ရွှေ့ပြောင်းလုပ်သားများအတွက် နေစရာအခက်ကြုံနေ
ဟန်သစ်နိုင်၊ မိုးမခ-ဇွန် ၄ ၊ ၂၀၁၅
၂၀၁၅ခုနှစ်၊ ဇွန်လ ၃ရက်နေ့တွင် လှည်းခူမြို့နယ်၊ စံပြကျေးရွာ၊ နတ်စင်အင်းပိုင်၊ မင်ကုန်း-ဖောင်ကြီးကားလမ်းဘေးရှိ ထန်းတပင်ကွင်း၊ ကွင်းအမှတ် ၉၃၄(ခ)မြေဧက (၃၀)ရှိမြေနေရာအား နံနက်၅ နာရီ ၄၅လောက်တွင် ရဲများ၊ စည်ပင်များ၊ ဗဟိုသင်တန်းကျောင်းမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အာဏာပိုင်များဘက်မှအရပ်သားများစုပေါင်းပြီး ကားအစီး ၄၉စီး၊ လူပေါင်းတစ်ထောင်နီးပါးလောက် ရောက်ရှိကာ တည်ဆောက်ပြီးသားတဲအိမ် ၃၄၈လုံးများကို သစ်ဖျက်လွှ(ချိန်းဇော)စက်များ၊ ဓါးများဖြင့် ဝင်ရောက်ဖျက်ဆီးခဲ့သည်။
ထိုမြေနေရာသည်လွန်ခဲ့သည့် ၁၉၆၄ခုနှစ်တွင် မူလပိုင်အိမ်ခြေ ၄၀ရှိခဲ့သည်ဟု သိရသည်။ ၁၉၈၁ခုနှစ်တွင် သမဝါယမမှ သိမ်းယူခဲ့သည်။ ယခုလက်ရှိပြဿနာဖြစ်ချိန်တွင် ဗဟိုဝန်ထမ်းတက္ကသိုလ်ပိုင်မြေဖြစ်နေသည်။ သိမ်းယူခဲ့သော်လည်း ထိုမြေနေရာတွင် အဆောက်အဦးတစ်ခုမျှမဆောက်၊ မည်သည့်စိုက်ပျိုးပင်မှ မစိုက်ခဲ့သောကြောင့် ချုံနွယ်များထူထပ်နေသဖြင့် အိမ်ယာမရှိသူများမှစုပေါင်း ခုတ်ထွင်ရှင်းလင်းကာ၂၀၁၅ခုနှစ် မတ်လပိုင်း တွင် နေထိုင်ခဲ့ကြသည်။ အိမ်ထောင်စု ၃၈၄ ဦး၊ အိမ်ခြေ ၃၄၈လုံး၊ လူဦးရေ ၁၀၀၀ကျော်နေထိုင် လျှက်ရှိသည်။ ဝင်ရောက်ဖျက်ဆီးခံရမှုကြောင့် အိမ်ခြေမဲ့များသည် နေစရာခက်ခဲမှုရှိနေသည်။ ထိုမြေနေရာ အား ဦးစွာဖော်ဆောင်ခဲ့သူ ၁၇ဦးကိုလည်း လှည်းခူမြို့နယ် ဗဟိုဝန်ထမ်းတက္ကသိုလ်မှ ပုဒ်မ ၄၄၇ဖြင့် လှည်းခူးမြို့နယ်တရားရုံးတွင်တရားစွဲထားကြောင်းသိရသည်။
![]() |
ဦးညွှန့်ဟန် |
မြေနေရာကို ဦးစွာဖော်ဆောင်ပေးခဲ့သူ ဦးညွှန့်ဟန်က “ဒီနေရာဟာ အရင်ကရွာဦးရွာထိပ်ရဲ့မူလ ပိုင်ရှင်မြေ အိမ်တွေလဲရှိတယ်၊ သိမ်းသွားပြီးတော့လဲ နှစ်ပေါင်းအတော်ကြာဘာမှမလုပ်ပဲရှိနေတော့ ကျနော်တို့က အိမ်ယာမရှိသူများကိုအထောက်အထားများဖြင့်သေချာစိစစ်ပြီး မိသားစုတစ်စုလျှင် ပေ၂၅၊ ၆၀ ပေးတယ်၊ သူတို့ဆီက ဘာတစ်ခုမှမယူဘူး နေစရာမရှိလို့ ကူညီပေးတာ အခုမှရုတ်တရက်ကြီး လာဖျက်တော့ ဆောက်ထားတဲ့တဲကလေးတွေလဲ တစ်စစီဖြစ်ကုန်တာပေါ့” ဟုပြောပြသည်။
တဲအိမ်ဖျက်ဆီးခံရသူကိုဇော်က”ကျနော်တို့က တကယ်နေစရာမရှိလို့ ဒီမှာလာတောင်းရမ်းပြီးနေတယ်၊ အခုကျတော်တို့နေအိမ်တွေကို မနက်အစောကြီး အင်အားသုံးပြီး စက်တွေနဲ့လာဖျက်တော့ ကျနော်တိုရှိစု မဲ့စုပစ္စည်းလေးတွေ တဲကလေးတွေရောဖျက်စီးခံရတယ်၊ ဖျက်ဆီးပစ်တဲ့ဟာတွေကို ကားများဖြင့်သယ်သွား ပြီး တွေ့ရာနေရာတွေမှာချပစ်သွားတယ် အခုကျနော်တို့လမ်းဘေးမှာထိုင်နေရပြီ” ဟုပြောပြသည်။
![]() |
ကိုဇော် |
တဲအိမ်ဖျက်ဆီးခံရသူ ဒေါ်စန်းဝင်းက “ကြောက်ဖို့ကောင်းတဲ့မျက်နှာကြီးတွေနဲ့ကျမတို့အိမ်တွေကို အစောကြီးလာဖျက်တာ ကလေးတွေဆိုသူတို့ကိုတော်တော်ကြောက်နေတယ်၊ ပြီးတော့သူတို့ က ကျောက်တိုင်ထူပြီးသံဆူးကြိုးများနဲ့ ခြံစည်းရိုးအပြည့်ခတ်တယ်၊ နောက်တော့ ကျန်ခဲ့တဲ့ ပစ္စည်းတွေကို နေ့လည်လောက်မှ မြန်မြန်သယ်ယူခိုင်းတယ်၊ တချို့ဟာတွေဆို ဘယ်နေရာတွေမှာချသွားလဲ မသိဘူး ရောကုန်ပြီ၊ အစိုးရကလည်း ဘာမှမထူးဘူး၊ ဘယ်သူတွေကိုအကူညီတောင်းလို့တောင်းရမလဲမသိတော့ဘူး” ဟုပြောသည်။
ဗဟိုဝန်ထမ်းတက္ကသိုလ်မြေဟုဆိုရာတွင်အထောက်အထားခိုင်လုံမှုမရှိသဖြင့် မူလမြေပိုင်ရှင်များမှ ၄င်းတို့မြေနေရာ ပြန်လည်ရရှိရေးအတွက် သက်ဆိုင်ရာဌာနများသို့ တင်ပြတောင်းဆိုသွားမည် သိရသည်။ ဆက်လက်တင်ပြတောင်းဆိုသွားမည်ဖြစ်ကြောင်းသိရသည်။