျေနပ် စရာရှိလည်း ပြောပြပါဗျာလို့ ဖေဖေက မေးသတဲ့။

ဒီတော့မှ ဗိုလ်ရန်အောင်က ဖြစ်ကြောင်းကုန်စင်ကို ပြောပြသတဲ့။

ဗိုလ်ရန်အောင်မှာလည်း ဖေဖေလိုပဲ ဇာတိနေရပ်မှာ ငယ်ရည်စားလေးရှိသတဲ့။ သူတို့တတွေ ဂျပန်က ပြန်ရောက်တော့ သူ့ ငယ်ရည်စားလေးက ရန်ကုန်ကိုလိုက်လာတယ်တဲ့။ အဲဒီကာလက သူတို့တတွေ အလုပ်တွေကလည်းများ ဘယ်သူမှလည်း အိမ်ထောင်မပြုကြ သေးတော့ (ဗိုလ်ချုပ်အောင်ဆန်းတောင် အိမ်ထောင်မကျသေးဘူးတဲ့) ဗိုလ်ရန်အောင်က သူ့ငယ်ရည်စား လေးကို တောပြန်စောင့်ဖို့ သူအလုပ်အကိုင်တည်ငြိမ်တော့ လာခေါ်မယ့်အကြောင်းပြောပြီး ပြန်လွှတ်လိုက်သတဲ့။ ကလေးမ လေးက ယောကျာ်းနောက်လိုက်မယ်ဆိုပြီး အိမ်ကထွက်လာတာဖြစ်လေတော့ ကိုယ့်မိဘရပ်ဌာန မပြန်ရဲတော့ပဲ နီးစပ်ရာ ဆွေမျိုးများရှိရာ တောအရပ်ဒေသတခုမှာ သွားခဏနေရာက အပြင်းဖျားပြီး ကွယ်လွန်သွားရှာပါတော့တယ်။

ဒါကြောင့် ဗိုလ်ရန်အောင်ကြီးက ဖေဖေနောက် စွန့်စွန့်စားစားလိုက်လာပြီး ဖေဖေနဲ့ ပျော်ပျော်ရွှင်ရွှင် လက်ထပ်လိုက်ရတဲ့ မေမေ့ကိုမြင်တိုင်း ကုသိုလ်ဆိုးလှတဲ့ သူ့ငယ်ရည်စားလေးကို သတိရ စိတ်မကောင်းဖြစ်မိတာလို့ ဆိုပါတယ်။

ဖေဖေရော မေမေရော ဒီအကြောင်းသိပြီးနောက်မှာ ဗိုလ်ရန်အောင်အပေါ် အလွန်သနားကြင်နာကြပြီး ဗိုလ်ရန်အောင် ဘယ်တော့အိမ်လာလာ  အလွန်ဂရုစိုက်ခဲ့ကြတယ်။ မေမေကလည်း မရှိရှိရာ ဟင်းကောင်းလေးတွေနဲ့ ထမင်းကျွေးလေ့ရှိတယ် လို့ ဖေဖေကပြောပြပါတယ်။

ဖေဖေရဲ့ အဲဒီဗိုလ်ရန်အောင်အပေါ် ကြင်နာစိတ်ဟာ တောက်လျှောက်ဆက်ရှိခဲ့ပုံရပါတယ်။ ဗိုလ်ရန်အောင် ရခိုင်ဘက်မှာ ငှက်ဖျားဖျားပြီးနောက်ပိုင်း ကယောင်ကတန်းဖြစ်လာမှုကိုကြားရတော့ ရခိုင်ငှက်ဟာ အတော်ဆိုးတာ ဦးနှောက်ငှက်ဖျား ဖြစ်သွားဟန်ရှိတယ်။ ဒါကြောင့် ဦးနှောက်ထိသွားပုံရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သာယာဝတီထောင်ထဲမှာလည်း ဆိုရှယ် လစ်ထောင်မှူးဝါဒါများဟာ မင်းလား ဂျပန်ပြန် ရဲဘော်သုံးကျိပ်ဆိုပြီး ရက်ရက်စက်စက် ရိုက်နှက်ခဲ့မှုကြောင့်လည်း ပိုဆိုးဝါး သွားဟန်ရှိတယ်လို့ ဖေဖေကပြောပါတယ်။ ဂျပန်မှာနေတုန်းကတော့ ဗိုလ်ရန်အောင်ကြီးဟာ အလွန်ထက်ထက် မြက်မြက် ရှိခဲ့သူပဲလို့လည်း ပြောပြပါတယ်။

ဖေဖေပင်စင်ယူပြီး ကျွန်မတို့ဆီဆုံလမ်းအိမ်လေးရောက်တော့ ဗိုလ်ရန်အောင်ရဲ့သားများ ဖေဖေကို လာတွေ့ပြီး သူတို့အဖေ ဓာတ်ပုံရှိရင် လိုချင်ကြောင်းလာပြောလို့ ဖေဖေက သူတို့ ဂျပန်စစ်ဝတ်စုံတွေနဲ့ရိုက်ထားတဲ့ သူတို့အဖေပါတဲ့ပုံတပုံ ထုတ်ပြ ပါတယ်။ သူတို့ယူသွားပြီး ကူးယူပါတယ်။ အဲဒီသားတွေကလည်း ဗိုလ်ရန်အောင်နဲ့ တပုံတည်းတူပါတယ်။ ဖေဖေကတော့ အသံပါတူတာဟဲ့လို့ ပြောပါတယ်။

ဒါတွေကတော့ ဖေဖေ အလွန်ခင်မင်ခဲ့တဲ့ ရဲဘော်ရဲဘက်ကြီး ဗိုလ်ရန်အောင်အကြောင်း တစေ့တစောင်းပါ။

၂၁-၁၁-၂၀ဝ၉။
ကျွန်မဆက်၍ရေးခြင်သော ဖေဖေအကြောင်းများ – ဆောင်းပါးအမှတ် (၅)။

ထပ်မံဖြည့်စွက်ချက်။

အထက်ပါဆောင်းပါးမှာ ဖေဖေမကွယ်လွန်မီက ရေးခဲ့တဲ့ဆောင်းပါးဖြစ်ပါတယ်။ ဖေဖေ ၂၀၁၂ အောက်တိုဘာ (၁၀) ရက်မှာ ကွယ်လွန်ပြီးနောက် ကျွန်မဖေဖေ အထိမ်းအမှတ်စာအုပ်စာတမ်းများထုတ်ဝေဘို့ ပြည်တွင်းရှိမိတ်ဆွေများမှတဆင့် ဖေဖေ့ စာအုပ်အဟောင်းများ ဖေဖေအကြောင်းပါဝင်တဲ့ သတင်းစာအဟောင်းစတာတွေကို စုဆောင်းခဲ့ပါတယ်။ အဲဒီထဲကနေ ဖေ ဖေနဲ့ ဗိုလ်ရန်အောင်တို့အကြားရှိခဲ့တဲ့ သံယောဇဉ်အတွယ်အတာကို စိတ်ထိခိုက်စဖွယ်မြင်တွေ့နိုင်တဲ့ သတင်းလေးတပိုဒ် ပါလာပါတယ်။ ပြန်လည်မျှဝေပါရစေ။

ငြိမ်းချမ်းရေးဆွေးနွေးပွဲများအတွက်  ရန်ကုန်သို့ရောက်ရှိနေသော ရဲဘော်ဌေးဦးဆောင်သည့် ဗမာပြည်ကွန်မြူနစ်ပါတီ ပ ဏာမကိုယ်စားလှယ်အဖွဲ့ဟာ ကျွန်မတို့ရဲ့စမ်းချောင်း ဆီဆုံလမ်းအိမ်လေးကိုလာပြီး ဖေဖေနဲ့ဆွေးနွေးပါတယ်။ အဲဒီဆွေး နွေးပွဲကိုသတင်းထောက်များ တက်ရောက်သတင်းယူကြပြီး ဆွေးနွေးသမျှတွေကို သတင်းစာတွေထဲမှာ အပြည့်အစုံ ထည့်သွင်းကြပါတယ်။ အဲဒီအထဲက နောက်ဆုံးအပိုင်းကလေးကို ဖေါ်ပြပါရစေ။

ဗိုလ်ချုပ်ကျော်ဇော ။ ။ ဗိုလ်ရန်အောင်ကြီးရဲ့ကျန်းမာရေးကောင်းပါရဲ့လား။

ရဲဘော်ဌေး ။ ။ ကျန်းမာပါတယ်။ သူရဲ့ဝန်ထုပ်ဝန်ပိုးနဲ့ သွားလာနိုင်တဲ့အခြေအနေမှာရှိနေပါပြီဟု ဖြေသည်။

ဗိုလ်ကျော်ဇောက ဗိုလ်ရန်အောင်ကြီးအကြောင်းမေးခြင်းမှာ ၁၉၆၁ ခုနှစ် ဗိုလ်ကျော်ဇောတို့လူစု နယ်တွေသွား၍ တရားဟော နေကြစဉ် တချိန်တွင် ဗိုလ်ရန်အောင်က သူမသေခင် ဗိုလ်ကျော်ဇောကို တွေ့ခြင်ပါတယ်။ ဗိုလ်ကျော်ဇော ရွာတရွာကို ဖြတ် သွားပါ။ ချောင်းကြည့်လိုက်စမ်းပါရစေဟု လူတယောက်ကိုမှာသည်။ ထိုလူက စာရေးဆရာ ဗန်းမော်တင်အောင်ကို ပြောလာ သည်။ ဗန်းမော်တင်အောင်က ငြိမ်းချမ်းရေးကို ထိခိုက်မည်စိုး၍ ဤကိစ္စ ဘာမှပြောမပြဘဲထားသည်။ လွန်ခဲ့တဲ့ ၆ လက ရန်ကုန်တွင် ဗိုလ်ကျော်ဇောအားပြောပြသည်။ ထို့ကြောင့် သူ့ကိုအာရုံပြုရှာသည့် ဗိုလ်ရန်အောင်ကြီး၏ ကျန်းမာရေးကို ကြုံ တုန်းကြုံခိုက် ဗိုလ်ကျော်ဇောက မေးခြင်းဖြစ်သည်။


(မြန်မာ့အလင်းသတင်းစာ။ ၁၉၆၃ စက်တင်ဘာလ ၁၂ ရက်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts