သတင်းဆောင်းပါး

မောင်ဥက္ကလာ – ရွှေမန်း အချိန်မီရောက်လို့

မောင်ဥက္ကလာ – ရွှေမန်း အချိန်မီရောက်လို့
(မိုးမခ) မေ ၁၂၊ ၂၀၁၅

———————————-
မယ်ရီလန်းပြည်နယ် (Maryland) မှာနေကြတဲ့ မြန်မာနိုင်ငံသားတွေနဲ့ အမေရိကန်လူမျိုးတွေ အခုမှ အတော်လေး စိတ် သက်သာသွားကြတယ်။ ကြားမိကြမှာပေါ့ မယ်ရီလန်းပြည်နယ်၊ ဘော်တီမိုး (Baltimore) မြို့မှာ ဆူဆူပူပူ ဆန္ဒပြမှုတွေ၊ လုယက်မှုတွေ၊ မီးရှို့မှုတွေဖြစ်ကြတာ ဘာနဲ့တူသလဲဆို မန္တလေးမြို့မှာ နောက်ကွယ်က ကြိုးကိုင်သူတွေရှိတဲ့ တေလေဂျပိုး တွေ ဆိုင်ကယ် တဝီဝီစီး၊ တုတ်ဓါးတွေနဲ့ မြို့အနှံ ကြမ်းခဲ့ကြသလို။ အညာ မိတ္ထီလာမှာ ကိုးကွယ်ယုံကြည်မှု ကွဲသူတွေကို တိုက်ခိုက်မီးရှို့ခဲ့ကြတဲ့ လူစိတ်မဲ့ လူအုပ်စုတွေလိုပေါ့။ ကြောက်တတ်တဲ့ မောင်ဥက္ကလာ နေရာနဲ့ ကွမ်းတရာဝါးလောက်မှာရှိတဲ့ ဘော်တီမိုးမြို့မှာလည်း ကလေကဝ အခြေမဲ့တစုရဲ့  မင်းမဲ့စရိုက် လုပ်ရပ်ကြောင့် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သူတွေသတင်း ငုပ်လျှိုခဲ့တယ်။ ငြိမ်းချမ်းစွာဆန္ဒပြတောင်းဆိုကြတဲ့ မြို့လူထုကြောင့် အာဏာပိုင်အစိုးရက ချက်ချင်း တရားဥပဒေအရ စီရင် ဖြေရှင်းမှုတွေ လုပ်ခဲ့ပါတယ်။

တကယ်တော့ ဒီနေ့ကမ္ဘာမှာ အထိတ်တလန့် သွေးထွက်တဲ့သတင်းမျိုးတင်ဆက်ချင်တဲ့ သတင်းမီဒီယာတွေ အစွမ်းကြောင့် အဝေးမြေက ဘော်ဘော်တွေ၊ မိဘမောင်ဘွားတွေ စိုးရိမ်မကင်းဖြစ်၊ ဖုန်းတွေခေါ်မေးကြလို့ အအိပ်ပျက် ဖြေရတာအမော။ တချို့တွေက ဆူပူအကြမ်းဖက်မှုတွေကို ထပ်ခါတလဲလဲပြနေတဲ့သတင်းတွေကိုကြည့်ပြီး ဆန္ဒပြသူတွေက အတော်ဆိုး တယ် လို့ ဝေဖန်ရှုတ်ချကြတယ်။ ဟုတ်တယ်နော် … ဆန္ဒပြသူတွေရဲ့လုပ်ရပ်ကလည်း ပြောလည်းပြောချင်စရာ မောင် ဥက္ကလာတို့ ဗုဒ္ဓဘာသာထွန်းကားတဲ့ဆိုတဲ့ ရွှေပြည်မှာဆို ခေါင်းကလေးဖြတ်၊ အိမ်တွေမီးရှို့၊ လူမြင်ကွင်းမှာ အုပ်စုနဲ့ ဝိုင်းရိုက် တာလောက်ပဲလုပ်ကြတာ။ လက်နက်ကိုင် အာဏာပိုင်အစိုးရဆိုလဲ မိုးပေါ်ထောင်မပစ်ဘဲ ဘာလက်နက်မှမရှိတဲ့ ကျောင်း သားလေးတွေ၊ ပြည်သူလူထုကို တည့်တည့်ပစ်တာ။

ဘော်တီမိုးမြို့နဲ့ မနီးမဝေးနေသူဆိုတော့ အဘယ်ကိစ္စကြောင့် အဲဒီမှာနေသူတွေ (ဆန္ဒပြသူတွေ) ငြိမ်ဝပ်မပိပြားကြတာလဲ။ လမ်းပေါ်ထွက် ဆန္ဒထုတ်ဖော်ကြလဲဆိုတဲ့အကြောင်းကို ရပ်ဝေးမှာရှိတဲ့ မိတ်ဆွေတွေသိအောင် နည်းနည်းလျှာရှည် ပြောပြ ချင်ပါတယ်။ ပြည်သူ့တပ်မတော်ကြီးက လယ်မြေတွေသိမ်းလို့၊ ကျောင်းသားသမဂ္ဂနဲ့ အမျိုးသားပညာရေးကိစ္စတွေအတွက် ဆန္ဒပြကြတာ မဟုတ်ပါဘူး။ ဖြစ်ပုံက ရဲလက်ချက်ကြောင့် အသက်ထွက်သွားတဲ့ လမ်းဘေးမူးယစ်ဆေး အရောင်းအဝယ် လုပ်တယ်လို့ သံသယဖြစ်ခံရတဲ့ အသက် (၂၅) နှစ်အရွယ် လူမည်းတယောက်အတွက်။ အဲဒီငတိလေးကို ရဲတပ်ဖွဲ့က အတင်းအဓမ္မဖမ်းဆီး၊ လက်ထိပ်ခတ် ရိုက်နှက်ပြီး၊ ရဲအချုပ်ကားထဲထည့်ကာ မြို့အနှံ့ ကြမ်းကြမ်းတမ်းတမ်း (rough ride – တားမြစ်ပိတ်ပင်ထားတဲ့ ခေတ်ဟောင်းနှိပ်စက်နည်း) ခေါ်ဆောင်သွားရာက ရရှိတဲ့ဒဏ်ရာဒဏ်ချက်ကြောင့် ဆေးရုံမှာ သေဆုံးသွားရှာတယ်။ ဒီလို တရားမဲ့လုပ်ရပ်ကို မကျေနပ်ကြတဲ့ မြို့လူထု (လူမည်းအများစု) က ဆန္ဒထုတ်ဖော်ကြရာ၊ သိတဲ့အတိုင်း ပွဲဆူရင် မငြိမ်မသက်မှုကို အခွင့်ကောင်းယူပြီး ဖျက်လိုဖျက်ဆီးလုပ်ချင်သူ လက်တဆုပ်စာလူစုကြောင့် တချို့ နေရာတွေမှာ ရဲတွေကို ပြန်လည်တိုက်ခိုက်၊ ဆိုင်တွေကားတွေ မီးရှို့လုယက်တာတွေ ဖြစ်ခဲ့တာပေါ့။ ဒီလိုလုပ်ရပ်မျိုး ကျုပ်တို့ရွှေပြည်မှာလည်း ရှိခဲ့တာပေါ့။ အာဏာပိုင်အစိုးရက အစိုးရဒလန်တွေ၊ စွမ်းအားရှင်တွေသုံးပြီး လုပ်နေကြအကွက် မဟုတ်လား။

ဒီလို စိုးရိမ်ရတဲ့အခြေအနေကြောင့် မယ်ရီလန်း မြို့သူမြို့သားတွေ စိတ်ပူပန်၊ ပြည်နယ်အစိုးရ၊ ဘော်တီမိုးမြို့ အာဏာပိုင်တွေ နဲ့ ဝါရှင်တန်ဒီစီမြို့တော်ရှိ သမ္မတကြီးအပါအဝင် လွှတ်တော်ခေါင်းဆောင်ကြီးတွေ ခေါင်းစားနေချိန် မြန်မာနိုင်ငံမှ စစ်အစိုးရ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ရွေးချယ်တင်မြှောက်ထားတဲ့ လွှတ်တော်ဥက္ကဋ္ဌကြီး ဗိုလ်ရွှေမန်းတယောက် နှစ်ပေါင်းများစွာ လာ ရောက်လည်ပတ်ခွင့် ပိတ်ပင်ခံထားရာကနေ အမေရိကန်အစိုးရရဲ့ မုန်လာဥ (Carrot and Stick) ပေါ်လစီကြောင့် အမေရိ ကန်နိုင်ငံကိုလာခွင့်ရပြီး မြို့တော်ဝါရှင်တန်ဒီစီကို ဇနပုဒ်သား မြို့ရောက်ပုံစံနဲ့ ဘိုးတော်ဘုရား၊ မင်းတုန်းမင်း လက်ထက် လောက်က တည်ဆောက်ထားခဲ့တဲ့ ခမ်းနားကြီးကျယ်တဲ့ အဆောက်အအုံကြီးတွေ၊ တံတားကြီးတွေ၊ မြေအောက်ရထား လမ်းတွေကို တအံ့တသြ ဟိုငေး ဒီကြည့်နဲ့ပေါ့။

မခိုင်လုံတဲ့ ရပ်ကွက်သတင်းတွေအရ ရောက်ရောက်ချင်း လက်ရှိ အမေရိကန်နိုင်ငံ အခြေအနေကို တောင်ကြည့်မြောက်ကြည့် ငေးမောပြီးနောက် သက်ဆိုင်ရာ အမေရိကန်အစိုးရ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး လုပ်နေကျအတိုင်း လိုအပ်သည်များကို ပြောဆိုညွှန်ကြားတော့တယ်။ အထူးသဖြင့် ဂျောက်ထဲကျတော့မယ့် ဘော်တီမိုးမြို့အခြေအနေကို အချိန်မီ အကြံပေး ကယ် တင်ပေးလိုက်တယ်လို့ ဝါရှင်တန်ဒီစီ မြန်မာနိုင်ငံ အခွန်ရုံး (သံရုံး) မှ အမည်ထုတ်ဖော်ပြောဆိုဖို့ အလွန်ကြောက်ရွံတဲ့ ဝန် ထမ်းတဦးက တုန်တုန်ရီရီနဲ့ ပြောဆိုတယ်။

သိသလား မသိဘူး။ လွှတ်တော်ဥက္ကဋ္ဌကြီး အမေရိကရောက်လာပုံကတော့ မြန်မာ့အရေး စောင့်ကြည့်သူတွေသိမှာပါ။ ကြွယ်ဝချမ်းသာတဲ့ ဖားတပိုင်း-ငါးတပိုင်း ဦးသိန်းစိန်အစိုးရ ဒေါ်လာသိန်းချီပေးငှားရမ်းထားတဲ့ ဝါရှင်တန်ဒီစီမြို့က အကျိုး ဆောင်ပွဲစား ပိုဒက်စ်စတာ အုပ်စု (Podesta Group) အကူအညီနဲ့ အမေရိကန်ပြည်ထောင်စု အောက်လွှတ်တော်ဥက္ကဋ္ဌ ဂျွန် ဘေနာ (John Boehner) က ဖိတ်ခေါ်လိုက်တယ် (မတွေ့ဘူးတာတွေ လာကြည့်ပေါ့)။ ဒီနည်းနဲ့ ရောက်ရှိလာပြီး အမေရိကန် ခေါင်းဆောင်တွေနဲ့ တွေ့ဆုံတဲ့အခါ သူနိုင်တဲ့ကိစ္စ ကျွမ်းကျင်တဲ့ကိစ္စဖြစ်တဲ့ ဆန္ဒပြဆူပူမှုတွေကို နှိမ်နင်းနည်းကို လက်တို့ လိုက်တယ်။ ဘော်တီမိုးမြို့ အခြေအနေတွေ ငြိမ်ဝပ်သွားအောင် သူ့အနေနဲ့ လက်ပံတန်းမြို့၊ ရန်ကုန်ဆူးလေးတို့မှာ ငြိမ်းချမ်း စွာဆန္ဒပြနေကြတဲ့ ကျောင်းသားတွေကို ပိုဆိုးပက်စက် (ကျောင်းသားတယောက်ကို ပြည်သူ့ရဲ ဆယ်ယောက်နဲ့ အောင် အောင်မြင်မြင် နွှာလိုက်တဲ့) သူတို့ရဲတပ်ဖွဲ့၊ အထက်အညာ လက်ပံတောင်းတောင်မှာ လက်နက်မဲ့၊ လယ်မဲ့ လယ်သူမကြီးကို ခေါင်းထိအောင်ပစ်နိုင်တဲ့ တရုတ်ဝမ်ပေါင်ကုမ္ပဏီစောင့် လုံခြုံရေးတပ်ဖွဲ့ကို ချက်ချင်းခေါ်ယူပြီး ထိန်းသိမ်းပေးဖို့ ကမ်းလှမ်းခဲ့ ကြောင်း အခွန်ရုံး (သံရုံး) ဝန်ထမ်းက ထပ်ဖြည့်ပြောဆိုတယ်။ ဟုတ်မဟုတ် မြန်မာအခွန်ရုံးကို ဆက်သွယ်မေးကြည့်။

ဘယ်လိုပဲဖြစ်ဖြစ် ဘော်တီမိုးမြို့နဲ့ မလှမ်းမကမ်းမြို့ရွာတွေမှာ နေကြတဲ့ ရွှေမြန်မာတွေကတော့ ဥက္ကဋ္ဌကြီး ဝါရှင်တန်ဒီစီကို ခြေချလိုက်တဲ့ သတင်းကို ဆန္ဒပြသူတွေကြားတာနဲ့ ဆူပူမှုတွေ ငြိမ်သက်သွားမယ်ဆိုတာကို ကြိုသိနေကြတယ်။ တချိန် တည်းမှာ ဥက္ကဋ္ဌကြီး ဘယ်လောက်အကင်းပါးသလဲဆိုရင် မြန်မာနိုင်ငံအခွန်ရုံးရှေ့ မှာ မိုးရွာရွာ နေပူပူ နှင်းမုန်းတိုင်းကျကျ အစဉ်မပြတ် ကိုယ့်စရိတ်ကိုယ်စားပြီး တစာစာ သွားအော်နေကြတဲ့ ဝါရှင်တန်၊ မယ်ရီလန်း၊ ဗာဂျီးနီးယား တဝိုက်နေကြတဲ့ တက်ကြွလှုပ်ရှားသူတစုကို အခွန်ရုံးမှာကျင်းပပြုလုပ်နေတဲ့ ဧည်ခံပွဲကနေ ခဏလစ်ထွက်လာပြီး တရင်းတနှီး မေးမြန်းစကား ပြောဆိုကာ ဆန္ဒပြနေသူတွေရဲ့  အပူမီးကို ငြိမ်းသက်ပေးလိုက်တယ် (မြန်မာအစိုးရရဲ့  တရားမဲ့လုပ်ရပ်တွေကို အခွန်ရုံးရှေ့မှာ အချိန်ပြည့် သွားအော်ရှုံ့ချနေတတ်တဲ့ ဒီအုပ်စုကို အခွန်ရုံးလူကြီးတွေ၊ ဝန်ထမ်းတွေကတော့ ရုံးအတွင်းကနေ ချောင်းကြည့်၊ ဓါတ်ပုံဗီဒီယို ရိုက်တာကလွှဲ တခါမှထွက်တွေ့ စကားပြောဆိုခြင်းမရှိ)။ ဥက္ကဋ္ဌကြီးကို နဖူးတွေ့ဒူးတွေ စကားပြောခွင့်ရလိုက်တဲ့ တက်ကြွသူတွေလည်း အတော်လေးကျေနပ်သွားကြတယ်။ ဝါရှင်တန်အခြေစိုက် မြန်မာသတင်းဌာနကြီးက သတင်းတပုဒ် အဖြစ် ကမ္ဘာသိအောင်ထုတ်လွှင့်ပြီး ဥက္ကဋ္ဌကြီးလုပ်ရပ်ကို ထောပနာပြုလိုက်တယ်။

နောက်တရက်မှာ ဝါရှင်တန်ဒီစီအခြေစိုက် နိုင်ငံရေးလုပ်စားအဖွဲ့အုပ်စုရဲ့အစီအစဉ်နဲ့ ကျင်းပပြုလုပ်တဲ့ မြန်မာ့အရေး ဆွေး နွေးပွဲမှာ တက်ရောက်လာကြတဲ့ ဧည်သည်တွေကို သူတက်ကျွမ်းတဲ့ မြန်မာစကားနဲ့ သူ့အစိုးရ ချည်ပြီးတုပ်ပြီး စီစဉ်ထားတဲ့ (ရက်လအချိန်တော့ ဗေဒင်တွက်ချက်တုန်း) ၂၀၁၅ ရွေးကောက်ပွဲကို ကြိုတင်မဲနဲ့ အနိုင်ရယူပြီး သမ္မတဖြစ်လာဖို့ လေ့ကျင့် နေကြောင်း ဟီရိသြတ္တပ ကင်းမဲ့စွာ ပြောဆိုလိုက်တယ်။ အဲဒီအခမ်းအနားမှာ တက်ရောက်လာသူတွေ စိတ်နှလုံး ပျော်မွှေ့ စေဖို့ ငြိမ်းချမ်းရေးသမား ဗိုလ်အောင်မင်း၊ စီးပွားရေးသမား ဗိုလ်စိုးသိန်းတို့လို ဟာသတွေကိုလည်း တဖွဖွပြောဆိုတယ်။ မှတ်သားလောက်တဲ့ ဥက္ကဋ္ဌကြီး အရွှန်းဖောက်ခဲ့တဲ့ ပျက်လုံးတွေက “ပြီးခဲ့တဲ့ သူ့အဘ ဗိုလ်သန်းရွှေ ဦးဆောင်ခဲ့တဲ့ တပ်မ တော်အစိုးရ ခေါင်းဆောင်တွေ အရည်အချင်းရှိကြောင်း၊ စိတ်စေတနာကောင်းကြောင်း၊ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် ကြိုးစားပမ်းစား လုပ်ဆောင်ခဲ့ကြောင်း၊ နိုင်ငံရေးအပြောင်းအလဲကို စနစ်တကျလုပ်ဆောင်ပေးခဲ့ကြောင်း” ရေမသောက် လေမရှု နောက်တက်မယ့်သမ္မတကြီးက ပြောရှာတယ်။

အဲဒီအခမ်းအနားတက်ရောက်လာသူတွေ မေးတဲ့မေးခွန်းတွေကို ပြန်ဖြေကြားတဲ့အခါ မောင်ဥက္ကလာ အနှစ်သက်ဆုံးက ဥက္ကဋ္ဌကြီးအစိုးရထံမှာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေကို သွားရောက်ပြီး အကျိုးဆောင်ထမ်းရွက်နေတဲ့ xxxx သတင်း ဌာနတခုမှာ သတင်းထောက်တပိုင်း၊ ဗိုလ်သိန်းစိန်အစိုးရ စီးပွားရေး ဘာညာအရေး အကြံပေးအဖွဲ့တွေရဲ့ အဖွဲ့ဝင်၊ မိတ်ဆွေ အသိတွေကိုတွေ့ရင် ဦးသိန်းစိန်အစိုးရလုပ်ရပ်တွေ အထူးအောင်မြင်ကြောင်း တဖွဖွပြောဆိုနေရှာသူရဲ့ မဟေသီ အမေရိ ကန်နိုင်ငံသူရဲ့မေးခွန်းကို ဗိုလ်ရွှေမန်း ပြန်ဖြေကြားပုံလေးက “ကိုယ့်သမီးအရွယ်လောက်ဆိုတော့ သမီးတယောက်ကို ဖြေ ကြားသလို ပြန်ဖြေကြားပါမယ်တဲ့။” မြန်မာလူမျိုးတွေအပေါ်မပြောနဲ့ တိုင်းတပါးသူကိုတောင် အဘစိတ်အပြည့်နဲ့ အထက်စီး ကနေ ပြောဆိုတာကိုကြည့်ရင် ဥက္ကဋ္ဌကြီးရဲ့ စိတ်ရင်းစေတနာကို အဆိုးမြင်သမားတွေ အကောင်းမြင်သင့်တာပေါ့လို့ ပြော ချင်, ပြောလို့ရတယ်။ တကယ်တော့ ဥက္ကဋ္ဌကြီးပြောတဲ့ ကိုယ့်သမီးလောက်ဆိုသူက ငယ်ရွယ်သူ ကျောင်းသူလေးမဟုတ်။ လူဘဝသက်တမ်းတဝက်ကျော် ဖြတ်ကျော်ထားသူ။ မြန်မာနိုင်ငံအကြောင်း ကောင်းကောင်းလေ့လာထားသူ (ယောက်ျား ကြောင့်မဟုတ်)၊ PhD ပါရဂူဘွဲ့ရ၊ အမေရိကန်နိုင်ငံ အထင်ကရတက္ကသိုလ်ကြီးမှာ နိုင်ငံတကာ နိုင်ငံရေးသိပ္ပံဘာသာရပ်ကို သင်ကြားပို့ချနေတဲ့ ပါမောက္ခ။ ပြီးတော့ စစ်တပ်အကြောင်း စာတမ်းပြုစု စာအုပ်ရေးခဲ့သူဆိုတော့။ ခေသူတော့မဟုတ်။ ဒါကိုကြည့်ရင် ဥက္ကဋ္ဌကြီး လူအကဲခတ်တော်၊ လေ့လာမှုအားကောင်းတာကို သိနိုင်တယ်။
(မယုံရင် ဒီမှာကြည့် – https://www.youtube.com/watch?v=GmMG0RGAt0w)

ဘယ်လိုပဲဖြစ်ဖြစ် ဥက္ကဋ္ဌကြီးက သိသိကြီးနဲ့ နှက်လိုက်တာလား။ ချက်ဆို နားခွက်ကမီးတောက် ရုပ်တည်ကြီးနဲ့ ပြောဆို လိုက်တာကို မြန်မာ့အရေး ကျွမ်းကျင်သူပါမောက္ခမပြောနဲ့ ကြားရသူအဖို့ ဘာပြန်ပြောရမှန်းမသိ။ အဲဒီလို အရွန်းအဖောက် တွေနဲ့ သမ္မတအရည်အချင်း ပြည့်ဝသူ (စစ်ရေးကျွမ်းကျင်သူ – ကိုယ့်ပြည်သူတိုင်းရင်းသားများကို နှစ်ပေါင်းများစွာ တိုက် ခိုက်ခဲ့သူ၊ စီးပွားရေး နားလည်သူ – သားသမီးများနဲ့ လက်ဝေခံ ခရိုနီများကို စီးပွားရေးလုပ်ပိုင်ခွင့်များ စီမံချပေးနိုင်သူ၊ အတွေးအခေါ် ယုံကြည်ချက် – လက်ရှိ နေရာရာထူးကို ချီးမြှောက်ခဲ့တဲ့ ကျေးဇူးရှင် အဘလမ်းစဉ်ကို ထိန်းသိမ်းစောင့်ရှောက် အကောင်အထည်ဖော်နေသူ) ရဲ့  ဆွေးနွေးပွဲက မေဝဲလ်သာ (Mayweather) နဲ့ ပက်ကရောင် (Pacquiao) တို့ လက်ဝှေ့ပွဲလို ရှောင်ဝေ့လှည့်ပတ်ပြီး အနှစ်သာရမဲ့ ပြောချင်ရာပြော ဖြေချင်ရာဖြေဆို ပြီးဆုံးသွားခဲ့တယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဗိုလ်ရွှေမန်း အချိန်မီရောက်လာလို့ စာရေးသူတို့ ဘော်တီမိုးမြို့ ငြိမ်းငြိမ်းချမ်းချမ်း ပုံမှန်အခြေအနေ ပြန်ဖြစ်သွားခဲ့တော့ အခွန်ရုံးဝန်ထမ်းအပြောအရ ဖြစ်နိုင်တယ်။ ပြီးတော့ ပြည်သူကို အကြမ်းဖက် အဓမ္မပြုကျင့် ပြစ်မှုကျူး လွန်ကြတဲ့ရဲတွေကိုလည်း တရားဥပဒေအရ အရေးယူလိုက်တဲ့သတင်း ကြားမိလား။ ပဲခူး လက်ပံတန်းမှာ ကျောင်းသား တယောက်ကို ဆယ်ယောက် ဆယ့်ငါးယောက် ဝိုင်းရိုက်တဲ့ ရဲအုပ်စုလား။ ရန်ကုန် ဆူးလေးဘုရားရှေ့မှာ ကျောင်းသား အလံတွေကို ရိုက်ချိုး၊ ခေါင်းတွေကို ရိုက်ခွဲ၊ ကျောင်းသူလေးတွေကို အတင်းအဓမ္မချုပ်တဲ့ ရဲတွေနဲ့ လက်ပတ်နီတွေလား။ စစ်ကိုင်း လက်ပံတောင်းတောင်မှာ လယ်သူမကြီးကို ပစ်သတ်၊ လယ်သမားတွေကို ပိုဆိုးပက်စက်ရိုက်၊ မီးလောင်ဗုံးနဲ့ ပစ်ခတ်တဲ့ ရဲတွေလား။ ဒါမှမဟုတ် ဟိုးပဝေသဏီ ၈၈ အချိန်တုန်းက RIT ကျောင်းဝန်းထဲမှာ ကိုဖုန်းမော်၊ ကိုစိုးနိုင်နဲ့ ကျောင်းသားမြောက်မြားစွာကို ပစ်သတ်ခဲ့ကြတဲ့ ရဲတွေလား။ ပြည်လမ်း အင်ယားကန်ဘောင်ပေါ်မှာ ကျောင်းသူ ကျောင်း သားတွေ သွေးမြေကျအောင် လက်သံပြောင်ခဲ့ကြတဲ့ ရဲတွေလုံထိန်းတွေလားလို့ မထင်လိုက်နဲ့အုံး။ ဥပဒေအထက်မှာ သူတို့ရှိတဲ့ ရွှေပြည်မှာတော့ ဒီလိုမျိုး တရားဥပဒေမဲ့ ပြုကျင့်ကျူးလွန်တဲ့ ရဲတွေ၊ စစ်သားတွေ လက်နက်ကိုင်အုပ်စုကိုတော့ ဥက္ကဋ္ဌကြီးတို့ အာဏာတည်မြဲနေသ၍ အရေးယူ အပြစ်ပေးတာတွေ ရှိမှာမဟုတ်။ ဒီလို တရားဥပဒေကိစ္စတော့ ဥက္ကဋ္ဌကြီး က ဘယ်ပြောမလဲ။

တရားဥပဒေနဲ့အညီ အပြစ်ပေး ထောင်ဒဏ်ကျခံရမယ့် ရဲတွေကတော့ လူမည်းကောင်လေးကို အသက်ပျောက်အောင် ကိုင် တွယ်မှု ညံ့ဖျင်းခဲ့တဲ့ လက်ရဲဇက်ရဲ ပြည်နယ်ရဲ (၆) ယောက် (ပြစ်မှုကိစ္စကို တရားဥပဒေအရ မစီရင်၊ တရားမဲ့ ညှဉ်းပန်း နှိပ်စက်ခြင်း ပြစ်မှု)။ ဒီအမှုကိစ္စကို ကိုင်တွယ်ဖြေရှင်းဆုံးဖြတ်ခဲ့သူက အသက် (၃၅) နှစ်အရွယ် ပြည်နယ်ရှေ့နေချုပ် အမျိုး သမီး။ သူ့အနေနဲ့ နိုင်ငံတော်သမ္မတ၊ စစ်ဦးစီးချုပ်၊ လွှတ်တော်ဥက္ကဋ္ဌ၊ အထက်အမိန့်တွေကို စောင့်၊ ကြောက်စရာမလိုဘဲ။ သူ့လုပ်ပိုင်ခွင့် အာဏာ၊ တရားဥပဒေနဲ့အညီ စီစစ်ပြီး အရေးယူဆောင်ရွက်လိုက်တာ ဖြစ်တယ်။ ဗိုလ်ရွှေမန်းက ဒီလုပ်ရပ် အပေါ်တော့ သူအနေနဲ့ နားမလည်ကြောင်း၊ ဖွဘုတ်ပေါ်ကနေ ဗိုလ်ရဲထွဋ်ကို ပြောဆိုခိုင်းဖို့ စဉ်းစားထားကြောင်း အတည်မပြု ပြောသွားခဲ့တယ်။

အချုပ်ပြောရရင် ဗိုလ်ရွှေမန်းလည်း ဟိုငေးဒီငေး၊ ပြောချင်ရာပြောပြီး ဝါရှင်တန်ဒီစီက ပြန်လည်ထွက်ခွာသွားခဲ့ပါပြီ။ သူ ကြောင့် ဟုတ်မဟုတ် မသိ … မောင်ဥက္ကလာတို့ မယ်ရီလန်း၊ ဘော်တီမိုးလည်း ပုံမှန်အခြေအနေ ပြန်ဖြစ်သွားပါပြီ။

ကဲ ဘယ်လိုပဲဖြစ်ဖြစ် ဇာတ်သမားပြန်ရင် မှတ်သားစရာကျန်တယ် ဆိုစကားအတိုင်း မြန်မာ့ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်အရေး ကြိုးဆွဲကနေကြတဲ့ ဇာတ်ဆရာကြီး (သစ္စာမရှိ၊ ပြည်သူ့မေတ္တာမရတဲ့) ရွှေမန်းတစ်ယောက် သူ့ဌာနေ နေပြည်တော်ကို ပြန်သွားပါပြီ။ သူနဲ့တွေ့၊ စကားပြောခွင့်ရ၊ ဆွေးနွေးခွင့်ရ၊ အင်တာဗျူးလုပ်သူတွေ ဘာတွေမှတ်သားစရာရကြလဲမသိ။ မောင်ဥက္ကလာအဖို့ သူပြောခဲ့တဲ့ “အရင် (သူကိုယ်တိုင် ပါဝင်ထမ်းဆောင်ခဲ့တဲ့) တပ်မတော်အစိုးရရဲ့  ရဲ့  စိတ်စေတနာကောင်း လုပ်ရပ်တွေကို ပြည်သူတွေ သိကြဖို့” ပြောသွားတဲ့စကားကို တစိမ့်စိမ့်ခံစားရင်း ကျေးဇူးတင်နေမိတော့တယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts