တူမောင်ညို သူတို့အာဘော်

တူမောင်ညို – ဆန်းမြင့်အောင်လို အလုပ်သမားတွေ ပြည်သူတွေ အန္တရာယ်ကင်းစေဖို့

  တူမောင်ညို – ဆန်းမြင့်အောင်လို အလုပ်သမားတွေ ပြည်သူတွေ အန္တရာယ်ကင်းစေဖို့ 

(မိုးမခ)၂၄ ဇွန် ၂၀၁၅

မတော်တဆမှုတွေရဲ့ အဓိကအကြောင်းရင်းဟာ တစ်ဦးတစ်ယောက်ရဲ့ ပေါ့ဆမှု၊ မဆင်မခြင်ပြုမူမှုတွေအပေါ်မှာ များသော အားဖြင့် အခြေခံပြီးဖြစ်ပွားလေ့ရှိပါတယ်။ တခါတရံ ထိုမတော်တဆမှုရဲ့ လက်သည်ဖြစ်တဲ့ ပေါ့ဆသူ၊ မဆင်မခြင်ပြုသူဟာ သူ့ကြောင့် ကျရောက်လာရတဲ့ ဘေးအန္တရာယ်နေ လွတ်မြောက်သွားလေ့ရှိတတ်ပါတယ်။ ဒါကလည်း သူကိုယ်တိုင်ရဲ့ကိုယ်လွတ်ရုန်းမှု၊ အခြေအနေ ရဲ့မျက်နှာသာပေးမှုတွေကြောင့်ဖြစ်ပါတယ်။ ဘာကြောင့်ပဲဖြစ်ဖြစ် တစ်ဦးတစ်ယောက်ရဲ့ ပေါ့ဆမှု၊ မဆင်မခြင်ပြုမှုတွေဟာ လူများစုရဲ့ စည်းစိမ်ဥစ္စာနဲ့အသက်အန္တရာယ်ကို ကြီးကြီးမားမား ထိခိုက်နစ်နာဆုံးရှုံးမှုတွေ ဖြစ်ပွားစေတော့တာပါပဲ။ 

အခုလည်း ပြိုလဲကျသွားတဲ့သံငြမ်းတွေကြားထဲမှာ ပိမိနေတဲ့ ကိုဆန်းမြင့်အောင်ကို အသက်မသေဘဲ ကယ်တင်နိုင်ခဲ့ကြပေ မယ့်၊ ဆေးရုံရောက်တဲ့အခါ သူ့ရဲ့ခြေထောက်နှစ်ဖက်စလုံး ဖြတ်ပစ်လိုက်ရပါတယ်။လက်တစ်ဖက်လည်းဖြတ်ပစ်ရမယ်လို့ကြားရပါတယ်။ 

သူဟာ မကွေးတိုင်းဒေသကြီး၊ စကုမြို့နယ်၊ ကျောက်ဆစ်ပုံရွာကလို့ သိရပါတယ်။

သူ့အသက်က ၁၉ နှစ်ပဲရှိသေးတယ်။ သူဟာဘယ်နှတန်းထိ ပညာသင်ကြားခဲ့ဖူးသလဲ။ မူလတန်းလား၊ အလယ်တန်းလား၊ အထက်တန်းလား၊ ကြည့်ရတာ တပိုင်းတစနဲ့ကျောင်းကထွက်ပြီး လက်သမားဘဝကို ရောက်လာရတာနဲ့တူပါတယ်။ 

သူဟာ မန္တလေးမြို့၊ ၇၃လမ်း၊သဇင်လမ်းနဲ့ငုရွှေဝါလမ်းကြား၊ မင်္ဂလာမန္တလေးစီမံကိန်းမြောက်ဖက်အခြမ်း (Regal Hospitality) ကုမ္ပဏီက တာဝန်ယူတည်ဆောက်နေတဲ့ (Pullman Hotel) ဆောက်လုပ်ရေးစီမံကိန်းမှာ လက်သမားအဖြစ် လုပ်ကိုင်နေတာပါ။

 သူ့ လုပ်ခ လစာအပေါ် မှီခိုနေရတဲ့ မိဘညီအစ်ကိုမောင်နှမ ဘယ်နှယောက်ရှိမလဲ။ သူ့ကို မှီခိုနေရတဲ့ သားမယားရောရှိနေ သလား။ ကျောက်ဆစ်ပုံရွာက ဒီသတင်းကို ဘယ်နေ့ကကြားရသလဲ။ ဘယ်သူတွေ မန္တလေးကို လိုက်လာကြသလဲ။ မိဘတွေလား၊ ညီ အစ်ကိုမောင်နှမသားချင်းတွေလား။ မိန်းမနဲ့ကလေးလား။ သူနဲ့အတူ သံငြမ်းတွေအောက်ပိမိသွားတာ စုစုပေါင်း ၁၉ ယောက်ရှိတယ် လို့သိရပါတယ်။ သံငြမ်းတွေ ပိနေတဲ့အောက်က အရင်ဆုံး ကယ်ထုတ်နိုင်တဲ့  ၁၈  ယောက် လည်းဆေးရုံတင်ထားရတယ်၊ သေဆုံးသူ ၂ ယောက်ရှိတယ်။ သံငြမ်းတွေအောက်မှာ သေဆုံးနေတယ်၊ အပုပ်နံ့တွေရတယ်လို့လည်း ဆိုကြပါတယ်။

 သေဆုံးသူထိခိုက် ဒဏ်ရာရသူတွေ အများစုဟာ ကိုဆန်းမြင့်အောင်နဲ့ ဘဝတွေ၊ အသက်တွေက မတိမ်းမယိမ်း၊ ဘဝတူ အသက်အရွယ်တူတွေပဲဖြစ်လိမ့်မယ်လို့ယူဆပါတယ်။ သူငယ်ချင်းတွေ၊ တရွာထဲသားတွေ၊ တနယ်ထဲသားတွေ ဒါမှမဟုတ် ရွာနီးနားချင်း တွေလည်း ဖြစ်နိုင်ပါတယ်။ 

အစိုးရပိုင်သတင်းစာက ဒီသတင်းဖော်ပြတာမှာ ဇွန်လ ၂၁ ရက်နေ့မှာ (Regal Hospitality) ကုမ္ပဏီလို့ဖော်ပြပြီး၊ ဇွန်လ ၂၂ ရက်မှာတော့ (Region Hospitality) ကုမ္ပဏီလို့ ဖော်ပြပြန်ပါတယ်။ 

ကျနော်တို့ပြည်သူတွေဟာ ကိုယ့်အိမ်ကိုယ်ရွာမှာပဲ နေထိုင်တာဖြစ်စေ၊ ခရီးသွားလာရာမှာပဲဖြစ်စေ ဘေးကင်းလုံခြုံမှု လုံးဝ ကင်းမဲ့နေပါတယ်။ အန္တရာယ်တွေဟာဆိုတာ ကိုယ်က မဖိတ်ခေါ်ရပါပဲ အိမ်တိုင်ရာရောက် ရောက်လာတတ်ပါတယ်။

  ငလျင်လှုပ်၊ ရေကြီး၊ လေမုန်တိုင်းစတဲ့ သဘာဝတရားကြောင့်ဖြစ်လာရတဲ့ ဘေးအန္တရာယ်၊ မီးလောင်၊ သင်္ဘောနစ်မြုပ်၊ ကားမှောက်၊ ကားချင်းတိုက်၊ ရထားလမ်းချော်၊ လေယာဉ်ပြေးလမ်းချော် စတဲ့ လူ့ပယောဂတစ်စုံတစ်ခုကြောင့်ဖြစ်လာရတဲ့ ဘေး အန္တရာယ်တွေကလည်း ချာလည်ပတ်လည်ဝိုင်းနေတာပါ။ စစ်ပွဲတွေဖြစ်လို့ အစိုးရစစ်တပ်ကပစ်လို့၊ သူပုန်က ပစ်လို့ သေကြေဒဏ်ရာရ ကြတာတွေကလည်း အနတက္ကမပါ။

 နောက်တစ်ခုက ကပ်ရောဂါအန္တရာယ်ပါ။ အခု အိမ်နီးနားချင်းထိုင်းနိုင်ငံမှာ မားစ်(MERS) ရောဂါ အလည်အပတ် ခရီးရောက် လာနေပါပြီ။ ဘယ်အချိန် ကျနော်တို့နိုင်ငံဘက် ကူးလာမလဲ မသိပါဘူး။ ဒီအတွက် ပြင်ဆင်မှုတွေ၊ ပညာပေးမှုတွေ၊ ကြိုတင် ကာကွယ်မှု တွေ ဘယ်လောက် အတိုင်းအတာအထိပြုလုပ်ထားပြီးပြီလဲ။ 

လုပ်ငန်းခွင်မတော်တဆမှုတွေကြောင့် ကိုဆန်းမြင့်အောင်တို့လို ကြုံရ၊ ဖြစ်ရသူတွေ ပြည်တွင်းမှာရော ပြည်ပမှာ ထောင်နဲ့ချီပြီး ရှိနေတာပါ။ တိရစ္ဆာန်အစားအစာစဉ်းတဲ့စက်ထဲလိမ့်ကျလို့၊ ကျောက်တွင်း၊ရွှေတွင်းမြေပြိုကျလို့၊ ရေနံလက်ယက်တွင်းပေါက်ကွဲ မီးလောင် လို့၊ မြေစာပုံပြိုကျလို့ ၊ ဆောက်လက်စ အဆောက်အအုံပြိုကျလို့၊  လုပ်ငန်းခွင်အသွားခရီးလမ်းမှာ ယာဉ်မောင်းရဲ့ ပေါ့ဆမှုကြောင့် ကား တိုက်လို့၊ ကားမှောက်လို့၊ သင်္ဘောနစ်မြုပ်လို့ စသဖြင့် မမျှော်မှန်းနိုင်တဲ့ မတော်တဆမှုမျိုးစုံကို ကြုံကြရတာပါ။ အဆုံးသတ်ကတော့ သက်ဆိုင်ရာ အစိုးရ၊ ကုမ္ပဏီကပေးတဲ့ လျော်ကြေးငွေတစုံတရာ ပမာဏကို လက်ခံပြီး ဒုက္ခတိဘဝကို တစ်သက်တာလုံး ပွေ့ပိုက်သွား ကြရတဲ့အဖြစ်ပါ။ တချို့ကတော့ အသက်သေဆုံးသွားကြရပါတယ်။ တချို့ဆိုရင် သေသာသေသွားရတယ် ထိုက်တန်တဲ့ လျော်ကြေး ကျန်ရစ်သူတွေက မရရှာကြပါဘူး။ 

လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းဖို့ သိပ်လိုပါတယ်။ ကြီးမားတဲ့ လုပ်ငန်းခွင်ကြီးတွေဆိုရင် ပိုပြီး လိုအပ်ပါတယ်။ ဖြစ်လာခဲ့ရင်  ဘယ်လိုအရေးပေါ်ကယ်တင်မယ်ဆိုတဲ့ အစီအမံတွေရှိကို ရှိထားရပါမယ်။ ဒါ့အပြင် သက်ဆိုင်ရာလုပ်ငန်းခွင်အလိုက်  စွန့်စွန့်စားစား လုပ်ကိုင်ကြရတဲ့ လုပ်သားတွေအတွက် လိုအပ်တဲ့ ဦးထုတ်၊ မျက်နှာအဆောင်းအကာ၊ လက်အိတ်၊ ဖိနပ်၊ ဝတ်စုံ၊ ခါးပတ် စတာတွေ ဝတ်ဆင်စေရပါ့မယ်။ 

ငြမ်းပိတဲ့ ကိုဆန်းမြင့်အောင်ရဲ့ ကိုယ်ပေါ်မှာ ဘယ်လို လုံခြုံမှု အကာအကွယ်မှ ဝတ်ထား၊ ဆောင်းထား၊ ကာထားတာ မတွေ့ ရပါဘူး။ သူလိုငါလို အင်္ကျီလုံချည်ပဲဝတ်ထားတာတွေ့ရပါတယ်။ ကယ်တင်တဲ့ လုပ်ငန်းဘက်ကလည်း ကရိယာနဲ့ကျွမ်းကျင်သူမရှိတာ လည်းသိပ်ကို ထင်ရှားပါတယ်။ မီးသတ်နဲ့ကြက်ခြေနီတွေမှာ ဒီလို လုပ်ငန်းခွင်ဆိုင်ရာ မတော်တဆမှုတွေကို ကူညီကယ်ဆယ်ဖို့အတွက် လိုအပ်တဲ့ ကျွမ်းကျင်မှု၊ နည်းပညာနဲ့ ကရိယာတွေရှိသလား။ ဂျိုက်နဲ့ သံဖြတ်လွှပဲ တွေ့ရပါတယ်။ 

လျော်ကြေးဆိုတာမှာလည်း ငွေကြေးအရေအတွက်ပမာဏတစ်ခုထဲသက်သက်တင်မကဘဲ၊ အချို့က လုံးခနဲ ခဲခနဲ ငွေပမာဏ လျော်ကြေးပေးပြီး ပြီးဆုံးသွားတာမျိုးထက်၊   ကျနော့်အမြင်တော့ သေဆုံးသွားတာပဲဖြစ်ဖြစ်၊ ထာဝစဉ်မသန်စွမ်းဖြစ်သွားတာပဲ ဖြစ်ဖြစ် သူနဲ့သူမိသားစု ဘဝရပ်တည်နိုင်တဲ့အထိ ကြည့်ရှုစောင့်ရှောက်မှုပေးတဲ့ လျော်ကြေးစနစ်မျိုးသာဖြစ်စေချင်ပါတယ်။ ဒါမှလည်း တစ်ဖက် က ကုမ္ပဏီများကလည်း လူသားရဲ့အသက်နဲ့ခန္ဓာကို လေးစားတန်ဖိုးထားပြီး လုံခြုံဘေးကင်းမှုကို ဦးစားပေးစဉ်းစားလာမှာပါ။ 

 ဘာလို့ ဒီလိုပြောရသလဲဆိုတော့ လူ့အခွင့်အရေးရဲ့ပထမဆုံးနဲ့အခြေခံအကျဆုံးအချက်ဟာ အသက်ရှင်နေထိုင်ရေးနဲ့ အလုပ် လုပ်နိုင်ခွင့်ရှိရေးဖြစ်လို့ပါပဲ။ ဒါကြောင့် မိမိရဲ့လုပ်ငန်းခွင်မှာ အကြောင်းကြောင်းကြောင့် အလုပ်လုပ်ရင်း အသက် သို့မဟုတ် ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုခု ဆုံးရှုံးသွားသူတွေအတွက် အဖက်ဖက်ကနေစဉ်းစားပြီး ထိထိရောက်ရောက် ဆောင်ရွက်ပေးဖို့ သက်ဆိုင်သူတွေ မှာ တာဝန်တွေကြီးမားစွာရှိနေပါတယ်။  

ဒီလို စောင့်ရှောက်ကူညီတဲ့အစီအစဉ်ကို သက်ဆိုင်ရာကုမ္ပဏီ၊ အလုပ်သမားဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ပြန် လည်နေရာချထားရေးတို့က သီးခြားဖြစ်စေ၊ ပူးပေါင်း၍ဖြစ်စေ ဆောင်ရွက်ပေးရမယ်။ ဒီအထဲမှာ ကျန်ရစ်သူရဲ့မိသားစုကလေးတွေ ပညာရေး၊ ကျန်းမာရေး၊ နေရေးထိုင်ရေး၊ ကိုယ်ခန္ဓာအစိတ်အပိုင်းဆုံးရှုံးရသူတွေအတွက် သက်ဆိုင်တဲ့ ထောက်အကူများစသဖြင့်ပါဝင် ဖို့လိုအပ်ပါတယ်။

 ဒါဟာ ကိုဆန်းမြင့်အောင် တစ်ယောက်ထဲအတွက်သာ ကွက်ပြီးပြောဆိုနေတာမဟုတ်ပါဘူး။ မတော်တဆမှု ဘေးအန္တရာယ် ပေါင်းစုံနဲ့ ကြုံကြရတဲ့ ကျား/မ မရွေး လုပ်သားပြည်သူအားလုံးအတွက် ရည်ရွယ်စဉ်းစားတာပါ။ 

ကုမ္ပဏီတာဝန်ရှိသူတစ်ဦးရဲ့ အပြောကတော့ ချောနေတာပါပဲ။ “ အလွန်စိတ်ထိခိုက်ရပါတယ်၊ သူတို့တွေ ကျေနပ်တဲ့အထိ အစစအရာရာဆောင်ရွက်ပေးမှာပါ” တဲ့။ သူတို့ဆောင်ရွက်ပေးမှုကိုစောင့်ကြည့်ရဦးမယ်။

 

 

 ဒါ့အပြင် ဒီဖြစ်ရပ်မှာ အုပ်စိုးသူအစိုးရ ဘက်ကရော ဘယ်လိုတာဝန်ယူဆောင်ရွက်ပေးမလဲ။ ဒီလို မတော်တဆမှုတွေ အဖြစ် နည်းအောင် ဘယ်လိုအစီအမံတွေ ဘယ်လိုစံတွေ၊ စည်းတွေ၊ စနစ်တွေနဲ့ထိန်းချုပ်ဆောင်ရွက်မလဲ။ ဘယ်သူသေသေ ငတေမာပြီးရော ဆိုတဲ့ ထုံး နှလုံးမူပြီး နာဂစ်မုန်တိုင်းကြီးကျနေတုန်းမှာ “၂၀၀၈ အခြေခံဥပဒေ”ကို ခြေမြန်လက်မြန် အဓမ္မအတည်ပြုခဲ့ကြတဲ့ တဘို့ထဲ သမားတွေရဲ့ ကိုယ်ကျိုးအတ္တ မှတပါးအခြားမရှိတဲ့၊ အခြားသူတွေကို ဘယ်တော့မှ ငဲ့မကြည့်တတ်တဲ့၊ ယုတ်မာကောက်ကျစ်လှတဲ့  စိတ်ဓါတ်တွေ၊ အတွေးအခေါ်တွေ၊ လုပ်ရပ်တွေကို  ပြည်သူတွေက နောကျေအောင်သိနေကြပါပြီ၊ သဘောပေါက်နေကြပါပြီ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts