စာစုတို

မောင်မောင်လတ် (ရွှေအင်းလေးစာပေ) – သတိ … အန္တရာယ်က… လက်တကမ်းမှာ ….

မောင်မောင်လတ် (ရွှေအင်းလေးစာပေ) – သတိ  … အန္တရာယ်က… လက်တကမ်းမှာ ….
(မိုးမခ) မေ ၁၇၊ ၂၀၁၅

ဇာတ်ညွှန်း ဇာတ်ကွက်အရ… အပိုအလိုမရှိ ပီပီပြင်ပြင် သရုပ်ဆောင်ကပြ အသုံးတော်ခံနေတဲ့ ပြဇာတ်ကလေးက  ပြီးလု ပြီး ခင်အချိန်  နောက်ဆုံးအပိုင်းရောက်ခါနီးခါမှ၊  ဟုတ်နိုး ဟုတ်နိုးနဲ့ ဇာတ်မျောလာနေရာက  အဖြူ အမဲ  ခွဲခြားလို့ရနေပါပြီ။

ဖားလား … ? ငါးလား … ? ပုံသဏ္ဍာန်ခွဲ သိမြင်နေရပါပြီ။

ဆန့်ကျင်ဖက်အနေအထား အခင်းအကျဉ်းမှာ… ထိပ်တိုက် အားပြိုင်ရင်ဆိုင်ပြီး အောင်ပန်းဆွတ်နိုင်ဖို့အရေး သန်း ၅၀ ကျော် ပြည်သူတွေနဲ့ သူတို့တတွေရဲ့ ပင်တိုင်စံ အိပ်မက်ရှင်မင်းသမီး ဆုံတွေ့ပေါင်းစည်းစေနိုင်မဲ့အရေး၊  ဇာတ်သိမ်းချိန် ရောက်ခါနီးမှ မြင်လာ တွေ့ လာရတဲ့အဖြစ်က  အလန့်တကြား ရင်တထိတ်ထိတ်ပါပဲ။ ဒီလေ ဒီမိုး ဒီမုန်တိုင်းနဲ့ ပြဇာတ်တပုဒ် ပွဲပြီးအောင် ကပြနိုင်ပါ့ဦးမလား …? ဒီလိုအဆင်အယင် ဒီလိုအခင်းအကျင်း ဒီလို ထောင်ခြောက်တွေနဲ့ ရွေးကောက်ပွဲရဲ့အဖြေ က လှပနိုင်ဦးမှာလား ….?

ဒီလို ဒီအချိန်ခါမှ  ဒီမေးခွန်းတွေအတွက် စိုးရိမ်တကြီးနဲ့မေးရလောက်အောင်.. အထိတ်တလန့်နဲ့ သုံးသပ်နေရအောင် ဒီနေ့ မြန်မာ့နိုင်ငံရေးသတင်းစာမျက်နှာပေါ် စကားလုံးအသစ်အဆန်းတွေ ပေါ်ပေါ်ထွက်နေတာကို  အခြေခံရတာပါဆိုရင် မမှား။ အဓိပ္ပါယ်ရှုပ်ထွေး နားမလည်နိုင်ခြင်းအပေါ် မူတည်အခြေခံရတာပါဆိုရင် မလွဲ။ ဖြစ်စဉ်တခုချင်း နေရာဒေသတခုချင်းအလိုက် သီးခြားစကားလုံးသစ်တွေ သုံးစွဲရင်း မြေစမ်း ခရမ်းပျိုး စကားလုံးအသစ်တွေသုံးရင်း ပြည်သူဖက်မှ တုန့်ပြန်သဘောထား ပဲ့ တင်သံတွေစောင့်ရင်း အချိန်ကာလအတိုင်းအတာတခုထိ သွေးတိုးစမ်းလာရာကနေ တဆင့်တက် ပြောင်ပြောင်တင်းတင်း ပေါ်ပေါ်ထင်ထင် လူမြင်ကွင်းရှေ့ ထွက်လာပါပြီ။ ပြည်သူတွေ ရှေ့မှောက်ရောက်လာပါပြီ။

အခုလို ပေါ်ပေါ်ထင်ထင် လူမြင်ကွင်းရှေ့ရောက်လာရအောင်လည်း အခြေအနေက ဘာတခုမှ ထူးထူးခြားခြား ဆူဆူပူပူမရှိ၊ ရှုပ်ရှုပ်ထွေးထွေးမရှိ၊ သာမန်ရိုးရာကျင်းပနေတဲ့ပွဲတော်တခုမှာ ပြဿနာတစုံတရာမရှိဘဲ တူညီပြောက်ကျားဝတ်စုံဝတ် ဆက်သွယ်ရေးစက် တကိုင်ကိုင်၊ သစ်သားဒုတ်တပြပြနဲ့ ဟန်ရေးပြနေတာကတော့ စိုးရိမ်ရေမှတ်ကျော်လွန်သွားပါပြီ။ တူညီပြောက်ကျားအင်္ကျီဝတ်လူတစု ဆိုသတဲ့ဗျာ …။

၂၀၁၅ ရွေးကောက်ပွဲအကြိုကာလ တည်ငြိမ်ရေးဆိုတဲ့စကားရပ်တခု တခဏပေါ်လာပြီး ရုတ်တရက်ပျောက်ကွယ်သွားပြီးတဲ့ နောက် ၂၀၁၅ အလွန်ကာလ တည်ငြိမ်ရေးဆိုတဲ့ စကားရပ်ပြောင်းသုံးစွဲတာနဲ့ ထပ်တူ တူညီပြောက်ကျားဝတ်လူတစု လူ့မြင်ကွင်းမှာ ပေါ်လာတာဟာ သွေးရိုးသားရိုးမဟုတ် တိုက်ဆိုင်မှုလည်းမဟုတ် တမင်ရည်ရွယ်ချက်ရှိရှိ ကြိုပြင်ဆင်ထားတာ တော့ လယ်ပြင်မှာ ဆင်သွားသလို ထင်ထင်ရှားရှား …။

အကြောက်တရားကို လက်ကိုင်ပြုပြီး ပြည်သူတွေ ပြားပြားဝပ်ရို့ကျိုးအောင် အထိတ်တလန့်ဖြစ်အောင် ဖိနှိပ်တဲ့အာဏာရှင် တွေမှာလည်း အကြောက်တရားအပြည့်ပါပဲ။ စိုးရိမ်ထိတ်လန့် ကျီးလန့်စာစားပါပဲလို့ အဆိုရှိသလို၊ အဖြူ အမဲ ရလဒ်အဖြေကို ကြိုမြင်ထားတော့ ၀ှက်ထားတဲ့ သိမ်းထားတဲ့ ကြောင်လက်သည်းတခု လှစ်ဟပြလိုက်ပါပြီ။

အဖက်ဖက်ကနေ ရေပက်မ၀င်အောင် ဆီလို အပေါက်ရှာမထွက်နိုင်အောင် ၁၀၀ ရာခိုင်နှုန်းအပြည့် အကာအကွယ်ယူထားတဲ့ ၂၀၀၈ အခြေခံဥပေဒေကို ဆုပ်ကိုင်ထားရုံနဲ့ မပြီး၊ ကုစားဖို့ခက်တဲ့ ဖြေလျော့ဖို့အချိန်ကြာတဲ့ ဘာသာရေးမှိုင်း အဆိပ်ငွေ့ကို လည်း သုံးပြီးပြီ။ ပြည်သူတွေ အထိတ်တလန့် ကျီးလန့်စာစား ယုံထင်ကြောင်ထင်အောငလည်း ဗုံးခွဲပြပြီး။ ပြည်တွင်းစစ်နဲ့ ငြိမ်းချမ်းရေးအကြား လမ်းခုလတ်မှာ တွေဝေနေအောင်လည်း မျက်လှည့်ပြပြီးပြီ။ ပြောင်းလဲခြင်းနဲ့ နောက်ပြန်လှည့်ခြင်းအ ကြား ပြည်သူတွေ ဆွံ့အအောင် ပညာစုံပြပြီးပြီ။ အခုနောက်ဆုံး ပြောင်းလဲခြင်းရဲ့မှတ်ကျောက် ရွေးကောက်ပွဲအတွက်တော့ နေရာပေါင်းစုံ ဒေါင့်ပေါင်းစုံ လားရာပေါင်းစုံ ကြိုတင်ပြင်ဆင်ထားပြီးပါပြီခင်ဗျာ။

ရှေးအစဉ်အဆက် ကနဦး အာဏာရှင်လက်ထက်ကစလို့ စကားလုံး အသစ်အဆန်းတွေ တီထွင်ပြောင်းလဲသုံးစွဲလာရာကနေ အစပြုလာခဲ့တာ ဒီနေ့ထိအောင် အမြစ်တွယ်ခဲ့ရတော့ အာဏာရှင်တွေရဲ့ ဓလေ့ထုံးတမ်းစဉ်လာလို ဖြစ်ခဲ့ရပါပြီ။ ဖက်ဒရယ် စနစ်ကို ခွဲထွက်ရေးစနစ်အဖြစ် အများလက်ခံအောင် ကြိုးပမ်းခဲ့ရာကအစ ကိုယ့်အမျိုးသား ကိုယ့်ဒေသအကျိုး အတွက် တန်းတူညီမျှ အခွင့်အရေးအတွက် တိုက်ပွဲဝင်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကို သောင်းကျန်းသူ အဖျက်သမား ရယ်လို့ တံဆိပ်ကပ် သမုတ်ခေါ်ဝေါ်တာက အလယ်၊ ဖိနှိပ်ခံနင်းပြားပြည်သူတွေကို ကျေးဇူးရှင် လုပ်သားပြည်သူ၊ ကျေးဇူးရှင် တောင်သူဦးကြီးအဖြစ် နားလှည့်ပါးရိုက်သုံးစွဲခဲ့တာအဆုံး၊ အာဏာသိမ်းတပ်မတော်လက်ထက်မှာတော့ မိုးဦးကျမှိုပွင့်တွေလို စကားလုံးတွေက အပြိုင်အရိုင်း ဝေေ၀ဆာဆာ အနီရောင်ဆိုင်းဘုတ်ကြီးတွေ နေရာတကာ မမြင်ချင်အဆုံး။ မရပ်မနား သတင်းစာရှင်းလင်းပွဲတွေနဲ့ မပြီးနိုင် မစီးနိုင် မာရသွန်မိန့်ခွန်းတွေထဲ ဘုန်းတော်ဘွဲ့ ဧရင်ကျူးထားတဲ့ စကားလုံးအသစ်တွေ က အစုလိုက် အပြုံလိုက်။ ကြာလာတော့လည်း ပြည်သူအဖို့ နားဟုန်လာခဲ့တယ်။ နားစည်က ထုံကျင်လာခဲ့တယ်။ အရာရာ လက်မခံနိုင်တော့။ ပြောခဲ့သမျှ တင်ပြခဲ့သမျှတွေရဲ့ ဆိုလိုရင်းအဓိပ္ပါယ်ကို ပြောင်းပြန် ပြန်တွေး ကောက်ချက်ချရတဲ့အထိ အောင် ဖြစ်ခဲ့ရတာ အမှန်ဧကန် …။

ဒီနေ့ ဒီခေတ်ပိုင်းမှတော့ အရင့်အရင်ကလို မဟုတ်တော့။ ၀ရုန်းသုန်းကား ဗရမ်းဗတာအနေအထားနဲ့ ပွဲထုတ်လာသလိုမဟုတ်။ စင်မြင့်ပေါ် အ၀တ်အစားလဲပြီး ဟန်ဆောင်တက်လာခဲ့ပေမယ့် စတက်လာကတည်းက စင်အောက်ပြန်ဆင်းဖို့ ရည်ရွယ်ချက် မရှိ။ အဆင့်အဆင့် ဓာတ်တူ နာမ်တူ အုပ်စုတူတာကိုပဲ လက်ဆင့်ကမ်းပေးဖို့ရည်ရွယ်ချက်ထားတော့ အပြောအဆို လုပ်ကွက် ဖန်တီးချက်တွေက တဆင့်ပြီးတဆင့် ပိပိရိရိ သေသေသပ်သပ်ပါပဲ။ ဖြစ်စဉ်က တခုတည်းသောဖြစ်ခဲ့တဲ့နေရာဒေသ အလိုက် စကားလုံးအသစ်အဆန်းတွေကို သုံးခဲ့တာတော့ မတူ။
နေရပ်မသိသောလူစိမ်းတစု …..။
အမည်မသိ လူတစု ….။
ဒေါသထွက်နေသော လူအုပ်ကြီး ….။

အပူမီဝိုင်းနေတဲ့ ပြည်သူအတွက် ဘယ်လိုမှ အဓိပ္ပါယ်နားမလည်နိုင်တဲ့ စကားလုံးတွေထုတ်သုံးရင်း အခြေအနေ အကဲခတ် ရင်း တဆင့်တက် သွေးတိုးစမ်းလာတာက ရန်ကုန်မြို့လယ်ခေါင် အများမြင်ကွင်းရှေ့ မီဒီယာပေါင်းစုံရှေ့မှောက် ပေါ်ပေါ် ထင် ထင်မြင်ခဲ့ရတဲ့ တာဝန်ဆိုတဲ့ စကားလုံးအနီရောင်ပါပဲ။ အများပြည်သူရှေ့ ကမ္ဘာ့မီဒီယာရှေ့ လင်းလင်းထင်ထင်မြင်ရတဲ့ အဲဒီစကားလုံးအဓိပ္ပါယ်ကို ၀ိုင်းမေးတော့လည်း အဖြေကမရ … အဖြေမရှိ …အဖြေက မသိ …။

ဒီလိုနဲ့ အချိန်တွေက တရွေ့ရွေ့ ..အခြေအနေက ပီပီပြင်ပြင် သဲသဲကွဲကွဲဖြစ်လာချိန်မှာတော့ အဲဒီ တာဝန်ဆိုတဲ့ စကားလုံး အဖြေကို အရပ်ဝတ်လူတချို့ဆိုတဲ့ စကားလုံးနဲ့ အစားထိုးအဖြေပေးလိုက်တာကြည့်ရင် အယောင်ဆောင် စစ်အစိုးရ အဖွဲ့ အနေနဲ့ နေရာဒေသအနှံ့မှာ လျှို့ဝှက်အဖွဲ့တရပ်ကို စနစ်တကျ အခိုင်အမာတည်ဆောင်မြှုပ်နှံထားပြီးပြီဆိုတဲ့ အကြောင်း အရာ ပေါ်လွင်ခဲ့ရပါပြီ …။  တချိန်က သတင်းစာရှင်းလင်းပွဲတွေမှာ မာရသွန်မိန့်ခွန်းရှည်ထဲမှာ ထပ်ခါတလဲလဲ ကြားခဲ့ရတဲ့ ယူဂျီ  … ဗကပ ယူဂျီ ..ဆိုတဲ့ စကားလုံးအသွင်သဏ္ဌာန်တူ စွမ်းအားရှင်တဖြစ်လည်း .. အမျိုးသားရေး အရေခွံလဲ အမာခံ

စစ်ကိုင်းမြို့လယ်ခေါင် ဈေးကြီးအတွင်း   အမျိုးသမီးနှစ်ယောက်ကို  ဖမ်းဆီးရိုက်နှက်စစ်ဆေးပြီးမှ မှားယွင်းခဲ့တယ်ဆိုပြီး ပြန်လွှတ်ပေးခဲ့တဲ့အမှုမှာ ဒေသရဲနဲ့အတူ အရပ်ဝတ် လူတချို့ … ဆိုသူတွေရဲ့ ဥပဒေမဲ့လုပ်ရပ်အတွက် မင်းမဲ့စရိုက်ဆန်ဆန် ပြုမူလှုပ်ရှားခဲ့တာကို နားမလည်နိုင်ခင် .. မေးခွန်းထုတ်လို့ မပြီးခင် ..စက်တကိုင်ကိုင် ဒုတ်တပြပြနဲ့ လူလုံးပြ လမ်းသလားပြ နေတာတော့ ဘယ်လိုမှ လက်သင့်ခံ နားလည်ပေးလို့ မဖြစ်နိုင်တော့ …။

ထင်သာမြင်သာအောင် တိုရှင်း လိုရှင်း မေးခွန်းထုတ်ချင်တာက
ဟစ်တလာရဲ့  ရှပ်ညိုတပ်ဖွဲ့လား….?
တချိန်က ပြူစောထီးတပ်ဖွဲ့လား …?

နှစ်ပေါင်း ၆၀ ကျော် ပြည်တွင်းစစ်နဲ့ နှစ်ပေါင်း ၅၀ ကျော် အဏာရှင်စနစ်အောက် ပြားပြားဝပ် မွဲတေ ဆင်းရဲ့၊ ဒုက္ခပေါင်းစုံ ခါးစည်းခံလာခဲ့တဲ့  ပြည်သူတွေနဲ့ တိုင်းရင်းသားတွေ မျှော်လင့်စောင့်ဆိုင်းနေတဲ့ တန်းတူညီမျှရေးနဲ့ ကိုယ့်ကံကြမ္မာ ကိုယ် ဖန်တီးခွင့် ရဖို့ အေးအတူ ပူအမျှ ခံစားစံစားနိုင်မယ့် ဖက်ဒရယ်ပြည်ထောင်စုစနစ် ပေါ်ထွက်ဖို့ အခွင့်အရေးပေးမယ့် ထွက်ပေါက်တခုဖြစ်လာမယ့် လာမယ့်ရွေးကောက်ပွဲကြီးကို ဘယ်လို ဘယ်ပုံမှ မပျက်ပြားရလေအောင် နှောင့်နှေးကြန့်ကြာ မသွားရအောင် အားလုံးသောပြည်သူ၊ တိုင်းရင်းသားတွေသာမက နိုင်ငံအရေး မျှော်ကိုးနေသူတိုင်း ကျောချင်းကပ်၊ လက်ချင်းချိတ် သတိဝီရိယနဲ့ နိုးနိုးကြားကြားရှိမှ ဖြစ်တော့မှာပါ။ အဖျက်ပေါင်းစုံက အင်နဲ့ အားနဲ့ အစုအဖွဲ့နဲ့ အဆင်သင့်ဆိုတော့ တိုင်းရင်းသားနဲ့ ပြည်သူတွေကလည်း ……။

မောင်မောင်လတ် (ရွှေအင်းလေးစာပေ)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts