ရသဆောင်းပါးစုံ

ကိုသစ် (သီတဂူ) – လူရောင်းရန်ရှိသည်

ကိုသစ်  (သီတဂူ) –  လူရောင်းရန်ရှိသည်
(မိုးမခ) ဇွန် ၄၊ ၂၀၁၅

(၁)
လွန်ခဲ့သောအနှစ်နှစ်ဆယ်ကျော် ကျနော်တို့အရွယ်ငယ်ငယ် ကလေးဘ၀တုန်းဆီက ကျနော်တို့ အရပ်ဒေသက အိမ်ခါးပန်း တွေမှာ မြေဖြူ သို့မဟုတ် မီးသွေးခဲနှင့် ရေးခြစ်ထားသည့် “ကြွက်ရောင်း ရန်ရှိသည်၊ တကောင် ၁၅-ပြား”ဆိုသော စာတမ်းကလေးကို အိမ်တော်တော်များမှာ တွေ့မြင်ရ လေ့ရှိပါသည်။ ကိုယ့်အိမ်မှာ ကြွက်တွေလာပြီး သောင်းကျန်းနှောင့်ယှက် နေသောကြောင့် သည်စာ တမ်းကလေးကို ရေးထားကြခြင်းဖြစ်သည်ဟု ဆိုပါသည်။ မည်သူမည်ဝါက လမ်းညွှန်လိုက်သည် မသိ။ အိမ်မှာကြွက်တွေ သောင်းကျန်းနေသည်ဆိုပါက “ကြွက်ရောင်းရန်ရှိသည်၊ တကောင် ၁၅-ပြား” ဆိုသော စာတမ်း ကလေးကို ရေးထားလိုက်ခြင်းဖြင့်  သည်စာတမ်းကလေးကို ကြွက်တွေ မြင်သည့် အခါ သြော်.. ငါတို့ကိုတော့ဖြင့် သည်အိမ် က ရောင်းတော့မှာပါလားဟူသော အသိဝင်ကာ အိမ်က ထွက်ပြေးလျှင် ပြေး၊ မပြေးလျှင်လည်း အရင်လို မသောင်းကျန်း ရဲတော့ဟု ဆိုပါသည်။ နည်းနည်းကလေးတော့ ရယ်စရာအကောင်းသားဗျ။ သည်ကြွက်တွေက လူတွေရေးတဲ့စာကို ဘယ်လိုဖတ်ပြီး ဘယ်လိုနားလည်သဘောပေါက်ကာ အိမ်ကနေ ထွက်ပြေးသွားကြတာပါလိမ့်။ သည်အယူအဆကြီး က တော့ဖြင့် နည်းနည်းခပ်ကြောင်ကြောင်နိုင်လွန်းသည်ဟု ကျနော်ထင်ပါသည်။ သို့သော် သည်စာ တမ်းကလေးကတော့ဖြင့် ကျနော်တို့အရပ်မှာ အဲသည်တုန်းက အမှန်တကယ်ပင် ရှိခဲ့ဖူးပါသည်။

(၂)
တခါတရံ သဘာဝတရားတွေက  စဉ်းစားရခက်ပါသည်။ အင်္ဂုတ္ထိုရ်ပါဠိတော် တနေရာတွင် မြတ်စွာ ဘုရားရှင်က ဘုရားရှင် ရဲ့အရာ၊ လောကသဘာဝအကြောင်းအရာ၊ ဈာန်တံခိုး အဘိညာဉ်အရာနှင့် ကံအကြောင်းတရားတွေကို ကြံစီတွေးတော ခြင်းဖြင့် အချိန်ကုန်မနေကြဖို့ သတိပေးဆုံးမ ခဲ့ဖူးပါသည်။  သဘာဝတရား၏ ဆန်းကြယ်မှုကို အာခံတုပဖို့ဆိုသည်မှာ လူ သားတို့အတွက် အဆင်သင့်မဖြစ်သေးဟု ထင်ပါသည်။  လူသားတို့ရဲ့စိတ်ကို ဟင်ကနဲ ဟာကနဲ ဖြစ်သွားစေနိုင်သော အရာ များတွင် သဘာဝတရား၏ လှပဆန်းကြယ်မှုသည်လည်း တခုအပါအ၀င်ဖြစ်လေသည်။ ငရုတ်သီးထောင်းရင်း ဘယ်ဘက် မျက်လုံးထဲကို ငရုတ်သီးဝင်သွားခဲ့သည်ရှိသော် ညာဘက်ခြေထောက် ဒူးဆစ်အောက်ကနေ နေလောင်းပေးလိုက်လျှင် ပျောက်သတဲ့။ ဘာဆေးမှသောက်ရန်မလို။ ကင်ပွန်းချဉ်သီးခူးနည်းကို ကြည့်ပါဦး။ ကင်ပွန်းချဉ်ပင်ဟုဆိုလျှင် ဆူးတွေနွယ် တွေနှင့် သစ်ပင်အမြင့်ကြီးတွေပေါ်မှာ တွယ်ကပ်နေသောအပင်မှန်း လူတိုင်းသိပါသည်။ ကင်ပွန်းချဉ်သီးခူးနည်းက နည်းနည်းတော့ ဆန်းတယ်ဗျ။ လက်လှမ်းမမီနိုင်လောက်အောင်မြင့်မားလှသည့် သစ်ပင်ကြီးတွေပေါ်မှာ နွယ်တွေ တသီတ တန်းနှင့် လျှောက်ပြေးနေသော ကင်ပွန်းချဉ်သီးကို ခူးတော့မည်ဆိုလျှင်ဖြင့် အဲသည်အပင် အောက်မှာ ဖွဲကိုပုံပြီးမီးရှို့လိုက်လျှင် အပင်ပေါ်မှာရှိသော ကင်ပွန်းချဉ်သီးအားလုံး တဖြုတ်ဖြုတ် ကြွေကျလာသည်ဟု ဆိုပါသည်။

ပြီးတော့ ဒူးရင်းသီးနှင့် ဥသျှစ်သီး။ သူတို့မှာလည်း ထူးခြားမှုတွေ ရှိနေပြန်ပါသည်။ ဖားကလေး များအကြောင်းကို သုတေ သနပြုထားသော ရုပ်သံဖိုင်ကလေးတခုကို Discovery channel က ထုတ်လွင့်ခဲ့ဘူးပါသည်။ ခူကောင်ကလေးများကို စားတတ်သော ဖားကလေးတို့အကြောင်း။ ခူကောင်က ဆူးတွေနှင့်အကောင်။ အသားနှင့် ထိမိလျှင် ယားယံတတ်ပါသည်။ သည်လိုတကိုယ်လုံး ဆူးတွေပြည့်နေသည့်ခူကောင်ကို ဖားတွေက ဘယ်လိုစားပါလိမ့်။ သည်ဖားတွေ ပါးစပ်တွေ ယားကုန်မှဖြင့်။ ကျနော်က ကပ်သီးကပ်သပ် လျှောက်တွေးနေခြင်းဖြစ်သည်။ ဖားတွေအတွက် သည်ကိစ္စက ခေါင်းခဲ စရာ မလို။ ခူကောင်ကို စားတော့မည်ဆိုလျှင် ဖားက ခပ်လှမ်းလှမ်းမှနေ၍ ပါးစပ်ဖြင့် ၀ူးကနဲ လှမ်းမှုတ်လိုက်သောအခါ ခူကိုယ်ပေါ် မှာရှိနေသော ဆူးများအားလုံး အလိုလိုပြုတ်ကျသွားပါသည်။ သည်တော့မှ ဆူးမရှိတော့သည့် ခူကောင်က လေးများကို  အလွယ်တကူ စားပစ်လိုက်ပါသည်။

သည်လောကကြီးထဲမှာ ကျနော်တို့မသိသေးသည့် သည်ထက်ထူးဆန်းသော သဘာဝဖြစ်စဉ် များ စွာရှိပါသည်။ ထို့ကြောင့် ကြွက်ရောင်းရန်ရှိသည်ဆိုသောစာတမ်းနှင့် ကြွက်များထွက်ပြေးလျှင် ပြေး၊ မပြေးသော် အချိုးပြောင်းကုန်သည် ဟူသော စကားက ဆက်စပ်မှုရှိသည်ဟုဆိုခြင်းသည် ဟုတ်များဟုတ်နေမလား။ မ၀ံ့မရဲဖြစ်မိပါတော့သည်။ ကိုယ်တိုင် သုတေ သနပြုထားခြင်းမရှိသောကြောင့် မဖြစ် နိုင်ပါဟူ၍လည်း ဇွတ်တော့ မငြင်းပယ်လိုပါ။ သည်စာတမ်းကြောင့်သာ အမှန်တကယ် ကြွက်များ ပြေး သည်ဆိုပါလျှင်ဖြင့် ကျနော်ကတော့ လူရောင်းရန်ရှိသည်ဟုပင် စာတမ်းထိုးပစ်လိုက်ချင်ပါတော့သည်။

(၃)

ကျနော်ပေးထားသည့် ခေါင်းစဉ်ကလေးကိုဖတ်ပြီး မိတ်ဆွေတယောက်က “ခင်များပေးထားတဲ့ ခေါင်းစဉ်က လူရောင်းရန်ရှိ သည်ဆိုတော့ လူကုန်ကူးမှု ဥပဒေနဲ့ ငြိမနေဘူးလားဗျာ”ဟု ခပ်သောသော ကလေး မှတ်ချက်ပေးပါသည်။ အမှန်အတိုင်း ၀န်ခံရလျှင်ဖြင့် လူကုန်ကူးမှုဥပဒေတွေထဲမှာ လူရောင်း ရန်ရှိသည်ဆိုသော စာတမ်းမျိုးချိတ်ဆွဲခွင့် ရှိလား မရှိလား ကျနော် အတိအကျ မသိပါ။ ကျနော်တို့ တိုင်းပြည်မှာ ဗမာစကား တလုံးမှမတတ်သော မြန်မာနိုင်ငံသားတွေရှိသည်ဟုဆိုလျှင် စာဖတ်သူတို့ အံ့သြသွားကြမလား မသိဘူး။ ကျနော်ဆိုလိုသော ဗမာစကားတလုံးမှ မတတ်သည့် မြန်မာ နိုင်ငံသားဆိုသည်မှာ ဗမာပြည်အရှေ့မြောက်ဖျား တောင်တန်းတွေပေါ်က ရှမ်းတိုင်းရင်းသားများကို ဆိုလိုသည်မဟုတ်။ ဗမာပြည်မြောက်ဘက် စွန်းစွန်းမှာ နေထိုင်ကြသည့် ကချင်၊ ချင်း စသည့် တိုင်းရင်း သားများကို ဆိုလိုတာလည်း မဟုတ်။ ပလောင်၊ နာဂ၊ ၀ စသည် စသည်ဖြင့် ကျနော်တို့ ဗမာပြည် မြေပုံအတွင်းမှာ မှီတင်းနေထိုင်ကြသည့်  ဗမာနိုင်ငံသားများကို ဆိုလိုသည်လည်း မဟုတ်ရပါလေ။ ဆိုလိုသည်မှာ ကျနော်တို့အိမ်နီးချင်းတိုင်းပြည်က ကျနော်တို့နိုင်ငံအတွင်း လာရောက်အခြေချ နေထိုင်ကြ သော မြန်မာနိုင်ငံသားအမည်ခံထားသူများကို ပြောလိုရင်းဖြစ်သည်။ ဆရာအော်ပီကျယ် ပြောသော သူ့ကိုယ်တွေ့ဖြစ်ရပ် ကလေးတခုကို ကျနော်ဖောက်သည် ပြန်ချလိုက်ချင်ပါသေးသည်။ မြန်မာနိုင်ငံသားအဖြစ် အသိမှတ်ပြု ထားသည့် နိုင်ငံသားစိစစ်ရေးကဒ် (မှတ်ပုံတင်ကဒ်) ကိုင်ဆောင်ထားသော နိုင်ငံခြားသားကြီးတယောက်နှင့် မန္တလေးမြို့တွင် တွေ့ဆုံမိ ကြရာ ဆရာအော်ပီကျယ်က “သည်ကဒ်က အသက်တမျှ သိပ်အရေးကြီးတယ်ဗျ။ ပျောက်လို့မဖြစ်ဘူး။ သေသေချာချာ သိမ်းထားပါ”ဟု သတိပေးစကားဆိုမိလေသောအခါ အဆိုပါမြန်မာနိုင်ငံသားဖြစ်နေသော နိုင်ငံခြားသားကြီးက “ကိစ္စမရှိ။ ကျနော့်ဆီမှာ ဒါမျိုးမှတ်ပုံတင်ကဒ်တွေ ဆယ်ခုလောက်ရှိသေးတယ်” ဟု ပြန်ပြောသွား ကြောင်း ဆရာအော်ပီကျယ်က ပြောပါသည်။

သည်လို နိုင်ငံခြားသားတွေက မန္တလေးမှာ မမြင်ချင်မှ အဆုံးပဲဟု မန္တလေးသား မိတ်ဆွေတယောက်ကလည်း ပြောခဲ့ဖူး ပါသည်။ လင်းလင်းရေ… မင်းပြောတဲ့အတိုင်းဆို မန္တလေးမြို့ကြီးတင် သေဆုံးတာ ဟုတ်ရဲ့လားဟ။ ကျနော်တို့က တိုက်စစ် ကို ဦးစားပေးရင်းကနေ နောက်တန်းပေါက်သွားတဲ့ ကစားပွဲကြီးတခုလိုများ ဖြစ်မနေဘူးလားဗျာ။ လူတိုင်းမှာ တာဝန်ရှိ ပါသည်ဟုဆိုသည့်တိုင် ကျနော်တို့ လူကြီးတွေရဲ့ အမြော်အမြင်ကြီးမားမှုကိုတော့ ကျနော်မအံ့သြဘဲ မနေနိုင်ပါ လေတော့။ ရခိုင်ပြည်မှာလည်း တရားမ၀င်အခြေချနေထိုင်သူတွေ သန်းနှင့်ချီပြီး ရှိပါသည်။ ဘယ်ပုံဘယ်နည်းဖြင့် ၀င်ရောက်လာ သနည်းဟု သိပ်ပြီးခေါင်းစားစရာ မလို။ ကျနော်တို့ လူမျိုးကို အတော်ငတ်ကြီးကျတဲ့ လူမျိုးဟု ကမ္ဘာကြီးက မြင်သွားမှဖြင့်..။ ပိုက်ဆံသာရမယ်ဆိုရင် ကိုယ့်သွေး ကိုယ့်သားကိုတောင်ရောင်းစားမယ့် အလကားအသုံးမကျတဲ့လူမျိုးဟု ကမ္ဘာကြီးက မြင်သွားမှဖြင့်…။

(၄)
လူကုန်ကူးမှု ချက်ခြင်းရပ်ဆိုသော လှုံ့ဆော်စာကလေးကို မြို့ပြနေရာ အတော်များများမှာ တွေ့မြင် ခဲ့ဘူးပါသည်။  တဆက် တည်းမှာပဲ ကျနော်တို့ တိုင်းပြည်က ပြည်ပနိုင်ငံများကို တရားဝင် အိမ်ဖော်ပို့ နေပြီဆိုသော သတင်းကိုလည်း ဖတ်လိုက်ရပါ သည်။ သည်သတင်း ထုတ်ပြန်လိုက်ခြင်းကို အမြော် အမြင်ကြီးမားကြသည့် လူအတော်များများက ဘ၀င်မကျဖြစ်နေကြပုံတွေ ကိုလည်း မိဘပြည်သူများ အားလုံးကြားသိကြပြီးပင်ဖြစ်ပါသည်။

ကျနော်တို့ရဲ့ သားပျို သမီးပျိုကလေးများကို တဘက်နိုင်ငံကို တရားဝင်အိမ်ဖော်အဖြစ် စေလွှတ် သတဲ့။ သည်အထဲမှာ ဘွဲ့ရပညာတတ် ဆိုသူတွေတောင် ပါတယ်ဆိုပဲ။ သည်သတင်းက ကျနော်တို့ လူမှုအသိုက်အ၀န်းကြီးတခုလုံးကို တုံလှုပ် ချောက်ချားသွားစေပါတော့သည်။ လူသားတွေက ရောင်းကုန်ပစ္စည်းတွေ ဖြစ်ကုန်ကြပြီတဲ့လား။ သည်လိုသာဆိုလျှင်ဖြင့် လူရောင်းရန်ရှိသည်ဟုသာ ကျနော်တို့က စာတမ်းချိတ်ဖို့ပဲ ရှိပါတော့သည်။ အိမ်နီးချင်းနိုင်ငံတွေအပါအ၀င် ကမ္ဘာကြီးက ကျနော် တို့ကို  အထင်သေးသည့် မျက်လုံးများဖြင့် စိုက်ကြည့်နေကြသည်မှာ သည်အချက်တွေကြောင့်ပဲ ဖြစ်မည်ထင်ပါသည်။ ကျနော်တို့က ပညာမတတ်တော့ ရှိတာလေးတွေ အကုန်ထုတ်ရောင်းကြ ပါသည်။ မြေတွေရောင်း၊ ဂစ်စ်တွေရောင်း၊ သစ်တွေလည်း ရောင်း၊ ကြေးနီလည်း ရောင်း၊ လျှပ်စစ် ဓာတ်အားတွေလည်း ရောင်း၊ ခေါင်းပေါ်က ဆံပင်၊ မြွေ၊ တောက်တဲ့၊ ငါးချဥ့် စသည်စသည်ဖြင့် ရောင်းလို့ရတာမှန်သမျှ အကုန်ရောင်းနေကြပြီဖြစ်ရာ အခုလူကိုပါ ထုတ်ရောင်းဖို့ တာဆူနေကြ လေပြီ။

လမ်းထိပ်က ဈေးဆိုင်မှာ ဖရောင်းတိုင်ဝယ်ဖို့သွားရင်း ပျောက်ဆုံးခဲ့ရသည့် ကလေးတွေ ရှိခဲ့ဘူးပါ သည်။ ကားဂိတ်တွေ၊ ဘူတာရုံတွေမှာ နိမ့်ကျလှသော ကလေးငယ်တို့၏ဘ၀ပေးအခြေအနေကို အခွင့်ကောင်းယူ၍ အမြတ်ထုတ်ဖို့ကြိုးစားနေကြ သူတွေ အမှန်တကယ်ပင် ရှိပါသည်။ လူသားတွေကို လူသုံးကုန် ပစ္စည်းတခုလို သဘောထားပြီး ရောင်းဝယ်ဖောက်ကားဖို့ ကြိုးစားလာကြပြီဖြစ်ရာ ကျနော်တို့ရဲ့ ဘ၀အနာဂါတ်တွေက လုံခြုံမှု သိပ်မရှိတော့။ သည်လိုသာ မရှိ၊ ရှိတာ ထုတ် ထုတ်ရောင်းနေကြမှဖြင့်…။ အခုတော့ နိုင်ငံခြားကို တရားဝင်အိမ်ဖော်ပို့ခြင်းအလုပ်ကို ခွင့်မပြုတော့ ပါဘူးဟု ဆိုပါသည်။

မက်လုမက်လုနှင့် လင်းရမည့်အဖြစ်မျိုးတွေကိုတော့ မလိုချင်ပါနှင့်တော့။ အရှေ့တံခါးက ကျိုး၊ အနောက်တံခါးက ပေါက်နှင့် ကျနော်တို့ အိမ်ကလေးက အတော်ကြီးကို ဖရိုဖရဲနိုင်လွန်းလှပါသည်။ ကျနော်တို့ လူမျိုးအချင်းချင်း၊ ကျနော်တို့ ဘာသာဝင်တွေအချင်းချင်း  ဘယ်သူကတော့ဖြင့် အမျိုး မစောင့်ဘူး၊ တို့ကမှ ဘာဖြစ်တယ်၊ညာဖြစ်တယ်စသည်ဖြင့် လက် သီး လက်မောင်း တန်းနေရင်းကနေ အဖြူရောင်ကဒ်သမားတွေကို အစိမ်းရောင်ကဒ်တွေ တသီတတန်းကြီး ထုတ်ပေး ပေဦးတော့မည်။ အစိမ်းပြီးတော့ ပန်းရောင်..။ ပန်းရောင်မှသည်…။ ကျနော်တို့ကြေကွဲဖို့ လက်တလုံးပဲ လိုပါတော့ သည်။

ချို့တဲ့နေသောတိုင်းသူပြည်သားတို့အပေါ် အမြတ်ထုတ်ဖို့ ကြံစည်နေကြသူတွေ ကျနော်တို့ လူမှုအဖွဲ့အစည်းမှာ ရှိနေကြပါသည်။  သည်စာကိုရေး နေရင်းကနေပဲ ဖျာပုံမြို့နယ်ထဲက ဓမင်းဆိပ် ဆိုသော ကျေးရွာကလေးမှာ မြန်မာ နိုင်ငံ သားမဟုတ်သော လှေစီးဒုက္ခသည် ဘင်္ဂါလီ (၇၀၀) ကျော်ကို ဖမ်းဆီးတွေ့ရှိထားသည်ဟူသော သတင်းကို ဓာတ်ပုံများနှင့် တကွ မီဒီယာတွေ ဂျာနယ်သတင်းစာတွေထဲမှာ ဖတ်လိုက်ရပါသည်။ ကြွက်ရောင်းရန်ရှိသည်ဆိုသော စာတမ်းကိုဖတ်၍  အမှန်တကယ်ပင် ကြွက်များ ထွက်ပြေးပါသည်ဟု ဆိုခဲ့ပါက ကျနော်ကတော့ ထင်သာမြင်သာရှိသောနေရာကလေးမှာ လူရောင်းရန်ရှိသည်ဆိုသော စာတမ်းကလေးကိုသာ ချိတ်ဆွဲထားလိုက်ချင်ပါတော့သည်။ ကိုယ့် အိပ်ထဲက ပဲ့ပါမသွားဘူး ဆိုရင်ပေါ့။ အိမ်ထဲကကြွက်တွေ ပြေးချင်လည်း ပြေးပါစေတော့။ ကိုယ့်ကိုယ်ကို အမှန်အတိုင်း ရှုမြင်သုံးသပ်ကြဖို့နှင့် သောင်း ကျန်းနေသောကြွက်တွေငြိမ်စေဖို့ စေတနာ သန့်သန့်နဲ့ရယ်ပါဗျာ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts

One thought on “ကိုသစ် (သီတဂူ) – လူရောင်းရန်ရှိသည်
  1. မြန်မာစစ်အစိုးရအဆက်ဆက်ဟာ နာမည်မကောင်းခဲ့လို့ ဝိုင်းပယ်ခံနိုင်ငံဖြစ်ခဲ့ရပြီးအခု ချိန် မှာ”အစ်စလမ်မစ်”တွေရဲ့မတရား ၀ါဒဖြန့်မှုကို ၊ မြန်မာနိုင်ငံ ၊ ဗုဒ္ဓဘာသာ၊ ဗမာတွေ နဲ့ရခိုင်တွေဟာ ကမ္ဘာတ၀ှမ်းမှာ ခံနေရပါတယ်။ သမိုင်းလိမ် ဓါတ်ပုံလိမ်တွေကို ပြပြီး ဗုဒ္ဓဘာသာနဲ့ မူဆလင် အဓိကရုဏ်း ဖြစ်သလိုလို ရခိုင်နဲ့ ဗမာတွေကဘဲ အင်မတန် သနားစရာကောင်းတဲ့ “ရိုဟင်ဂျာ”တွေကို သွေးချောင်းစီး သတ်နေသလိုလို ကမ္ဘာအနှံ့မှာ လျှောက်ပြီး ၀ါဒဖြန့်ကြ ပါတယ်။ အဲဒီ ၀ါဒဖြန့်ချက်ဟာ မျက်ကန်းမျိုးချစ်များတဲ့ မူဆလင် ကမ္ဘာမှာတော့ အတော်လေး ထိရောက်မှုရှိပြီး မြန်မာနိုင်ငံ အစိုးရဟာ ဖိအားပေးတာတို့ ခြိမ်းခြောက်တာတို့ လုပ်တာကို ခံနေရပါတယ်။ ဘင်္ဂလာဒေ့ရှ်နိုင်ငံသားတွေလှေနဲ့ထွက်သွားပြီး ရောက်ရာနိုင်ငံမှာ မြန်မာပြည်က ‘ရိုဟင်ဂျာ’ ဆိုပြီး ညာကြတယ်၊ မြန်မာစကားပြန်ခေါ်လာပေးတော့လည်း မြန်မာစကားမတတ်ဘူး၊ဘင်္ဂလီစကားပြန်ပေးပါ လို့ပြော လာပြန်တယ်၊ အဲဒီလိုလူတွေကို မြန်မာပြည်ကလူတွေဆိုပြီးဘီဘီစီနဲ့မီဒီယာတချို့ကဝင်လိမ်ပေးကြတယ်။အင်္ဂလန်က လာပါတယ်ဆိုပြီး ရုရှားစကားပြန်တောင်းတဲ့သူတွေကို ကျုပ်တို့က ‘ကျားကျား မီးယပ်’ လုပ်၊ မတရားသက်သေဝင်လုပ်ရင် သူတို့လက်ခံမှာလား လို့သာမေးချင်ပါတယ်။

Comments are closed.