သူတို့အာဘော်

ဇာနီကြီး – အဝေးကွင်းများမှာ ကန်နေကြသူ မြန်မာများ (လူသားအရင်းအမြစ်)

 

ဇာနီကြီး – အဝေးကွင်းများမှာ ကန်နေကြသူ မြန်မာများ (လူသားအရင်းအမြစ်)
(မိုးမခ) ဇွန် ၁၂၊ ၂၀၁၅

တလောက မြန်မာအမျိုးသမီးဘောလုံးအသင်း ဗီယက်နမ်၊ ဟိုချီမင်းမြို့ ယူ၂၀ ပြိုင်ပွဲ၊ ဆီးမီးဖိုင်နယ်မှာ သြစတြေလျားအသင်းကို ၁းဝ အနိုင်ယူပြီး ဗိုလ်လုပွဲတက်သွားပြီလို့ သတင်းရပါတယ်။ တဖက်က ဗီယက်နမ်နဲ့ထိုင်း အမျိုးသမီး ဆီးမီးဖိုင်နယ်က အနိုင်ရသူနဲ့ ဗိုလ်လုပွဲကန်ရပြီး၊ နိုင်ရင် မြန်မာဘောလုံးအဖွဲ့ချုပ်က တစ်ဦးကို ကျပ်သိန်း၂၀၀ ဆုချမယ်လို့ ဆိုပါတယ်။

တချိန်ထဲမှာပဲ ကမ္ဘာ့ချန်ပီယံ ကလပ်အသင်းပြိုင်ပွဲ ဆီးမီးဖိုင်နယ် အဝေးကွင်းမှာ ဂျာမဏီ ဘေယန်မြူးနစ်အသင်းကို စပိန် ဘာစီလိုနာအသင်းက တိုက်စစ်မှုး မက်စီ Messi ဆိုသူက နောက်ဆုံးပိတ် ၁၅မိနစ်အတွင် ၃ဂိုးတိတိ သွင်းပြီး၊ ၃ဂိုး သုညနဲ့ အနိုင်ယူသွားပါတယ်။ အာဂျင်တီးနားနိုင်ငံသား မက်စီ (နံပါတ် ၁၀) ဆိုရင် အရင်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ လူတော်၊ လူကောင်း ဂိုးသွင်းချန်ပီယံတစ်ဦးအဖြစ် နာမည်ကျော်ဖြစ်ပါတယ်။

ဒီဘောပွဲ (၂)ပွဲနဲ့ မြန်မာများရဲ့ အိမ်ကွင်း၊ အဝေးကွင်း တရုတ်နဲ့ ကန်တဲ့ပွဲကို စဉ်းစားမိပါတယ်။

အားကစားသမား တစ်ဦး၊ နိုင်ငံကို အလွန်ဆုံး ၁၀နှစ်ပဲ ကိုယ်စားပြုနိုင်ပါတယ်။ ပညာထူးချွန်သူတစ်ဦးဆိုရင် အနှစ်၄၀လုံး နိုင်ငံကို အကျိုးပြုနိုင်ပါတယ်။ နိုင်ငံမှာ တစ်နှစ်ကို ကျပ်၁၀သိန်းပဲ ပညာထူးချွန်သူများကို ဆုချတဲ့ အစီအစဉ်၊ မကြာမီ နိုင်ငံတော်က စီမံပေးမယ် မျှော်လင့်ပါတယ်။ လူရည်ချွန် လူတော်လူကောင်းများကို ဘယ်လိုမွေးထုတ်မလဲ။

မြန်မာနိုင်ငံ အဝေးကွင်းများမှာ ကန်နေကြသူများမှာ နိုင်ငံခြားသွားရောက် အလုပ်လုပ်နေရသူ သန်းပေါင်းများစွာ ရှိပါတယ်။ အိမ်ကွင်းမှာလဲ နယ်စပ်လက်နက်ကိုင်တိုင်းရင်းသားများ၊ စစ်တပ်နဲ့ အစိုးရနဲ့ပုဂ္ဂလိကစီးပွားရေး၊ အစိုးရနဲ့ပုဂ္ဂလိကပညာရေး၊ ကျန်းမာရေး စတဲ့ ဝန်ကြီးဌာနပေါင်းစုံ လုပ်ငန်းများစွာ ရှိပါတယ်။ အခုရေးမဲ့ ဆောင်းပါးကတော့ တန်ဖိုးအကြီးဆုံး လူသားအရင်းအမြစ် Human Resources ဖြစ်ပါတယ်။ ဒါကို အလေးထားနိုင်မှ မြန်မာနိုင်ငံဟာ တောင်ကိုးရီးယားလို တိုးတက်ပြီး၊ ကမ္ဘာ့အဆင့်ကို လှမ်းမှာဖြစ်ပါတယ်။ လောလောဆယ်တော့ အရှေ့တောင်အာရှက ဗီယက်နမ်၊ ထိုင်းကို မပြောနဲ့ လာအိုနိုင်ငံကို ဘက်စုံရော၊ ဘောလုံးမှာပါ နိုင်ဖို့ မနည်း လုပ်နေရပါတယ်။ မကြာခဏဆိုသလို လာအိုအမျိုးသား ဘောလုံးအသင်းကို မြန်မာအမျိုးသားဘောလုံးအသင်းက ရှုံးနေပါတယ်။ ဒါလောက်ဆို သိပ်ဘဝင်မြင့်စရာမလိုဘူး။ မြန်မာအားလုံး ကိုယ့်အခြေအနေကိုယ်သိ ရွှေမြန်မာများ သဘောပေါက်မှာပါ။

တောင်ကိုးရီးယား နိုင်ငံဟာ ကပ်လျှက် ချိမ်းခြောက်နေတဲ့ မြောက်ကိုးရီးယားနိုင်ငံကို အမြဲစိုးရိမ်နေရပါတယ်။ အခုဆို မြောက်ကိုးရီးယားက အနုမြူဗုံး ဖောက်ခွဲပြပြီး၊ တိုက်ချင်းပစ်ဒုံးပျံတွေနဲ့ ဂျပန်၊ အမေရိကန်၊ တိုင်ဝမ်တို့ကိုပါ ခြိမ်းခြောက်နေပါတယ်။ မြောက်ကိုးရီးယားနိုင်ငံသားများကတော ကမ္ဘာ့အဆင်းရဲဆုံး တွင်းနက်ထဲမှာပါ။ မြန်မာနိုင်ငံကတော့ စစ်အာဏာရှင်စနစ်က ထွက်လာပါပြီ။ ဒါပေမဲ့ ၃ပုံတစ်ပုံ နယ်မြေရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်များကို ဘယ်လိုငြိမ်းချမ်းရေး လုပ်နိုင်မလဲ၊ အဖြေမရှိတဲ့ မေးခွန်းပါ။ အတင်းလုပ်နေစရာမလိုသလို စစ်တိုက်ခြင်းလဲ လုပ်နေစရာမလိုတော့ပါဘူ။ ရန်စောင်နေတာ စောင်ပါစေ။ စစ်မတိုက်ရင် ပြီးတာပါပဲ။ နောက်၁၀နှစ်ကြာရင် အစ်ကိုကြီး ဗမာစစ်တပ်ရှိတဲ့ မြန်မာပြည်မကြီး တကယ်တိုးတက်လာတယ်ဆိုရင် တိုင်းရင်းသားများရှိတဲ့ နယ်စပ်ပြည်နယ်များလဲ တိုးတက်လာပါလိမ့်မယ်။ မြန်မာပိုင်တဲ့ ပြည်မကြီးမှာ တရားမျှတစွာ အုပ်ချုပ်နိုင်ရင်၊ တနည်းအားဖြစ့် လာဘ်စားမှုများကို ထိန်းချုပ်နိုင်ရင် ၊ နယ်စပ် တိုင်းရင်းသားများရဲ့ လက်နက်ကိုင်တပ်များလဲ တရားဥပဒေမျှတစွာ တိုးတက်လာပါလိမ့်မယ်။

မြန်မာများ အဝေးကွင်း ပြိုင်ပွဲများမှာ ကစားနေတဲ့

၁။ ပင်လယ်ကူးသင်္ဘောသားများ ၂သောင်းကျော်

၂။ စင်ကာပူမှာ အိမ်အကူလုပ်နေသူ ၃သောင်းကျော်

၃။ စင်ကာပူမှာ ကျောင်းတက်၊ အလုပ်လုပ်၊ မှီခို၊ စီးပွားလုပ်နေသူ ၂သိန်းကျော်

၎။ မလေးရှားမှာ အလုပ်လုပ်နေသူ တစ်သန်းခန့်

၅။ ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေသူ ၅သန်းခန့်

၆။ အမေရိကန်၊ တောင်ကိုးရီးယား၊ တရုပ်၊ ဂျပန်၊ ဥရောပ၊ သြစတြေးလျှား မှာ ရောက်နေတဲ့ မြန်မာများစွာ..

ဒီအားလုံးသောမြန်မာများဟာ အဝေးကွင်းမှာ ဘောလုံးကန်သလို လုပ်ကိုင်စားသောက်နေကြပါတယ်။

ဒါကြောင့် အဝေးကွင်းသွားကန်ပြီး အနိုင်ယူဖို့ဆိုတာ အိမ်ကွင်းမှာ အနိုင်ကစားနိုင်မှ ဖြစ်မှာပါ။

မြန်မာကို ဘက်စုံမှာ အပြင်းအထန် ပြိုင်ဆိုင်ရမဲ့ မိတ်ဆွေနိုင်ငံကတော့ .. စင်ကာပူ၊ အမေရိကား၊ ဂျပန်၊ ဂျာမဏီ မဟုတ်ပါဘူး။ ထိုင်းနိုင်ငံ၊ တရုပ်နိုင်ငံနဲ့ အိန္နိယနိုင်ငံ အိမ်နီးချင်း (၃)နိုင်ငံဖြစ်ပါတယ်။

ထိုင်းနဲ့အိန္နိယ (၂)နိုင်ငံက ဒါလောက် အရေးမကြီးပါဘူး။ လောလောဆယ် ပြသနာကြီးကတော့ တရုတ်နိုင်ငံနဲ့ ကန်နေရတဲ့  ဘောလုံးပွဲဖြစ်ပါတယ်။ မြန်မာပြည်ကို မြစ်ဆုံလျှပ်စစ်စီမံကိန်း၊ ရွှေဓါတ်ငွေပိုက်လိုင်း၊ ကြေးနီတောင်စီမံကိန်း ..ဒါတွေက လူသိများတဲ့ မြန်မာ-တရုတ် အိမ်ကွင်း ကစားပွဲတွေဖြစ်ပါတယ်။ မြန်မာအသင်း အဝေးကွင်းကို သွားကန်ဖို့မပြောနဲ့ အိမ်ကွင်းမှာ တရုတ်ကို ဂိုးအပြတ်အသတ်နဲ့ ရှုံးနေတာ ဘာကြောင့်လဲ။

အဖြေကတော့ အားလုံး သိပြီးသားဖြစ်ပါတယ်။ ပုံချ ပြောရမယ်ဆိုရင် မြန်မာတွေ မညီညွတ်လို့ ဖြစ်ရတာပါ။ တနည်းအားဖြင့် အုပ်ချုပ်သူ အစိုးရ အသုံးမကျလို့ဖြစ်ရတာပါ။ နောက်တဆင့် တိုးပြီးပြောရင် အုပ်ချုပ်သူ အမျိုးသားကြီးများ အသုံးမကျတော့ အမျိုးသမီးတွေ ရောင်းစားခံနေရပါတယ်။

အုပ်ချုပ်သူ အမျိုးသားကြီးများခင်ဗျား… အတိုက်အခံတွေနဲ့ တကယ်ညီညွတ်ရေးအတွက်၊ နိုင်ငံအတွက် ငွေ၊ အာဏာတွေ စွန့်လွှတ်ရဲသူ ဖြစ်ဖို့ လိုနေပါပြီ။ အမျိုးသမီး တစ်ဦးဖြစ်ပြီး စွန့်လွှတ်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အပြစ်တင်နေကြသူ အမျိုးသားကြီးများလဲ .. မိန်းမသား လူထုခေါင်းဆောင်ကို သိပ်ကြောက်စရာ မရှိပါဘူး။ လက်စားလဲ ချေမှာမဟုတ်ပါဘူး။ နိုင်ငံအတွက် Good Attitude Myanmar များ စုပေါင်းညီညွတ်ဖို့ အိမ်ကွင်းကို အနိုင်ကန်ဖို့၊ တရုတ်နိုင်ငံကို အစ်ကိုကြီးအဖြစ်ဆက်ဆံတာထက် မျှတစွာ ပူးပေါင်းလုပ်ဆောင်နိုင်ဖို့… မျှော်လင့်လျှက်ရှိကြောင်းပါ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts