Radio Program လူများ၊ ရုပ်ပုံလွှာများ သတင်းပဒေသာ

မိုးမခရေဒီယို နှင့် မြန်မာလူမျိုးစု မြန်မာ့အသံ(ဆစ်ဒနီ) တာဝန်ခံ ဦးပန်တျာ (၇၀နှစ်) ကွယ်လွန်

 

မိုးမခရေဒီယို နှင့် မြန်မာလူမျိုးစု မြန်မာ့အသံ(ဆစ်ဒနီ) တာဝန်ခံ ဦးပန်တျာ (၇၀နှစ်) ကွယ်လွန်

(မိုးမခ) ဇူလိုင် ၅၊ ၂၀၁၅

မိုးမခ၏ အင်တာနက်ရေဒီယို အစီအစဉ်တာဝန်ခံအဖြစ် စေတနာ မေတ္တာဖြင့် ၂၀၀၆ ခုနှစ်မှ ယနေ့အချိန်အထိ တောက်လျောက် တာဝန်ယူ ဆောင်ရွက်ပေးခဲ့သည့် ဦးပန်တျာ (ဦးသောင်းတင်) ဇူလိုင်လ ၅ ရက် နံနက် ၅ နာရီတွင် ကွယ်လွန်ကြောင်း ကြားသိရသဖြင့် မိုးမခမီဒီယာက ၀ိုင်းတော်သူ ၀ိုင်းတော်သားများက မိသားစုနှင့် ထပ်တူ ၀မ်းနည်းရပါကြောင်း အသိပေး ထုတ်ပြန်လိုက်ပါသည်။

ဦးပန်တျာသည် သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့အခြေစိုက် မြန်မာလူမျိုးစုမြန်မာ့အသံ FM အပတ်စဉ်ရေဒီယိုအစီအစဉ် တာဝန်ခံအဖြစ် ဆယ်စုနှစ် တခုကျော် စေတနာ့ဝန်ထမ်း ဆောင်ရွက်ခဲ့သူ ဖြစ်သည်။ မိဘများက သဘင်မျိုးရိုးဖြစ်သည်။ မြန်မာ တူရိယာပစ္စည်းများ ကျွမ်းကျင်စွာ တီးခတ်တတ်သည်။ မြန်မာတေးသီချင်းတို့ကိုလည်း ကိုယ်တိုင် စပ်ဆိုပြီး သီဆိုနိုင်သူဖြစ်သည်။ မြန်မာဂီတကို သံယောဇဉ်ကြီးပြီး မြန်မာ့တေးဂီတကို စုဆောင်း တင်ဆက်နိုင်သူတဦးဖြစ်သည်။ ၎င်း၏ ဂီတအနုပညာဘခင်သဖွယ် သဘောထား ဦးထိပ်တင်သူမှာ ကွယ်လွန်ခဲ့ပြီဖြစ်သည့် ဂီတလုလင် (ဦး) ကိုကို ဖြစ်သည်။ စန္ဒယားတင်ဝင်းလှိုင်နှင့်တကွ ဂီတပညာရှင်များစွာကို ခင်မင်ရင်းနှီးပြီး ဂီတ သဘင်နှင့် ပတ်သက်ပြီး ၎င်း ရေဒီယိုအစီအစဉ်တွင် ကဏ္ဍစုံမှ တင်ဆက်နိုင်သူ ဖြစ်သည်။ ၎င်းကိုယ်တိုင် တင်ဆက်မှုအပြင် မျိုးဆက်သစ် လူငယ်များကိုလည်း အင်တာနက် အက်ဖ်အမ် ရေဒီယိုတင်ဆက်နိုင်သူများဖြစ်အောင် လမ်းပြခေါ် စင်တင် တင်ဆက်ပေးသူ တဦးဖြစ်သည်။ ဆစ်ဒနီမြို့ သာရေး နာရေး ဘာသာရေးပွဲများတွင် ဦးပန်တျာသည် သူတတ်စွမ်းသည့် အနုပညာဖြင့် ဖျော်ဖြေသူ၊ တင်ဆက်သူ၊ ကုသိုလ်ယူသူ တဦးအဖြစ် ထင်ရှားသည်။ မကွယ်လွန်မီ နှစ်အနည်းငယ်တွင် အစာအိမ်ဆိုင်ရာ ကင်ဆာဝေဒနာကို ခံစားပြီး ကုသမှု ခံယူခဲ့ရသည်။ ဝေဒနာကို ခံစားနေရသော်လည်း မကွယ်လွန်မီအထိ ရေဒီယိုတာဝန်ခံတဦးအဖြစ် အပတ်စဉ် မပျက်မကွက် စေတနာဝန်ထမ်း တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခဲ့သည်။

မိုးမခအွန်လိုင်း ရေဒီယိုတွင် ၂၀၀၆ ခုနှစ်မှ စတင်ပြီး အပတ်စဉ်တာဝန်ယူ တင်ဆက်ခဲ့သည်မှာ ယခု ၂၀၁၅ မေလအထိ ၉ နှစ် တိုင်ခဲ့ပြီ ဖြစ်သည်။ မိုးမရေဒီယို၏ ခေါင်းစီးမိတ်ဆက်သီချင်း “မြန်မာရေဒီယိုချစ်သူများ၊ မိုးပြာထဲက မိုးမခ” သီချင်းကို ကဗျာဆရာကြီ ဦးတင်မိုး၏ ကဗျာကို စာသားသွင်း၊ စွယ်စုံရအနုပညာရှင် ကိုဇာဂနာ၏ တေးသံစဉ်တို့ဖြင့် ပေါင်းစပ် ရေးသား သီဆို ထုတ်လွှင့်ခဲ့သည်။ မိုးမခ၏ နာယကကြီးများဖြစ်သော မောင်စွမ်းရည် ဒေါ်မာမာအေးတို့နှင့် အဝေးမှ ဖုံးဆက်သွယ်ပြီး ရေဒီယိုအစီအစဉ်များ ဖြစ်မြောက်အောင် ကြိုးစားတင်ဆက်သူတဦး ဖြစ်သည်။ ကွယ်လွန်သူ ဆရာကြီး ဦးဝင်းတင်၏ ဘာလဲဟဲ့ လူငရဲ စာအုပ်မှတ်တမ်းကို အသံထွက်စာအုပ်အဖြစ် စီစဉ်ပြီး ရေဒီယိုတွင် ထုတ်လွှင့်ခဲ့သည်။

၂၀၁၅ မေလ၊ ၎င်း မကွယ်လွန်မီ တလကျော်ခန့်က မိုးမခအင်တာနက်ရေဒီယိုကို တလခန့် ခေတ္တ ရပ်နားကြရန် တိုင်ပင်ခဲ့သည်။ မေလအပြီး ဇွန်လဆန်းတွင် ပြန်လည် တင်ဆက်ရန် စီစဉ်နေဆဲ ယခု ဇူလိုင်လ ၅ ရက်နေ့တွင် ဦးပန်တျာ ကွယ်လွန်သည်။

မြန်မာဂီတကို ချစ်ခင်ဖြန့်ဝေသူ၊ ရေဒီယို စီစဉ်ခြင်းကို သံယောဇဉ် ကြီးမားသူ၊ မြန်မာကွန်မြူနီတီအကျိုးကို ဂီတအနုပညာနှင့် သယ်ပိုး ဖျော်ဖြေ ပံ့ပိုးသူ၊ ရပ်နီး ရပ်ဝေး မြန်မာ့အရေးဆောင်ရွက်သူများ မျိုးဆက်သစ် ဟောင်းများနှင့် ဆက်ဆံပေါင်းသင်းပြီး မိမိ၏ စွမ်းဆောင်နိုင်သမျှဖြင့် တာဝန်ကျေသူ ဦးပန်တျာ ကွယ်လွန်ခြင်းအတွက် မိမိတို့ မိုးမခမီဒီယာက ၀မ်းနည်းကြောင်း၊ သို့သော်လည်း မိုးမခမီဒီယာက ထိုသို့သော မြန်မာမိတ်ဆွေကောင်းတဦးနှင့် ၉  နှစ်ကျော် အလုပ်တာဝန် အတူတကွ ထမ်းဆောင် ရင်းနှီးခွင့်ရသည့်အတွက်၎င်း ဦးပန်တျာနှင့် ရည်ရွယ်ချက်တူဆုံရာ ခရီးတခု အတူလျောက်လှမ်းခွင့် ရရှိသည့်အတွက်၎င်း အထူး ဂုဏ်ယူ ၀မ်းမြောက်မိကြောင်း ထုတ်ပြန်အပ်ပါသည်။

ဦးပန်တျာ (ဦးသောင်းတင်) ငြိမ်းချမ်းပါစေ။

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts