စာစုတို ဖိုးထက် ရသဆောင်းပါးစုံ

ဖိုးထက် – ဘာတွေ ချန်၊ ယူ သွားချင်သလဲ

ဖိုးထက် – ဘာတွေ ချန်၊ ယူ သွားချင်သလဲ
(မိုးမခ) ဇူလိုင် ၁၀၊ ၂၀၁၅

ရုပ်ရှင်ဇာတ်ကား နဲ့ စာအုပ်တစ်အုပ် ဘယ်သင်းကို ပိုပြီး ဓာတ်ကျသလဲလို့ အမေးရှိရင် စာအုပ်ပါဘဲ။ ဒါပေမယ့် ရုပ်ရှင်ဇာတ်လမ်းတွေကို လုံးဝမကြည့်ဘဲ နေနိုင်ပြန်တာတော့ မဟုတ်ပြန်ဘူး။ အထူး သဖြင့် ကိုယ် ဖတ်ဘူးတဲ့ နာမည်ကြီး စာအုပ်တွေကို ရုပ်ရှင် ဇာတ်လမ်းအဖြစ် ပြောင်းထားတာမျိုး။ ကိုယ်သိတဲ့ ကမ္ဘာကျော်ပုဂ္ဂိုလ်ကြီးတွေရဲ့ အထ္တုပ္ပတ္တိကို ရုပ်ရှင် အဖြစ် ဖန်တီးထားတာမျိုးဆိုရင် သေသေချာချာကို ကျွန်တော် ကြည့်ပါတယ်။

မျှော်တလင့်လင့် ဆိုတဲ့ ကမ္ဘာကျော် ၀ထ္တုစာအုပ်ကြီးကို ရုပ်ရှင်အဖြစ် ပြန်ကြည့်တော့ ဆားမပါတဲ့ ဟင်းတစ်ခွက် စားရသလို။ ကျွန်တော် မကြိုက်ဘူး။ လေရူးသုန်သုန်ကို ရုပ်ရှင်ပြန်ကြည့်တော့ စာအုပ်ထက် ပိုပြီး ကြိုက်သလိုလို။ နာမည်ကြီး စာအုပ်ကို ရုပ်ရှင် ပြောင်းတယ်ဆိုတာ စာအုပ်ထဲက ဇာတ်လမ်း ကျောရိုးကို ဇာတ်ညွှန်းဆရာက ဘယ်လောက်ဘဲ ခွဲချလိုက်ပါစေ အရမ်းကြီး အရသာ ပျက်သွားတယ်လို့ ကျွန်တော် မမြင်ဘူး။ သူ့အရသာနဲ့ သူ တစ်မျိုးဆီကောင်းတယ်လို့ဘဲ ကျွန်တော် ထင်တယ်။ ဒါပေမယ့် လူပုဂ္ဂိုလ်တွေရဲ့ ဘ၀ဇာတ်လမ်းကို ရုပ်ရှင် အဖြစ်ပြောင်းရင် အခန့်မသင့်ရင် ဘယ်လိုမှ ခံစားလို့ မရဘဲ အချိန်ကုန်၊ ငွေကုန်၊ လူပန်း ဇာတ်လမ်းတွေ ဖြစ်သွားတတ်တယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကြောင်းကို မီရှဲယိုးနဲ့ ရုပ်ရှင်ပြောင်းထားတာ ကြည့်မိပြန်တော့ ကျွန်တော် တကယ်ကို မခံစားတတ်ဘူး။ သူ့ဇာတ်လမ်းနဲ့ သူ၊ သူ့ဇာတ်ကောင်နဲ့သူ သပ်သပ်ရပ်ရပ်ရှိတဲ့ စာအုပ်ကို ရုပ်ရှင်ရိုက်ဖို့ ဇာတ်ညွှန်းခွဲတာနဲ့ လူတစ်ယောက်ရဲ့ ဘ၀ဇာတ်ကြောင်းကို ဇာတ်ညွှန်းခွဲတာ လူအကြောင်းကို ဇာတ်ညွှန်းခွဲရတာ ပိုခက်မယ်လို့ ကျွန်တော် ထင်တယ်။ ဇာတ်ညွှန်းခွဲသူ နဲ့ ဒါရိုက်တာ အဆင့်အတန်း မမှီရင် (၀ါ) အနုပညာ အရည်အသွေး မပြည့်ဝရင် ဒင်ပြည့် ကျပ်ပြည့် ကောင်းမွန်တဲ့ အထ္တုပ္ပတ္တိ ရုပ်ရှင်ကား တစ်ခု ဖြစ်မလာတော့ဘူး။ အခုလဲ တောင်အာဖရိက လူမည်းခေါင်းဆောင် နယ်လ်ဆင် မင်ဒဲလား အကြောင်းရိုက်ထားတဲ့ ဇာတ်လမ်းကို ကျွန်တော် ကြည့်မိတယ်။

ဇာတ်လမ်း အစပိုင်း သိပ်ချာတယ်လို့ ပြောပါရစေ။ နယ်လ်ဆင် မင်ဒဲလားလို လူပုဂ္ဂိုလ်ကြီးကို ချီးမြှောက်ရာ မကျဘဲ သက်သက်မဲ့များ အပုပ်ချချင်နေသလားလို့တောင် ကျွန်တော် တွေးမိပြီး ရပ်ပြစ်လိုက်ဖို့ တွေးမိသေးတယ်။ ဒါပေသိ အချိန်လေးလဲ ရှိ၊ စိတ်အေး၊ လူအေးလဲ ရှိနေချိန်၊ တောင်တောင်အီအီတွေလဲ မတွေးချင်၊ စာလဲ မဖတ်ချင်ပြန်ဆိုတော့ ဆက်ကြည့်မိတယ်။

တိုတိုဘဲ ဆိုကြပါစို့။ မင်ဒဲလားကို တောင်အာဖရိက အာဏာရ လူဖြူ အစိုးရခေါင်းဆောင်တွေက ကမ်းလှမ်းလို့ အပြန်အလှန် စကားပြောကြတဲ့ အခန်းကျတော့ မင်ဒဲလားကြီးအဖြစ် သရုပ်ဆောင်တဲ့ လူမည်း မင်းသားပြောတဲ့ စကားတွေက ရင်ကို ဆွဲကိုင်လှုပ်တယ်။ လူဖြူ ခေါင်းဆောင်တွေက မင်းကို အာဏာခွဲပေးမယ်။ လမ်းပေါ်က အကြမ်းဖက်တာတွေ၊ ဆူပူတာတွေ ရပ်အောင် မင်းလုပ်ပေး။ မင်ဒဲလားက “ဘာ..အာဏာခွဲပေးမယ် ဟုတ်လား” လို့ ပြန်မေးတယ်။ သူပြောချင်တာကို ကျွန်တော် နားလည်သလိုလို ရှိတယ်။ အာဏာခွဲပေးမယ်ဆိုတာ အပြည့်အ၀ အခွင့်အရေးမပေးဘူး။ ငါတို့နဲ့ လူမြင်ကောင်းရုံ၊ လူကြားကောင်းရုံ ပူးပေါင်းပါဆိုတဲ့ အချိုးမျိုးဆိုတာ ငါသိတယ်လို့ ပြန်ပြောလိုက်တာပါ။ သူ့မေးခွန်းကို လူဖြူ ခေါင်းဆောင်တစ်ယောက်က နားလည်တယ်။ ဒါကြောင့် “လူတစ်ယောက် မဲတစ်မဲ” ကို လက်မခံဘူးတဲ့။ လူတစ်ယောက် မဲတစ်မဲ သာဆိုရင် လူမည်း လူဦးရေ သန်းသုံးဆယ်ရှိတဲ့ တောင်အာဖရိကမှာ လူမည်းအစိုးရက အာဏာရသွားမှာပေါ့။ လူမည်းတွေ အာဏာရရင် လူဖြူတွေကို လက်စားချေမှာပေါ့ တဲ့။ မင်းဆိုရင်ရော လက်စားချေမှာမို့လားတဲ့။

မင်ဒဲလားကြီးက ရိုးသားတယ်။ “ဟုတ်တယ်..ငါလက်စားချေမှာ” တဲ့။ ဒါပေမယ့် ငါဒီလို လုပ်လို့မရဘူးတဲ့။ မင်းတို့က အမုန်းတရားတွေ၊ အကြောက်တရားတွေနဲ့ ငါတို့ကို အုပ်ချုပ်ခဲ့၊ ဖိနှိပ်ခဲ့တာတဲ့။ ငါတို့က ပြန်ပြီး လက်စား ချေရင် ဒီ အမုန်းတရားတွေ၊ အကြောက် တရားတွေ ထဲကနေ ဘယ်လို ရုန်းထွက်နိုင်မလဲတဲ့။ ငါလိုချင်တာက လူတွေရဲ့ အခွင့်အရေး၊ တန်းတူညီမျှမှုပါတဲ့။ လူတစ်ဦးနဲ့ တစ်ဦး ချစ်ချစ်ခင်ခင် ရှိတာကို လိုချင်တာတဲ့။ ငါတည်ဆောက်ချင်တဲ့ တောင်အာဖရိက နိုင်ငံက အမုန်းတရားတွေ၊ အကြောက်တရားတွေနဲ့ သံသရာလည်နေတဲ့ နိုင်ငံမဟုတ်ဘူးတဲ့။

ဇာတ်လမ်းကို Pause လုပ်ထားရင်း ကျွန်တော် တွေးနေမိတယ်။ ကျွန်တော်သာ မင်ဒဲလားလို နှစ်ပေါင်း နှစ်ဆယ်လောက် အစော်ကားခံ၊ ထောင်ချခံထားရရင် လက်စားမချေချင်ဘဲ ဘယ်နေလိမ့်မလဲ။ ကိုယ့် အလှည့်ကျတော့ မိုးကြိုးတောင် ပြစ်ချ ချင်လောက်အောင် ဖြစ်မိမှာဘဲ။ ပေခုံကြီး အစိပ်စိပ် အမွှာမွှာဖြစ်သွားအောင် တူအကြီးကြီးနဲ့ ထုပြစ်လိုက်မှာ။ ဒီလို စိတ်ထားမျိုးရှိနေတာ ကျွန်တော့် စိတ်အခံကိုက မင်ဒဲလားတို့လို၊ ဒေါ်စုတို့လို ကောင်းချီး မင်္ဂလာနဲ့ ပြည့်စုံတဲ့ ခေါင်းဆောင် စိတ်အခံ မရှိလို့ဖြစ်မှာပေါ့။

ကျွန်တော်တို့ က လူပီပီ လက်စားချေချင်စိတ်၊ အတုံ့အလှည့် ပြုချင်စိတ် အနည်းနဲ့ အများရှိကြမှာဘဲ။ ဒီလို စိတ်ထားတွေ အရင်ခေတ်တွေတုံးက ကျွန်တော်တို့ လူမှု ဆက်ဆံရေး ပါတ်ဝန်းကျင်မှာ သိပ်ပြီး သိသိသာသာ၊ ပေါ်ပေါ်ထင်ထင် ရှိနေတာ မဟုတ်ဘူး။ တစ်ယောက်နဲ့ တစ်ယောက် ဆက်စပ် ပါတ်သက်နေရပြီး ဒီ မျက်နှာတွေ နောင်လဲ တွေ့ရမှာဆိုတော့ ထိမ်းထိမ်းသိမ်းသိမ်း ရှိသေးတယ်။ နောက်ပိုင်း လူမှု ကွန်ယက်တွေ ပေါ်လာတော့ အတုံ့အလှည့် ပြုချင်တဲ့ အမုန်း တွေ၊ လက်စားခြေပြစ်ချင်တဲ့ အမုန်းတွေက လှိုက်လှိုက်လှဲလှဲကြီး ပေါ်လာတယ်။

အခု နအဖ စစ်အာဏာရှင်ခေတ်က နာမည်ပျက် အလွန်ရှိတဲ့၊ တိုင်းပြည်ပစ္စည်းဥစ္စာကို ဖြောင်ချင်တိုင်း ဖြောင်ခဲ့တဲ့ လူကြီးတစ်ယောက် ဦးဏှောက်သွေးကြော ပေါက်တဲ့ သတင်းအပေါ်မှာ လူတွေရဲ့ မှတ်ချက်တွေအကုန်လုံး နီးပါးက အမုန်းတွေနဲ့ တကယ့် ဝေေ၀ဆာဆာ။

လူတစ်ယောက် သေငယ်ဇောမျောနေတာကို ကြည့်ရတာနဲ့ ညနေ နေ၀င်ချိန်ကို အေးအေးလူလူ စောင့်ကြည့်ရတာနဲ့ ဘယ်အရာက ပိုပြီး စိတ်ကို အေးချမ်း တည်ငြိမ်စေမလဲ။ အဲဒီလူဟာ ကိုယ် ဘယ်လောက် မုန်းနေ၊ ရွံ့နေတဲ့ လူဖြစ်ပါစေအုံးတော့ ဗုဒ္ဓဘာသာဖြစ်တဲ့ ကျွန်တော်တို့ မြန်မာလူမျိုးတွေ အတွက် ဒီလို စိတ်ထားမျိုးက ထားကောင်းတဲ့ အရာမဟုတ်ဘူးဆိုတာ သိကြမှာပါ။ ဒါပေသိ ဒီလူကြီးလို နိုင်ငံကိုကျတော့ ဆွဲနှစ်။ သူတို့ အသိုင်းအ၀ိုင်းကျတော့ သံသရာတလျှောက် အလုပ်မလုပ်ဘဲ ထိုင်စားလို့ရတဲ့ ပစ္စည်းဥစ္စာတွေနဲ့ ဆိုတော့ ကျွန်တော်တို့က မုန်းပင်ကြီးပေါက်၊ မုန်းပွင့်တွေ ဝေပေါ့။ တကယ့် တရားမျှတတဲ့ အမုန်းတွေပါလို့ ဆိုပါရစေ။ စာလေး တစ်ကြောင်းဘဲ ဖြစ်ဖြစ်၊ ပုံလေး တစ်ပုံလောက်နဲ့ ဘဲဖြစ်ဖြစ် သူ့အသက်ငင်ချိန်မှာ တတ်နိုင်တဲ့ဘက်က လက်စားချေကြတာပါဘဲ။

တစ်လောကလဲ စစ်တပ်ရဲ့ ပြုစုထားတဲ့ စာရင်းဆိုလား။ ကျွန်တော် သတင်း တစ်ပုဒ် ဖတ်လိုက်ရတယ်။ မြန်မာပြည်သူလူထုဟာ ဒီမိုကရေစီဆိုတာ ဘာမှန်း သိတာ မဟုတ်ဆိုတဲ့ သဘောမျိုးရတဲ့ စစ်တမ်းကို လွှတ်တော်ကို တင်ပြလာသတဲ့။ သိပ်ကြောက်ဖို့ ကောင်းတဲ့ မသိနားမလည်မှု၊ အထင်အမြင်သေးမှု။ နောက်တစ်ခု ထပ်ပြောရရင် သနားဖို့ သိပ်ကောင်းတဲ့ ကြောက်ရွံ့တုန်လှုပ်မှုတွေ။ လွှတ်တော်ထဲမှာ ခြေဥပြင်ဖို့ ကြိုးစားရာမှာ စစ်တပ်ကိုယ်စားလှယ်တွေ ကန့်ကွက်နေတာဟာ မင်ဒဲလားကို လူဖြူခေါင်းဆောင်တွေက မင်းငါတို့ကို လက်စားခြေမှာပေါ့ဆိုတဲ့ မေးခွန်းနဲ့ အတူတူပါဘဲ။ တောင်အာဖရိက လူဖြူ အစိုးရက လူမည်းတွေကို ကြောက်။ မြန်မာစစ်တပ်က မြန်မာ ပြည်သူလူထုကို ကြောက်။ အာဏာလက်လွှတ်တာနဲ့ ငါတို့တော့ ခံရပြီဆိုတဲ့ အကြောက်တရား။

ကျွန်တော်တို့ တိုင်းပြည်ဟာ ဟိုလူကြီး သေခါနီးကို ၀ိုင်းပြီး မုန်းကြသလိုမျိုး အမုန်းတွေနဲ့ ရှေ့ဆက်လို့ မရတာတော့ အမှန်ပါဘဲ။ စစ်တပ်က ပြည်သူလူထုကို ကြောက်နေရင်လဲ ဘယ်ကိုမှ ရောက်မှာလဲမဟုတ်ပါဘူး။ အမုန်းနဲ့ ရှေ့ဆက်လို့ မရပါ။ အကြောက်တရားနဲ့ ခရီးမတွင်ပါ။ ဘယ်ဘက်က စပြီး လျှော့သင့်သလဲ ဆိုတဲ့ မေးခွန်းမှာ အဖြေက ရှိပြီးသားပါ။ အဲဒီ အဖြေဟာ မင်ဒဲလားနဲ့ တူတဲ့ ဒေါ်စု ပါ။ ဘွားတော်ကြီးက တိုင်းပြည်ကို လက်စားခြေမှုတွေ၊ အမုန်းတွေ၊ အကြောက်တရားတွေ ကြားမှာ မထားခဲ့ချင်သူပါ။

အင်းဝခေတ်မှာ ပါးစပ်ရာဇ၀င်တစ်ခု ရှိခဲ့ပါတယ်။ အမတ်ကြီး ဦးပေါ်ဦးသေတော့ သူ့လက်ဖ၀ါးကို အခေါင်း အပြင်ထုတ်ပြီး သေတော့ ဘာမှ မပါဘူးလို့ ပြောခဲ့သတဲ့။ ကျွန်တော်တို့ သေရင် ဘာမှ ယူသွားလို့ မရပါဘူး။ တိုင်းပြည်ရဲ့ ပစ္စည်းဥစ္စာတွေကို ဘုန်းချင်တိုင်း ဘုန်းခဲ့တဲ့ အဘကြီးတွေ သေရင် ဘာပါမှာလဲ။ ကျွန်တော် သေရင်ရော ဘာပါသွားမှာလဲ။ ဘာတစ်ခုမှ မပါဘူးဆိုပေမယ့်   …

အမုန်းတွေပါသွားနိုင်သည်။

အကြောက်တရားတွေ ချန်ထားခဲ့နိုင်သည်။

လက်စားခြေလိုမှုတွေ ချန်ထားခဲ့နိုင်သည်။

ကိုင်း…ခင်ဗျားတို့ သေရင် ဘာတွေ ချန်ထားခဲ့ချင်သလဲ။ ဘာတွေများ ယူသွားချင်သလဲ။

ဒါတွေ အားလုံးက အသက်ရှင်နေသရွေ့ ကျွန်တော်တို့ရဲ့ ရွေးချယ်ပိုင်ခွင့်တွေသာ ဖြစ်သည်။

ဖိုးထက်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts