သူတို့အာဘော်

မောင်မောင်စိုး – ငြိမ်းချမ်းရေး ဤခရီး နီးပါ၏လော – အပိုင်း (၄)

မောင်မောင်စိုး – ငြိမ်းချမ်းရေး ဤခရီး နီးပါ၏လော – အပိုင်း (၄)
(မိုးမခ) ဇူလိုင် ၁၂၊ ၂၀၁၅

• SSPP/SSA နှင့် တိုက်ပွဲများ
လက်ရှိ SSPP/SSA အား နာယက စဝ်ဆေထင် ဥက္ကဌစဝ်ပန်ဖ ဒုဥက္ကဌ စဝ်ခေတိုင်းတို့ဦးဆောင်ပြီး ဌာနချုပ်မှာ ရှမ်းမြောက် မိုင်းရယ်နှင့်မိုင်းနောင်ကြားရှိ ဝမ်ဟိုင်းတွင်ဖြစ်သည်။ SSPP/SSA မှာ ၁၉၉၀ ခန့်ကပင် အစိုးရနှင့် ငြိမ်းချမ်းရေးယူထား သောအဖွဲ့ဖြစ်သော်လည်း SSA ခေါင်းဆောင် စဝ်ဆေထင် အဖမ်းခံရခြင်း ၂၀၀၉ နောက်ပိုင်းတွင် ပြည်သူစစ်အဖြစ်ပြောင်း
ရန် ဖိအားပေးခံရခြင်းကြောင့် အစိုးရနှင့်ပြန်လည်တင်းမာမှုများဖြစ်ပွားခဲ့သည်။ လက်ရှိတွင် NCCT အဖွဲ့ဝင်ဖြစ်သည်။

လတ်တလောတွင် ၂၀၁၅ ဇွန်လ ၄ ရက်ပတ်ဝန်းကျင်ကလွယ်လင်ခရိုင်ကျေးသီးမြို့နယ်နှင့် ယခင် SSA ဌာနချုပ်ဟောင်း စိန်ကျော့အားဆက်သွယ်သည့် တာဖားဆောင်းတံတားအနီးတပ်စွဲထားသော SSA စခန်းများ အစိုးရစစ်တပ်မှ လာရောက် ဖယ်ရှားခိုင်းရာမှ နှစ်ဖက်တပ်များကြား တင်းမာမှုဖြစ်ပွားခဲ့သည်။ ၎င်းတံတားမှာ ၂၀၁၁ SSA မှ ပြည်သူစစ်အဖြစ်လက်မခံသည့်ကာလကအစိုးရတပ်က ဖောက်ခွဲဖျက်ဆီးခဲ့ပြီး ယခုနောက်ပိုင်းတွင် SSA မှပြန်ဆောက်ထားခြင်းဖြစ်သည်။

၂၀၁၁ ဇွန် 27/28 ရက်တွင် အစိုးတပ်မှ တာဖါးဆောင်းအနီးရှိ SSA စခန်းအားလာရောက်တိုက်ခိုက်ခဲ့ရာ ၂ ရက်တိုင် တိုက် ပွဲပြင်းထန်စွာဖြစ်ပွားပြီး အစိုးရတပ်မှ ၈ ဦးကျ၍ ၁၂ ဦးဒဏ်ရာရသည်ဟု SSA မှ ပြောဆိုခဲ့သော်လည်း အစိုးရဖက်မှ မည် သည့်သတင်းမှ ထုတ်ပြန်ခြင်းမရှိခဲ့ပါ။

၂၀၁၅ ဇွန် ၁၁နှင့် ၁၂ ရက်များတွင်လည်း မိုင်းရှူးမြို့နယ် ဖိုးဖွားတောင်ပေါ်ရှိ SSA စခန်း ၂ ခုအား အစိုးရတပ်မှ လာရောက် တိုက်ခိုက်သဖြင့် SSA  မှ ဆုတ်ပေးခဲ့ရသည်ဟုဆိုပါသည်။ SSPP/SSA နှင့် UPWC တို့၏ အပစ်ရပ်ရေး ပဏာမသဘော တူချက်ကို ၂၀၁၂ ရပြီးသည်မှ ၂၀၁၄ မတ်လထိ SSPP/SSA နှင့်အစိုးရတပ်များတိုက်ပွဲ ၁၀၀ ကျော်ဖြစ်ပွားခဲ့ပြီး ဝမ်ဟိုင်းဌာန ချုပ်အနီးရှိ အရေးကြီးစခန်းများအပါ စခန်း ၂၀ နီးပါးစွန့်လွှတ်ခဲ့ရသည်ဟု ဆိုပါသည်။ ငြိမ်းချမ်းရေးတည်ဆောက်ဆဲကာလ တွင် စစ်ရေးအရ ဖိအားပေးတိုက်ခိုက်ခြင်းသည် တဖက်နှင့်တဖက်ယုံကြည်မှု ပျက်ပြားနိုင်သည်ဟု SSA မှ ဗိုလ်မှူးကြီးပန်ဖက ဆိုပါသည်။

• RCSS/SSA
ရှမ်းပြည်တောင်ပိုင်းရှိ ဗိုလ်ရွက်ဆစ်ဦးစီးသော ရှမ်းလက်နက်ကိုင်အဖွဲ့ဖြစ်ပြီး လွယ်တိုင်းလျန်တွင် ဌာနချုပ်ရှိသည်။ ၂၀၁၁ ဒီဇင်ဘာလတွင် တောင်ကြီး၌ ပဏာမ အပစ်ရပ်ရေးလက်မှတ်ရေးထိုးခဲ့သည်။၂၀၁၅ ဖေဖဝါရီ ၁၂ ရက်နေ့တွင် သမတ ဦးသိန်းစိန်ပါဝင်လက်ရေးထိုးသော ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး ကတိပြုစာချုပ် Deed of commitment တွင် ပါဝင်လက်မှတ်ထိုးခဲ့သည်။

၂၀၁၅ ဇူလိုင်လ ၃ ရက်နေ့ RCSS ၏ထုတ်ပြန်ချက်အရတိုက်ပွဲများ ပြန်မဖြစ်ရန် သဘောတူညီချက် ၃၁ ချက်ကို ဆုပ်ကိုင် သွားမည်ဟုဆိုသည်။ တပ်များလက်ရှိရောက်ရှိရာတွင် အပစ်ရပ်မည်။ နိုင်ငံရေးဆွေးနွေးပွဲမကျင်းပမှီ လူထုနှင့်လည်းကောင်း နိုင်ငံရေး နှင့်ပတ်သက်သည့် stake holder များနှင့်လည်းကောင်း လွတ်လပ်စွာတွေ့ဆုံသွားမည်ဟုဆိုသည်။

RCSS နှင့်အစိုးရတပ်များ ထိပ်တိုက်တွေ့သည့် သတင်းမကြားရပါ။ ၂၀၀၉ မှစ၍ ပြန်လည်တင်းမာခဲ့သော UWSA ၁၇၁ စစ်ဒေသမိုင်းဆတ် ပုံပါကျင်ဒေသနှင့်နီးသဖြင့် RCSS ကိုကြားထားသည့်သဘောဖြစ်နိုင်သည်ဟု စစ်ရေးအကဲခတ်များက ဆိုကြပါသည်။

၂၀၁၅ မေလလယ်ခန့်က လွိုင်လင် နမ့်စန်မြို့နယ်အတွင်းရှိရွာများသို့ RCSS မှ လူသစ်စုဆောင်းမှုပြုလုပ်ရာ တရွာလျှင် ၅၀ မှ ၇၀ ကြားစုဆောင်းခဲ့သည်ဟု ဆိုသည်။ ထို့ကြောင့် နမ့်စန်မြို့နယ်အတွင်းမှ ရွာ ၈ ရွာခန့်မှ အရပ်သား ၇၀၀ ခန့် နမ့်စန် ဟိုပုန်း တောင်ကြီးမြို့များသို့ပြေးလာသည်ကိုတွေ့ရသည်။ ပုံမှန်အားဖြင့် အစိုးရအနေနှင့် လက်နက်ကိုင်အဖွဲ့များ လူသစ်စု ဆောင်းသည်ကို သဘောကျလေ့မရှိသော်လည်း RCSS လူသစ်စုခြင်းနှင့်ပတ်သက်ပြီး တစုံတရာမှတ်ချက်ပေးခြင်းမျိုး မ တွေ့ရပါ။

• DKBA
DKBA အဖွဲ့မှာ ၁၉၉၄ တွင်KNU မှခွဲထွက်ခဲ့သောအဖွဲ့ဖြစ်သည်။ ၂၀၁၀ BGF နယ်ခြားစောင့်တပ်ဖွဲ့ရာတွင် ဗိုလ်စောလာ ပွယ်နှင့် အင်အား ၅၀၀ ခန့်မှလက်မခံဘဲ မြဝတီမြို့ကို သိမ်းပိုက်ရာမှအစိုးရနှင့် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သည်။ အစိုးရနှင့်တိုက်ပွဲပြန်ဖြစ်ပြီးနောက်ပိုင်း KNU နှင့် တိုက်ပွဲဖြစ်ခြင်းမရှိတော့။ ၂၀၁၂ တွင် KNU တို့နှင့် မရှေးမနှောင်း အပစ်ရပ်ခဲ့သည်။ စခွဲထွက်စဉ်က အင်အား ၅၀၀ ခန့်သာရှိသော်လည်း လက်ရှိအချိန်တွင် အင်အား၁၅၀၀ ခန့်ရှိပြီး ဗျူဟာ ၃ ခုခွဲ၍ လှုပ်ရှား နေသည်ဟုဆိုသည်။ ဗျူဟာတခုသည် လှိုင်းဘွဲ့မြို့နယ်အတွင်းတွင်၎င်း ဗျူဟာ ၂ ခုသည် ကော့ကရိတ် မြဝတီ ကြာအင်း ဆိပ်ကြီး မြို့နယ်များအတွင်းလှုပ်ရှားသည်ဟုဆိုသည်။ ဌာနချုပ်မှာ ဝေါလေ ခေါ် ဆုံဆည်းမြိုင်တွင်ရှိသည်ဟု ဆိုသည်။

DKBA တပ်ဖွဲ့နှင် အစိုးရတပ်များသည် ၂၀၁၅ ဇူလိုင် ၂ ရက်တွင် စတင်တိုက်ပွဲဖြစ်ပွားခဲ့သည်။ ကော့ကရိတ်နှင့်မြဝတီကြားအာရှလမ်းမကြီးဘေးရှိ DKBA ကောင်းမူစခန်းမှ စတင်၍ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟုဆိုသည်။အဆိုပါ ကောင်းမူစခန်းမှာ ယခင်တောတွင်းစခန်းသာဖြစ်သော်လည်း အာရှလမ်းမကြီးဖြတ်ဖေါက်ပြီးသောအခါ ကားလမ်းဘေးသို့အလိုလျောက်ရောက်သွားသည်။ထိုလမ်းမတလျောက်တွင် KNU/ KNU-KNLA.PC/ DKBA/BGFများကနေရာယူပြီး အခွန်ကောက်ကြရာ ပြည်နယ်ဝန်ကြီးချုပ်ကညှိနှိုင်းဖြေရှင်းရန် အစည်းအဝေးခေါ်ထားဆဲကာလဖြစ်သည်။

ညှိနှိုင်းမှုမစမှီ ဇူလိုင် ၂ ရက်နေ့ တိုင်းမှူးခရီးစဉ်အတွက် လုံခြုံရေးလာသော စစ်ကြောင်းမှDKBA တပ်ဖွဲ့အား ကောင်းမူ စခန်းမှဖယ်ခိုင်းရာမှ စတင်တိုက်ပွဲဖြစ်ပွားခဲ့သည်။ ဇူလိုင် ၂ ရက်နေ့မှစတင်၍ နေ့စဉ်တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားပြီး အစိုးရတပ်မှစကခ ၁၂ အပြင် တပ်မ ၂၂ နှင့် တပ်မ ၄၄ မှ လက်အောက်ခံတပ်များဖြည့်တင်းခဲ့သလို ဇူလိုင် ၇ ရက်ခန့်မှစ၍ BGF မှ ဗိုလ်စောချစ်သူနှင့် တပ်ဖွဲ့များပါဝင်လာသည်ကို တွေ့ရသည်။

တိုက်ပွဲဖြစ်ပွားစဉ် ဇူလိုင် ၃ ရက်မှစပြီး ကော့ကရိတ်နှင့် ဘားအံမြို့များတွင် ညှိနှိုင်းမှု ၅ ကြိမ်ခန့်ပြုလုပ်ခဲ့ကြသော်လည်း မ အောင်မြင်ခဲ့ပေ။ ဆွေးနွေးညှိနှိုင်းရာတွင်ပါဝင်သော ဦးဆောင်ဆရာတော်တပါး၏အဆိုအရ DKBA ကပြောလို့ရတယ် မခက် ဘူး။ ဒါပေမဲ့ အစိုးရတပ်ဖက်ကိုပြောလို့မရဘူး အပြတ်ရှင်းဘို့ဘဲ ပြောနေတယ်ဟုဆိုပါသည်။ သို့နှင့် အစိုးရတပ်မှ အင်အား ဖိ၍ နေရာ ၈ နေရာခန့်တွင်တိုက်ခဲ့ပြီး ကောင်းမူစခန်းအား ဇူလိုင်၈ ရက်တွင် သိမ်းနိုင်ခဲ့ပြီး ဒေါနတောင်ပတ်လမ်းအား ဇူလိုင် ၉ ရက်နေ့တွင်လည်းကောင်း ဇူလိုင် ၁၀ ရက်တွင် အာရှလမ်းကြီးအား မနက် ၆ နာရီမှ ည ၆ နာရီအထိအချိန်အကန့်အသတ်ဖြင့် ဖွင့်ပေးခဲ့သည်။ သို့သော် မိုင်းများမရှင်းရသေး၍ ကားလမ်းဘေးသို့မဆင်းရန် သတိပေးထားသည်။

အစိုးရတပ်များက ရှေ့ကတိုက်ပြီး လမ်းကြောင့်းလုံခြုံရေးအား စောချစ်သူဦးစီးသော BGF တပ်များက နေရာယူထားသည် ကိုတွေ့ရသည်။ DKBA တပ်များမှာ ကားလမ်းနောက်ဖက်ဆုတ်၍ နေရာယူထားသော်လည်း တိုက်ပွဲများရပ်မသွားသေးဘဲ ဇူလိုင် 9/10/11 နေ့များတွင်လည်း ဆက်ဖြစ်နေသည်ကိုတွေ့ရသည်။ DKBA အနေနှင့် ကောင်းမူစခန်းစခန်းမှ ဆုတ်ပေး လိုက်သော်လည်း ကော့ကရိတ်မြို့နယ်အတွင်း၌ပင်ရှိနေသေး၍ တိုက်ပွဲပြီးပြီဟု မဆိုနိုင်သေးဟု စစ်ရေးကျွမ်းကျင်သူများကဆိုကြပါသည်။

KNU/KNLA PC မှ ဗိုလ်ချုပ်နာဒါမြက ကရင်ပြည်နယ်အတွင်းမှာ အစိုးရတပ်၏လှုပ်ရှားမှုတွေ တပ်အပြောင်းအရွှေ့တွေ တိုးပြီးပြုလုပ်နေသည်ဟု ဆိုပါသည်။ ထိုသို့ပြုလုပ်နေ၍ တိုက်ပွဲဖြစ်မည့်အလားအလာများနေပြီး NCA လက်မှတ်ထိုးဘို့ ဆိုသည်မှာလည်း ဘယ်ရောက်နေမှန်းမသိဟု DKBA နှင့် အစိုးရတပ်များတိုက်ပွဲမဖြစ်မှီကပင် ကြိုတင်သုံးသပ်ထားသည်ကို တွေ့ရသည်။ ၎င်းတို့နယ်မြေအတွင်းတွင်လည်း အစိုးရစစ်စခန်း ၁၀ ခုခန့် တိုးလာသည်ဟုဆိုပါသည်။ ၎င်းအနေနှင့် အစစ် အမှန် ငြိမ်းချမ်းရေး မရမှာစိုးရိမ်သည်ဟု ဆိုပါသည်။ လက်ရှိ DKBA နှင့် တိုက်ပွဲဖြစ်ပွားနေသည့်နောက်ပိုင်းတွင်လည်း ဗိုလ် ချုပ်နာဒါးမြက ၎င်းတိုက်ပွဲအား အမြန်မရပ်နိုင်က အခြားကရင်လက်နက်ကိုင်အဖွဲ့များပါ ကူးစက်သွားနိုင်ကြောင်း ပြောကြား ခဲ့ပါသည်။

ဤသို့တပတ်ကြာမျှ တိုက်ပွဲများဖြစ်ရခြင်းမှာ အာရှလမ်းသစ်ပေါ်တွင် DKBA များဆက်ကြေးကောက်ခံနေသည်ကို ရပ်ဆိုင်း ပြီး နေရာဖယ်ရှားရန် ပြောဆိုသည်ကို မနာခံသည့်အတွက် တိုက်ပွဲဖြစ်ပွားရခြင်းဖြစ်သည်ဟု မြန်မာစစ်ဖက်ပြောခွင့်ရပုဂ္ဂိုလ်ဗိုလ်ချုပ်အောင်ရဲဝင်းက DKBA ကောင်းမူစခန်းကို သိမ်းပိုက်ရသည့်နေ့ဖြစ်သည့် ဇူလိုင် ၈ ရက်နေ့တွင် ပြောကြားခဲ့သည် ဟု ဆိုပါသည်။

ဆက်လက်ဖေါ်ပြပါမည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts