ရသဆောင်းပါးစုံ

သာထက်အောင် – ကားစုတ်ကြီးစီး ဒီခရီးမနီးနိုင်ပါ

 သာထက်အောင် – ကားစုတ်ကြီးစီး ဒီခရီးမနီးနိုင်ပါ
(မိုးမခ) ဇူလိုင် ၁၂၊ ၂၀၁၅

ထင်သာမြင်သာအောင်ဖြစ်အောင် မော်တော်ကားတစ်စီးနဲ့ပဲ ဥပမာထားကြည့်ကြပါစို့။ လိုရာခရီးကို မော်တော်ကားတစ်စီးနဲ့ သွားမယ်ဆိုရင် အင်ဂျင်ဟာဒေါင်ဒေါင်မြည်ဖို့လိုပါတယ်။ ဖွတ်ချက် ဖွတ်ချက် အင်ဂျင်နဲ့ လိုရာခရီးမနီးနိုင်ပါ။ အင်ဂျင်ကတော့ ကောင်းပါရဲ့ ဘရိတ်က မမိပြန်ဘူးဆိုရင်လည်း ဟိုတိုး ဒီတိုက်နဲ့ အန္တရာယ်ပေါင်းစုံနဲ့ ကြုံရမှာပါ။ အင်ဂျင်ကလည်းကောင်း ဘရိတ်ကလည်းမိ၊ ရှေ့မီးလုံးကြီး ၂ လုံး ကလည်းမလင်းပြန်ဘူးဆိုရင် ညခရီးထွက်ရင် ချောက်ထဲကျဖို့ အကြောင်းများပါတယ်။ ကားတစ်စီးရဲ့ အသည်းနှလုံး လို့ပြောရမယ့် စတီယာရင် ကလည်းကွေ့လို့မရ၊ ကွေ့လို့တော့ရပါရဲ့ ညာလှည့်ဘယ်ကွေ့၊ ဘယ်လှည့် ညာကွေ့ဖြစ်နေတဲ့ ကဘောက်တိ ကဘောက်ချာ လက်ကိုင်ဂွေနဲ့လည်း ခရီးမဆက်နိုင်ပါဘူး။ တခါ ဒီကား စုတ်ကြီးကို တက်မောင်းပါမယ်ဆိုတဲ့ ဒရိုင်ဘာကလည်း လိုင်စင်လည်းမရှိ၊ မောင်းလည်း ကောင်းကောင်း မမောင်း တတ်၊ လူကသွပ်ချောင်ချောင်ကျပ်မပြည့် တပြည့် အရက်ကလည်း မူးနေသေး…. ကဲ… ဒီ အခြေအနေမျိုးနဲ့ လိုရာခရီးရောက်ဖို့ ဖြစ်နိုင်ပါ့မလား။ ဒီကားမျိုးလို မိုက်မိုက်ကန်းကန်းတက်စီးဝံ့သူရော ရှိနိုင်ပါ့မလား။ သေနတ်နဲ့ နဖူးတေ့ပြီး အားလုံးကား ပေါ်တက် ဒီခရီးဆက်မယ်ဆိုရင်တော့… ကားပေါ်ပါတဲ့ခရီးသည်တွေရဲ့ ကံကြမ္မာတွေးသာကြည့်ကြပါတော့။

ကျွန်တော်တို့အဖြစ်က အဲဒီ အဖြစ်မျိုးပါ။ မော်တော်ကားအင်ဂျင်နဲ့တူတဲ့ ပြည်သူတွေခမျာ မိုးလင်းကမိုးချုပ် ထမင်း၂ နပ်အတွက်လျှာထွက်နေရ တော့ဒေါင်ဒေါင်မမြည်နိုင်ပါဘူး။ ဖွတ်ချက်- ဖွတ်ချက် ပေါ့။ ကားရဲ့ရှေ့မီးလုံးကြီး ၂လုံးနဲ့တူတဲ့ တတ်သိပညာ ရှင်တွေ၊ အတွေးအခေါ် ပညာရှင်တွေလည်း မရှိတော့ ညခရီးမီးမပါဘဲနှင်နေရတာပါ။ တခါ အန္တရာယ်နဲ့တွေ့ ရင် တိကနဲ ရပ်နိုင်အောင် လိုချင်တဲ့နေရာမှာ ရပ်နိုင်အောင် ဘရိတ်နဲ့ တူတဲ့ တရားဥပဒေစိုးမိုးရေးဆိုတာ ကလည်းမရှိတော့ ဖြစ်ချင်တိုင်းဖြစ် မတော်သူ့ထိပ် တော် သူ့ထိပ်ဆိုသလို အန္တရာယ်ကတော့ လက်တကမ်း မှာရှိနေပါတယ်။ မော်တော်ကားတစ်စီး လိုရာသွားနိုင်ဖို့ စတီယာရင် ပုံမှန်အလုပ်လုပ်ဖို့လိုသလို ကိုယ့်လိုရာကိုယ် ဆွဲရေးထားတဲ့ တဖက်သတ်အခြေခံဥပဒေကြီးကတော့သူကွေ့ချင်ရာကွေ့၊သူဆွဲချင်တဲ့ ဘက်ဆွဲ သွားမှာပါပဲ။ ကားမမောင်းတတ်သူ ဂွေတက်ကိုင်သလို တဖက်စောင်းနင်းပုံပျက်ပန်းပျက်အခြေခံ ဥပဒေကြီးကိုင်ပြီး တက်မောင်းမယ့်တိုင်းပြည်ခေါင်းဆောင်ကြီးဆိုသူများကလည်း အုပ်ချုပ်မှုပညာ၊ စီမံခန့်ခွဲမှုပညာ နကန်းတလုံးမတတ်တဲ့မူးကြောင်ကြောင်၊ သွပ်ချောင်ချောင်တွေ ဆိုတော့… ဒီခရီးနီး၊ မနီး၊ လိုရာခရီး ရောက်မရောက်ဆိုတာ ထမင်းစားကြီးတဲ့ပြည်သူများကောင်းစွာသိပါတယ်။

ခုချိန်ဟာ စိတ်ကူးယဉ်နေရမယ့် အချိန်မဟုတ်ပါဘူး။ အဖြစ်မှန်ကို ရိုးရိုးရှင်းရှင်း သတ္တိရှိရှိမြင်ရဲရပါ မယ်။ ဆိုပါတော့ စစ်အာဏာရှင်နဲ့ ဒီမိုကရေစီ၊ ဘုန်းကြီးနဲ့ဘီး လိုပဲ ဘာမှ မဆိုင်ပါဘူး။ စစ်အာဏာရှင် ရှိနေရင် ဒီမိုကရေစီဆိုတာ မရှိနိုင်ပါဘူး။ ဒီမိုကရေစီ ထွန်းကားရာအရပ်မှာ စစ်အာဏာရှင်ဆိုတာ မရှိနိုင်ပါဘူး။ ဒီ ၂ ခုတပြိုင်နက်ပူးတွဲပြီး ဘယ်တော့မှ ပေါ်ထွန်းလို့မရနိုင်ဘူး။ ဒါကို ရှင်းရှင်းပြတ်ပြတ်လက်ခံ ထား ရင် စစ်အာဏာရှင်ပေးမယ့် “စည်းကမ်းရှိသော ဒီမိုကရေစီ” ဆိုတာ ဖြီးလုံးဖြန်းလုံး၊ လိမ်လုံး လှိမ့်လုံး တွေသာဖြစ်ပြီး သူတို့အာဏာ လက်ဆုပ်မပြေချင်လို့ အချိန်ဆွဲထားတာသာဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၂ လ လောက်က သူငယ်ချင်း စန္ဒရားကိုတင်ဝင်းလှိုင် ဆစ်ဒနီလာတော့ ကျွန်တော့်အိမ်မှာ ထမင်းစားရင်းသူ့ကို အိမ်ရှင်ဝတ္တရားအရ “ကဲ … ကိုတင်ဝင်းလှိုင် ခင်ဗျား ဒီရောက်တုန်း ဘာစားချင်သလဲ၊ ဘယ်သွားချင်သလဲ၊ ဘာကြည့်ချင် သလဲပြော၊ ကျွန်တော်ဆောင်ရွက်ပေးမယ်။ အဲ တစ်ခုတော့ရှိတယ် ခင်ဗျား ပိုက်ဆံဘယ်လောက်ပေးပေး ကြည့်ချင်မြင်ချင် လို့မရတာကတော့ ဆစ်ဒနီမြို့ထဲမှာ စစ်သားနဲ့ စစ်ကားပဲ” ဆိုတော့ ကိုတင်ဝင်းလှိုင် အံသြနေပါတယ်။ ဟုတ်ပါတယ်။ ဒီမိုကရေစီထွန်းကားတဲ့နိုင်ငံတွေမှာ မြို့ထဲမှာလက်နက်ကိုင်ဆိုလို့ ပုလိပ်ကလွဲရင် သေနတ်ခါးထိုးပြီး လမ်းသလားနေတဲ့ စစ်သားမရှိရပါဘူး။ စစ်သားဆိုတာ စစ်မြေပြင် နဲ့ စစ်တန်းလျားမှာပဲ ရှိရပါတယ်။

ထားပါတော့။ မကြာတော့သော ကာလမှာ ရွေးကောက်ပွဲ ကျင်းပမယ်လို့ကြေညာထားတယ်။ ခုထိ မဲစာရင်းတွေ ပုံပျက်ပန်း ပျက်မှားနေတုန်းပဲ။ တတိုင်းပြည်လုံးငွေကြေးအကုန်အကျခံပြီး သန်းကောင်စာရင်း ကောက်ထားတာ မကြာသေးတဲ့နိုင်ငံ၊ သေသူက မဲစာရင်းထဲပါပြီး အရှင်လတ်လတ်ငုတ်တုတ်ကြီးရှိသူက မဲစာရင်းထဲမှာ မပါဘူးတဲ့။ ဒါဟာသွေးရိုးသားရိုးလား။ တစ်ယောက်စ နှစ်ယောက်စ နည်းနည်းပါးပါးအမှား အယွင်းဆိုတာကတော့ နိုင်ငံတိုင်းမှာလည်းရှိတတ်ပါတယ်။ ခုဟာက 70% 80%  မှားနေပြီဆိုတော့… ဟင်း.. ဟင်း ဒင်းတို့ဥာဏ်ဒါအကုန်ုပဲလားလို့ မေးရမလိုပါပဲ။ ကြိုတင်မဲနဲ့ တခါ အနိုင်ကစားပြီးပြီ။ ဒီတခါကြိုတင်မဲနဲ့လုပ်လို့မရတော့ မဲအမှားတွေနဲ့ “ပယ်မဲ” ဖြစ်အောင် ကြံပြီပေါ့လေ။သိပါတယ်။ ပြည်သူ တွေဟာ နလပိန်းတုံးတွေမဟုတ်ပါဘူး။

ခရစ်ယာန်နိုင်ငံဖြစ်တဲ့ သြစတြေးလျ နိုင်ငံမျိုးမှာ လူနံမည်မှာ Given Name၊ Surname ဆိုပြီးရှိပါတယ်။ Surname လို့ခေါ်တဲ့ မျိုးရိုးအမည်မှာ ကွာတတ်ပေမယ့် Given Name လို့ခေါ်တဲ့ ရှေ့ အမည်ကတော့ တော်တော်တူတတ်ကြပါတယ်။ ဥပမာ- Peter တို့ George တို့ Michael တို့ Chris တို့ ဆိုတဲ့ နံမည် မျိုးဟာ ရိုက်သတ်လို့မကုန်နိုင်ပါဘူး။ အဲသလို ရှေ့ပေးနံမည် အများစု တူတတ်ကြတဲ့ နိုင်ငံမျိုးမှာ တောင် မဲစာရင်းမမှားပါဘူး။ အိမ်ထောင်စုဇယားနဲ့၊ သန်းခေါင်စာရင်းနဲ့ တသက်မှာ (ဘယ်တိုင်းပြည်မှ မရှိတဲ့) သုံးခါမှတ်ပုံတင်လုပ်ရတဲ့တိုင်းပြည်မျိုးမှာ မဲစာရင်းတွေဖြစ်ချင်တိုင်းဖြစ် နေတာကတော့ စစ်အာဏာရှင် တွေရဲ့ ဥာဏ်နီ ဥာဏ်နက် ဥာဏ်ရောင်စုံထဲက တစ်ခုခုဖြစ်ပါလိမ့်မယ်။

အခြေခံဥပဒေပြင်ချင်ရင် 75% ကျော်ရမယ်ဆိုတော့ မင်းဒင်ရေးတဲ့သရော်စာအတိုင်း ၂ ဂိုးသွင်းတာ တောင်ရှုံးတယ်ဆိုတဲ့ အဖြစ်မျိုးပါ။ ဘောလုံးပွဲ လောင်းကစား စကားနဲ့ ပြောရရင် ဈေးဖွင့်တာ က ၃လုံးသရေ၊ NLD က ၃ဂိုး သွင်းနိုင်တောင် သရေပဲ ရှိသေးတဲ့ပွဲ၊ စဉ်းစားသာကြည့်ကြပါတော့ အရပ်ကတို့ရေ။ တရား၏၊ မတရား၏။ ဘယ်လိုမှ ပြင်လို့မရအောင် လုပ်ထားတာပါ။

ဒီထက်ဆိုးတာက ယုတ်မာပက်စက်ပုံက ရွေးကောက်ပွဲ ကိုရှုပ်ထွေးအောင် နဝေတိမ်တောင်ဖြစ် အောင်အကြံအစည်နဲ့ ရွေးကောက်ပွဲနေ့မှာ ဆန္ဒခံယူပွဲ (referendum) တစ်ခုလုပ်ဦးမှာ။ ၂၀၀၈ နာဂစ် ဖြစ်တော့ လူတွေ ပရိဒေ၀သောကတောက်လောင်ချိန်မှာ ဒို့နိုင်တယ်ဆိုပြီး အတင်းကြီး အတည်ပြုခဲ့တဲ့ အခြေခံ ဥပဒေလုပ်ရပ်မျိုး။ ခုလည်းရွေးကောက်ပွဲလုပ်တဲ့နေ့မှာ “သမ္မတဖြစ်မယ့်သူဟာ စစ်ရေး အမြင်ရှိရ မယ်” ဆိုတဲ့ စာသားပြောင်းဖို့ တတိုင်းပြည်လုံးဆန္ဒခံယူပွဲကျင်းပပြီး ရွေးကောက်ပွဲနဲ့ ဆန္ဒ ခံယူပွဲရှုပ်ထွေး အောင်ကြံစည်လိုက်တာပါပဲ။ မဲစာရင်းတွေက အလွဲလွဲ အမှားမှား၊ ရွေးကောက်ပွဲနဲ့ ဆန္ဒခံယူပွဲက ဗလုံးဗထွေး၊ ကျေးရွာတွေက တောင်သူတောင်သားအများစုမှာ စာကမတတ်၊ ဗဟုသုတကမရှိ။ ဒါကို အခွင့်ကောင်းယူပြီး အနိုင်ယူဖို့ ကြံတဲ့ ကောက်ကျစ်တဲ့အကြံအစည်။

တကယ် (referendum) လုပ်ရဲတယ်၊ လုပ်ချင်တယ် ဆိုရင် မကြာခင်က ဗိုလ်မင်းအောင်လှိုင်က ပြောခဲ့တယ်။ လွှတ်တော် ထဲမှာ မိန့်မိန့်ကြီးထိုင်နေတဲ့ရွေးကောက်မခံ တမတ်သား စစ်သားအမတ်တွေကို ပြည်သူတွေကရော လွှတ်တော်ကပါ ထောက်ခံကြဆိုပဲ။ ကဲ ဒီလိုဆိုရင် စစ်သားစကားဘယ်လောက်မှန် သလဲသိရအောင်ဆန္ဒခံယူပွဲကျင်းပပေးပါ့လား။ ကိုယ့် သိက္ခာ ကိုယ့်စကား ကိုယ့်သတ္တိ ဘယ်လောက်ရှိ တယ်ဆိုတာ သိရအောင် (တမတ်သားကိစ္စ) ပြည်သူ့ဆန္ဒခံယူကြည့်ပါ။ စစ်ရေးအမြင်နဲ့ ကာကွယ်ရေး အမြင်ဆိုတာ ကုလားကြီးနဲ့ ဘာဘူကြီးမို့ ချစ်တီး ခေါင်းသန်းရှာပြီး ပြည်သူ့ ဘဏ္ဍာနဲ့အချိန်ကို ဖြုန်းတာတော့ ပေါင်ကြားဖဲဖွက်တဲ့အဆင့်မို့ အောက်တန်းကျလွန်းလှပါတယ်။ သိပ်မအ တဲ့ပြည်သူတွေရှိသေးတယ်ဆိုတာ သတိချပ်သင့်ပါတယ်။

အတိုက်အခံမလုပ်တော့တဲ့ ဒီမိုကရေစီ မိခင်ကြီး ဒေါ်အောင်ဆန်းစုကြည်လည်း အသက် ၇၀ ကျော် မှတစ်အိမ်တက်ဆင်း မဲစာရင်းလိုက်ကြည့်နေတာကလည်း အမြင်မတော်ဆင်တော်နဲ့ ခလောက်ပါ။ အသက် ၇၀ ကျော် အဖွားကြီးတစ်ယောက် အနေနဲ့ တစ်နိုင်ငံလုံးမပြောနဲ့၊ သူ့နယ်က အိမ်တောင် အိမ်ပေါက်စေ့အောင် ကြည့်နိုင်မှာ မဟုတ်ပါဘူး။ လွှတ်တော်ထဲမှာ မဲခွဲပြီး တမတ်သား စစ်သားတွေရဲ့ ‘အဟား’ ကိုခံခဲ့ရလို့မှ မကြာသေးဘူး။ ကော်မရှင် ဥက္ကဌ ဦးတင်အေး တို့ လွှတ်တော် ဥက္ကဌ ဦးရွှေမန်း တို့ကတော့ တစ်အိမ် တက်ဆင်းမဲစာရင်း စစ်နေတဲ့ ဒေါ်စုကို ကွယ်ရာမှာ ‘ဟား’ နေမှာ မြင်ယောင်သေးတော့။ မဲစာရင်းမှ မှန် အောင် မထုတ်ပြန်နိုင်တဲ့ ရွေးကောက်ပွဲကော်မရှင် ဥက္ကဌကို နှုတ်ထွက်ပါလို့ အပြောသင့်ဆုံးလူက မြန်မာပြည်မှာ ဒေါ်စုပဲလို့ မြင်ပါတယ်။

ဒေါ်စုတကယ်လုပ်ရမယ့် အလုပ်ဟာ အခုလို တစ်အိမ်တက်ဆင်း မဲစာရင်းလိုက်တိုက်တဲ့ အလုပ် မဟုတ်ပါဘူး။ ဒီထက် အရေးကြီးတာတွေ တပုံကြီးရှိပါတယ်။ ထို့အတူပဲ ခုလိုသိပ်ပြီးတိုင်းပြည်အတွက် အရေးကြီးတဲ့အချိန်မှာ ၈ လေးလုံး မျိုးဆက်ခေါင်းဆောင်လို့ အများကခေါ်ကြတဲ့ မင်းကိုနိုင်ကလည်း ဒေါ်စု ပုံတူပန်းချီရေးရင်း အချိန်မကုန်သင့်ပါဘူး။ လိုအပ ရင် ဓါးအိမ်ထဲက ဓါးထုတ်တန်သင့် ထုတ်ရမယ် ဆိုတဲ့ စကားပြည်သူတွေက မမေ့သေးပါဘူး။
ဒီအချိန်ဟာ စိတ်ကူးယဉ်ရမယ့် အချိန်၊ လေထဲတိုက်အိမ်ဆောက်ရမယ့် အချိန်မဟုတ်ပါဘူး။ Win-Win သီအိုရီ ဆိုတာ နေရာတိုင်းမှာ အလုပ်ဖြစ်တဲ့ သီအိုရီမဟုတ်ဘူး ဆိုတာတော့ ဒေါ်စုရော မင်းကိုနိုင်ပါ နားလည်လိမ့်မယ်လို့ထင်ပါတယ်။

အာဏာတည်မြဲဖို့ဆိုရင် ဘာမဆိုလုပ်ရဲတဲ့ စစ်အုပ်စုနဲ့ ဆွေးနွေးရအောင်ပါ။ ညှိနှိုင်းရအောင်ပါ။ မျက်နှာချင်းဆိုင်ရအောင်ပါ။ အခြေခံဥပဒေကြီးပြင်ပေးပါဆိုတာတွေဘာတစ်ခုမှ အလုပ်မဖြစ်မှန်း လက်တွေ့ သိလိုက်ချိန် မှာတာ့ တန်ဖိုးရှိတဲ့အချိန်တွေ ဆုံးရှုံးခဲ့ပြီးပါပြီ။ လွတ်လပ်ပြီးတရားမျှတမယ်လို့ မမျှော်လင့်ရဲတဲ့ လာမယ့်ရွေးကောက်ပွဲကိုလည်း ပြည်သူတွေက သိပ်စိတ်မ၀င်စားကြပါဘူး။ ပြည်သူတွေ ဘယ်အချိန်အထိ စိတ်ရှည်နိုင်မလဲ၊ ဘယ်လောက်အထိ သည်းခံနိုင်မလဲဆိုတာ ကတော့ တကယ့်ကို စိတ်ဝင်စားစရာကောင်း တဲ့ကိစ္စလို့ပဲ ထင်ပါတယ်။    ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts