Uncategorized မင်နီရှဲလ်

စဉ်းစားစေချင်တာတွေ (၃) (အမျိုးသားတွေ ကျန်းမာရေး စစ်စရာတွေ)

စဉ်းစားစေချင်တာတွေ (၃) (အမျိုးသားတွေ ကျန်းမာရေး စစ်စရာတွေ)
မင်နီရှဲလ်၊ အောက်တိုဘာ ၂၄၊ ၂၀၁၃
Obesity အကြောင်း စာအုပ်တအုပ် ထုတ်ဖို့ လုံးပန်းနေတာနဲ့ မိုးမခအတွက် စာမရေးဖြစ်တာ တော်တော်ကြာသွားတယ်။ အားလုံးသိကြတဲ့အတိုင်း အစိုးရက Shutdown ဖြစ်နေတော့ စာအုပ်အတွက် လိုအပ်တဲ့ Library of Congress နံပါတ်ကို စောင့်ရေတယ်လို့ ပြောပါတယ်။
ပရိသတ်ရဲ့ တောင်းဆိုချက်အရ ဒီတခါတော့ အမျိုးသားတွေအတွက် ကျန်းမာရေးပညာပေးဆောင်းပါးတပုဒ် ရေးလိုက်ပါတယ်။
အမျိုးသားတွေဟာ အသက် ၄၅ နှစ် ကျော်ရင် နေ့စဉ် အက်စပရင် ၈၁ မီလီဂရမ် ဆေးပြား သောက်သင့်ပါတယ်။ နှလုံးရောဂါနဲ့ လေဖြတ်ခြင်းကို ကာကွယ်ပေးနိုင်တာမို့ပါ။ ဒါပေမယ့် ဆရာဝန်တယောက်နဲ့လည်း တိုင်ပင်သင့်ပါတယ်။ လူတယောက်နဲ့ တယောက်ဟာ မတူညီကြပါ။ အက်စ်ပရင်ဟာ သွေးကျဲဆေးမို့ အစာအိမ်ရောဂါရှိတဲ့သူတွေ၊ အစာအိမ်နဲ့ အူလမ်းကြောင်းမှာ သွေးယိုသွေးစီးမှု ဖြစ်ဖူးသူတွေ၊ သွေးရောဂါရှိသူတွေ မသောက်သင့်ပါ။ အက်စ်ပရင်သောက်နေစဉ် သွေးယိုစီးတာ၊ သွားဖုံးက သွေးထွက်တာ၊ ဗိုက်အောင့်တာတွေ ဖြစ်ရင်လည်း ဆရာဝန်နဲ့ တိုင်ပင်ပါ။
Colonoscopy အူမကြီးထဲ ကင်မရာထည့်ပြီး စစ်ဆေးတာကတော့ အသက် ၅၀  မှာ စသင့်ပါတယ်။ အမျိုးထဲမှာ အူမကြီးကင်ဆာ ရှိရင်တော့ ၄၅ နှစ် လောက်မှာ စသင့်ပါတယ်။ ၀မ်းချုပ်တာ၊ ၀မ်းပျက်တာ၊ သွေးပါတာတို့ ဖြစ်ရင်လည်း မပေါ့ဆဘဲ ဆရာဝန်နဲ့ ပြသင့်ပါတယ်။
အမျိုးသားတွေအဖို့ အနည်းဆုံး တနှစ် တကြိမ် သွေးပေါင်ချိန်တိုင်းပြီး စစ်ကြည့်သင့်ပါတယ်။ တလ တခါ လောက် စစ်ရင်လည်း ကောင်းပါတယ်။ US မှာ စူပါမားကက်တွေမှာ သွေးပေါင်ချိန်အလကားတိုင်းကြည့်လို့ ရတဲ့ စက်တွေ ရှိပါတယ်။ အသက် ၄၀ ကျော်ပြီဆိုရင် ဘာရောဂါမှ မရှိရင်တောင် နှစ်စဉ် ကျန်းမာရေး စစ်ဆေးမှု ခံယူသင့်ပါတယ်။
အမျိုးသားတွေ အနေနဲ့ အသက် ၃၅ နှစ်ကျော်ရင် ကိုလက်စထရော စစ်ကြည့်သင့်ပါတယ်။ ၁၂ နာရီ အစာ မစားဘဲ ရေပဲသောက်ပြီးမှ သွေးဖောက်စစ်ကြည့်ရတာပါ။ စာရေးသူကတော့ လူနာတွေကို ခပ်ငယ်ငယ်ကတည်းက တခါလောက် ကိုလက်စထရော စစ်ထားလိုက်ပါတယ်။ တချို့တွေက အရမ်း ၀တယ် လေ။ ကိုလက်စထရောများနေရင် လိုအပ်တဲ့ညွှန်ကြားမှုတွေ ပေးရပါမယ်။ ဆေးပေးသင့်ရင် ပေးရပါမယ်။
လိုအပ်မယ် ထင်တဲ့ ဦးဦး၊ ကိုကို၊ ဘဘ၊ အန်ကယ်ကြီး၊ မောင်လေးတို့ကို HIV နဲ့ ဆစ်ဖလစ် စစ်ဆေးရပါမယ်။ အသည်းရောင် အသားဝါ ဘီပိုးနဲ့ စီပိုးတွေလည်း risk ရှိမယ်ဆိုရင် စိတ်ချရအောင် စစ်ကြည့်သင့်ပါတယ်။
ဆေးလိပ်သောက်ဖူးတဲ့ သောက်နေဆဲ အမျိုးသားတွေကို အသက် ၆၅ နှစ်ကျော်ရင် တသက်မှာ တခါ ၀မ်းဗိုက်ကို အာလ်ထရဆောင်း လုပ်ရပါမယ်။ ဆေးလိပ်သောက်ဖူးတဲ့အတွက် Aorta  လို့ခေါ်တဲ့ သွေးကြောကြီးမှာ ပြောင်းလဲမှု ရှိနိုင်လို့ပါ။
စိတ်ဓာတ်ကျ ရောဂါ ရှိမရှိ၊ အရက်ပြသနာ ရှိမရှိ၊ ဆီးချို ရှိမရှိ ဆရာဝန်တွေအနေနဲ့ စစ်ဆေးသင့်ပါတယ်။ အကျိတ်တွေ ဘာတွေ ပေါ်လာရင်လည်း ပေါ့ဆမနေဘဲ ဆရာဝန်ဆီမှာ လာပြသင့်ပါတယ်။ ထိုနည်းတူစွာပဲ မှဲ့တွေကိုလည်း မှန်မှန် သတိထားသင့်ပါတယ်။ ပြောင်းလဲမှုတွေ ဖြစ်နေရင် အရေပြားဆရာဝန်နဲ့ ပြကြည့်ပါ။
သွေးထဲမှာ PSA စစ်တာကိုတော့ လောလောဆယ် အသက် ၅၀ ကျော်မှာ စစ်ပါလို့ ဆိုပါတယ်။ ဒါပေမယ့် PSA (ဆီးကျိတ်) ကို စစ်တာဟာ စိတ်မချရတာမို့ နှစ်စဉ် မစစ်ဖို့ ပြောကြပါတယ်။ PSA များနေတာဟာ အသက်ကြောင့်လည်း ဖြစ်နိုင်သလို၊ ဆီးလမ်းကြောင်းမှာ ရောဂါပိုးဝင်တာ၊ ဆီးကျိတ်ယောင်ယမ်းတာ၊ ကြီးနေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ကင်ဆာကြောင့် ဟုတ်ချင်မှ ဟုတ်မှာပါ။ ဒါပေမယ့် PSA များနေတာကို ကြောက်လန့်ပြီး Biopsy တွေလုပ်ကြ၊ ခွဲစိတ်ကြတာတွေ ရှိလာနိုင်ပြီး ဘေးထွက်ဆိုးကျိုးတွေပါ ပါလာနိုင်ပါတယ်။ ဆီးကျိတ်ကင်ဆာ ဖြစ်နေရင်တောင်မှ တချို့ကင်ဆာတွေက လျင်လျင်မြန်မြန် ပြန့်ပွားခြင်း မရှိတာမို့ အသက်အရမ်းကြီးတဲ့ လူနာတွေဆို မကုပဲတောင် နေကြပါတယ်။ ဓာတ်ကင်တာ၊ Chemo ယူတာက ပိုပြီး လူနာအတွက် ခံရလို့ပါ။ အကောင်းဆုံးကတော့ အမျိုးသားတွေကို ၂ နှစ် ၁ ခါ လောက်တော့ PSA စစ်ပါတယ်။ နှစ်စဉ် ဆီးကျိတ်ကင်ဆာရှိသူ ၂ ဦး ၃ ဦးတော့ ရှိတတ်စမြဲပါ။
နောက်တခုက အ၀လွန်နေရင် ၀ိတ်လျော့စေချသ်တယ်။ ၀ိတ်လျော့ရမယ်ဆိုတဲ့ အသိဉာဏ် Insight မှ မရှိရင်လည်း ငယ်ငယ်ရွယ်ရွယ်နဲ့ နှလုံးရောဂါဖြစ်ဖို့၊ လေဖြတ်ဖို့ ၊ ဆီးချိုရောဂါ ရဖို့၊ ICU ထဲ ရောက်ဖို့၊ ခြေထောက်ဖြတ်ရဖို့၊ အဆစ်ရောဂါတို့၊ ဒူးနာတာတို့ ရဖို့ နီးစပ်နေပြီလို့ပဲ ပြောရမှာပဲ။
နောက်ထပ် အရေးကြီးတာကတော့ ဆေးလိပ်နဲ့ အရက် (ဘီယာအပါအ၀င်) ရှောင်ဖို့ပါ။ ငါးပါးသီလထဲမှာ ဘီယာလည်း ပါပါတယ်။ ဘုရားက ငါးပါးသီလကို ဟောသွားတာ လူတွေ ကောင်းစေဖို့ပါ။ ကိုယ့်သီလက ညစ်နွမ်းနေရင် လုပ်တာ ကိုင်တာတွေ အဆင်မပြေနိုင်ပါဘူး။ ကျန်းမာရေးလည်း ထိခိုက်တယ်။ စိတ်ကြည်လင်မှု မရှိဘူး။ ကုယိ့သီလက ညစ်နွမ်းနေရင် (ဥပမာ – လူသတ်မှု ကျုးလွန်ထားတာမျိုး၊ ပစ္စည်းခိုးတာ၊ အလွဲသုံးစားလုပ်လို့ ထောင်ကျတာမျိုး၊ ငွေတွေလိမ်ထားလို့ ကြောက်နေရတာမျိုး၊ သူများ သားမယား ပြစ်မှားထားတာမျိုး၊ မူးယစ်ဆေး၊ အရက်ကြောင့် ဒုက္ခရောက်ထားတာမျိုး) ဆိုရင် ကိုယ့်ကိုယ်ကို မလုံမလဲဖြစ်ပြီး  လူတောမတိုးဘဲ ဖြစ်သွားတတ်ပါတယ်။ ဒါဟာ သီလညစ်နွမ်းလို့ ချက်ချင်းလက်ငင်းရတဲ့ အကျိုးပါပဲ။
ဒီတော့ အောက်ခြေ  ၅ ပါး သီလလေးလောက်တော့ လုံခြုံဖို့ လိုပါတယ်။ ဒါလုံခြုံခြင်းအားဖြင့် ကိုယ်ရော သူတပါးရော ကိုယ့်ပတ်ဝန်းကျင်ရော အကျိုးရှိပါတယ်။ ၅ပါး သီလလောက်မှ မလုံခြုံဘဲ ဆိုရင်တော့လည်း ဘယ်လောက်တော်တဲ့ ဆရာဝန်၊ ဘယ်လောက်ကောင်းတဲ့ ဆေးတွေ၊ ကိရိယာတွေနဲ့ စစ်နေ ကုနေပေမယ့်လည်း သိပ်ပြီး ဟန်ကျလှမယ် မထင်ဘူးလို့ပဲ ပြောချင်ပါတယ်။
နောက်မှပဲ ဦးဦး၊ ကိုကို၊ ဘဘတို့အတွက် ကြုံမှ ဆောင်းပါးတပုဒ် ထပ်ရေးပါဦးမယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts