ကဗျာ

စံညိမ်းဦး – မိုင်တိုင်များ နောက်ထပ်

စံညိမ်းဦး – မိုင်တိုင်များ နောက်ထပ်
(မိုးမခ) ဇွန် ၉၊ ၂၀၁၅
(သူ့ဖေ့စ်ဘွတ်က ယူပါတယ်)

နှင်းတောထဲကို

ကျောက်မီးသွေးပို့ကြတာပါ။

သတိရလိုက်

ခါတရံ

လင်းယုန်တွေလည်း အနိမ့်ပျံကြရ ဆိုတာ။

ရဲဘော်ရေ

ပြည်သူတွေဟာ ကြိုးကိုင်သူ

ပြည်သူတွေဟာ

နောက်ကွယ်က လက်မည်းကြီး

ရဲရဲသာ ပြောလိုက်စမ်းတော့။

ကြွက်ခွန်တောင်းရင် လင်နို့

လင်းနို့ ခွန်တောင်းရင် ကြွက်လို့

အရိုးမပါတဲ့ လျှာများ တိ်ုင်းပြည်ပတ်

မုသားနဲ့ မာယာနဲ့

တထပ်တည်းကျ ‘နေ့ဆိုး’တွေထဲ

အမှန်တရားကို ရူးမူးလို့

ဒါကိုပဲ

ရဲဘော်ဟာ

တမြတ်တနိုးနဲ့

ခေါင်းအုံးအိပ်ခဲ့ မဟုတ်လား။

အလို!

လမ်းများထက် တလှုပ်လှုပ်

ဝံပုလွေဟာ

ခေါင်းပေါ် စစ်တပိုင်းလင်ဗန်းကိုရွက်

ယင်တလောင်းလောင်း’ဒီမိုကရေစီ’ကို

‘အော်’ရောင်းလို့

တစိပ်ဘယ်လောက်လဲဆိုတော့

အဖိုးခက

‘ဘဝ ‘ ‘ယုံကြည်ချက်”သစ္စာ’တဲ့

မျက်နှာပေးကောင်းကောင်းနဲ့ရောင်းကြ

မျက်နှာခံ တည်တည်နဲ့ ဝယ်ကြ

မြင်နေရတယ်။

တနေ့ တော့

ကာလနဂါးခေါင်းကို

ဒို့ပြည်သူတို့ရဲ့’ရွှေခွက်’သွားထိမှာပါ။

တနေ့တော့

စစ်အုပ်စု (ဝါ)

စိဉ္ဇမာန ဗိုက်က ပျဉ်ချပ်ချည် ကြိုးကို

ဒို့ပြည်သူက ကိုက်ဖြတ်မှာပါ။

တနေ့တော့

တရားမျှတမှုဟာလည်း

ဗမာပြည်ကို မျက်စေ့လည် ပြီး ရောက်လာဦးမှာပါ။

လူလိမ်တွေဟာ ဖြောင့်စမြဲ

လူဖြောင့်တွေဟာ ကွေးလို့

လူလည်တွေဟာ ငြိမ်စမြဲ

လူငြိမ်တွေဟာ လည်ထွက်လို့

”ထိုင်နေလို့တော့ဘာမှဖြစ်မလာဘူး”တဲ့

အဲ့ဒီ သီချင်း

တဆိတ်လောက်

ထပ်ဖွင့်ပေးပါလားဗျာ။

မက်ဆေ့ကနေ

ဖိုတိုကွန်မင့်တက်လာတယ်

‘ဆုတောင်းလေ’တဲ့။

အဲ့ဒီ

‘ကံတရား’ဆိုတဲ့ ကောင် ရဲ့ အကောင့် ကို

ဘလော့ပစ်လိုက်ပါ။

စံညိမ်းဦး

ဇွန် ၈၊ ၂၀၁၅

သရုပ်ဖော် နေသစ်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts