သူတို့အာဘော် မောင်ရစ်

မောင်ရစ် – ၂၀၁၅ ဘယ်လမ်း ရွေးမလဲ

Cartoon Saw Ngo (2013)

 

မောင်ရစ် – ၂၀၁၅ ဘယ်လမ်း ရွေးမလဲ 

အယ်ဒီတာ့လက်ရေး

(မိုးမခ) ဇွန် ၂၄၊ ၂၀၁၅

၂၀၁၃ တုန်းကတော့ လမ်းခုလတ်မေးခွန်းများ မေးခဲ့ဘူးပါတယ်။ အဲသည်တုန်းက ဒီမိုကရေစီအပြောင်းအလဲသို့ သွားရာလမ်းဟာ လမ်းခုလတ်ဆိုရင် ဘယ်လဲ ဘာလဲဆိုပြီး မေးခဲ့တာပါ။ မိတ်ဆွေတွေ အတော်များများက အသီးသီး ထင်မြင်ရာဖြေခဲ့ကြပြီး မိုးမခမှာ အခန်းဆက်၊ ပြီးတော့ ရန်ကုန်မှာ လုံးချင်းစာအုပ်လေးထွက်ဖြစ်ခဲ့ပါတယ်။ ၂၀၁၅ နှစ်တ၀က်ကျိုးခါနီးမှာ ၂၀၁၅ မှာ မိတ်ဆွေတို့ ဘယ်လမ်း လျောက်နေကြပြီလဲလို့ မေးမြန်းစကားလက်ဆုံ စုံစမ်းခဲ့ချင်သော်လည်း မမေးဖြစ်တော့ပါ။ သူတို့တွေ ဘယ်လမ်းလျောက်နေကြပြီလဲ ဆိုတာကို ခပ်လှမ်းလှမ်းကပဲ အကဲခတ်ကြည့်နေမိပါတော့တယ်။

၂၀၁၅ မှာ ပြည်သူတွေ အတော်များများအတွက် ရွေးချယ်စရာကတော့ နိုဝင်ဘာမှ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲကြီး ဖြစ်ပါတော့တယ်။ ရွေးကောက်ပွဲကြီးကို ၀င်ရောက် မဲပေးဆင်နွှဲကြမယ့် သူတို့အတွက် စိန်ခေါ်မှုကတော့ သူတို့တတွေ ကိုယ်တိုင်ကိုယ်ကျ မဲစာရင်းများကို စိစစ်ခြင်းနဲ့ ကိုယ်ထိလက်ရောက် မဲပေးခြင်း မပျက်မကွက် လုပ်ဖို့ပဲ ဖြစ်ပါတယ်။ မိမိရဲ့ ဒေသခံ ရွေးချယ်ခံရမယ့် ကိုယ်စားလှယ်လောင်းဟာ မြန်မာပြည်ရဲ့ အတိတ်၊ ပစ္ဖျုပ္ဗန်နဲ့ အနာဂတ်ကို အဆိပ်သင့်စေတဲ့၊ သင့်ခဲ့တဲ့၊ သင့်စေဦးမယ့် လူပုဂ္ဂိုလ်တွေ မဖြစ်စေဖို့၊ သူတို့တွေကို မိမိတို့ ဘ၀ကို ၀ကွက် မအပ်မိကြဖို့ ဖြစ်ပါတယ်။ ကြိုတင်မဲတွေကို အလွဲသုံးစားအလုပ်ခံရခြင်းမှ ကာကွယ်နိုင်ဖို့ကတော့ မိမိတို့ အိမ်တိုင်းစေ့မဲပေးကြတာအပြင် ကြိုတင်မဲပေးရမယ့်သူတွေကိုယ်တိုင်က ကြိုတင်မဲစာရင်းကို ကိုယ်တိုင်ဖြည့်စွက်ပြီး တင်သွင်းကြရေးပါပဲ။ တနိုင်ငံလုံး မဲပေးကြတဲ့ နေ့၊ မဲစာရင်း ရေတွက်ကြတဲ့အချိန်မှာ ကြိုတင်မဲစာရင်းကို မဲရုံတိုင်းမှာ ကြိုတင်ထုတ်ပြန်နိုင်ဖို့ကိုလည်း ရွေးကောက်ပွဲကော်မရှင်ကို ပြည်သူတွေကကော၊ ပြိုင်ပွဲဝင် နိုင်ငံရေးပါတီတွေက ဖိအားပေး တောင်းဆိုထားဖို့ လိုတယ် ထင်မိပါတယ်။

အမေရိကန်လို တိုင်းပြည်ကတော့ ကြိုတင်မဲပေးသွင်းလိုကြောင်း ဆန္ဒပြုလွှာကို မဲဆန္ဒရှင်တွေ ရှိတဲ့ အိမ်တိုင်းကို ရက်အကန့်အသတ်ကြိုတင်ပြီး စာတိုက်ကနေ ပေးပို့ရပါတယ်။ ကြိုတင်မဲပေးလိုသူက ဖောင်ကိုဖြည့်ပြီး စာတိုက်ကနေ ပြန်လည် ပေးပို့ကြပါတယ်။ အဲသည် အချက်အလက်တွေကို တကယ်မဲပေးတဲ့ ရက်မှာ ရွေးကောက်ပွဲကော်မရှင်ကနေ ကိုယ်တိုင်ပေးမဲစာရင်းတွေ မရေတွက်ခင် ထုတ်ပြန်ပေးပါတယ်။ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဆိုရင် ကြိုတင်မဲတွေနဲ့ ဘယ်သူကတော့ မဲရာခိုင်နှုန်း ဘယ်လောက်ရသလဲဆိုတာ သတင်းဌာနတွေက စုံစမ်းမေးမြန်းပြီး ဆွေးနွေးတင်ပြကြတာတွေ ရှိပါတယ်။

ရွေးကောက်ပွဲမတိုင်ခင် ပြည်သူတွေကော နိုင်ငံရေးပါတီတွေ စောင့်ကြည့် ရှုစားရမှာကတော့ အစိုးရအဖွဲ့နဲ့ လွှတ်တော်အသီးသီးတို့ရဲ့ နောက်ဆုံးပိတ်အိတ်နဲ့ လွယ် အကောင်အထည်ဖော်ဆောင်ရွက်ပြကြမယ့် ကတိက၀တ် လုပ်ငန်းများပဲ ဖြစ်ပါတယ်။ ရွှေတိဂုံကို ကယ်တင်ကြရေး၊ တောင်ဥက္ကလာ အားကစားကွင်း ပြန်ရရေး၊ ရေကူး အသံလွှင်စက်ရုံ ထိန်းသိမ်းရေးတို့ဆိုတာ နောက် လွှတ်တော်သက်တမ်း နောက် အစိုးရသက်တမ်းမှာ ပြည်သူလူထုစိတ်တိုင်းကျ ရွေးချယ်တင်မြှောက်လာကြမယ့် အမတ်တွေ အစိုးရအဖွဲ့တွေက ဆက်လက် ဖြေရှင်းပေးကြပါလိမ့်မယ်။ လက်ရှိ ဆေးမြီးတိုဖြေရှင်းနည်းဖြစ်တဲ့ “နောက်ဆုံးကျတော့ ပြည်သူ့ရဲတွေ ၀ိုင်းထားပြီ” ဆိုတာမျိုး “ကာလုံ” က ၀င်ရောက် စွက်ဖက်ဖြေရှင်းပေးလိုက်တာမျိုးတွေနောက် အာရုံတွေ ထွေပြားနေစရာ မလိုတော့ပါ။ အစိုးရ၊ လွှတ်တော်နဲ့ အခြေခံဥပဒေရဲ့ အထက်မှာ ရှိနေပုံရတဲ့ ကာလုံအဖွဲ့ကြီးရဲ့ ၅ နှစ်တာ သက်တမ်းကာလ ပြခဲ့တဲ့ အစွမ်းတွေ အများသိပြီးသားမို့ သူတို့ဆီက ဘာတွေများ မျှော်လင့်နေဦးမှာလဲ။

ကြံ့ဖွံ့အမတ်များက လွှတ်တော်မှာ တင်သွင်းအတည်ပြုဖို့ ကြိုးစားနေတဲ့ အခြေခံဥပဒေပြင်ဆင်ရေး ဥပဒေကြမ်း တကယ် ဖြစ်လာမှာလား။ နိုဝင်ဘာမတိုင်ခင်မှာ တကယ်ပဲကော လူထုဆန္ဒခံယူပွဲနဲ့ ပြင်ဆင်ရေးကို လုပ်နိုင်မှာလား။ အစိုးရကိုယ်တိုင်က မီဒီယာတွေအပေါ် ကန့်သတ် ချုပ်ခြယ် ဖိနှိပ်တာတွေ ဖြေလျော့ပေးမှာလား။ အမျိုးသားပညာရေးဥပဒေကြမ်းကို ကန့်ကွက်ကြလို့ အကြမ်းဖက် ရိုက်နှက်ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေ၊ ၀န်းရံပြည်သူတွေကို အကြွင်းမဲ့ လွတ်မြောက်ခွင့်ပေးလိုက်ကြမည်လား။ လက်ရှိကြံ့ဖွံ့အစိုးရသက်တမ်းမှာ ဖမ်းဆီးထောင်ချခံထားရတဲ့ မြန်မာ့အရေးလှုပ်ရှားသူအားလုံးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်မည်လား။ အစိုးရနဲ့ ကာလုံတို့ ကြိုးပမ်းနေကြတဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရကြဦးမှာလား။ ဒါတွေကတော့ အစိုးရနဲ့ လွှတ်တော်ရဲ့ နောက်ဆုံး သက်တမ်း လအနည်းငယ်အတွင်း စောင့်ကြည့် မေးခွန်းထုတ်ရမယ့် အခြေအနေတွေပဲ ဖြစ်ပါတယ်။

ရွေးကောက်ပွဲလမ်းကြောင်းကို လိုက်ကြမယ့် နိုင်ငံရေးပါတီတွေ၊ ခေါင်းဆောင်တွေနဲ့ အမတ်လောင်းတွေကတော့ ဒီတလမ်းတည်းကို ဖြောင့်ဖြောင့်ကြီး လျောက်ကြဖို့ ပြင်ဆင်ကြရုံသာ ရှိပါတယ်။ မြန်မာပြည်ရဲ့ အတိုက်အခံ နိုင်ငံရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတော့ ၂၀၁၅ ရွေးကောက်ပွဲအကြို မိန့်ခွန်းနဲ့ လမ်းညွှန်ချက် ထုတ်ပြန်ပြီးပါပြီ။ ပြည်သူလူထုအရေးကို ရှေ့တန်းတင်သော ပွင့်လင်းမြင်သာမှုကို အာမခံသော ကိုယ်စားလှယ်လောင်းများနဲ့ အင်န်အယ်ဒီပါတီက ၀င်ရောက် ယှဉ်ပြိုင်မည်ဖြစ်သလို အခြားသော နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားများနဲ့ အာဏာရ ကြံဖွံ့ပါတီအမတ်လောင်းများကလည်း အသီးသီးသော သဘောထား ရပ်တည်ချက်များနဲ့ ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ တကယ်တမ်း ၅ နှစ် သက်တမ်းဟာ ဘာမှ မကြာလိုက်ဘူးလို့ ဆိုနိုင်ပေမယ့် နင်းပြားပြည်သူတွေ အလုပ်သမား လယ်သမား အခြေခံလူတန်းစားများရဲ့ ဘ၀နဲ့ လူနေမှုစနစ်ဟာ ဘာမှ ထူးထူးခြားခြား တိုးတက်ပြောင်းလဲသွားခြင်း မရှိတာကြောင့် ပြည်သူလူထုဟာ အခုထက် ပိုပြီး မြန်ဆန်တိုးတက်တဲ့ ပြုပြင်မှုအပြောင်းအလဲ လွတ်လပ်မှု ပွင့်လင်းမှု ကို ပြင်းပြင်းထန်ထန် အာသီသရှိနေကြတာကို မြင်နေရတယ်လို့ ဆိုနိုင်ပါတယ်။

ရွေးကောက်ပွဲရဲ့ အခြားတဖက် လွှတ်တော်ပြင်ပက မြန်မာ့အရေး မြန်မာ့နိုင်ငံရေးလှုပ်ရှားသူများ လှုပ်ရှားမှုများအတွက်ကတော့ ၂၀၁၅ နှစ်ကုန်အထိက ဘာလဲ ဘယ်လဲ။ ၂၀၁၅ အကျော်ကကော ဘယ်လိုဖြစ်လာမှာလဲ။ ဘယ်အစိုးရ တက်တက်၊ ဘယ်လွှတ်တော်ပဲ ခေါ်ခေါ်၊ ဘယ်လိုပဲ အခြေခံဥပဒေတွေ ပြုပြင်ပြောင်းလဲပေးမယ်လို့ ကတိစကားတွေ ပြောပြော … တပ်မတော်မျိုးဆက် စစ်အုပ်စု အပေါင်းအပါများလက်ထဲ အာဏာတည်နေသ၍ ဥစ္စာ၊ လက်နက်၊ သြဇာ ကွန်ယက် ဖြန့်ကျက် ခိုင်မြဲနေသ၍ မြန်မာပြည်ရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်ရေး တက်ကြွ လှုပ်ရှား ရုန်းကန်နေကြသူများ အစုအဖွဲ့များကတော့ သူတို့ သန်စွမ်း ကျင်လည်ရာနေရာ ဒေသ အဖွဲ့အစည်းတွေမှာ အဖိနှိပ်ခံ ပြည်သူလူထုတွေဘက်က ပြတ်ပြတ်သားသား လိုက်ပြီး ဆက်လက် ရုန်းကန် တိုက်ပွဲ ၀င်နေကြရဦးမှာပါပဲ။ အမျိုးသားပညာရေးဥပဒေကြမ်းကို ပြင်ဆင်ပြောင်းလဲနိုင်ရေး အကြမ်းမဖက်ဘဲ ဆန္ဒထုတ်ဖော်ပြီး အာဏာရှင်တွေနဲ့ အပေါင်းအပါတွေကို ဖိအားပေး တောင်းဆို တိုက်ပွဲဝင်ခဲ့ကြတဲ့ ခွပ်ဒေါင်းစိတ်ဓာတ် သမဂ္ဂမျိုးဆက်သွေးသစ်လောင်းကြသူ ကျောင်းသားလူငယ်တွေကို ဂုဏ်ယူ လေးစား စံပြု အတုယူကြကုန်လျက် မြန်မာပြည်အနှံက မြန်မာ့အရေး လှုပ်ရှားရုန်းကန်သူတွေဟာ ဆက်လက် ချီတက်ကြရဦးမှာ ဖြစ်ပါတယ်။ မရပ်မနား ခရီးသွားကြရဦးမှာ ဖြစ်ပါတယ်။

ကွယ်လွန်ခဲ့ပြီ ဖြစ်တဲ့ သတင်းစာဆရာ၊ အင်န်အယ်ဒီပါတီ ခေါင်းဆောင်၊ ဟံသာဝတီဦးဝင်းတင် ပြောခဲ့သလိုပေါ့။ ဘယ်လမ်းကို လိုက်ကြမှာလဲ။ အာဏာရှင်တွေ ခင်းပေးတဲ့ လမ်းအတိုင်း လျောက်ကြမှာလား၊ ပြည်သူတွေနဲ့ အရေးတော်ပုံအသီးသီးက အသက်သွေးချွေးနဲ့ ခင်းခဲ့ကြတဲ့ သူရဲကောင်းတွေ အညတရ စွန့်လွှတ်အနစ်နာခံသူတွေ ခင်းပေးခဲ့ကြတဲ့ လမ်းအတိုင်း ဆက်ချီတက်ကြမည်လား … ။ မြန်မာပြည်သူတွေအားလုံးကတော့ အာဏာရှင်ခင်းတဲ့လမ်းကို လိုက်ကြမည် မဟုတ်ပါ။ မိမိတို့၏ နိုင်ငံရေးခေါင်းဆောင်နောက်ကို မမှိတ်မသုံ လိုက်ကြပါလိမ့်မည်။ ဆန္ဒမဲ လက်မှတ်ဖြင့် ပြည်သူ့ဆန္ဒကို ပြတ်ပြတ်သားသား အားပါးတရ ထုတ်ဖော်ပြကြပါလိမ့်မည်။ မတရား ဖိနှိပ်မှု မှန်သမျှကိုလည်း ဆန့်ကျင် တွန်းလှန် တိုက်ပွဲဝင်ကြဦးမှာ ဖြစ်ပါသည်။ နောက်ဆုံးမေးခွန်းကတော့ အာဏာရှင်နောက်လိုက် အပေါင်းအပါများကကော ဘာလဲ ဘယ်လဲ။ ပြည်သူတွေနဲ့ အတူ လိုက်ကြတော့မည်လား။ အာဏာရှင်ခင်းတဲ့လမ်းမှာပဲ ဆက်လှမ်းနေကြဦးမှာလား။ 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts