စာအုပ်စင်

မကြာမီထုတ်ဝေဖြန့်ချိတော့မည့် “ဆေးတက္ကသိုလ် -၂ ကျောင်းသားများ၏ ၁၉၈၈ ဒီမိုကရေစီရေးလူပ်ရှားမှု”

မကြာမီထုတ်ဝေဖြန့်ချိတော့မည့် “ဆေးတက္ကသိုလ် -၂ ကျောင်းသားများ၏ ၁၉၈၈ ဒီမိုကရေစီရေးလူပ်ရှားမှု”
မိုးမခစာအုပ်စင်၊ ဇွန် ၄၊ ၂၀၁၅

ဆေးတက္ကသိုလ် ၂ ရဲ့မျိုးဆက်သစ်ကျောင်းသားတွေအနေနဲ့ သူတို့ရဲ့ နောင်တော်ကြီးတွေ မြန်မာ့ဒီမိုကရေစီိအရေးမှာ ဘယ်လို စွန့်လွှတ်စွန့်စားခဲ့တယ်ဆိုတာကို သိစေချင်တာရယ်၊ ဒီမိုကရေစီအရေးတော်ပုံမှာ ကျဆုံးသွားတဲ့ ဆေးတက္ကသိုလ် -၂ ကျောင်းသားနှစ်ဦးဖြစ်တဲ့  ကိုဇော်ထွန်းနဲ့ ကိုဇော်လွင်ထွန်း (လျှောမွေး) တို့ရဲ့ စွန့်လွှတ်စွန့်စားမူကို ဂုဏ်ပြုမှတ်တမ်းတင်လိုတာတွေအတွက် “ဆေးတက္ကသိုလ် -၂ ကျောင်းသားများ၏ ၁၉၈၈ ဒီမိုကရေစီရေးလူပ်ရှားမှု” အမည်ရ စာအုပ်ကို ထိုလှုပ်ရှားမှုအတွင်း ကိုယ်တိုင် ပါဝင်ဖြတ်သန်း စွန့်လွှတ်စွန့်စားခဲ့ကြသူများရဲ့ရေးသားတင်ပြမှုများနဲ့ စုစည်းပြီး ထုတ်ဝေဖို့ကြိုးပမ်းခဲ့ကြတာပါ … တဲ့။

စီစဉ်သူ၏ အမှာစာ …

“ဆေးတက္ကသိုလ် -၂ ကျောင်းသားများ၏ ၁၉၈၈ ဒီမိုကရေစီရေးလူပ်ရှားမှု´´ ဆိုတဲ့ စာအုပ်ဖြစ်လာဖို့ ကျွန်တော် တစ်နှစ်လောက်အချိန်ယူခဲ့ရပါတယ်။ ဒီစာအုပ်ထုတ်ရတဲ့ ရည်ရွယ်ချက်က ၁၉၈၈ ဒီမိုကရေစီရေးလူပ်ရှားမူမှာ ဆေးတက္ကသိုလ် -၂ ကျောင်းသားသမဂ္ဂ ရဲ့ ပါဝင်ခဲ့မှုကို တတ်နိုင်သမျှ မှတ်တမ်းတင်ချင်တာပါ။

နောက် ဒီမိုကရေစီအရေးတော်ပုံမှာ ကျဆုံးသွားတဲ့ ဆေးတက္ကသိုလ် -၂ ကျောင်းသားနှစ်ဦးဖြစ်တဲ့ ကိုဇော်ထွန်းနဲ့  ကိုဇော်လွင်ထွန်း (လျှောမွေး) တို့ရဲ့စွန့်လွှတ်စွန့်စားမူကို ဂုဏ်ပြုမှတ်တမ်း တင်ချင်တာပါ။ ဆေးတက္ကသိုလ် -၂ ရဲ့ မျိုးဆက်သစ် ကျောင်းသားတွေကလည်း သူတို့ရဲ့ နောင်တော်တွေ စွန့်လွှတ်စွန့်စားခဲ့ရတာတွေကို သိစေချင်တာပါ။

ဒီစာအုပ်ဟာ “ဆေးတက္ကသိုလ် -၂ ကျောင်းသားများ၏ ၁၉၈၈ ဒီမိုကရေစီရေးလူပ်ရှားမှု´´ လို့ ခေါင်းစဉ် ပေးထားရပေမယ့် ဆေး -၂ ကျောင်းသားတွေရဲ့ လူပ်ရှားမူအားလုံးကိုတော့ မဖော်ပြနိုင်သေးပါဘူး။ ၁၉၈၈ မှာ ကျောင်းတွေပိတ်လိုက်တဲ့အတွက် နယ်ကျောင်းသားများတဲ့ ကျွန်တော်တို့ ဆေး -၂ ဟာ သူ့နယ်နဲ့သူ တာဝန်ကျေခဲ့ကြပါတယ်။

ဒါတွေကိုတော့ အဆင်ပြေတဲ့ တနေ့ စုစည်းမှတ်တမ်းတင်ပြီး စာအုပ်ဖြစ်အောင် ကြိုးစားပါဦးမယ်။

ဒီစာအုပ်မှာတော့ ကိုဇော်ထွန်းနဲ့ ကိုဇော်လွင်ထွန်းတို့ရဲ့အကြောင်းကိုပဲ အဓိကထား ရေးထားပါတယ်။

ဒီစာအုပ်ကို ဖတ်မိပြီးတဲ့နောက်မှာ ကျွန်တော်တို့ သူငယ်ချင်းတွေ သူတို့နှစ်ယောက်ကို ပြန်သတိရ ရင် လူငယ်မျိုးဆက်သစ်တွေအနေနဲ့ ဆေး -၂ ရဲ့ သမဂ္ဂသမိုင်း တစ်ပိုင်းတစ်စကို သိရင်  ၈၈ ဒီမိုကရေစီ အရေးတော်ပုံမှာ အသက်စွန့်လွှတ်သွားရတဲ့ ဆေးတက္ကသိုလ် -၂ သမဂ္ဂ ကျောင်းသားနှစ်ယောက်ကို အသိအမှတ်ပြုရင် ဒီစာအုပ်ထုတ်ဝေရကျိုးနပ်ပါပြီ။

တင်မင်းထွန်း (ဆေး – ၂)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts