Op-Ed သူတို့အာဘော်

မောင်မောင်စိုး – မဲစာရင်း

မောင်မောင်စိုး – မဲစာရင်း
(မိုးမခ) ဇွန် ၂၅၊ ၂၀၁၅

၂၀၁၅ နှစ်ကုန်ခါနီးမှာကျင်းပမဲ့ ရွေးကောက်ပွဲအတွက် မဲစာရင်းတွေ ထွက်လာပါပြီ။ မြို့နယ်အလိုက် ရပ်ကွက်ရုံးတွေမှာ ချိတ်ကပ်ထားပြီး လူတိုင်းစစ်ဆေးနိုင်ပါတယ်။ မဲစာရင်းတွေကြည့်ပြီး အသံများစွာထွက်လာပါတယ်။ လူတွေ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ပြောဖြစ်ကြပါတယ်။ မနေ့ညက ဖျာပုံက မိတ်ဆွေဆရာဝန်တစ်ယောက်နဲ့ ဒီမဲစာရင်းအကြောင်း ဖုန်းနဲ့ဆွေးနွေး ဖြစ်ပါတယ်။ ကျနော်တို့ဆွေးနွေးဖြစ်တဲ့ အကြောင်းအရာလေးတွေကို ပြန်ပြောချင်ပါတယ်။

• အမှားတွေများနေတဲ့ မဲစာရင်း

မဲစာရင်းကို အသေချာစောင့်ကြည့်နေတဲ့အဖွဲ့အစည်းတွေနဲ့ အဲန်အယ်ဒီရဲ့ကြေငြာချက်အရ မြို့နယ်တိုင်းလိုလိုမှာ မဲစာရင်း တွေ မှားယွင်းနေပြီး မှားယွင်းမှုဟာ ရာခိုင်နှုန်းအရ ၂၀/၃၀ လောက်ဘဲရှိတဲ့ မြို့နယ်ရှိသလို အချို့မြို့နယ်တွေမှာ ၇၀/၈၀ လောက်အထိ မှားယွင်းနေတယ်လို့ ဆိုပါတယ်။

တကယ်တော့ ၂၀၁၄ ကမှ အချိန်ကုန်ငွေကုန် ကောက်ခံခဲ့တဲ့သန်းခေါင်စာရင်းရှိပြီးသားပါ။ ဒီသန်းခေါင်းစာရင်းကို အခြေခံရ မှာပါ။ ဒါပေမဲ့ ၂၀၁၄ သန်းခေါင်စာရင်းအသေးစိတ်ကို အစိုးရတာဝန်ရှိသူများက ယခုထိကြေငြာခြင်းမရှိခဲ့သလို အခု ရွေး/ ကော်ကလုပ်တဲ့ မဲစာရင်းဆိုတာက ၂၀၁၄ ကမှ ကောက်တဲ့ သန်းခေါင်စာရင်းကို အခြေခံပုံမရပါဘူး။ တကယ်လို့သာ၂၀၁၄ က တအိမ်တက်ဆင်းကောက်တဲ့ သန်းခေါင်စာရင်းကိုအခြေခံရင် ဒီတနှစ်အတွင်း သေသွားသူ ပြောင်းရွှေ့ လာသူတွေ လောက်ဘဲ ကွာခြားမှုရှိမှာပါ။ ဘာကြောင့် ဒီ ၂၀၁၄ သန်းခေါင်စာရင်းကို အခြေမပြုသလဲဆိုတာတော့ စဉ်းစားစရာပါဘဲ။

မှားယွင်းတဲ့မဲစာရင်းမှာ သေပြီးသားသူတွေပါသလို ရှိနေတဲ့သူတွေက မပါပြန်ဘူးလို့ ဆိုပါတယ်။ ထူးခြားတာကတော့ မွေး လ မွေးရက်တူတဲ့သူတွေ တန်းစီရိုက်ထားတဲ့ မွေးစာရင်းတွေပါဘဲ။ ဒါကလဲ တမြို့နယ် တရပ်ကွက်မှာတွေ့ရတဲ့ အမှားမျိုး မဟုတ်ပါဘူး။ တိုင်းပြည်အနှံ မြို့နယ်တိုင်းမှာ တွေ့ရတဲ့ အမှားဖြစ်နေပါတယ်။ ဒါကြောင့် ဒါဟာအမှားမဖြစ်နိုင်တော့ပါ။ အထက်ကညွှန်ကြားချက်ကို စစ်ဗိုလ်ရာနဲ့ချီလုပ်ကိုင်နေတဲ့ ရွေးကောက်ပွဲကော်မရှင်က ရည်ရွယ်ချက်ရှိရှိ လုပ်ထားမှန်း သိသာပါတယ်။ ဦးတင်အေးလည်း ဝန်ခံထားပြီးပါပြီ။

• စိတ်ဓာတ်စစ်ဆင်ရေး
ထောက်လှမ်းရေးခေတ်က ထောက်လှမ်းရေးတပ်မှူးရုံးခန်းထဲမှာ တပ်မှူးရဲ့စားပွဲအကြီးရှိတယ်။ စားပွဲနောက်မှာ တပ်မှူး ထိုင်ခုံရှိပါတယ်။ စားပွဲရှေ့မှာ ဧည့်သည်ထိုင်ဘို့ ကုလားထိုင် ၃ လုံးခန့်ရှိတတ်ပါတယ်။ ထလရ တပ်မှူးထိုင်ခုံကတော့ ပုံမှန် ပါဘဲ။ ဒါပေမဲ့ ဧည့်သည်ထိုင်ဘို့ထားတဲ့ ထိုင်ခုံတွေကတော့ ပုံမှန်မဟုတ်ပါ။ ပုံမှန်ထက်မြှင့်ထားပါတယ်။ တက်ထိုင်လိုက်ရင် ခြေထောက်နဲ့ ကြမ်းပြင်နဲ့ လွတ်တဲ့အထိမြှင့်ထားပါတယ်။ ဒါပြင် အဲဒီဧည့်သည်ခုံတွေကို တစ်လုံနဲ့တစ်လုံး အနိမ့်အမြင့် မတူ အောင် နောက်မှီအမြင့်ပါ မတူအောင်လုပ်ထားပါတယ်။ ဒီတော့ ထိုင်တဲ့သူဟာ ကြမ်းပြင်နဲ့ခြေထောက်လွတ်ပြီး ထိုင်ရတာ အဆင်မပြေပါ။ ထိုင်ခုံအောက်တန်းမှာ ခြေထောက်တင်ရင်လည်း ထိုင်ရတာ ကသိကအောက်ပါ။ အတူအဖော်ပါသူတွေဘက် စောင်းကြည့်ရင်လဲ နိမ့်သူကနိမ့် မြင့်သူကမြင့်ပါ။

အဲဒီလို ထိုင်ရတာအဆင်မပြေ ကသိကအောက်ဖြစ်နေသူတွေကို ထလရအရာရှိက သက်တောင့်သက်သာနဲ့ထိုင်ပြီး လက်ခံ တွေ့တာပါ။ တရားခံစစ်တာ မဟုတ်သေးဘူးနော်။ ရုံးကိစ္စနဲ့ တွေ့သူတွေကို တွေ့ပုံပါ။ တဖက်သူ ကသိကအောက် စိတ်မ သက်မသာဖြစ်နေတဲ့ အခြေအနေဖန်တီးပြီး စိတ်ဓါတ်ရေးရာအရ အပေါ်စီးယူပြီး ရင်ဆိုင်တာပါ။ ဒါကို စစ်တပ်မှာတော့ စိတ် ဓါတ်စစ်ဆင်ရေးအရ အသာစီးယူတာလို့ ပြောကြပါတယ်။

အခုလဲ မဲစာရင်းအမှားတွေနဲ့ အဲန်အယ်လ်ဒီအပါ အတိုက်အခံတွေတက်ကြွသူတွေကို ရွေးကောက်မတိုင်မှီ စိတ်ဓာတ်စစ်ဆင် ရေးလုပ်လိုက်တယ်လို့ မြင်ပါတယ်။ ဒါ့ပြင် ကိုယ်မဲစာရင်း ကိုယ်လာစစ်ပါ မပါရင်ပြင်ပေးမယ်လို့ ဆိုလိုက်ပါတယ်။ အတိုက် ခံပါတီတွေနဲ့ တက်ကြွသူတွေကို အလုပ်ရှုပ်အောင် အလုပ်ပေးလိုက်တာဖြစ်ပါတယ်။ အထူးသတိပြုဘို့ လိုပါတယ်။ ဒီလို စိတ်ကသိကအောက် မကြည်မလင်ဖြစ်ရင် တပန်းရှုံးတတ်တယ်မဟုတ်ပါလား။ ဒီစိတ်ဓာတ်စစ်ဆင်ရေးကို အတိုက်အခံပါတီ တွေ တက်ကြွသူတွေအနေနဲ့ တည်တည်ငြိမ်ငြိမ်ရင်ဆိုင်ဘို့ လိုပါတယ်။

• အဆိုးအပစ်

ကိုယ့်မဲစာရင်း ပါ မပါ လာစစ်မဲ့သူဟာ လူအားလုံးမဖြစ်နိုင်ပါဘူး။ တက်ကြွသူတွေလောက်သာဖြစ်မယ်လို့ ခန့်မှန်းပြီးလုပ် တာပါ။ နိုင်ငံငံရေးပါတီတွေထဲကလည်း အဲန်အယ်လ်ဒီလောက်ဘဲ မဲစာရင်းစစ်တာလုပ်နိုင်မဲ့အနေအထားရှိပါတယ်။ ကျန်ပါ တီငယ်တွေကတော့ တပြည်လုံးအနေအထား အရလုပ်နိုင်စွမ်းမရှိလောက်ပါဘူး။ တိုင်းရင်းသားပါတီတွေကတော့ သူ့ပြည် နယ်အလိုက် အကန့် အသတ်နဲ့ လုပ်နိုင်ပါမယ်။

ပေးထားတဲ့အချိန်နှစ်ပါတ်အတွင်းမှာ လူအားလုံးစစ်ဆေးပြီးဘို့ဆိုတာ အကန့်အသတ်ကြီးပါတယ်။ အားလုံးစစ်ဆေးပြီးဘို့ ခက်ပါတယ်။ မပြတ်ရင် အချိန်ထပ်တိုးတောင်းဘို့ လိုပါလိမ့်မယ်။ ခွင့်ပြုချင်မှလည်း ခွင့်ပြုပါလိမ့်မယ်။ မဲစာရင်းစစ်ရာမှာ တက်ကြွစွာလှုပ်ရှားနေတဲ့ အဲန်အယ်လ်ဒီက တက်ကြွသူတွေ အထူးသတိထားဘို့လိုပါတယ်။ ဘာပုဒ်ထီး ပုဒ်မနဲ့မှ မငြိဘို့ လိုပါတယ်။ ရွေးကောက်ပွဲမတိုင်မှီ တက်ကြွသူတွေ အထဲသွားမနေရဘို့ လိုပါတယ်။

• အဆိုးထဲကအကောင်းများ
မဲပေးခွင့်ဆိုတာ နိုင်ငံသားတိုင်းရဲ့အခွင့်အရေးပါ။ လက်ရှိရွေးကောက်ပွဲကော်မရှင်ရဲ့ မဲစာရင်းမှားယွင်းမှုများနဲ့ပတ်သက်ပြီး ပြည်တွင်းရော နိုင်ငံတကာအကဲခတ်များပါ ရွေး/ကော်နဲ့ပတ်သက်ပြီး ယုံကြည်မှုလျော့ကျစေပါတယ်။ နောက်လာမဲ့ ရွေး/ ကော်ရဲ့လုပ်ဆောင်ချက်များကို အထူးဂရုပြုကြည့်လာကြတော့မှာပါ။

အများပြောကြသလိုဘဲကြံ့ဖွံ့ဟာ မဲစာရင်းနဲ့ပတ်သက်ပြီး တခွန်းမှမဟပါ။ သူ မရမဲ့ မဲတွေမှန်း သေချာနေလို့လားတော့ မသိပါ။ လူထုရဲ့ ရပိုင်ခွင့်အတွက် မဲစာရင်းစစ်တာကို တပြည်လုံးအတိုင်းအတာအရ လုပ်နိုင်တာဟာ အဲန်အယ်လ်ဒီဘဲရှိပါ တယ်။ လူထုတွင်း အဲန်အယ်လ်ဒီရဲ့ပုံရိပ် ပိုမြင့်စေပါတယ်။ ဒါပြင် ရွေးကော် ကျေးဇူးနဲ့ ရွေးကောက်ပွဲမတိုင်မှီ မဲဆွယ်စည်းရုံးခွင့် လေးလလောက် ကြိုရလိုက်သလိုပါဘဲ။

ရှေ့မှာ ဒီထက်ကြီးတဲ့ အခက်အခဲရှိနိုင်ပါသေးတယ်။ အားလုံးတည်တည်ငြိမ်ငြိမ်နဲ့ ကျော်လွှားနိုင်ဘို့ လိုပါလိမ့်မယ်။

Photo : richwainwright.com


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts