လူများ၊ ရုပ်ပုံလွှာများ လှကျော်ဇော

လှကျော်ဇော် – ဗိုလ်စင်္ကြာ

လှကျော်ဇော် – ဗိုလ်စင်္ကြာ
(မိုးမခ) ဇူလိုင် ၅၊ ၂၀၁၅

ရဲဘော်သုံးကျိပ်ဝင်များအကြား အချင်းချင်း ဆက်ဆံရေးများကို ဖေဖေက ကျွန်မတို့ကို မကြာခဏ ပြောပြတတ်ပါတယ်။ ဒါကြောင့် သူနဲ့ အတော်ရင်းနှီးခဲ့တဲ့ ရဲဘော်သုံးကျိပ်ဝင်တွေကို ကျွန်မတို့က သိရှိနေခဲ့ပါတယ်။ ဒါပေမဲ့ ရဲဘော်သုံးကျိပ်ဝင် ဘဝကရော နောက်ပိုင်း အစောပိုင်းကာလများမှာရော သူနဲ့အတော်ရင်းနှီးခဲ့ပေမယ့် ဘယ်တော့မှ ကျွန်မတို့ကိုရော သူရေး သားခဲ့တဲ့ အကြောင်းအရာ ဆောင်းပါးအမျိုးမျိုးမှာရော ထည့်မရေးခဲ့တဲ့ ရဲဘော်သုံးကျိပ်ဝင် တဦးရှိခဲ့ပါတယ်။ သူကတော့  ဗိုလ်စကြာပါ။

ဖေဖေတို့ကို ဂျပန်ကို တသုတ်ပြီးတသုတ်လွှတ်ရာမှာ ပထမ ၃ သုတ်ဟာ သခင်ကိုယ်တော်မှိုင်း သခင်အဖွဲ့က ဖြစ်ပါတယ်။ ပြောရရင်တော့ လက်ဝဲနွယ်တွေပေါ့။ ဒီတော့ နောက်ဆုံးအသုတ်ဖြစ်တဲ့ စတုတ္ထသုတ်ကို သခင်ဗစိန်။ သခင်ထွန်းအုပ်အဖွဲ့က ရွေးလွှတ်ခဲ့ကြပါတယ်။ အဲဒီအဖွဲ့မှာ သခင်ထွန်းအုပ်က ပထမခေါင်းဆောင်၊ ဗိုလ်စကြာက ဒုတိယခေါင်းဆောင်အဖြစ် ဦးစီးလာခဲ့ကြပါတယ်။ (အဲဒီ စတုတ္ထအသုတ် ဟိုန်နန်ကျွန်းကို ရောက်လာတော့ သခင်ထွန်းအုပ်က နိုင်ငံရေးသင်တန်းတက်ဖို့ တိုကျိုမှာနေခဲ့ပြီး ဗိုလ်စကြာကလည်း စစ်သင်တန်းတက်ပေမယ့် စစ်လေ့ကျင့်ရေးတွေ သိပ်စိတ်မပါလို့ သူတို့အဖွဲ့မှာ ဗိုလ်နေဝင်းက ခေါင်းဆောင်ဖြစ်လာတာပါ။)

အဲဒီအဖွဲ့ဟာ ဖေဖေတို့အသုတ်တွေထက် ရက်သတ္တပတ် အနည်းငယ် နောက်ကျနေလို့ အမီလိုက်ဖို့ အပြင်းအထန် လေ့ကျင့်ရပါတယ်။ သူတို့ခမျာ အတော်ပင်ပန်းကြတယ်လို့ ဖေဖေက ပြောပြပါတယ်။ ဒီလိုဖြစ်မယ်လို့ ကြိုတင်မှန်းဆ ထားတဲ့အတွက် ဖေဖေတို့အားလုံး မညည်းညူစတမ်း ည‡ိထားကြတယ်ဆိုပဲ။ ဒီလို ညှိုးထားတဲ့ကြားကပဲ တနေ့မှာ (ဘီအိုင်အေ ဝင်လာစဉ်က ဖာပွန်အနီး ကျဆုံးသွားခဲ့တဲ့ ဗိုလ်ဉာဏ)ကိုမောင်မောင်က မခံမရပ် နိုင်လွန်းလို့ ထမင်းစားနေရာက ဗြုန်းခနဲထပြီး “ဟေ့ ပင်ပန်းလှချည်လား၊ ဒီလိုဆိုရင်ဖြင့် ပေါက္ကံပြည် ကြာရှည်မှ နန်းစံနိုင်ပါ့မလား”လို့ ဂျပန်တွေရှေ့မှာ တခုခု အော်ပြောသလို ခပ်တည်တည် ပြောလိုက်လို့ ကျန်လူတွေက မချိပြုံးလေးတွေနဲ့ လိုက်ပြုံးနိုင်ခဲ့တယ်လို့ ဖေဖေက သူ့ဆောင်းပါး တစောင်မှာ ရေးခဲ့ဖူးပါတယ်။

အဲသလို စစ်သင်တန်းတွေ တက်နေရာမှာ ဗိုလ်စကြာဟာ အသက်အရွယ်အရလည်း ကျန်လူငယ်များထက် အတန်အသင့် ကြီးပြီး လူငယ်များနဲ့လည်း လိုက်လျောညီထွေ နေတတ်လို့ရော၊ လူငယ်များကို အကြံဉာဏ်ပေး ဆိုဆုံးမပြု မှုတွေလည်းရှိလို့ ကျန်လူငယ်အုပ်က သူ့ကို “အဘ”လို့ခေါ်ပြီး ရင်းရင်းနှီးနှီး ဆက်ဆံခဲ့ကြတယ်။ လေးစားသမှုလည်း ရှိခဲ့တယ်လို့ ဖေဖေက ပြောပြဖူးပါတယ်။ ရဲဘော်တွေ အချင်းချင်းကြား ဆက်ဆံရေးတွေမှာလည်း သူက အတော်ပျော့ပျောင်းပြီး စေတနာထားလုပ် ဆောင်ပေးမှုကြောင့် ရဲဘော်တွေက သူ့ကို အတော်ချစ်ခင်ကြတယ်လို့ ဆိုပါတယ်။

နောက်ပိုင်း ဘီအိုင်အေဖွဲ့ပြီး ဗမာပြည်တွင်း စစ်ချီရာမှာ ဖေဖေဦးစီး ချီတက်ခဲ့တဲ့ ဖာပွန်စစ်ကြောင်းမှာ ဗိုလ်စကြာက ပါဝင်ခဲ့ပါတယ်။ လမ်းခရီးတလျှောက်မှာလည်း ဘာပြဿနာပဲပေါ်ပေါ် ဗိုလ်စကြာကိုပဲ အကူအညီ အကြံဉာဏ်တောင်းခဲ့ရ တယ်။ ဗိုလ်စကြာက လူမှုရေး အတွေ့အကြုံတွေရှိတော့ အကြံကောင်းဉာဏ်ကောင်းတွေ ပေးခဲ့တယ်လို့ ဖေဖေက ဆိုပါ တယ်။

ဒီလိုနဲ့ ဘီအိုင်အေခေတ်မှာ ဗိုလ်စကြာဟာ သံတမန်ကြီးတဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး၊ ဂျပန်တော်လှန်ရေးတွေ ဗမာ ပြည်မှာ ပေါ်ပေါက်လာတော့ ဂျပန်မှာ သောင်တင်နေတဲ့ စစ်တက္ကသိုလ်တက်နေရတဲ့ ဗမာကျောင်းသားတွေကို ဂျပန် လက် နက်ချအပြီး ဗမာပြည်ပြန်ရောက်အောင် ကြိုးစားဆောင်ရွက်ခဲ့ဖူးပါတယ်။ (ဗိုလ်မှူးကြီးဟောင်း တင်မောင်ရေးတဲ့ “ဂျပန် ခေတ် စစ်ပညာသင်တဦး”မှာ ဖတ်ကြည့်ပါ။)

ဒါပေမဲ့ ဗမာပြည်လွတ်လပ်ရေးရပြီး ဖဆပလအစိုးရတက်လာချိန်မှာတော့ သူဟာ တော်လှန်ရေးသမားတဦးထက် စီးပွားရေး ဘက်ရောက်သွားပြီး လိုင်စင်ခေတ်နောက် ကောက်ကောက်ပါအောင် လိုက်သွားခဲ့တယ်။ ဖေဖေတို့လို လူမျိုးနဲ့ တဖြည်းဖြည်း ဝေးသွားခဲ့တယ်လို့ ဖေဖေက ပြောပြပါတယ်။ ဒီလိုနဲ့ ဗိုလ်စကြာဟာ သူဌေးကြီးဖြစ်သွားပြီး ရုပ်ရှင်မင်းသမီး ဝင်းမင်းသန်းနဲ့ လက်ဆက်ခဲ့ပါတယ်။

ဖေဖေတပ်က ပင်စင်ယူပြီးနောက်ပိုင်း ၁၉၅၀ ခုနှစ်များအကုန် ၆၀ ခုနှစ်များ အစမှာ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်လကျာ်က ဦးစီးပြီး ဂျပန်တော်လှန်ရေးနေ့များ၊ ဗမာ့လွတ်လပ်ရေးနေ့များစတဲ့ အထိမ်းအမှတ်နေ့များမှာ ရဲဘော်သုံးကျိပ်ဝင်များ၊ မိသားစုဝင်များ၊ တခြားတော်လှန်ရေး ရဲဘော်ဟောင်းများ၊ မိသားစုဝင်များကို စုစည်းပြီး သာဓုကန်နဲ့ လှော်ကားကန်တို့ကို ပျော်ပွဲစား ထွက်တတ်ပါတယ်။ အဲဒီကာလက ဗိုလ်လကျာ်ကိုယ်တိုင်လည်း မုတ္တမကုမ္ပဏီကိုဖွင့်ပြီး စီးပွားရေး အတော် အောင် မြင် နေချိန်ဖြစ်ပါတယ်။ ညစာစားပွဲတွေ ဘာတွေလည်း ဟိုတယ်တွေမှာ လုပ်တတ်ပါသေးတယ်။

အဲဒီကာလက ပွဲတပွဲအပြန်မှာ မေမေက ဖေဖေ့ကို စကားနာထိုးတဲ့ အဖြစ်အပျက်တခုကို ကျွန်မမှတ်မိနေပါတယ်။

မေမေက ဖေဖေ့ကို “နေပါဦး။ ရှင့်အဘက ရှင့်ကိုနှုတ်တောင် မဆက်ပါလား။ အရင်တုန်းက ပါးစပ်က သား သားနဲ့ ပါးစပ်က မချခဲ့တဲ့သူက အခု မျက်နျာချင်းဆိုင် ထမင်းထိုင်စားနေတာတောင် နှုတ်မဆက်ပါလား”လို့ ပြောပါတယ်။ “သြော် သူက တို့ကို တောင်းနိုးနိုး ရမ်းနိုးနိုး ထင်နေဟန် ရှိပါတယ်ကွာ”လို့ ဖေဖေက ခပ်အေးအေး ပြန်ဖြေပြောခဲ့ ဖူးပါတယ်။ “တို့လူတချို့ ကလည်း သူ့ကို အဘ အဘနဲ့ ဝိုင်းတောင်းရမ်းကြတာလည်း များတယ်လေ”လို့ ဖြေပြောလေးပြောပါတယ်။

ကျွန်မနောက်မှ မေမေ့ကို မေးကြည့်တော့ ဘီအိုင်အေကာလက ဖေဖေ့ကို ဗိုလ်စကြာက သား သားလို့ခေါ်ခဲ့ပြီး ဖေဖေ့အရှိန်နဲ့ စီးပွားရှာခဲ့တယ်ဆိုပဲ။ အဲဒီကာလကတည်းက ဗိုလ်စကြာက အတော်စုမိ ဆောင်းမိနေပြီတဲ့။ ဖေဖေကလည်း အဲဒီတုန်းက အောက်ဗမာပြည် တာဝန်ခံဖြစ်တာကိုး။ အဲဒီ ဖေဖေနဲ့ မေမေ့စကား အချေအတင်ပြောတဲ့နေ့တုန်းကတော့ ဗိုလ်လကျာ်ဖိတ်တဲ့ ထမင်းစားပွဲမှာ ဖေဖေနဲ့ တစားပွဲတည်း မျက်နှာချင်းဆိုင် ထိုင်နေတာတောင် ဗိုလ်စကြာက ဖေဖေ့ကို နှုတ်မဆက်ခဲ့ဘူးတဲ့။
၁၉၆၀ ခုနှစ် ရွေးကောက်ပွဲမှာ ဖေဖေက ကြည့်မြင်တိုင်တောင်ပိုင်းနယ်မြေမှာ တသီးပုဂ္ဂလ အမတ်လောင်းအဖြစ် ဝင်အရွေး ခံတော့ ဗိုလ်စင်္ကြာက ဖဆပလ (တည်မြဲ) အမတ်လောင်းအဖြစ် ယှဉ်ပြိုင်ခဲ့ကြပါတယ်။ ရွေးကောက်ပွဲ မဲဆွယ်ပွဲတွေ မှာ ပုဂ္ဂိုလ်ရေး တိုက်ခတ်မှုတွေ လုပ်ကြပါတယ်။ ဖေဖေ့ရွေးကောက်ပွဲ အောင်မြင်ရေးကော်မတီမှာ လာကူလုပ်ကိုင်ပေးနေတဲ့ ဦးမျိုးညွန့် (အလုံမြို့နယ် စစ်ပြန်ရဲဘော်ဟောင်းများအသင်း) က တနေ့မှာ“ဗိုလ်ချုပ်-ဗိုလ်စကြာက တရားပွဲတွေမှာ တခြားလူ တွေကိုသာ ဆော်နေတာ၊ ဗိုလ်ချုပ်ကိုတော့ တိုက်ခိုက်တာ မတွေ့ရပါဘူး”လို့ ဖေဖေ့ကို ပြောတော့ ဖေဖေက ရယ်မော ပြီး“ဘယ်ပြောရဲပါ့မလဲဗျာ၊ ကျွန်တော်ပြန်တွယ်ရင် သူခံသွားရမှာပေါ့”လို့ ပြန်ပြောခဲ့ဖူးပါတယ်။

ကျွန်မအခု ဒီဆောင်းပါးကို ရေးဖို့ စီစဉ်တော့ ဖေဖေ့ကို ဗိုလ်စကြာနဲ့ပတ်သက်ပြီး ဖေဖေဟိုတုန်းက ပြောဖူးတဲ့ ဗိုလ်စကြာကို တွယ်မယ့်အကြောင်းအရာက ဘာလဲလို့ မေးကြည့်တော့ ဖေဖေက“ဘာလုပ်မလို့လဲ သမီးရယ်၊ သေတဲ့လူတွေ လည်း သေကုန်ကြပြီပဲ”လို့ စိတ်မကောင်းသံနဲ့ ပြောပါတယ်။ ကြည့်ရတာ ဖေဖေက တချို့ကိစ္စတွေကို ဘယ်သူ့အတွက်မှ အကျိုးမရှိ ဘူးလို့ထင်ရင် သူနဲ့တပါတည်း ယူသွားဖို့ စဉ်းစားထားပုံ ရပါတယ်။ ကွယ်လွန်ပြီဖြစ်တဲ့ သူ့ရောင်းရင်းတွေကိုလည်း ပြည်သူ လူထု ကို အကြီးအကျယ် ဒုက္ခပေးခဲ့သူမဟုတ်ရင် သူခွင့်လွှတ်နိုင်ပုံရပါတယ်။

၆-၁၂-၂၀ဝ၉။
ကျွန်မဆက်၍ရေးခြင်သောဖေဖေအကြောင်းများ – ဆောင်းပါးအမှတ်(၆) 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts