သာထက်အောင် ခေတ်ပြိုင်အတွေ့အကြုံ ရေခြားမြေခြား မြန်မာများ

သာထက်အောင် – “အနုမြူဗုံးထက်ဆိုးသော”

သာထက်အောင် – “အနုမြူဗုံးထက်ဆိုးသော”
(မိုးမခ) ဇွန် ၄၊ ၂၀၁၅

ပင်စင်သွားရမယ့်အသက်မရောက်ခင် အလုပ်က အနားယူလိုက်တော့- အချိန်ပိုတွေ လေထွက်လာပါရဲ့။ ဒါပေမယ့်… တသက်လုံး အလုပ်လုပ်လာတဲ့လူ- ဗြုန်းဆို အလုပ်ကနားလိုက်တော့- အစမှာ တော်တော်ယောင်ချာချာနိုင်တာပဲ။ ထိုင်ရမလို- ထရမလို သီးချင်းပဲအော်ဆိုရမလို- တရားပဲထိုင်ရမလို- ဇနီးကအလုပ်သွား- သမီးကအလုပ်သွား- အိမ်မှာ ဘုန်းမောင့်တစ်ယောက်တည်း ‘ကျီးခြောက်-ခွေးနှင်’ ဘဝနဲ့ အိမ်မှာ ‘ငေါင်’ နေတဲ့ အဖြစ်ကို သမီးက စာနာမိတယ်ထင်ပါရဲ့။

သူ့ဖာသာ လေယာဉ်လက်မှတ်ဘွတ်ကင်လုပ်- ဟိုတယ်ဘွတ်ကင်လုပ်- လျှောက်ကြည့်ဖို့ ‘တိုး’ တွေနဲ့ လျှောက်ချိတ်ရင် ကျွန်တော်တို့ ဒက်ဒီ- ဘယ်မြို့တွေသွားချင်သလဲတဲ့။ မြို့တော် တိုကျိုကတော့ မရောက်မဖြစ်ဆိုတော့ထားတော့။ မြို့တော်ဟောင်း ကျိုတိုကလည်း သွားသင့်တဲ့နေရာ။ ကျွန်တော်ဆန္ဒအရှိဆုံးမြို့ကတော့ ဟီရိုရှီးမား။

ဟီရိုရှီးမားကိုဘာ့ကြောင့် စိတ်ဝင်စားသလဲဆိုတာ စာဖတ်သူတွေရိပ်မိလောက်တယ်ထင်ပါတယ်။ ကမ္ဘာပေါ်မှာ ပထမဦးဆုံး အနုမြူဗုံး အကြဲခံရတဲ့မြို့။ စာအုပ်စာစောင်တွေထဲမှာတော့ ဖတ်ဖူးပါရဲ့။ ဓါတ်ပုံတွေဘာတွေလည်း မြင်ြဖူးပါရဲ့။ ဒါပေမယ့်.. အကြောင်းများတိုက်ဆိုင်ရင်တော့ ကိုယ်တိုင်ရောက်ဖူးချင်တယ်။ ကြည့်ချင်တယ်၊ စစ်နဲ့ ပတ်သက်ရင်- ဆုံးရှုံးမှုအများဆုံး ကြေကွဲစရာအကောင်းဆုံး၊ အဲဒီအချိန်က ကမ္ဘာ့ပြည်သူတွေ အတုန်လှုပ်ဆုံး၊ အဲဒီမြို့ကို ကိုယ်တိုင်ကိုယ်ကျ ကြည့်ချင်တယ်။ ဒါကြောင့်- သမီးမေးမေးချင်း ပါးစပ်များက ထွက်သွားတာက ဟီရိုရှီးမား။

ဧပြီလ ၂၀ ရက်နေ့ မနက် ၇နာရီမှာ ဆစ်ဒနီလေဆိပ်ကထွက်ပြီး Goldcoast မှာ တထောက်နား လူတင်ပြီး – 11း 10 AM မှာ လေယာဉ်အကြီးနဲ့ တိုကျိုကို ဆက်ပျံပါတယ်၊ ည ၉နာနာရီမှ တည်းခိုရာဟိုတယ်ရောက်ပါတယ်။ နာရီတာလေဆိပ်နဲ့ တိုကျိုမြို့ထဲက ကီလိုမီတာ တရာကျော်ဝေးတာမို့ တက္ကစီမငှားနိုင်ပါဘူး။ ဘတ်စ်ကား တနာရီကျော်ကြာ စီးမှ မြို့ထဲရောက်ပါတယ်။

နောက်နေ့မနက် သူတို့ရဲ့ နာမည်ကြီးကျည်ဆံရထား (Bullet Train) ကြီး စီးပြီး ကျိုတိုကို ခရီးဆက်- မွန်းလွဲပိုင်းနေ့ဝက် ‘တိုးကား’ နဲ့ သူတို့ပြသမျှလိုက်ကြည့်၊ ညမမိုးချုပ်မှ ဟိုတယ်ပြန်ရောက်ပါတယ်။ 22-4-15 မှာ ကျွန်တော်အင်မတန် ဆန္ဒပြင်းပြတဲ့ ဟီရိုရှီးမားမြို့ကို ရထားနဲ့ချီတက်ခဲ့ကြပါတယ်။ ကျိုတိုနဲ့ ဟီရိုရှီမား ၁နာရီခွဲကြာ စီးရတဲ့ ကျည်ဆံရထားဟာ ကမ္ဘာကျော်လောက်ပါတယ်။ အချိန်အင်မတန်တိကျပြီး လှုပ်ခြင်း၊ ခါခြင်းမရှိသလို အိမ်သာတွေ၊ သန့်စင်ခန်းတွေဟာလည်း အလွန်သန့်ရှင်းပါတယ်။ ဝန်ဆောင်မှုနဲ့ ညီမျှတဲ့ ရထားခကလည်း ဈေးကြီးပါတယ်။

ဒီနေရာမှာစပ်မိလို့ ဂျပန်တွေဘယ်လောက် အလုပ်လုပ်တယ်ဆိုတာလေး ရေးချင်ပါတယ်။ ဂျပန်အမျိုးသားတွေကို ဘယ်သူကမှ အမိန့်ထုတ်ထားတာမဟုတ်ပေမယ့်- သူတို့ရဲ့ဝတ်စားဆင်ယင်မှုက တပုံစံတည်းလိုလိုပါပဲ။ အမျိုးသားတိုင်း ကုတ်အင်္ကျီအနက်- ဘောင်းဘီအနက်(သို့) အရောင်ရင့်လည်စည်းနယ်တိုင် -လက်ဆွဲအိတ်မဲမဲပြားပြားလေး ကိုယ်စီဆွဲလို့( အထဲမှာ အလုပ်လုပ်ဖို့ (Latop ပါသပေါ့လေ) တိုကျိုက ကျိုတို-ကျိုတိုက ဟီရိုရှီးမား Bullet ရထားစီးစဉ်မှာ ဘယ်သူမှ စကားပြောနေတာမတွေ့ရပါဘူး- အားလုံးကိုယ်စီ- ရှေ့ခုံရဲ့ ကျောမှာကပ်ထားတဲ့ အံပြားလေးဆွဲထုတ်- ပါလာတဲ့ ကွန်ပြူတာနဲ့ ကိုယ်စီအလုပ်လုပ်နေကြတာပါ။ ရထားရဲ့ ဘေးနံရံမှာလည်း ပလပ်ပေါက်အဆင်သင့်ရှိပါတယ်။ ရထားတွဲထဲမှာ- ဖုံးလာသည်ဖြစ်စ- ဖုံးပြောချင်သည်ဖြစ်စေ- တွဲအပြင်ထသွားပြီး အိမ်သာနားပဲဖုံးပြောခြင်း၊ ဖုံးနားထောင်ခြင်းလုပ်ကြပါတယ်။ တရုတ်တွေ၊ ကုလာတွေလို ဘယ်သူ့မှ ဂရုမစိုက်ပဲ သူများအနှောင့်အယှက်ဖြစ်လောက်အောင် ဟောင်ဖွာဟောင်ဖွာ စကားပြောတာမျိုး မရှိပါဘူး၊ နောက်-တွဲပေါ်မှာ အမှိုက်တပင်မရှိပါဘူး- ကိုယ့်အမှိုက်ကိုယ်တာဝန်ယူရမယ်ဆိုတာ ဂျပန်တိုင်းသိပါတယ်။ စက်မှုဖွံ့ဖြိုးတဲ့ ခေတ်မှီနိုင်ငံကြီးဖြစ်ရုံမက- စည်းကမ်းရှိတဲ့ နိုင်ငံကြီးသားပီသတဲ့ လူမျိုးဖြစ်တယ်ဆိုတာ ကိုယ်တွေ့ကြုံခဲ့ရတာမို့ အခွင့်သင့်ရင် ရေးပြပါဦးမယ်။

ဟီရိုရှီးမားဘူတာကနေ တည်းခိုရာဟိုတယ်ကို တက္ကစီနဲ့သွား- ပစ္စည်းတွေချပြီး ချိန်းဆိုထားတဲ့ စုရပ်မှာ Tour Bus စီးရပါတယ်။ အဦးဆုံးမြို့နဲ့ အင်မတန်လှမ်းတဲ့  Miyajima ဆိုတဲ့ ကျင်းလေးကို အရင်လိုက်ပို့တယ်။ အပြန်ကျမှ မြို့ထဲမှာရှိတဲ့ Peace Memorial Park ကိုဝင်ပါတယ်။ ဟီရိုရှီမားရောက်ရင် Miyajima ကျင်းလေးကို မဖြစ်မနေသွားကြပါတယ်။ ပင်လယ်ရေပြာပြာမှာတောင်တန်းနောက်ခံနဲ့- သူတို့ဘာသာရေးအရ အလေးအမြတ်ထားတဲ့ အနီရောင်အမိုလေးနဲ့ လေးစင်တိုင်လို အမျိုးကို ရေလယ်မှာစိုက်ထားတဲ့ it-sukushima Shrme ဆိုတာက အတော်လေးကြည့်လို့ မျက်စိပသာဒလှပါတယ်။

ညနေပိုင်း ဟီရိုရှီးမားမြို့ထဲက သူတို့စနစ်တကျထိန်းသိမ်း မွမ်းမံထားတဲ့ Peace Memorial Park နဲ့ မြို့လယ်က အဆောက်အဦးတွေကြည့်ပြီး – ၁၉၄၅ ခု- သြဂုတ်လ ၆ရက်နေ့ မနက် ၈း၁၅ မိနစ်မှာ အနုမြူဗုံးကြဲခံရတဲ့ မြို့ဆိုတာ ဟုတ်မှဟုတ်ရဲ့လားလို့တောင် သံသယဖြစ်ချင်စရာပါ။ ဗုံးကြဲစဉ်က မပျက်စီးပဲ တဝက်တပျက် ကျန်ရစ်ခဲ့တဲ့ အဆောက်အဦးပျက် Atomic Bomb Dome ကို သေသေချာစောင့် ရှောက်ပြသထားတာလည်း လွမ်းမောစရာပါ။ ဒီအဆောက်အဦးကို ၁၉၉၆ မှာ UNESCO ရဲ့ World Heritage Site အဖြစ်သတ်မှတ်ခြင်းခံရပါတယ်။ သူတို့ရဲ့ပြတိုက် Peace Memorial Museum ထဲ ဝင်ကြည့်တော့- ဟီရိုရှီးမားမြို့ပုံစံငယ်လေးပြုလုပ်ထားပြီး ဗုံးဒဏ်ဘယ်လို ခံရတယ်ဆိုတာ ဓါတ်ပုံ၊ ဗီဒီယိုတွေနဲ့ ပြသထားပါတယ်။ ဗုံးကြဲတဲ့မနက် ၈း၁၅ မှာရပ်သွားတဲ့ လက်ပတ်နာရီလေးကိုလည်း ပြထားပါတယ်။ မီးကျွမ်းနေတဲ့ ကလေးစီးစက်ဘီးလေးတစီးကို ဗီရိုထဲမှာ ပြထားပါတယ်။ ကြေကွဲဖွယ်ဓါတ်ပုံတွေကတော့ အများသား။

၁၉၄၅- ခု သြဂုတ်လ ၆ရက်နေ့မနက် ၈း၁၅ မှာကြဲခဲ့တဲ့ ဒီအနုမြူဗုံးဒဏ်ကြောင့် – လူ ၈သောင်းလောက် သေကြေခဲ့ရပြီး လူ ၃သောင်းခွဲလောက် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ နှစ်ကုန်မှာ လူ ၆သောင်းလောက်၊ ဒီအနုမြူဗုံးဒဏ်ကြောင့်- ဒဏ်ရာရ ဓါတ်ရောင်ခြည်သင့်ပြီး သေကြရတယ်လို့ သိရပါတယ်။ ဗုံးမကြဲခင်က ဟီရိုရှီမားမြို့မှာ အဆောက်အဦးပေါင်း ၉သောင်းလောက်ရှိရာက ဗုံးကြဲပြီတော့ ၂၈၀၀၀ပဲ ကျန်ပါတော့တယ်။ မြို့ရဲ့ ၂၀% လောက်ပျက်စီးပါတယ်။ ဗုံးမကြဲခင်က ဆရာဝင် ၂၀၀လောက်ရှိတဲ့ မြို့ဟာ ဗုံးကြဲပြီးတော့ ဆရာဝင် ၂၀ပဲ ကျန်တော့တာမို့ ၉၀%သော ဆရာဝင်တွေ အသက်ပျောက်ခဲ့ရပါတယ်။ ၉၃% သော နပ်စ်တွေ သေ(သို့) ဒဏ်ရာရခဲ့ကြပါတယ်။

သုတေသနစာတမ်းမဟုတ်တဲ့အတွက် တိုတိုပဲပြောကြပါစို့။ ကမ္ဘာပေါ်မှာ အနုမြူဗုံးဒဏ် အဦးဆုံးခံလိုက်ရတဲ့ ဟီရိုရှီမား၊ လွန်ခဲ့တဲ့ နှစ်၇၀တုန်းက ပြာပုံဖြစ်ခဲ့ရပါတယ်။ ကနေ့ ဟီရိုရှီးမားကို ကြည့်လိုက်ရင် ကိုယ်တိုင် ဗုံးကြဲခဲ့တဲ့ တိုက်လေယာဉ် ပိုင်းလော့များ သက်ရှိထင်ရှားသေးရင်- တနေ့ ဟီရိုရှီမားကို ရင်သပ်ရှုမောနေမှာ အမှန်ပါပဲ။

စစ်ရဲ့အနိဌာရုံကို နှောင်းလူများသိရင် သံဝေဂရစေဖို့ ပြထားတဲ့ပြတိုင်နဲ့ ကမ္ဘာငြိမ်းချမ်းရေးကို ရှေ့ရှုပြီး တည်ဆောက်ထားတဲ့ Peace Memoria Park ဆိုတာကြီး မရှိခဲ့ရင် ဒီမြို့ဟာ တချိန်တုန်းက အနုမြူဗုံးအကြဲခံခဲ့ရတယ်ဆိုတာ ယုံချင်စရာတောင်မရှိပါဘူး။ လွန်ခဲ့တဲ့ အနှစ် ၇၀က အနုမြူဒဏ်ခံလိုက်ရတဲ့ ဟီရိုရှီမားဟာ ခုတော့ နလန်ထရုံမက အပြန်တရာလှလို့နေပါပြီ။

၁၉၆၂- ခု မတ်လ ၂ရက်နေ့မှာ ဗိုလ်နေဝင်းကြဲချခဲ့တဲ့ ‘စစ်အာဏါရှင်’ ဗုံးရဲ့ ဒဏ်ကိုတော့ မြန်မာပြည်သူတွေ ခုထိ ကျောကော့နေအောင်ခံနေရဆဲပါ။ အနုမြူဗုံးမှာ ကြောက်စရာကောင်းတဲ့ ပြင်းထန်လှတဲ့ ဖျက်ဆီးနိုင်စွမ်းရှိတယ်ဆိုတာ ယုံမှားသံသယဖြစ်စရာမလိုပါဘူး။ ဒါပေမယ့်… သူ့မှာ အကန့်အသတ်ရှိပါတယ်။ ဟီရိုရှီးမားဗုံးကြဲခံရလို့ တိုကျိုကလူတွေ မသေပါဘူး။ စစ်အာဏာရှင်ဗုံးကတော့ တတိုင်းပြည်လုံး ဒုက္ခပင်လယ်ဝေ ဆင်းရဲတွင်းနက်စေတာ ကိုယ်တွေ့ပါ၊ ချွင်းချက်ကတော့ အဲဒီထဲမှာ စစ်အုပ်စုဝင် အာဏာရှင်မပါပါဘူး။

စစ်ဆိုရင် ဘယ်စစ်မှမကောင်းပါဘူး- ဟီရိုရှီးမားက သက်သေပြပြီးပါပြီ။ စစ်ထက်ဆိုးတာက စစ်အာဏာရှင်အုပ်စိုးတာကို လက်အုပ်ချီခစားရတာပါ။ အနုမြူဗုံးဆိုတာ ဖျက်ဆီးနိုင်လှ မြေပေါ်ရှိ အဆောက်အဦး၊ သက်ရှိသက်မဲ့ပေါ့၊ စစ်အာဏာရှင်ဗုံးကတော့- မြေပေါ်- မြေအောက်- သစ်ပင်-တောတောင်- မြစ်ချောင်း-အင်းအိုင်-သယံဇာတပါမချန် အားလုံးကို ဝါးမျိုဖျက်ဆီးနိုင်တယ်ဆိုတာ ရွှေပြည်ကြီးကိုကြည့်ပြီး သိနိုင်ပါတယ်။

အနုမြူဗုံးအချခံရလို့ ဟီရိုရှီးမားမြို့ကြီး ပြာပုံဖြစ်သွားပေမယ့် ဘယ်ဂျပန်တစ်ယောက်မှ ပြည်ပထွက် ကျွန်ခံရတယ်လို့ မကြားမိပါဘူး- ဗုံးဒဏ်ကြောင့် ဂျပန်တွေ ဒုတိယမျိုးဆက်လောက်အထိ လူဒဏ်ရာ၊ စိတ်ဒဏ်ရာတွေ ရခဲ့ပေမယ့်- ဘယ်ဂျပန်အမျိုးသမီးတယောက်မှ ပြည်ပထွက် လိင်ကျွန်ဖြစ်သွားတယ်လို့ မကြားမိပါဘူး။ စစ်အာဏာရှင်ဗုံးကတော့- ခုထိ- မြန်မာနိုင်ငံသားတွေ- ကျန်းမာရေး-ပညာရေး- စီးးပွားရေး ချွတ်ခြုံကျပြီး ပြည်ပထွက် ကျွန်ခံရ- နိုင်ငံခြားသားမယားအဖြစ် ရောင်းစားခံရ- အမျိုးကောင်းအမျိုးသမီးလေးတွေ လိင်ကျွန်ဖြစ်ခံရ။

အနုမြူဗုံးဒဏ်ခံလိုက်ရတဲ့ ဟီရိုရှီးမားအပေါ် တကမ္ဘာလုံးမရဏသယ်ခဲ့ကြတယ်။ စစ်အာဏာရှင်ဗုံးဒဏ်ခံလိုက်ရပြီး တငွေ့ငွေ့လောင်ကျွမ်းနေတဲ့ မီးမမှန်-ရေမရ- အပူလုံးမလှတဲ့ ရွှေပြည်ကြီးကိုတော့ ကမ္ဘာကြီးကမေ့နေပြီး နောင်မျိုးဆက်ပေါင်း ဘယ်လောက်အထိ ခံနေဦးမလဲဆိုတာ ဘယ်သူမှမသိနိုင်ပါဘူး။

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

2 thoughts on “သာထက်အောင် – “အနုမြူဗုံးထက်ဆိုးသော”
  1. Saya also try meditation for ten to fourteen days if you have free time for it s very important. I m sure there re teachers in Australia.

  2. ဗမာစစ်တပ်ဟာဇာတ်တူသားစားပြခဲ့တဲ့ထုံးစံတွေရှိပါတယ်။ နအဖ ခေတ်မှာ “တပ်မတော်ဒုတိယဖခင်ကြီး”ဆိုတဲ့ “အာဏာရှင်” ဦးနေဝင်းနဲ့သမီးကိုအကျယ်ချုပ်ချ၊ သမက်နဲ့မြေးတွေကိုထောင်ထဲပို့၊ သူတို့ထက်စီနီယာကျသူတွေထောင်ထားတဲ့ မဆလတဖြစ်လဲတစညကိုမထောက်ခံတော့ဘဲသူတို့ ဖာသာကြံ့ဖွတ်ပါတီအစိုးရဖြစ်လာအောင်လုပ်ခဲ့တဲ့ သာဓကတွေရှိတယ်။ ဒီနေ့ဒီအချိန်မှာကြံ့ဖွတ်ပါတီအစိုးရအဖွဲ့ဝင်ဗိုလ်ချုပ်ဟောင်းတွေမှာ အာဏာသာရှိတော့တယ်၊ လက်နက်မရှိတော့ဘူး။ ဒီတော့ “လက်နက်ရှင်” ဗမာစစ်တပ်ကဘယ်နေ့မှာဇာတ်တူသားထပ်စား၊ မစား၊ ဘယ်သူမှမသိနိုင်ဘူး။ အဲဒီလိုဖြစ်ပါစေလို့ဆုတောင်းရတော့မယ်ထင်တယ်။

Comments are closed.