ကဗျာ ရန်လင်းအောင်

ရန်လင်းအောင် – ပြောဇာတ် (၁+၂+ ၃)

  ရန်လင်းအောင် – ပြောဇာတ် (၁+၂+ ၃)
(မိုးမခ) မေ ၁၂၊ ၂၀၁၅

• ပြောဇာတ် (၁)

တိဗက်ပုံပြင်ထဲက ခိုသတ္တဝါ
တညခင်းလုံး သူ့အိပ်ရာ
ဇီဇာကြောင်ပြီး ပြင်ဆင်နေလိုက်တာ
မိုးသာလင်းရော သူ့ခမျာ
အိပ်စက်ချိန်တောင်မရလိုက်ပါ ။    ။

• ပြောဇာတ် (၂)
ညောင်သီးတွေပိုင်လိုဇောနဲ့

“ဒါ   ငါ့ဟာ  ဒါ   ငါ့ဟာ”
သူ့အော်သံ သူ့အမည်ပေါက်နဲ့ မယှကငှက်ပါ ။

သူ့ထက်ငါအပြိုင်းအရိုင်း
တခြားငှက်တွေဝင်စားနေလည်း
“ဒါ  ငါ့ဟာ … ဒါ  ငါ့ဟာ “
အသံမစဲတသဲသဲ သူအော်ကောင်းတုန်းပဲ  ။

ညောင်သီးတွေ ကုန်သာသွားရော
“ဒါ  ငါ့ ဟာ … ဒါ  ငါ့ ဟာ “
တစာစာအော်ရင်း ကျန်ခဲ့ရှာ
ညောင်ပင်အခွံပေါ်မှာ ။

၅၅၀ နိပါတ်တော် မယှကဇာတ်ကို မှီးသည်။

• ပြောဇာတ် (၃)

မြေခွေးမနဲ့ခြင်္သေ့ စပ်ကျထားတော့
ခြင်္သေ့ရုပ်နဲ့ ခွေးမသားပေါ့။

တနေ့သား ဒီခွေးမသားက
ရုပ်တည်ကြီးနဲ့ ခြင်္သေ့တွေအလယ်
ရောယောင်ပြီး ဟိန်းဟောက်လိုက်တာ
ခွေးအူသံကြီး ထွက်လာပါလေရော။

“ဟယ် ခွေးမသား !
နောက်နောင်  နင် ဝင်မအူနဲ့
အူသံမထုတ် ခြသေ့င်္ရုပ်နဲ့ ပြစားတတ်ရင်
တောသုံးထောင်မှာ တထောင်ရမယ်”
ခွေးမသားရဲ့အဖေ ခြင်္သေ့ကြီးကပြောရှာတယ်။

ဒီခွေးမသားက တိတ်တိတ်မနေပဲ
ထထအူတော့
တောကောင်တွေအလယ်ခြင်္သေ့ရုပ်ကြီးနဲ့
ဒေါက် ပြုတ် အရှက်ကွဲ
တောတထောင်လည်းမရနဲ့
ခွေးမသားဘဝဟာ ခွေးမသားကနေ တက်မလာနိုင်တော့ဘူး။

• သီဟကောက္ကု ဇာတ် ။ ဇာ ။၁။၄၉။ ဋ္ဌ။၂ ။ ၉၉ ကို မှီးသည် ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts