Han Thit Naing ဓာတ်ပုံသတင်း

(၄၁) နှစ်မြောက် အလုပ်သမားအရေးခင်းနှစ်ပတ်လည်နှင့် ကျောင်းသားအရေးခင်းလှုပ်ရှားမှု အခမ်းအနားပြုလုပ်၊

 

 

 

 

 

(၄၁) နှစ်မြောက် အလုပ်သမားအရေးခင်းနှစ်ပတ်လည်နှင့် ကျောင်းသားအရေးခင်းလှုပ်ရှားမှု အခမ်းအနားပြုလုပ်၊   

ဟန်သစ်နိုင်၊ မိုးမခ၊ ဇွန် ၈

၂၀၁၅ ခုနှစ် ဇွန်လ ၆ရက်နေ့နံနက်ပိုင်းတွင်တွင် (၄၁)နှစ်မြောက် အလုပ်သမားအရေး အခင်းနှစ်ပတ်လည်နှင့် ကျောင်းသားအရေးခင်းလှုပ်ရှားမှု အခမ်းအနားကို မရမ်းကုန်းမြို့နယ် ပေါက်စေ တီကျောင်း ၌ ကျင်းပပြုလုပ်ခဲ့သည်။  ကျဆုံးခဲ့သော ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်များ၊ ကျောင်းသား များ၊ အလုပ်သမားများနှင့် ရဟန်းရှင်လူ ပြည်သူများကို အလေးပြု ဂုဏ်ပြုခဲ့သည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ နာယကဦးတင်ဦး၊ ၇၅ အလုပ်သမားဟောင်း ဦးဝင်းကျော်၊ ၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့်ပွင့်လင်း လူ့အဖွဲ့အစည်း)မှ ကိုမင်းကိုနိုင်၊ ၇၄ ကျောင်းသားခေါင်းဆောင်ဟောင်း ဦးမြင့်အေးတို့မှ အမှာစကားနှင့် အတွေ့အကြုံများကို တက်ရောက်ပြောကြားခဲ့သည်။

၁၉၇၄ အလုပ်သမားအရေးခင်းနှင့် ၁၉၇၄-၇၅-၇၆ အလုပ်သမား၊ ကျောင်းသားနှင့် နိုင်ငံရေး အင်အား စုများ၏ မ.ဆ.လ အာဏာရှင်ဆန့်ကျင်ရေးသည် (၄၁)နှစ်တိုင်ခဲ့ပြီဖြစ်ကြောင်း၊ ၇၄-၇၅-၇၆ နိုင် ငံရေးအင်အားစု များနှင့် (၆၂)မျိုးဆက်များ၊ (၈၈)မျိုးဆက်များ၊ မျိုးဆက်သစ်ကျောင်းသားများ၊ အလုပ်သမား များ၊ လယ်သမား အင်အားစုများသည် ပြည်တွင်းရပ်စဲရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအပြည့်အဝရရှိရေးတို့အတွက် နိုင်ငံရေး တိုက်ပွဲ များ၊ နိုင်ငံရေးလုပ်ငန်းစဉ်တို့သည် မပြီးဆုံးသေးကြောင်း၊    စစ်အာဏာရှင်တို့လုယူထားသော အာဏာနှင့် အကျိုးစီးပွားများကို ထာဝရတည်တံ့ စေသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြုပြင်ပြောင်းလဲပြီး ဒီမိုကရေစီစံနှုန်းများနှင့်ကိုက်ညီသည့် အခြေခံဥပဒေတစ်ရပ်ပေါ်ပေါက်စေချင်ကြောင်း၊ ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရေး တာဝန်များကို NlD၊ နိုင်ငံရေးအင်အားစုများ၊ ညီနောင်တိုင်းရင်းသားများ၊ တက်ကြွလှုပ်ရှားသူများ၊ ရဟန်းရှင်လူကျောင်းသားပြည်သူများ နှင့် ရှေ့တန်းမှပူးပေါင်လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း သဘောထားထုတ်ပြန်ခဲ့သည်။

၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစုများက

(၁)ဒီမိုကရေစီစံနှုန်းများနှင့်ကိုက်ညီသည့် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် အမြန်ဆုံးပေါ်ပေါက်ရန်။

(၂) အဖမ်းဆီးခံ ကျောင်းသားများနှင့် ဝန်းရံပြည်သူများအား လုံးဝခြွင်းချက်မရှိ ပြန်လွှတ်ပေးရန်။

(၃) အဖမ်းဆီးခံ အလုပ်သမား၊ လယ်သမားများအား ပြန်လွှတ်ပေးရန်။

(၄) အဖမ်းဆီးခံ တက်ကြွလှုပ်ရှားသူများနှင့် နိုင်ငံရေးအကျဉ်းသားများအားလုံး ပြန်လွှတ်ပေးရန် တို့ကို တောင်းဆိုထားသည်။

၇၅ အလုပ်သမားခေါင်းဆောင်ဟောင်း ဦးဝင်းကျော်က  “အလုပ်သမားတွေလစာ တိုးတောင်းတာ  ထမင်းငတ်လို့လစာတိုးတောင်းတာ၊ အနယ်အရပ်ရပ်ကအလုပ်လာ လုပ်ပြီးနေရ တော့ ခက်ခက်ခဲခဲနေရတယ်၊ တစ်ခန်းကိုတစ်ယောက်ထဲမတတ်နိုင်လို့ လေးယောက်စီငှားရတယ်၊ တစ်ယောက်ကိုတစ်သောင်းကျတယ်၊ ၈ပေ ၁၀အခန်းထဲမှာနေတာ လူနဲ့တူသေးရဲ့လား၊ တိရိစ္ဆာန်ရုံထဲမှာလှောင်ထားတဲ့ တိရိစ္ဆာန်တွေကမှ ကျယ်ကျယ်ဝန်းဝန်းနေရသေးတယ်၊ စားတော့ရော ပထမနေ့ ဘဲဥတစ်ခြမ်း၊ နောက်နေ့ ချဉ်ပေါင်ကျော်၊ နောက်နေ့အသုတ်နဲ့၊ နောက်နေ့ ငပိကျော် အဲဒါတောင်မှ ညမနက်စားရင်တစ်ထောင်လောက်ကျတယ်၊ အဲဒ်ီလုပ်သမားတွေလုပ်ခတောင်းဆိုနေတာ သူတို့ရေခဲသေတ္တာဝယ်ဖို့၊ တီဗီဝယ်ဖို့မဟုတ်ဖူး ထမင်းငတ်လို့တောင်းဆိုနေတာ၊ အဲဒီလိုတောင်းဆိုနေတာ ကို အလုပ်သမားတွေကိုရိုက်တယ်၊ ဖမ်းဆီးတယ်၊ ထောင်ထဲကနေတရားရုံးမှာရင်ဆိုင်နေရတယ်၊ အခု (၄၁)နှစ်တာကာလမှာ ဒီမိုကရေစီအစိုးရပါလို့ပြောနေတဲ့ အစိုးရဟာ လက်နက်ကိုင်ပြီး ထောင်ထဲပို့တယ်၊ အဲဒါဟာဒီမိုကရေစီဆိုရင် ကျနော်တို့အဲဒီ ဒီမိုကရေစီကို လုံးဝမယူဘူး” ဟု ပြောသည်။

၈၈ မျိုးဆက်(ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုမင်းကိုနိုင်က “ကျနော်တို့ခေတ် အဆက်ဆက် တရားမျှတခြင်းဘက်က နေတဲ့လူတွေများပါလျှက်နဲ့ ဒီနေ့ လိုရင်းကိုမရောက်နိုင်သေး တာတော့အမှန်ပဲ၊ အဲဒါဘာလဲဆိုတော့ အားတွေမရှိဘူးလားဆိုတော့ရှိတယ်၊ အဲဒီအားတွေက တနေရာဆီ ပြန့်နေတယ်လို့ မြင်ပါတယ်၊ အဲဒီအားတွေရှိနေရင် ဒီအဓမ္မ္မကြီးကို ဘာမှမနိုင်စရာအကြောင်း မရှိဘူး” ဟုပြောသည်။

ထိုအခမ်းအနားတွင် ၇၄-၇၅-၇၆ မှ အလုပ်သမားခေါင်းဆောင်ဟောင်းများနှင့်အလုပ်သမားဟောင်း များ၊ ကျောင်းသားခေါင်းဆောင်ဟောင်းများနှင့် ကျောင်းသားဟောင်းများ၊ မျိုးဆက်သစ်ကျောင်း သားခေါင်းဆောင်များ၊ မျိုးဆက်သစ်အလုပ်သမားခေါင်းဆောင်များ၊ နိုင်ငံရေးအင်အားစုများနှင့် တက်ကြွလှုပ်ရှားသူများ တက်ရောက်ခဲ့ကြသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts