ကဗျာ

နဇော်နိုင် – နိုဝင်ဘာမှာ စိုက်ပျိုးပါ … ချို မြတင်

Photo by Aung Htet


နေဇော်နိုင် – နိုဝင်ဘာမှာ စိုက်ပျိုးပါ … ချို မြတင်

(နေဇော်နိုင်ဖေ့စ်ဘွတ်။ မိုးမခ) ဇွန် ၂၄၊ ၂၀၁၅
ငါတို့ ဘိုးဘွားပိုင်မြေပေါ်မှာ

ဘာအပင်မှ မကျန်တော့ဘူး

ကျန်ခဲ့တာက မြေစာပင်တွေသာ

ဒါကြောင့် နိုဝင်ဘာမှာ စိုက်ပျိုးပါ ချိုမြတင် ။

တစ်ခါက ငါရေးဖူးတယ်

( သစ်စေ့တွေဟာ

မြေကြီးထဲ ငိုကြွေးနေကြတာ မဟုတ်ဘူး

အကိုင်းအခက်တွေနဲ့ ရွက်လွှင့်ဖို့ 

ကောင်းကင်ကို ဆွဲဖွင့်နေကြတာ )

ဒါကြောင့် နိုဝင်ဘာမှာ စိုက်ပျိုးပါ ချိုမြတင် ။

စစ်မီးဟုန်းဟုန်းထခဲ့တဲ့ ကျည်ဆံကုန်းတွေပေါ်မှာ

ဘယ်အပင်မှ ရုန်းထနိုင်မှာ မဟုတ်ဘူး

အညွန့် သေးသေးလေးတွေ တွယ်တက်စရာ

အကိုင်းအခက်တွေကို ဘယ်သူချိုင်သွားသလဲ

အနာဂတ်မှာ အာဟာရဖြစ်စရာ

မြေဆီလွှာတွေကို ဘယ်သူခြစ်ထုတ်သွားသလဲ

တစ်မနက်ဖြစ်ဖြစ် ဆယ်သက်ဖြစ်ဖြစ်

တစ်ဘ၀လုံးသစ်မယ့် ရေလွှာကို

ဘယ်သူတွေ ခြေရာဖျောက်ပစ်သလဲ

ဒါကြောင့် နိုဝင်ဘာမှာ စိုက်ပျိုးပါ ချိုမြတင် ။

အပင်ငယ်တွေအတွက်

သူတို့ တွယ်တက်စရာ အပင်ကြီးလိုတယ်

အပင်ကြီးလာတော့ ဂေဟပစ္စည်းတွေကြွယ်တာပေါ့

ငါတို့ နေရာဌာန မိုးလေ၀သမှန်တာပေါ့

ငါတို့ အရိပ်အမြုံ ပိုပြီးလုံခြုံတာပေါ့

ဒါကြောင့် နိုဝင်ဘာမှာ စိုက်ပျိုးပါ ချိုမြတင် ။

ငါတို့ ရဲ့ နှစ်ပေါင်းငါးဆယ်ဟာ

ခုတ်ရာထစ်ရာ များခဲ့ပါတယ်

ဖိနပ်ထူထူကြီးတွေ ဖြတ်လျှောက်ခဲ့တာခံရတယ်

အမှောင်ထဲမှာ အညွန့် ချွေတာခံရ အပွင့်ကြွေတာခံရ

အသီးအကင်းတွေ ဘယ်လိုကြီးပြင်းနိုင်တော့မလဲ

ဒါကြောင့် နိုဝင်ဘာမှာ စိုက်ပျိုးပါ ချိုမြတင် ။

ဘယ်သူတွေဖျက်ဖျက်

မြေတစ်ကွက်တော့ ငါတို့ အတွက်ကျန်နေမှာပဲ

ထွန်ယက်ထားသမျှတွေ နောက်မကျသေးပါဘူးကွယ့်

ဒါကြောင့် နိုဝင်ဘာမှာ စိုက်ပျိုးပါ … ချိုမြတင် ။

၂၃ ဇွန် ၂၀၁၅


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts