ဝတ္ထုတို

ဒေါက်တာလွဏ်းဆွေ – နင့်ခနဲ

ဒေါက်တာလွဏ်းဆွေ – နင့်ခနဲ
(မိုးမခ) ဇွန် ၂၅၊ ၂၀၁၅

ရေးမယ်လို့ တေးထားပြီး မေ့သွားခဲ့တဲ့ အကြောင်းအရာလေးတခု။  ဒီကနေ့ မီးလောင်ထားတဲ့ တောင်ငူဈေးကြီးနားတ၀ိုက်မှာ လမ်းလျှောက်သွားလာနေတုန်း ခေါင်းထဲပြန်ဝင်လာတယ်။
ဒီလိုပါ။

လေထိထားတဲ့ ကျနော့်ကျန်းမာရေးအခြေအနေက လှုပ်လှုပ်ရှားရှား အနေများမှ နေလို့ထိုင်လို့ ပိုပြီး လန်းတာမို့ အိမ်မှာ နေရင်လည်း ကွန်ပျူတာရှေ့မှာ တနာရီလောက် ထိုင်ပြီးရင် အိမ်ရှေ့နဲ့ အိမ်နောက်ကို ငါးမိနစ်၊ ဆယ်မိနစ်လောက် ခေါက်တုံ့ခေါက်ပြန် လမ်းထလျှောက်တတ်သလို အိမ်အပြင်ဘက် ဟိုနားဒီနား ထွက်ဖြစ်ရင်လည်း လမ်းလျှောက်ပြီးတော့ပဲ သွားလာပါတယ်။  စက်ဘီးဖြစ်ဖြစ်၊ ဆိုင်ကယ်ဖြစ်ဖြစ် ရှိနေရင် အဲဒါတွေအားကိုးနဲ့ သွားလာတာကို အကျင့်ပါပြီး လမ်းမ လျှောက်ဖြစ်မှာစိုးလို့ အိမ်မှာ ဘာစီးတော်ယာဉ်မှ ၀ယ်မထားဘူး ဆိုပါတော့..။   (အဲဒါကြောင့် ကျနော့်ဆီ လာလည်မယ့် ဘော်ဘော်တွေ အွန်မဖုနိုင်ရင် ဆိုက္ကားနဲ့ သွားလာတတ်ဖို့ ပြင်ထားကြပေတော့။  ထီလေးဘာလေးပေါက်ရင်တော့ ကားဝယ် ထားပြီး လိုက်ပို့ပါမယ်ပေါ့)။

ရန်ကုန်ရောက်လို့ မြို့လယ်ခေါင် ဆူးလေနဲ့ မနီးမဝေး (လမ်းမတော်ကနေ ဗိုလ်အောင်ကျော်လမ်းကြား အကွာအဝေးလောက်) ဆိုရင် တတ်နိုင်သမျှ တက္ကစီငှားမစီးဘဲ အရေးမကြီးရင် ဖြည်းဖြည်းချင်း လမ်းလျှောက်ပြီးတော့ပဲ ကျနော် သွားလာပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ (၁၄) ရက်နေ့တုန်းက ကွယ်လွန်သူ ကရင့်အာဇာနည် ဖဒိုမန်းရှာလားဖန်း အမှတ်တရ စာအုပ်ဖြန့်ချိပွဲ အခမ်းအနားကို ဗိုလ်အောင်ကျော်လမ်း အောက်ဆုံးဘလောက်က Home ခန်းမမှာ ကျင်းပပါတယ်။  အသွားတုန်းကတော့ ပွဲချိန်ကပ်နေလို့ (ကျနော်နဲ့အတူ ကျနော့်လိုပဲ လေထိထားတဲ့ ကွယ်လွန်သူ ကဗျာဆရာ အောင်ဘညိုနဲ့ သူ့သားလေးလည်း လိုက်ပါတာမို့) ဗိုလ်ချုပ်လမ်းနဲ့ ၃၄ လမ်းထိပ် လပြည့်ဝန်း လက်ဖက်ရည်ဆိုင်ကနေ တက္ကစီငှားပြီး သုံးယောက်သား အတူ သွားဖြစ်ခဲ့ပါတယ်။  အပြန်မှာတော့ အဲကွန်းရှိတဲ့ ဂျေဒိုးနပ်စ်ဆိုင် (ဗိုလ်အောင်ကျော်လမ်းနဲ့ အနော်ရထာလမ်းထောင့်) မှာ ခဏ၀င်အမောဖြေရင်း အိုက်စ်ကော်ဖီတခွက်လောက်သောက်ချင်လို့ ဗိုလ်အောင်ကျော်လမ်းအတိုင်း အထက်ဘက်ကို ကျနော်တယောက်တည်း ဖြေးဖြေးချင်း လျှောက်လာခဲ့ပါတယ်။

ထော့နဲ့ ထော့နဲ့ လျှောက်လာရင်း ဗိုလ်အောင်ကျော်လမ်းနဲ့ မဟာဗန္ဓုလလမ်းထောင့်နားအရောက်မှာတော့ ဆိုက္ကားတစီး ကျနော့်နားထိုးရပ်ပြီး …

‘‘ကဲ ကဲ … ဟေ့လူတက်တက် လိုက်ပို့ပေးမယ်၊ ခင်ဗျားတို့လိုလူတွေဆို ကျနော် နေလို့မရဘူး’’ လို့ ဆိုက္ကားဆရာက ကျနော့် ဘက်လှည့်ပြီး ပြောတယ်။

သူပြောမှပဲ ကျနော် ကိုယ့်ကိုယ်ကိုယ် ကရုဏာသက်ရမလို ကြောင်စီစီဖြစ်သွားပြီး ‘‘မဟုတ်ဘူး၊ ကျနော်က တမင် လမ်း လျှောက်ချင်လို့ လျှောက်တာပါ။ ခင်ဗျားဘာသာသွားပါ’’ လို့ သူ့ကို ပြန်ပြောလိုက်တယ်။

သူက မသွားဘဲ ‘‘ကဲပါ … ဟုတ်ပါပြီ၊ ကျနော် မနေတတ်လို့ပါ၊ လိုက်ပို့ပါရစေ၊ ဘယ်ကို ပို့ပေးရမလဲ ပြော’’ ဆိုပြီး နန်းစတော့ပ် လွှတ်နေတာနဲ့ (ဘေးမှာ လမ်းသွားလမ်းလာတွေလည်းရှိတာနဲ့) ကျနော်လည်း နားအေးပြီးရောဆိုပြီး ‘‘ကျနော်က အနော်ရ ထာလမ်းထောင့်က ဂျေဒိုးနပ်စ်ဆိုင်တင်သွားမှာ၊ တဘလောက်လျှောက်လိုက်ရင် ရောက်ပြီ။ ခင်ဗျားဇွတ်ပြောနေလို့သာ’’ လို့ သူ့ကိုပြောရင်း ဆိုက္ကားပေါ်တက်လိုက်မိတယ်။

ဆိုက္ကားစီးလာရင်း ကျနော် သူ့ကို အကဲခတ်နေမိတယ်။ သူက ကျနော့်ကို ဘာမှထပ်မပြောတော့ဘဲ ကားကြိုကားကြား ဆိုက္ကားကိုပဲ အာရုံစိုက်ပြီး နင်းနေတယ်။ သူ့ပုံက ပိန်ရှည်ရှည် ပါးချိုင့်ချိုင့် အင်္ကျီဂျိုင်းပြတ်နဲ့၊ ညိုတဲ့ အသားအရည်က နေပူမ ရှောင် မိုးရွာမရှောင် သွားလာထားရလို့ မည်းတဲ့ဘက်သမ်းနေတယ်။  ကျနော့်စိတ်ထဲ သူ့ရဲ့ လူတဖက်သားကို ကူညီချင်တဲ့ စိတ်ကို အသိအမှတ်ပြုတဲ့အနေနဲ့ ဆိုက္ကားပေါ်ကဆင်းရင် (စီးတဲ့ခရီး နီးနီးလေးပေမယ့်) သူ့ကို တထောင်ကျပ်တော့ ချီးမြှင့် လိုက်မယ်လို့ စိတ်ကူးရင်း ဆက်စီးလာခဲ့တယ်။

ဂျေဒိုးနပ်စ်ဆိုင်နားရောက်တော့ သူက ဆိုက္ကားကို လမ်းဘေး ကပ်ရပ်ပေးတယ်။  ဆင်းဖို့ ခြေနင်းကို ခြေတဖက် ခွကျော်လိုက် တယ်ဆိုရင်ပဲ ကျနော်က ‘‘ကဲဗျာ … ခင်ဗျားရဲ့စေတနာကို အသိအမှတ်ပြုတဲ့အနေနဲ့ ကျနော်ကလည်း ခင်ဗျားကို ငွေတ ထောင်တော့ ပြန်ချီးမြှင့်ပါရစေ’’ လို့ ပြောပြီး ပိုက်ဆံအိတ်ထဲက တထောင်တန်တရွက် သူ့ကို ထုတ်ပေးလိုက်မိတယ်။ သူက လက်နှစ်ဖက်နဲ့ တရိုတသေ ယူရင်း ချွေးစီးချွေးပေါက်တွေ ကျနေတဲ့ ၀မ်းသာအားရ မျက်နှာနဲ့ ကျနော့်ကို ကျေးဇူးတင်စကား ပြန်ပြောတယ်။ သူ့ကျေးဇူးတင်စကားက အမှတ်မထင် ကျနော့်ရင်ကို နင့်ခနဲ ဖြစ်သွားစေတယ်။ သူ ပြောလိုက်တာက …

‘‘ဟား … ဗိုက်အရမ်းဆာနေတာနဲ့ အတော်ပဲ။ ကျေးဇူးတင်လိုက်တာ အစ်ကိုရာ။ ဆန် အမြန်ဝယ်ပြီး အိမ်ကို ပြေးလိုက်ဦးမယ်’’ တဲ့။

လာတဲ့ ဗိုလ်အောင်ကျော်လမ်း အောက်ဘက်အတိုင်း ဆိုက္ကားကို အပြေးတွန်းပြီး တက်နင်းသွားတဲ့ သူ့ကျောပြင်ကို ငေး ကြည့်ရင်း ကျနော် တယ်လီဖုန်းကို ဖွင့်ကြည့်လိုက်မိတယ်။ အချိန်က ညနေ ၃ နာရီ ၁၄ မိနစ် …။      ။

ဒေါက်တာလွဏ်းဆွေ
ဇွန် ၂၄၊ ၂၀၁၅


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts