ကိုအောင်မှိုင်း ဝေဖန်ရေးရာ

ကိုအောင်မှိုင်း – “ကိုရင် ကျွန်တော့်ကို ခွင့်လွှတ်ပါ။ ကျွန်တော် အများအတွက် လုပ်လိုက်ပြီ”

(ဦးမြင့်အောင် နောက်ဆုံးရေးသွားတဲ့ စာတမ်း)

 

ကိုအောင်မှိုင်း –  “ကိုရင် ကျွန်တော့်ကို ခွင့်လွှတ်ပါ။  ကျွန်တော် အများအတွက် လုပ်လိုက်ပြီ”
(မိုးမခ) ဇူလိုင် ၁၀၊ ၂၀၁၅

(ကိုယ့်ကိုကိုယ် မီးရှို့ပြီး  အသေခံဆန္ဒပြသွားတဲ့ တောင်သူကြီး ဦးမြင့်အောင်က ဆေးရုံသွားရာလမ်းမှာ  (မသေဆုံးမီ) အစ်ကိုဖြစ်သူ ဦးလူသန်းကို နောက်ဆုံးပြောသွားတဲ့စကား။)

ရုပ်ရှင်ဇာတ်ကားမဟုတ်။ ၀တ္တုတပုဒ်မဟုတ်။ ကဗျာတပုဒ်မဟုတ်။ကြေငြာချက်တခုလဲမဟုတ်။ လူကြားကောင်းအောင် ဟိတ်ဟန်တွေထုတ်ပြောနေတဲ့ မိန့်ခွန်းတခုလဲမဟုတ်။ ဒါ  ဘ၀စစ်စစ်တခု။ တန်ဘိုးကြီးအရာတွေထဲက တန်ဘိုးအကြီး ဆုံးဆိုတဲ့ အသက်တချောင်း။ လုအများအတွက် တကယ့်ကို လုပ်ခဲ့ပြီ။ဦးမြင့်အောင်(သို့မဟုတ်)အာဇာနည်သူရဲကောင်း။  သူစာ၃စောင်ကို ၃ ထပ်သားပေါ်မှာရေးထားခဲ့တယ်။

စစ်တပ်သိမ်း ထားတဲ့မြေများ ပြန်ပေးပါ။

အကျိုးတူ ဖက်စပ်တူမြေပြန်ပေးပါ။

မောင်နိုင် မြေတိုင်း (ခြစား) အလိုမရှိ၊ ရာအိမ်မှူး တင်ရွှေ အလိုမရှိ လို့ ရေးထားခဲ့ပါတယ်။

အသက်၆၂နှစ်အရွယ် ဦးမြင့်အောင်ဟာ မေလ ၂၁ရက်နေ့ နံနက် ၆နာရီခွဲမှာ ကိုယ့်ကိုယ်ကို မီးရှို့ ပြီး အသေခံ ဆန္ဒပြ ခဲ့တာပါ။ စဝ်စံထွန်း ဆေးရုံကို မနက် ၈နာရီလောက်ရောက်သွားတယ်။ မေလ ၂၂ရက်နေ့ မွန်းလွဲ ၁နာရီမှာဆုံးသွားခဲ့  ပါတယ်။

အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်က  ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့ ကွန်လုံကျေးရွာအုပ်စု ရေပူရွာရှိ  ကျေးရွာသူ ကျေးရွာသားများရဲ့  လယ်ယာမြေဧကပေါင်းမြောက်မြားစွာကို ၂၀၀၄ ခုနှစ်မှာ မတရားသိမ်းယူခဲ့ပါတယ်။ မြေသိမ်းယူပြီး နောက် လယ်ယာမြေတွေကို စစ်တပ်နှင့်နီးစပ်တဲ့ စီးပွားရေးကုမ္ပဏီများတွေကို အငှားချခဲ့တဲ့အပြင် မြေယာတချို့ကိုအပြီး အပြတ် ရောင်းစားခဲ့ကြပါတယ်။

လယ်သမားတွေအတွက် ရွေးချယ်စရာလမ်း အခြားမရှိတော့။လယ်သိမ်းခံရရင်လဲ ဘာမှပြန်မပြောနဲ့ ။ပြန်ပြောရင် ထောင် ထဲရောက်မယ်။ဘယ်သူမှသူတို့ကို မကူညီကြနဲ့။ကူညီသူပါထောင်ထဲရောက်မယ်။ ဆန္ဒပြရင်လက်ပန်းတောင်းက ဒေါ်ခင် ၀င်း လိုသေနတ်ခေါင်း တည့်တည့်မှန်သေမယ်။ကူညီသူတွေတချို့ ထောင်ထဲမှာ တချို့ ဝရန်းပြေး။ သမ္မတရဲ့  မိဘပြည်သူ များထဲမှာ လယ်သမားတွေ ယာသမားတွေ အလုပ်သမားတွေ မပါတော့။ ရန်သူတွေဖြစ်သွားကြပြီ။

မြန်မာ့တပ်မတော်က သိမ်းဆည်းယူငင်ထားတဲ့ တောင်ယာခြံမြေတွေကို ပြန်ပေးဖို့ မိမိကိုယ်ကို မီးရှို့ဆန္ဒပြ ကွယ်လွန်ခဲ့သူ ဦးမြင့်အောင်ရဲ့ တူမ ၂ ဦးကို အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်က တပ်မတော်အရာရှိတဦးက အမှု ၂ မှုနဲ့ ရွှေညောင်ရဲစခန်းမှာ တရားစွဲဆိုပါတယ်။ရှမ်းပြည်နယ်တောင်ကြီးမြို့ ကွန်လုံကျေးရွာအုပ်စု ရေပူကျေးရွာနေ ဦးမြင့်အောင် ကွယ်လွန်ပြီးနောက် တူမတွေဖြစ်ကြတဲ့ ဒေါ်မော်မော်ဦးနဲ့ ဒေါ်စန်းမြင့်တို့ ၂ ဦးကို တရားစွဲတာ ဖြစ်ပါတယ်။

ဦးမြင့်အောင်ဖြစ်စဉ်မှာ ကူညီသူ တောင်ကြီးခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးတင်မောင်တိုးက “၂၁ ရက် (မေလ) နေ့ ညနေ ၅ နာရီ ၁၅ မှာ စိုက်ကွင်းတာဝန်ခံ ဗိုလ်ကြီး ၀င်းထွန်းအောင်ကနေ မမော်ရယ်၊ မစန်းရယ်ပေါ့နော်၊ ဦးမြင့်အောင်ရဲ့ တူမ ၂ ယောက်ကို ပိုင်နက်ကျူးလွန်မှု၊ တပ်မြေပေါ်မှာ ထွန်ယက်စိုက်ပျိုးမှုဆိုပြီးတော့ ပုဒ်မ ၄၂၇၊ ၄၄၇ နဲ့ တရားစွဲထားတယ်ခင်ဗျ။ မနေ့က (မေ ၃၁ ရက်နေ့) ညနေ ၃ နာရီလောက်မှာ ရွှေညောင်ရဲစခန်းမှူးနဲ့ သူ့ရဲ့တပ်ဖွဲ့ဝင်တွေ ဟာ အိမ်မှာသွားရှာတယ်ပြောတယ်ဗျ။ အဲဒီမှာ မမော်တို့ မစန်းတို့က အိမ်မှာမရှိဘူး။ ပြန်လာရင် ဖုန်းဆက်ပါလို့ မှာသွား တယ်” လို့ ပြောပါတယ်။

ဒီတောင်သူအမျိုးသမီး ၂ ဦးအတွက် အာမခံရရေး၊ တရားဥပဒေ လမ်းကြောင်းအရ ရင်ဆိုင်နိုင်ရေး ကိစ္စတွေကို ကူညီ မယ်လို့ ဦးတင်မောင်တိုးက ပြောပါတယ်။

ဒေါ်မော်မော်ဦးကတော့ သူတို့အပေါ် တရားစွဲဆိုတယ် ဆိုတာသာ ကြားသိရုံပဲ ရှိသေးတယ်လို့ ပြောပါတယ်။ “အကြောင်းကြားစာတော့ မလာသေးဘူးရှင့်။ ကျမတို့ကို ရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့တော့ပြောတယ်။ အိမ်ကို ရဲစခန်းမှူး၊ နောက်တခါ ရဲအုပ် ဦးဇော်လင်းနိုင်နဲ့ ရဲတယောက် လာသွားတယ်ဆိုတာ သိရတယ်။ ဘာအမှု တွေရယ် လို့တော့ မသိဘူး” လို့ ပြောပါတယ်။

သူက “ဘာပြောစရာရှိမလဲဆိုတော့ ကျမတို့က ဒီဥစ္စာနဲ့ပတ်သက်ပြီးတော့ ကျမတို့က မှန်မှန်ကန်ကန်ပဲ ဖြစ်စေချင်တဲ့ ဆန္ဒပဲရှိတယ်ပေါ့နော်။ မတရားလုပ်တာတို့၊ မတရားခံရတာတို့ မဖြစ်ချင်ဘူးပေါ့” လို့ ပြောပါတယ်။

ရွှေညောင်ရဲစခန်းတာဝန်ကျ ဒု-ရဲအုပ် ထွန်းမြတ်ကျော်က “ကျနော်အမှုတခုတော့ သိတယ်။ ပုဒ်မ ၄၄၇ တခုပဲ သိပါ တယ်။ ကျန်တဲ့အမှုတော့ ကျနော်လည်း မသိဘူး။ တာဝန်မှူးတွေက အချိန်းအပြောင်းရှိတော့လေ။ တပ်မတော်က အရာရှိကဖွင့်တာ။ သူပဲ တရားလိုလုပ် ဖွင့်ရမှာလေ” လို့ ပြောပါတယ်။

အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (ရပခ) က ရေပူ၊ ကျောက်နီ၊ ကွန်လုံရွာတွေဘက်မှာ ဧက ၅၀၀၀ ကျော်ကို ရပခ ကျောက်နီ အထူးစိုက်ကွင်း စီမံချက်အဖြစ် ၁၉၉၄ ခုနှစ်ကတည်းက တပ်ပိုင်အဖြစ် သိမ်းဆည်းခဲ့ပါတယ်။ အဲဒီ မြေတွေပေါ်မှာ တောင်သူတွေကို သီးစားခကောက်ယူပြီး လုပ်ခွင့်ပေးခဲ့ရာက ၂၀၁၃ ခုနှစ်ကစပြီး မကောက်ခံတော့ဘူးလို့ ဆိုပါတယ်။

မေ ၁၉ ရက်နေ့က စိုက်ကွင်းတာဝန်ခံ ရပခက ဗိုလ်ကြီး ၀င်းထွန်းအောင် ဦးစီးတဲ့အဖွဲ့ဟာ  ဦးမြင့်အောင်တို့မိသားစု ပြောင်းစိုက်ထားတဲ့ ခြံထဲမှာ ဘားတိုက်ဆောက်မယ်ဆိုပြီး သစ်တွေ၊ သွပ်တွေ ချရာက ရွာသားတွေနဲ့ အချေအတင် ဖြစ်ပါတယ်။

နောက်နေ့ ၂၀ ရက်နေ့ မနက် ၇ နာရီ ဒေါ်မော်နဲ့ ဒေါ်စန်းတို့ရဲ့ ဦးလေး ဦးမြင့်အောင် (အသက် ၆၂ နှစ်) ဟာ လယ်သိမ်း တာကို မကျေနပ်လို့ မီးရှို့ဆန္ဒပြရာမှာ ဒဏ်ရာပြင်းထန်ပြီး စပ်စံထွန်းဆေးရုံမှာ ၂၁ ရက် နေ့ခင်းမှာ ကွယ်လွန်ခဲ့ပါတယ်။ ဦးမြင့်အောင် ကွယ်လွန်ပြီး နာရီပိုင်းအကြာမှာ သူ့တူမနှစ်ဦးကို တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

ဦးမြင့်အောင်ရဲ့ ရက်လည်ဆွမ်းသွပ်တရားနာတဲ့ မေလ ၂၈ ရက်နေ့ ညနေပိုင်းက ကျေးရွာအုပ်ချုပ်ရေးမှူးက ရွာသား တွေနဲ့ တွေ့ဆုံရာမှာ တပ်ပိုင်မြေပေါ်မှာ ဆက်လက်မစိုက်ပျိုးဖို့ စစ်တပ်က တားမြစ်ခိုင်းတယ်ဆိုတာ ကို  သတိပေးပြော ဆိုခဲ့တယ်။

ဗမာပြည်တပြည်လုံး စစ်တပ်နဲ့  စစ်တပ်လက်ပါးစေ စစ်ခရိုနီတွေ စစ်အုပ်စုဝင်မိသားစုတွေ နည်းသဏ္ဍာန်မျိုးစုံသုံးပြီး အနိုင်ကျင့်ဗိုလ်ကျ လုယက်ယူငင်ထားတဲ့ ဧကပေါင်း ၆သန်းလောက် ရှိနေတယ်လို့ သတင်းတခုမှာဖေါ်ပြထားတာတွေ့  ရပါတယ်။ ကာကွယ်ရေးဝန်ကြီးဌာနကတင် သိမ်းယူထားတဲ့မြေဧကပေါင်း ၅သိန်းကျော်ရှိနေတယ်လို့လဲဆိုပါတယ်။ ဒီ စာရင်းဇယားတွေကို ကြည့်ရင် ကျနော်တို့ ပြောနိုင်တာတခုက စစ်တပ်နဲ့ စစ်အုပ်စုဟာ ဥပဒေမဲ့လုပ်ရပ်တွေကို ဗမာပြည် မှာ အကြီးအကျယ်လုပ်နေကြသလို အဲဒီဥပဒေမဲ့လုပ်ရပ်တွေက  ဒေါ်လာဘီလျှံပေါင်းများစွာ  အကျိုးခံစားခွင့်ရနေတဲ့ အခွင့်ထူးခံတွေလို့ ပြောနိုင်မှာဖြစ်ပါတယ်။

စစ်တပ်ရဲ့ လုပ်ရပ်တွေဟာ အင်မတန်ကို အလွန်အကျွံတွေဖြစ်နေပြီဆိုတာ ပြောချင်တာပါ။လွှတ်တော်ဆိုတာကြီးဟာလဲ စစ်တပ်ရဲ့ ပက်ပက်စက်စက် လူဆိုးလူမိုက်တွေလို ပြုမူလုပ်ဆောင်ချက်တွေကြောင့် သရုပ်ပျက်သွားခဲ့ရပါပြီ။ လူထု အင် မတန် ရွံ့ ရှာမုန်းတီးတဲ့ ၂၀၀၈ဖွဲ့ စည်းပုံဥပဒေပြင်ဆင်ရေးဆိုတာလဲ သဲထဲရေသွန်ဖြစ်သွားခဲ့ရပါပြီ။ စစ်တပ်ကတော့ထင် မှာပါ။ ငါ့တို့မှာသေနတ်ရှိတယ်။ ဘယ်သူ့ကိုဂရုစိုက်စရာလိုမလဲဆိုတဲ့ အမျှော်အမြင်နဲတဲ့အတွေးပေါ့။ဒါဟာ စစ်တပ်က သူတို့ကို်ယ်တိုင်ပေးထားတဲ့ ဂတိကို သူတို့ကိုယ်တိုင် ပက်ပက်စက်စက် ချိုးဖေါက်လိုက်တာဖြစ်ပါတယ်။ ဒီအတွက် ဗမာ ပြည်လွှတ်တော်ဟာ ကမ္ဘာပေါ်မှာ အင်မတန်ကို အရုပ်ဆိုးပြီး လွှတ်တော်စနစ် လွှတ်တော်အနှစ်သာရတွေပါ ကျိုးပဲ့ပျက် စီးသွား ခဲ့ရတာကလဲ စစ်တပ်ကဗိုလ်ကျ အနိုင်ကျင့် ၀င်ထိုင်နေတဲ့ လွှတ်တော်ကိုယ်စားလှယ်အတုတွေကြောင့်လို့ ပြောရတော့မှာပါ။

ကာချူပ်ပြောခဲ့တဲ့ လွှတ်တော်မှာ စစ်တပ်ကိုယ်စားလှယ်တွေ ၀င်ထိုင်နေတာကို အခြားလွှတ်တော်ကိုယ်စားတွေနဲ့  လူထု က ကြိုက်ကြတယ်ဆိုတာဟာ သတင်းအချက်အလက်မှားယွင်းပြောမိတာဖြစ်ချင်ဖြစ်၊ အဲလိုမှမဟုတ်ရင် သူသိသိနဲ့ လိမ် တာဘဲ ဖြစ်မှာပါ။ သေချာတာတခုကတော့ ဗမာပြည်မှာရှိတဲ့ လူဦးရေသန်း၅၀ကျော်မှာ အများစုကြီးကတော့ စစ်တပ်ကို ကိုယ့်နေရာကိုယ် နေစေချင်ကြပြီဆိုတာ အသေအချာဘဲဖြစ်ပါတယ်။ ဗမာ့တပ်မတော်က ဗမာပြည်သမိုင်းကိုပေးခဲ့တဲ့ သင်္ခန်းစာတွေကတော့ အကြမ်းဖက်သတ်ဖြတ်မှုတွေ၊ ဆင်းရဲမွဲတေမှုတွေ နဲ့အမြဲတစေ စိုးရိမ်ထိတ်လန့်နေရမှုတွေဘဲ ဖြစ်ပါတယ်။ ပြောရရင်တော့ဗျာ မြန်မာနိုင်ငံသူ နိုင်ငံသားတွေဟာ မိမိတို့ဘ၀တွေကို  စစ်တပ် စစ်အာဏာရှင်စနစ် အောက်မှာ စိုးရိမ်ထိတ်လန့်စွာ ပူပင်သောကများစွာနဲ့  နှစ်ပေါင်းများစွာ ဖြတ်သန်းနေကြရတယ်ဆိုတာဘဲဖြစ်ပါတယ်။ နေ့တဓူဝ ဒုက္ခမျိုးစုံကို ခံစားပြီး အသက်ရှင်နေကြရတယ်ဆိုတာဘဲဖြစ်ပါတယ်။

ဒီအတွက် တိုင်းပြည်မှာပညာမဲ့တွေများလာတယ်။ လူတွေလူစဉ်မမီကြတော့ဘူး။သေးကွေးလာကြတယ်။ လူအများစု ကြီးရဲ့  ရုပ်ဆင်းသဏ္ဍာန်တွေကြမ်းတမ်းလာကြတယ်။အသက်တိုလာကြတယ်။စိတ်ဓါတ်တွေ ပျက်စီးယိုယွင်းလာကြ တယ်။နိုင်ငံပိုင်ရုပ်ဝတ္တုပစ္စည်းထိန်းသိမ်းနိုင်မှု အားနည်းလာတယ်။ဆိုလိုတာက သဘာဝသယံဇာတပစ္စည်းတွေဖြစ်တဲ့ သစ်တော သားငါး ရေနံ ဓါတ်ငွေ့  ကျောက်မျက်စတာတွေကိုအစိုးရကလဲ ရရင်ရသလိုရောင်းတယ်။ကျန်တဲ့ ခရိုနီတွေ ကလဲ ရရင်ရသလိုရောင်းတယ်။ဒီလိုဘဲလူထုထဲက မသမာသူတွေကလဲ ဒေသအာဏာပိုင်ဆိုသူတွေနဲ့ ပေါင်းပြီး လစ် ရင်လစ်သလို ခိုးရောင်းတယ်။တိုင်းပြည်ဟာ ကျဆုံးနိုင်ငံတခုဆီကို ရှေ့ ရှုနေပြီဖြစ်တယ်။ ကျဆုံးနိုင်ငံတခု ဘ၀ရောက် လို့ ပြန်လည်ရုန်းထဘို့တအားခက်သလို မျိုးဆက်လိုက်နိမ့်ကျမှုကြီးဖြစ်ပါတယ်။စစ်တပ်ကိုယ်တိုင်လဲ ဒီမျိုးဆက်လိုက် နိမ့်ကျတဲ့ဒဏ်ကိုခံရမှာဖြစ်ပါတယ်။ စစ်တပ်ရဲ့  ကနေ့လူဆိုးလူမိုက်တွေလို အမျှော်အမြင်မဲ့ လုပ်ရပ်တွေဟာ တိုင်းပြည် အတွက် သိတ်ကိုအန္တရယ်ကြီးတယ်လို့ပြောပါရစေ။

ဘယ်အချိန်မှာ    “ကိုရင် ကျွန်တော့်ကို ခွင့်လွှတ်ပါ။     ကျွန်တော် အများအတွက် လုပ်လိုက်ပြီ”      ဆိုတာမျိုးတွေ ထပ်ကြုံကြရဦးမလဲ။ ဘယ်သူ့အလှည့်လာမလဲ။ငါတို့ဘာကြောင့်များ ဒီလောက်ဆင်းရဲဒုက္ခတွေ သောကတွေရင်မှာ ပိုက် ပြီး နေ့တဓူဝ ခံစားနေကြရတာလဲ။ဘယ်သူတွေ ဒါတွေကို ဖန်တီးနေကြတာလဲ။ဘယ်လောက်ကြာအောင် ဆက်ဖန်တီး ကြဦးမှာလဲ။ ကျနော်တို့အမှောင်ခေတ်မှာ နေခဲ့ကြရတာကြာခဲ့ပါပြီ။ အလင်းရောင်တွေ့ချင်တယ်။ မြင်ချင်တယ်။ ခံစားချင် တယ်။စစ်တပ်ကြီး ကိုယ့်နေရာကိုယ်ပြန်ကြပါလို့ဘဲ ပြောပါရစေတော့ဗျာ။

ကိုအောင်မှိုင်း

(July 7 2015)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “ကိုအောင်မှိုင်း – “ကိုရင် ကျွန်တော့်ကို ခွင့်လွှတ်ပါ။ ကျွန်တော် အများအတွက် လုပ်လိုက်ပြီ”
  1. I won’t say please go back to your place/army. I wanted to say stupid army ‘Get Out of our land’. We don’t want you stupid army.

Comments are closed.