သရော်စာ အီကြာအော်

အီကြာအော် – ဖွတ်ကလေး၊ ဝါးထားပါတီ၊ အီးခရားအော်နှင့် ဘဖြောင်

 အီကြာအော် – ဖွတ်ကလေး၊ ဝါးထားပါတီ၊ အီးခရားအော်နှင့် ဘဖြောင်
(မိုးမခ) ဇွန် ၅၊ ၂၀၁၅

“ဝါးထားပါတီ ရေပါတီဟေ့
ဝါးထားပါတီ ရေပါတီဟေ့……”

နှပ်ချေးတွဲလောင်းကြွက်နီတို့ကလေးတသိုက် ခက်သေးရွာလယ်ကောင်တွင် တယောက်နှင့်တယောက် ရေပြွတ်ဖြင့် ပက် သည့်ဟန်လုပ်ကာ ကစားနေကြလေသည်။

“ဟာ…… 
ဒီကလေးတွေကလည်း သင်္ကြန်ပြီးတာဖြင့် တလတောင်ကျော်နေပြီကွ။ ဘာတွေလျှောက်အော်နေတာလည်း မ သိဘူး….”

ပူလွန်းသဖြင့် စွပ်ကြယ်ချိုင်းပြတ်ဝတ်ကာ အိမ်အောက်တွင် ယပ်တောင်တဖြတ်ဖြတ်လုပ်နေသော အီကြာအော်က တပည့် ကျော် ဖွတ်ကလေးကို ကွန်ပလိန့်တက်လိုက်သည်။ ခက်သေးရွာ၏ထုံးစံအတိုင်း လျှပ်စစ်မီးက ခွဲတမ်းနှင့်ပဲရသည် မဟုတ် လား။ အဲကွန်းစက်သည်လည်း ခက်သေးရွာရောက်မှ မကြာခဏ အနားရတော့သည်။

“သူတို့က အဆိုကျော် “ဖယူ ဖယူ ကယော်ထိန်း” ဆိုတာကို သဘောကျကြလို့နေမှာပေါ့ ဆရာအော်ရဲ့…..”

ဖွတ်ကလေးက သူ့ဖေးဘရိတ်အဆိုတော်၏သီချင်းဖြစ်သဖြင့် ဝင်၍ရွှီးလိုက်လေသည်။

“ဘယ်က အဆိုတော် “ဖယူဖယူ ကယော်ထိန်း” လဲကွ၊
ငါလည်းမကြားဘူးပါလား”

လူငယ်များကိုတုကာ မရမက အတင်းကို ခေတ်နှင့်အမီလိုက်ချင်သော အီကြာအော်က စဉ်းစားရကြပ်သွားဟန်ဖြင့် တပည့် ကျော်ဖွတ်ကလေးကို ပြောလိုက်လေသည်။

“ဆရာ့ဖေးဘရိတ် အဆိုအော် အဲ….. မှားလို့၊ အဆိုကျော် ဖြူဖြူကျော်သိန်းကိုပြောတာပါ ဆရာအော်ရဲ့…”

အမျိုးသမီး အဆိုကျော်ဆိုလျှင် ဖလန် ဖလန်းထချင်သောသူ့ဆရာ့အကြိုက်ကိုသိနေသည့် တပည့်ကျော်ဖွတ်ကလေးက ရှင်းပြလိုက်လေသည်။

“မင်းကလည်းကွာ ဘာလို့ သူ့နာမည်“ ဖြူဖြူကျော်သိန်း” ကနေ “ဖယူဖယူကယော်ထိန်း” ဖြစ်သွားရတာလည်းကွ”
အီကြာအော်က မကျေမနပ်ဖြင့် ဖွတ်ကလေးကို ပြောလိုက်သည်။

“သူ့နာမည် “ဖြူဖြူကျော်သိန်း”ကို ဝါးထားပါတီလိုပဲ နေးတစ်စပီကာအသံထွက်နဲ့လို့ “ဖယူ ဖယူ ကယော်ထိန်း” ဖြစ်သွားတယ် ပြောကြတာပဲ ဆရာအော်ရဲ့…..”

ဖွတ်ကလေးလည်း သူသိသမျှတတ်သမျှဖြင့် ပရက်စ်ကွန်ဖရင့် သတင်းစာရှင်းလင်းပွဲ လုပ်လိုက်လေတော့သည်။

“အေး…အေး….၊   ငါသိပြီကွ၊
ငါ့အသိ “ကျော်ကျော်” ဆိုတဲ့ကောင်တောင် အင်္ဂါလန်ရွာမှာ သွားပြီးဘွဲ့ယူတော့ “မစ္စတာ ကရော် ကရော်” ဆိုပြီး ခေါ်ခံရလို့ သူနားမလည်ဘူး ဖြစ်သွားသေးတယ်….”

“ဒါနဲ့ သမတဂျီး ဘပြောင်တို့က သူတို့ပါတီကို ဝါးထားတဲ့ပါတီဆိုပြီး စောင်းပြောကြလို့ မကျေနပ်ဘူးတဲ့ ဆရာအော်”

“အေးလေကွာ သူတို့ကလည်း ဝါးထားတာတွေကများတော့ အစာမကျေ ဖြစ်မှာပေါ့။ ရွာလူကြီးတွေက စားပိုးနင့်အောင် ဝါးထားကြတာကိုး……၊
ဟုတ်တာပြောတော့ နာလိုခံခက်ပေါ့ကွာ…..”

ခက်သေးရွာသားများကား ရွာလူကြီးများကို နည်းနည်းမှမကျေနပ်ကြ။ ခက်သေးရွာရှိ ပစ္စည်းတော်တော်များလည်း ရွာလူကြီး များက ဝိုင်းဝန်းအားပေးကြလေသဖြင့် ပြောင်သလင်းခါလေပြီ။ ရွာရှိသစ်ပင်အပေါင်းလည်း ရွာလူကြီးများတို့၏ စောင်မ မှုကြောင့် ခက်သေးရွာတောင်ကုန်းလည်း ကတုံးပြောင်ရရှာသည်။ ခက်သေးရွာလူကြီးများကား စကားပြောလျှင် ရွာချစ်စိတ် က တပြားသားမှမလျှော့….။ သူတို့ရွာလူကြီးတွေသာ သူတို့ပြောတိုင်း ရွာကိုချစ်ကြလျှင် ခက်သေးရွာကြီးလည်း ယခုကဲ့သို့ ဘိတ်ချေးရွာအဖြစ်မှလွတ်ကာ ထိပ်တန်းရွာကြီးတရွာတော့ ဖြစ်နိုင်လောက်သည်ဟု အီကြာအော်က တွေးမိလိုက်သည်။

“အေးကွာ တို့ခက်သေးရွာသမတဂျီးလည်း နေတစ်စပီကာနဲ့တွေ့ရင်တော့ မချောင်ဘူးဟေ့ …”

သူ့ဆရာအီကြာအော်တယောက် ထုံးစံအတိုင်း ပေါက်ကရပြောတော့မည်ကို သိသော်လည်း နားထောင်ချင်သည်မို့ ဆရာ တပည့်နှစ်ယောက် အတိုင်ပေါက် ညီနေလေတော့သည်။

“ဆရာအော် ဘာကိုပြောတာလည်း ခညာ..”

ဖွတ်ကလေးက သူ့ဆရာ အီကြာအော်အကြိုက် မြှောက်ပေးတော့သည်။

“ဘပြောင်ကို အင်္ဂါလိပ်လို နေးတစ်စပီကာအသံနဲ့ မင်းအသံထွက်ကြည့်လိုက်ပေါ့ကွ ဖွတ်ကလေးရ”

“ဘဖယောင် ….  အင်း ….ဘဖြောင်လို့ ထွက်မှာပေါ့…”

“ဟေ့ကောင် အဲဒါ ဘဖြောင်ဆိုတာ မင်းပြောတာနော်။ ငါမပါဘူး…..
ဟားဟားဟား…”

အီကြာအော်လည်း သူ့စကားကို သူ သဘောကျသွားသဖြင့် တဟားဟား ရယ်လိုက်လေသည်။

ထိုစဉ်အခါတွင်ကား မီဖိုချောင်ထဲမှ ဒေါ်အွန်မေးက ယောက်မကိုကိုင်၍ ထွက်လာသောကြောင့် ဆရာတပည့်နှစ်ယောက် အဟားဘရိတ်ကို အုပ်လိုက်ရလေတော့သည်။

“ကိုအော် ဘယ်သူဖြောင်ဖြောင်…. ဘယ်သူဝါးဝါး…. ၊ သူတို့ရွာလူကြီးတွေက ဆယ်သက်စာ စားမကုန်တော့ဘူး……၊ ကျုပ် တို့ကတော့ ရပ်ကွက်မီးမလာလို့ ရှင်ပါ..ထမင်း မဝါးရပဲနေမယ်…..၊
ထမင်းချက်ဖို့ ကိုခိုနီတို့ဆိုင်က မီသွေးတအိတ်လောက် ထုံးစံအတိုင်း အကြွေးနဲ့ သွားဆွဲလိုက်ပါဦး…”

“ရှင်လည်း သူများတွေကိုလျှောက်ပြီး ဖယူ ဖယူတို့…ဖြောင်ဖြောင်တို့ပြောမနေနဲ့ဦး….၊ ကိုယ့်နာမည်လည်း ကိုယ်ကြည့်ပါဦး…၊ရှင်လည်း နေးတစ်စပီကာနဲ့တွေ့ပြီး “အီးခရားအော်” ဖြစ်သွားဦးမယ်..”

အီကြာအော်လည်း သူ့နေးတစ်စပီကာရှူး သူပတ်သဖြင့် အီလည်လည်ဖြစ်သွားသည်။

“ဟာ….အေးပါကွာ အွန်အွန်ရာ..၊ အခုပဲ သွားဝယ်လိုက်ပါ့မယ်…”

အီကြာအော်လည်း ဇနီးဒေါ်အွန်မေး၏ လေအာဏာသံကို ထုံးစံအတိုင်း တော်လှန်ရေးမလုပ်နိုင်သဖြင့် မီးသွေးအဝယ်တော် ထွက်ရန် ပြင်ဆင်ရလေတော့သတည်း။

ဖွတ်ကလေးလည်း  “ငါ့ဆရာတော့ ထိပြန်ပဟေ့” ဟူ၍ အသံတိတ် မှတ်ချက်ချ၊ စိတ်ထဲမှမန့်ကာ အိမ်ပြန်ဖို့ ပြင်ဆင်လိုက်လေ သည်။

ကြွက်နီတို့ကလေးတသိုက်မှာကား ခက်သေးရွာလယ်ကောင်တွင် သီချင်းဆို၍ ကစားကောင်းနေကြဆဲ ဖြစ်သည်။

“ဝါးထားပါတီ ရေပါတီဟေ့
ဝါးထားပါတီ ရေပါတီဟေ့………………”
“တယ်…ဒီကောင်လေးတွေတော့ကွာ……”

အီကြာအော်တယောက် ဒေါ်အွန်မေးကိုမနိုင်သဖြင့် သူနိုင်သည့်ကြွက်နီတို့ကလေးများကို ကြိမ်းဝါးနေတော့သတည်း။

သဗ္ဗေသတ္တာ ကမ္မသကာ
အီကြာအော်

သရုပ်ဖော်ကာတွန်း – စောငို


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts