မှတ်စုမှတ်တမ်း အုန်းနိုင်

အုန်းနိုင် – “အပြောတော်တော့ တခွန်း”

၁၉၉၀ ပါတီစုံရွေးကောက်ပွဲ အကြို အင်န်အယ်ဒီပါတီ၏ မဲဆွယ်ပို့စကဒ်

အုန်းနိုင် – “အပြောတော်တော့ တခွန်း”
၁၉၉၁ခုနှစ် ဒေါ်အောင်ဆန်းစုကြည်အား အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ ထုတ်ပယ်ခြင်း(၁၀)
(မိုးမခ) ဇူလိုင် ၁၀၊ ၂၀၁၅

အောက်တိုဘာလထဲမှာ ရန်ကုန်ကို ရောက်လို့ ရွှေဂုံတိုင်ဌာနချုပ်ကို ၀င်ကြည့်ပါတယ်..။ ဘယ်သူတွေနဲ့များ တွေ့ ဦးမလဲ..လို့ပေါ့..။ ခုတလော.. ဌာနချုပ်တို့တိုင်းတို့က လူတွေလည်း မလာတာ အတော်ကြာနေလို့ပါ..။ ရွေးကောက်ပွဲကာလနဲ့ ရွေးကောက်ပွဲပြီးစ ကာလတွေမှာ ၀င်သူထွက်သူတရုံးရုံးနဲ့ စည်ကားလှတဲ့နေရာဟာ ခုတော့ ကျီးနဲ့ ဖုတ်ဖုတ်လို့ ဆိုရမလောက် တိတ်ဆိတ်နေပါတယ်..။

အရင်က တိုင်းတာဝန်ခံဖြစ်ပြီး.အခု ဗဟိုအလုပ်အမှုဆောင်ဖြစ်နေတဲ့ ဦးမြလေးနဲ့ တွေ့ ပါတယ်..။

“ဦးမြလေးလဲ ဗဟိုအလုပ်အမှုဆောင်ဖြစ်လို့ နယ်တွေတောင်မဆင်းနိုင်တော့ဘူးလား” လို့ အလ္လာပ သလ္လာပ အဖြစ် မေးပါတယ်..။

“ဟုတ်တယ်..ဆရာကြီးရေ..။ဗဟိုအလုပ်အမှုဆောင်တွေ ခရီးထွက်ချင်ရင် အမ်အိုင်ကို သတင်းပို့နေရတယ်” လို့ ပြောပါတယ်..။

“အော်..အမ်အိုင်ကလည်း ဗဟိုအလုပ်အမှုဆောင်ကိုတောင် ချုပ်ကိုင်နေပြီလား..။ ဒါဆို ကျနော်တို့နယ်တွေ ကတော့ ဘာမှတောင် လုပ်ဝံ့တော့မှာ မဟုတ်ဘူး” လို့ ပြောရင်းကပဲ လွန်ခဲ့တဲ့ နှစ်လလောက်က ဖွဲ့စည်း ရေးနဲ့ ပတ်သက်တဲ့ ကိစ္စကို သွားအမှတ်ရလာပါတယ်..။

ဒါနဲ့.. “ကျနော်တို့ အောက်ခြေက မြို့ နယ်ဖွဲ့စည်းရေးတွေနဲ့ ပတ်သက်လို့ ဘာတွေဆက်လုပ်စရာရှိသေးလဲ”လို့ မေးတော့

“ မြို့ နယ်ဖွဲ့စည်းရေးရော..ပြန်လည်ဖွဲ့ စည်းရေးတွေပါ အခုလောလောဆည်တော့ ခနရပ်ထား တယ်.။ ဒီမှာလည်း လုပ်ရကိုင်ရတာ တော်တော်သတိထား လုပ်နေရတယ်။ ခုတလော န၀တ က တိုက်ရိုက်မဟုတ်ပဲ..ကော်မရှင်ကတဆင့် ပရက်ရှာတွေလာနေတယ်။ အရင်ဖွဲ့စည်းရေးနဲ့ ပတ်သက်တဲ့ ကော်မရှင် ညွှန်ကြားစာတခု လာလို့ အောက်ကိုချပေးလိုက်တယ်..။ နယ်တွေက လာလိုက်တဲ့စာတွေ..။ လူကိုယ်တိုင်လာတာတွေရော..။ ကျနော်တို့ စီအီးစီမှာလဲ အထက်က န၀တ ကတမျိုး..၊ ကော်မရှင်ကတမျိုး အောက်က မကျေနပ်တာတွေက တမျိုး ၊ဘာလုပ်ရမှန်းတောင် မသိတော့ဘူး”လို့ သူက လေရှည်ဆွဲပြီး ငြီးငြီးညူညူ ပြောပါတယ်..။

သူက ကျနော့်ကို အရင်တခါ အခြေအတင်ပြောခဲ့ရဖူးတာကလွဲလို့ ရင်းရင်းနှီးနှီး လေးလေးစားစား ပြောဆိုဆက်ဆံပါတယ်..။ ကျနော်တို့ မြို့ ကို လာရင်လည်း ကျနော့်အိမ်မှာ တည်းခိုတတ်ရုံ မက အနီးအနားမြို့ များကို သွားရင်တောင်မှ ၀င်လာပြီး တည်းခိုတတ်လို့ ကျနော့်ကို ရင်းနှီးပါတယ်..။ ဒါပေမဲ့ ကျနော်ကလည်း ဗဟိုအလုပ်အမှုဆောင်အပေါ် မကျေမနပ်ရှိတာကတကြောင်း..၊ ဦးမြလေးက.. ဒေါ်အောင်ဆန်းစုကြည်ကို န၀တက မလိုလားလို့ ရှဉ့်လဲလျှောက်သာ ပျားလည်းစွဲသာ စဉ်းစားစမ်းပါဦး လို့ တခါပြောဖူးခဲ့တာတွေကြောင့် မကျေနပ်ဖြစ်မိတာတွေကလည်း တကြောင်းမို့  …

“ဗဟိုအလုပ်အမှုဆောင်ဆိုတာ တပြည်လုံးနဲ့ ပတ်သက်တာပဲဗျ..။ အလုပ်များတာ..၊ တာဝန်ကြီးတာတော့ ငြီးနေလို့ ဘယ်ဖြစ်မလဲ..။ ဗဟိုနဲ့ ထိုက်တန်တဲ့ တာဝန်တော့ယူရမှာပေါ့..။ ခင်ဗျားပြောတဲ့ ကော်မရှင်က ပြန်လည်ဖွဲ့စည်းရေးဆိုတာကို ဘာမှပြန်ကွန်ပလိန့် (complaint)မတက်တော့ဘူးလား..။ အောက်ကို တန်းချပြီး လိုက်နာရန်လို့ ညွှန်ကြားလိုက်တာပဲလား” လို့ မေးလိုက်မိပါတယ်..။

ဒီတော့သူက “လာပြန်ပြီ..ဆရာကြီးကလည်းပဲ..။ ကျနော်တို့ စီအီးစီကိုပဲ လာလာပြီး ပြောနေကြတာဘဲ..။ ကျနော်တို့က ဒါကို အောက်ကို လိုက်နာပါလို့ မပြောပဲ..ဘာလုပ်လို့ ရမှာလဲ” လို့ ဆိုပါတယ်..။

“စီအီးစီကိုပဲ လာပြောနေတာပဲလို့ မပြောနဲ့ လေ..။ကျနော်တို့က ဒါပဲရှိတာ..။ တကယ်ဆို..စီအီးစီက ကော်မရှင်ကို ခင်ဗျားတို့ အစက ညွှန်ကြားတုန်းက မပါတာတွေကို နောက်မှ ထပ်ဖြည့်နေတယ်..။ ဒီအတွင်း ကျနော်တို့က အောက်ခြေကို ပြန်လည်ဖွဲ့စည်းရေးတွေ ညွှန်ကြားပြီးနေပြီ..။ ပြန်မဖွဲ့ ဖို့ တားချင်ရင်တောင် မှ နောက်ကြောင်းပြန် ရက်စွဲကြီးနဲ့ တော့ မလုပ်ပါနဲ့..ဆိုတာမျိုးလောက်ပေါ့..”လို့ ပြောလိုက်တော့ သူဇဝေဇ၀ါ ဖြစ်နေပုံနဲ့  တွေတွေကြီး ကြည့်နေပါတယ်..။

ဒီကိစ္စကို သူဒီလောက်အလေးအနက် ထားပုံမရဘူး.။ဂ ဃနဏ သိမှသိပါစလို့ အထင်သေးစိတ်တောင် ၀င်လာမိပါတယ်.။

“ခင်ဗျားတို့ ကော်မရှင်ကပေးတဲ့စာတွေကို သေသေချာချာ မဖတ်ဘူးနဲ့တူတယ်..။ သူတို့စာထဲမှာကို ရက်စွဲ တွေက နောက်ကြောင်းပြန် သဘော သက်ရောက်နေသလိုဖြစ်နေတယ်..။ ဒါကို စီအီးစီက အစက သဘောမပေါက်လို့ အောက်ကို ပြန်လည်ဖွဲ့စည်းဖို့ ညွှန်ကြားထားပြီ..။ နောက်မှ စာထပ်ပို့တော့ ကျနော်တို့တော့ ဒီလိုသဘောမပေါက်လို့ အောက်ခြေကို ညွှန်ကြားပြီးပြီ..။ အခု ဒီအတိုင်း လက်ခံလိုက်ရင် ကျနော်တို့ စီအီးစီက စာတောင်သေချာမဖတ်တတ်တဲ့ သူတွေလို့ အောက်ခြေက ထင်ကုန်ကြမှာပေါ့လို့ ကွန်ပလိန့်တက်ရမှာပေါ့..။ အခုတော့လည်း မထူးပါဘူး..။ အောက်ခြေက အထင်သေးတာလည်း ခံနေရပါပြီ” လို့ ပြောလိုက်မိတယ်..။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့  ထိပ်ဆုံးပုဂ္ဂိုလ်ဆယ်ဦးထဲမှာ အပါအ၀င်ဖြစ်တဲ့ စီအီးစီကြီး တယောက်ကို ကျနော်ဒီလို ပြောလိုက်မိတာ..အတော်မလေးမစား ဖြစ်သွားပုံရပါတယ်.။

“ခင်ဗျားတို့ နယ်ကလာရင် ပြသနာပဲ တင်ပြနေတယ်..။ ဒီမှာ ဗဟိုအနေနဲ့ န၀တနဲ့ ဘယ်လိုရင်ဆိုင်နေရသလဲ ဘယ်လောက် အကြပ်အတည်း ရှိနေသလဲ ၊ မသိပဲနဲ့ ပြောဖို့လောက်ပဲ သိတယ်”လို့ ခပ်တင်းတင်း ခပ်ဟောက် ဟောက် ပြောပါတယ်..။

“ နိုင်ငံရေး လုပ်နေတာပဲဗျ..။ကိုယ့်အဆင့်နဲ့ကို ထိုက်တန်အောင်တော့ လုပ်မှပေါ့..။ န၀တ ဆိုတာနဲ့ ဗဟို ရွေးကောက်ပွဲ ကော်မရှင်ဆိုတာနဲ့ ဟုတ်ကဲ့ ဟုတ်ကဲ့ချည်း လုပ်နေလို့ ဘယ်ဖြစ်ပါ့မလဲ..” လို့ ကျနော်က ထပ်ပြောမိတယ်..။ သူလည်း ဒေါပွပြီး အပေါ်ထပ်တက်သွားတယ်..။

ပြောကြဆိုကြတော့ အသံတွေနဲနဲကျယ် သွားပုံရပါတယ်..။ အဖွဲ့ ချုပ်ရုံးရဲ့  အိမ်ရှင် ဦးထွန်းကြိုင်ရဲ့  အိမ်ခန်းဘက်မှာ ဦးထွန်းကြိုင်နဲ့ အတူထိုင်နေတဲ့ ဒေါက်တာ အောင်ခင်ဆင့်က ကျနော့်ကို လှမ်းခေါ်ပါတယ်..။ ဦးအောင်ခင်ဆင့်နဲ့က တက္ကသိုလ်တုန်းက ရင်းနှီးပါ တယ်..။ကျနော်ပထမနှစ် ဒဂုံဆောင်မှာ နေတော့ သူက ရွှေဘိုဆောင်မှာပါ..။ သူ့ရဲ့ အခန်းဖော် ကိုစောနိုင် ဆိုတာက ကျနော်နဲ့  ခုံနံပါတ် ရှေ့ နောက်မို့ အတန်းတက်ဖော်ပါ..။ ဒါကြောင့် သူ့အခန်းလဲ ရောက်ပါတယ်..။ နောက်ပြီး ဒဂုံနဲ့ ရွှေဘိုဆိုတာ ထမင်းစားဆောင်တဆောင်တည်းမှာ အတူစားရတာမို့ သိကျွမ်းကြပါတယ်..။ အခု အဖွဲ့ ချုပ်မှာ သူကလည်း မင်္ဂလာတောင်ညွန့် ကိုယ်စားလှယ်…ဆိုပြန်တော့ ပြန်ပြီး ရင်းနှီးလာကြပါ တယ်..။

သူတို့ ၀ိုင်းမှာ ထိုင်မိတော့ “ဘာတွေ ကျယ်လောင်..ကျယ်လောင်ဖြစ်နေကြတာလဲ” လို့ ဦးအောင်ခင်ဆင့်က မေးပါတယ်..။

သူတို့ဝိုင်းမှာ..ဗဟိုအလုပ်ကော်မတီဝင် ဦးတင်ဦး(ကယား)လည်း ရှိပါတယ်။ အသုတ်စား..ရေနွေးကြမ်းသောက်ရင်း အကျိုးအကြောင်း ပြောပြပါတယ်..။ ဗဟိုကော်မရှင်က အဖွဲ့ ချုပ်ကို စာပို့ပုံ..။ အဲဒီအထဲမှာပါတဲ့ ညွှန်ကြားချက်က အောက်ခြေအထိ အကျုံးဝင်တယ်လို့ နောက်စာတစောင်က ဆိုပုံ..။ ဒီစာနှစ်စောင်ကြားမှာ ဗဟိုက အောက်ခြေကို ပြန်လည်ဖွဲ့စည်းရေး ညွှန်ကြားလို့ ဖွဲ့စည်းရေးတွေ ပြီးကာမှ ဒါတွေ အလကားဖြစ်သွားအောင် ကော်မရှင်ရဲ့ နောက်စာက ပိတ်ပင်လိုက်ပုံ ။ ကော်မရှင်ရဲ့  ညွှန် ကြားချက်တွေဟာ ကမောက်ကမနဲ့ ရှေ့ နောက်မညီတာတွေ ပါနေတာကို အန်အယ်လ်ဒီ စီအီးစီက ကော်မရှင်ကိုပြန်ပြီး မေးခွန်းတွေထုတ်ဖို့ တောင်းဆိုချက်တွေ တောင်းဆိုဖို့ သင့်ပေမဲ့ ဒီလောက်တောင်မှ မစွမ်းဆောင်နိုင်ပဲ အောက်ခြေကိုသာ လိုက်နာရန် ဆက်ညွှန်ကြားနေတာဟာ စီအီးစီတာဝန်မဲ့ရာ ကျနေပုံ ..တွေကို ရှင်းပြရင်း ဒီဝိုင်းမှာပဲ စကားတခွန်းကိုတော့ ခပ်ကျွံကျွံပဲ ပြောလိုက်မိပါတယ်..။

“ဗဟို အလုပ်အမှုဆောင်လည်း သူ့ဖာသာသူတော့ အောက်ခြေကို ဘာမှမညွှန်ကြားရဲတော့ဘူး..။ န၀တနဲ့ ကော်မရှင်က စာထွက်မှပဲ ဒီစာကိုကူးပြီး လိုက်နာရန်လို့ လုပ်နေရတော့ .. န၀တနဲ့ ကော်မရှင်ကသာ..စာ မထွက်ရင် ဘာမှ လုပ်စရာရှိမှာ မဟုတ်တော့ဘူး..” လို့ပါ..။

ဒီတော့ ဦးထွန်းကြိုင်က သူ့နားကြပ်ကလေးကို သေသေချာချာ ပြန်ချိန်ပြီး ကျနော့်ကို မေးခွန်း တွေ မေးပါတယ်..။ ကျနော်လည်း သေသေချာချာပဲ ပြန်ဖြေပါတယ်..။

အဓိကအချက်ကတော့ (၁)လက်ရှိ အခြေအနေတွင် အဖွဲ့ချုပ်ဗဟို အလုပ်အမှုဆောင်သည် ဒီမိုကရေစီတိုက်ပွဲဝင်နိုင်ဖို့ ဝေးစွ..။မိမိ တွင် ရှိနေသည့် ဒီမိုကရေစီအခွင့်အရေးကိုပင် မည်သို့ကာကွယ်ရမှန်း မသိဖြစ်နေကြောင်း.။

(၂) ဗဟိုအလုပ်အမှုဆောင်အဖွဲ့ သည် ကော်မရှင်မှ စာများအား မိတ္တူကူးပြီး လိုက်နာဆောင်ရွက်ရန် အောက်ခြေသို့ ဆက်လက်ပေးပို့နေရာ ကော်မရှင်က စာမထွက်လျှင် လုပ်စရာအလုပ်ပင် ရှိမှာမဟုတ်တော့ ကြောင်း..ဆိုတာတွေပါ..။

ဦးထွန်းကြိုင်က ကျနော့်ကို ဘယ်မြို့ နယ်ကလဲ..။ ဘာတာဝန်လဲ မေးပြီး..။ အခုပြောတဲ့ အချက်တွေကို ဥက္ကဌကြီး ဦးအောင်ရွှေထံ တင်ပြပေးမယ်ဆိုရင် သဘောတူသလားလို့ မေးပါတယ်..။ ကျနော်လည်းသဘော တူကြောင်း ပြောပြီး ဦးအောင်ခင်ဆင့်တို့နဲ့ ရှေးဟောင်းနှောင်းဖြစ်တွေ..။ လက်ရှိနိုင်ငံရေး အခြေအနေတွေ..၊ အရေးအခင်းကာလက သူ ပါဝင်လုပ်ဆောင်ခဲ့ပုံတွေ.. ကိုယ်ပါဝင်လုပ်ဆောင်ခဲ့ပုံတွေကို ပြန်ပြောင်းပြောပြကြပြီး.. လူစုခွဲခဲ့ကြပါတယ်..။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts