သူတို့အာဘော် ငြိမ်းချမ်းအေး

ငြိမ်းချမ်းအေး – ဖူးပွင့်ဝေသီ အနာဂတ်သစ်ဆီ

 
 ငြိမ်းချမ်းအေး – ဖူးပွင့်ဝေသီ အနာဂတ်သစ်ဆီ
(မိုးမခ) ဇူလိုင် ၁၅၊ ၂၀၁၅

ဂျွန်လရဲ့ မိုးရေများနဲ့အတူ၊ ဂျူလိုင်ရဲ့ စိမ်းလန်းခြင်းများနဲ့အတူ တိုင်းပြည်ရဲ့ အကြီးကျယ်ဆုံး သယံဇာတရတနာ ကျောင်း သားလူငယ်ကလေးများရဲ့ အနာဂတ်ကို ဆွဲဖွင့်ပေးနိုင်စွမ်းတဲ့ ကျောင်းဖွင့်ရာသီ..။

ပန်းကလေးများ ပွင့်တော့မည်
ဖူးတံဝင့်လို့ချီ
နေခြည်မှာ ရွှေရည်လောင်း
ငါဒို့ စာသင်ကျောင်း…။

ကဗျာဆရာ ပျဉ်းမနားမောင်နီသင်း (ပညာရေး သုတေသနအဖွဲ့ဦးစီးဌာန သုတေသနအရာရှိ ညွှန်ကြားရေးမှူး အငြိမ်းစား ဦးတင်ဝင်း) ရဲ့ ‘ဒို့ကျောင်း..’ ကဗျာလေးအတိုင်းပေါ့..။  ဖူးချင်၊ ပွင့်ချင်ဖြစ်နေတဲ့ အညွန့်တလူလူနဲ့ ကလေးငယ်လေးများရဲ့ ဘဝအနာဂတ်အတွက် မြေတောင်မြှောက် ပြုစုပျိုးထောင်ရာ၊ ပညာအလင်းရောင်ဖြာကျရာ ကျောင်းတံခါးဖွင့်ချိန်။

ဒါပေမဲ့ ဒီလို ရွှေရောင်အနာဂတ်ဆောက်တည်ရာ အရေးကြီးရက်စွဲများမှာပဲ 7th July လို လူငယ်တွေရဲ့ အသက်၊ ဘဝ၊ အနာဂတ်ကို တက္ကသိုလ်သမဂ္ဂအဆောက်အအုံနဲ့အတူ ကြေမွပျက်စီးခဲ့ရတဲ့ သမိုင်းလည်း ရှိခဲ့ဖူးတယ်။  သြဂတ်စ်လရဲ့ မိုးရေစက်များနဲ့အတူ လူငယ်အများအပြား သွေးမြေကျကာ သီချင်းရေးဆရာ/ကဗျာဆရာ နိုင်မြန်မာရဲ့ သွေးမော်ကွန်း ကမ္ပည်းကို နာနာကြည်းကြည်းထိုးခဲ့ရတဲ့ ရှစ်လေးလုံး သွေးစွန်းနေ့ရက်များကိုလည်း တိုင်းပြည်ဟာ ကြေကွဲဖွယ်၊ ခံပြင်းဖွယ်  ဖြတ်သန်းခဲ့ရဖူးတယ်။

ပညာနေခြည်ရွှေရည်မပက်ဖျန်းဘဲ ကျည်ဆန်မိုးတွေရွာ၊ နံပါတ်တုတ်တွေဖြာ၊ ကျောင်းတံခါးဝင်းတွေလည်း သံဆူးကြိုး တွေကာခံထိခဲ့ရတယ်။  နေခြည်မှာ ပညာရွှေရည်လောင်းပေးရမယ့် ကျောင်းတော်ကြီးများက ကျောင်းသားငယ်များကို ရင်ဖွင့်လို့မကြိုနိုင်ဖြစ်ခဲ့ရတယ်။  ပညာရပ်ဝန်းစိမ်းလန်းခြင်းနဲ့အတူ ပညာဂုဏ်ရောင်ထွန်းပြောင် ရဲရင့် ပွဲလယ်တင့်ကာ ဖူးရ ပွင့်ရတော့မယ့် ကျောင်းသားငယ်အများအပြားဟာ မြေမှာနင်းခြေခံရတဲ့ စိန်ပန်းနဲ့ ကံ့ကော်ပန်းခြောက်တွေအလား ထောင် ထဲတန်းထဲမှာ၊ တောထဲတောင်ထဲမှာ လမ်းတွေပျောက်၊ ဘဝတွေ ညှိုးခြောက်ခဲ့ရတယ်။  အနာဂတ် လွတ်လပ်ခြင်း၊ တရားမျှ တခြင်း၊ ဒီမိုကရေစီ ဘုရားအတွက် ကျောင်းသားလူငယ်များရဲ့ ကျောတွေ တံတားထိုး ပေါင်းကူး ဘဝတွေ၊ ချွေးတွေ၊ သွေး တွေ ပေးဆပ် ချနင်းခံခဲ့ရတယ်။

လွန်ခဲ့တဲ့ နှစ်ငါးဆယ်ကျော်၊ လွန်ခဲ့တဲ့ နှစ်အစိတ်ကျော်ကနေ မျက်မှောက်ခေတ်တိုင် မပြောင်းလဲသေးတဲ့ ဒီလိုအနေအထားကို ၂၀၁၅ မတ်လ လက်ပံတန်းကျောင်းသားအကြမ်းဖက်မှုက သက်သေပြခဲ့တယ်။  ဒီမိုကရေစီပညာရေးအတွက် ခရီးရှည်ချီ တက်တိုက်ပွဲဝင်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင်များ ထောင်ထဲက မထွက်ရသေးတဲ့ အဖြစ်က ထင်ဟပ်ဖော်ပြနေ တယ်။  နှစ်ကာလများဖြတ်သန်း ထောင်စုနှစ်တွေမတူတော့ပေမဲ့ ကျောင်းသားကို ရန်သူလိုသဘောထား ဖိနှိပ်၊ ပညာရေးစနစ်ကို လိုသလို ကြိုးကိုင်ချုပ်ခြယ်လိုခြင်းကတော့ အတူတူပါပဲ။

လွန်ခဲ့တဲ့ ထောင်စုနှစ်ရဲ့ ရာစုဝက်ကျော်ကစခဲ့တဲ့ နိုင်ငံရေးအာဏာအတွက် ပညာရေးသင်းကွပ်ခဲ့မှုဒဏ်၊ ကျောင်းသားကို သူပုန်လို့မြင် နှိပ်ကွပ်၊ ပညာရေးစနစ်နဲ့ရပ်ဝန်းကို စနစ်တကျဖျက်ဆီးခဲ့တဲ့ အကျိုးဆက်ဟာ လက်ရှိမြင်နေတဲ့ တိုင်းပြည်ပါ။  ကျန်းမာ၊ ပညာ၊ လူမှု၊ စီးပွား၊ အနုသုခုမ အရာရာ ဆုတ်ယုတ်ကျဆင်းပျက်စီးခဲ့ရတယ်။

မင်းဆိုး မင်းယုတ် စနစ်ဆိုး အုပ်ချုပ်သော ကာလ၀ိပတ္တိကြီးမှာ ရန်သူမျိုးငါးပါးစာရင်းဝင် မင်းဆိုးများရဲ့ တုတ်၊ ဓား၊ သေနတ် လက်နက်အားကြီးသူ ဘုရင်လုပ်စတမ်း အပြုအမူကြောင့် တနည်းဆိုရသော် သတ္တန္တရကပ်ဆိုက်ခဲ့မှုကြောင့် ရောဂဘယ ထူပြော ခွေးကိုက်သေ၊ ခြင်ကိုက်သေ၊ ဝမ်းလျှော်သေ၊ သေကြေပျက်စီးခြင်းအပြည့်နဲ့ ရောဂန္တရကပ်လည်း နောက်ဆက်တွဲ လိုက်ခဲ့ရတယ်။  တိုင်းပြည် ဓနစီးပွားလည်း မတည်ဆောက်နိုင် ဆန်ရေစပါးရှားပါး လူအများ ငတ်မွတ်ခေါင်းပါးမှုအတိနဲ့ ဒုဗ္ဘိက္ခန္တရကပ်ဆိုးလည်း ဝင်ခဲ့၊ ဝင်နေရတယ်။  လူအများခမျာ အပါယ်လေးပါး စာရင်းဝင် ငရဲ၊ တိရိစ္ဆာန်၊ ပြိတ္တာ၊ အသူရ ကာယ်ဘုံသားဘဝ  လူညွှန့်တုံးကာ ရောက်ရှိနေရတယ်။

ဒီလိုနဲ့ ဘုရားရှင်ရဲ့ အဆုံးအမတွေ ဖြစ်တဲ့ ဗုဒ္ဓဝါဒ မဇ္ဈိမပဋိပဒါနဲ့ မေတ္တာတရားကို အမှန်တကယ် သိမြင်လိုက်နာကျင့်ကြံ လက်ကိုင်ထားနိုင်စွမ်းနည်းတဲ့ အသိဉာဏ်ကင်းမဲ့သူများရဲ့ ရပ်ပြစ်ရှစ်ပါးစာရင်းဝင် နေရာဒေသတိုင်းပြည်လည်း ဖြစ်နေ တယ်။  အစွန်းရောက်တရားတွေ ကြီးစိုးနေတယ်။  ငြိမ်းချမ်းရေးတရားသံမညံ၊ လူမျိုး/ဘာသာ မတူသူချင်း မုန်းတီးမှုများ အပြည့်နဲ့ ပြည်တွင်းစစ်မီးဖြာ ပဋိပက္ခတွေကြာနေခဲ့ရတယ်။

နောက်ဆက်တွဲ ကိုယ်ကျင့်သီလတွေလျော့ရဲ၊ အယူတွေပျက်စီး သီလ ဒိဌိဗျသန ပေါင်းစုံလည်း ဝမ်းနည်းဖွယ် ဝင်နေရတယ်။  နောက်ဆုံးမှာတော့ သံသရာအတွက် လောကုတ္တရာအကျိုးအလို့ငှာလည်း မဂ်တရား၊ ဖိုလ်တရား မကျင့်ကြံနိုင်၊ သီလ၊ သမာဓိ၊ ပညာခန်း မတည်ဆောက်နိုင် လူအများမှာ ဖြစ်နေရတယ်။  လူအများ နံနက်ချိန်ခါတိုင်း သြကာသ ကန်တော့ချိုးမှာ ထည့်သွင်းဆုတောင်း တိုင်တည်ရာအားလုံး လက်တွေ့လောကီမှာ မတည်တံ့နိုင်ဖြစ်နေရရှာတယ်။

ဘာသာရေးအလိုအရ မျှော်ရည်ရတဲ့ ရုပ်၊ နာမ် နှစ်ခုလုံး ဖြစ်မှုပျက်မှု ချုပ်ငြိမ်း ဆိတ်သုဉ်းရာက နိဗ္ဗာန်ပါ။  လူ့ဘောင်လောကမှာ ရုပ်၊ နာမ် နှစ်ပါးလုံး ကာယ စိတ္တ အာဟာရ ပြည့်မီရာ၊ အလိုဆန္ဒအားလုံး ချုပ်ငြိမ်း ကင်းလွတ် ‘Freedom From Want’ အမှန်ဖြစ်ရာ၊ ပြည်သူလူထု အများစုရဲ့ စားဝတ်နေရေး ဖူလုံ၊ ချမ်းသာကြွယ်ဝမှု လူတမ်းစေ့ တန်းဝင်အောင် စွမ်းဆောင် နိုင်ရာကတော့ အားကြီးသူ နိုင်ရာမစားတဲ့၊ လူလူချင်း မဖိနှိပ်တဲ့၊ ကပ်ပေါင်းစုံကင်းဝေစေတဲ့ ဒီမိုကရေစီ နိဗ္ဗာန်ချမ်းသာရာ စနစ်အဖွဲ့အစည်းပါပဲ။  ဒီလွတ်မြောက်ရာလမ်းကိုတော့ ပြည်သူ့အတွက် ပြည်သူက အမှန်တကယ် ရွေးချယ်တင်မြောက် နိုင်စွမ်းတဲ့ ပြည်သူ့အစိုးရစစ်စစ်တွေကသာ စွမ်းဆောင်လမ်းညွှန်ခေါ်ဆောင်ပေးနိုင်ပါတယ်။

မျက်မှောက်မြန်မာ့နိုင်ငံရေး အနေအထားကတော့ ဒီလို လူထုအစိုးရစစ်စစ် ဒီမိုကရေစီ ပေါက်မြောက်ရာလမ်းကို ဦးတည် မနေပါဘူး။  လက်သင့်ခံဖွယ်ရာ အနေအထား တခုတောင် မရှိပါဘူး။  စစ်ဗိုလ်ချုပ်ဟောင်းများ အာဏာတည်မြဲရေးအတွက် အမျိုးမျိုး  အဖုံဖုံ တယောက်တမျိုး လှည့် စကားတွေ ဗလာင်းဗလဲတွေ ဆိုလိုက်၊ အလုပ်ဆိုးတွေ ထုံးစံမပျက် လုပ်လိုက်၊ အကျင့်ဆိုးတွေ ရိုးရာမပျက် ဖော်ပြလိုက်နဲ့သာ နောက်ဆုံး အရပ်သား အမည်ခံ စစ်တစ်ပိုင်း အစိုးရသစ် သက်တမ်းကုန်ခဲ့ရပါပြီ။  နောင် ၅ နှစ်လည်း အလုံးစုံ မပြောင်းလဲနိုင်ပါဆိုတာကိုလည်း ထင်ထင်ရှားရှားပြသခဲ့ပါပြီ။

ခေတ်အဆက်ဆက် လမ်းပေါ်မှာ၊ မဲရုံတွေမှာ သမိုင်းပေးတာဝန်အမြဲကျေခဲ့တဲ့ လူထု လူအများရဲ့ နိုဝင်ဘာ ၈ ရက် မဲလက်နက်ကကော ဘယ်လောက် ထိရောက် လိုရာပန်းတိုင် နီးစေပါမလဲ။  ခေတ်တိုင်းမှာ အမြဲတက်ကြွလှုပ်ရှားနေတတ်တဲ့ လူငယ်မျိုးဆက်သစ်ကပဲ အခုလည်း တိုင်းပြည်ရဲ့ အကြီးမားဆုံး မျှော်လင့်ချက် ဖြစ်နေကြောင်းကို ပြီးခဲ့တဲ့ လွှတ်တော် နိုင်ငံရေးဖြစ်စဉ်က ပြသနေပါတယ်။  ပန်းကလေးများ ဖူးပွင့်ဖို့ရာ၊ ငါဒို့စာသင်ကျောင်းတွေ နေခြည်မှာ ရွှေရည်လောင်းဖို့ရာ မျိုးဆက်သစ်ကပဲ ကိုယ့်ပျိုး ကိုယ်ကြဲ၊ ကိုယ်တိုင်စိုက်ပျိုးရမှာဖြစ်ကြောင်းကို ၂၀၁၅ နိုဝင်ဘာ အလွန် မြန်မာ့နိုင်ငံရေး အခင်းအကျင်းက ဆက်လက်ပြသပါဦးမယ်။

ဒါကြောင့် အပါယ်လေးပါး ကင်းလွတ်ရာ၊ ရန်သူငါးပါးနဲ့ ဝေးရာ၊ ကပ်ကြီးသုံးပါးကင်းရာ၊ ငြိမ်းချမ်းရေးနဲ့ မေတ္တာတရားရှင်သန်ရာ၊ ကိုယ့်လူမျိုး၊ ကိုယ့်တိုင်းပြည် ကမ္ဘာတန်းဝင် ဂုဏ်တင့်ဖို့ရာ တည်ဆောက်ရမယ့် ဒီမိုကရေစီ လောကီနိဗ္ဗာန်ကို အမှန်မျက် မှောက်ပြုဖို့ကတော့ မျိုးဆက်သစ်ရဲ့ ရုန်းအားသာ အခရာ ဖြစ်ပါမယ်။  မဲရုံမှာ ကျောင်းသား ပြည်သူ လူထုလူအများနဲ့ လူထု နိုင်ငံရေးသမားစစ်စစ်များ သမမျှတ နားလည်မှုရှိဖို့လိုသလို၊ မဲရုံပြင်ပ လမ်းပေါ်မှာလည်း ရဟန်း ရှင်လူ ညီညွတ်ဖို့ လိုပါ တယ်။  နေခြည်မဖျန်း၊ ရွှေရည်မလောင်းဘဲ ဇွန်၊ ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာ၊ နိုဝင်ဘာ လအစဉ်အဆက် တိုင်းပြည်ရဲ့ အရှင်သခင် ပြည်သူနဲ့ တိုင်းပြည့်ရင်သွေးကျောင်းသားကို သွေးဖြင့် ပေကျံစေတဲ့ သမိုင်းတပတ်လည်းခြင်းမျိုးလည်း မဖြစ် အောင် ခေါင်းဆောင်များ စနစ်တကျ စီမံဦးဆောင်ပေးရမည် ဖြစ်ကြောင်း ဖူးပွင့်ဝေသီ အနာဂတ်သစ်ဆီ မျှော်ရည် ရေးသားလိုက်ကြောင်းပါ။

ငြိမ်းချမ်းအေး
ဇူလိုင် ၁၅၊ ၂၀၁၅
(ဆက်သွယ်ရန်နှင့် ပြန်လည်ဝေဖန်ရန် – nyeinchanaye81@gmail.com)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts