ရသဆောင်းပါးစုံ အတွေးအမြင်

ဒေါက်တာမောင်မောင်ကြီး – ကွန်မြူနစ်တစ္ဆေနဲ့ စစ်ဖက်ဆစ်သရဲ

ဒေါက်တာမောင်မောင်ကြီး – ကွန်မြူနစ်တစ္ဆေနဲ့ စစ်ဖက်ဆစ်သရဲ
(မိုးမခ) မေ ၁၀၊ ၂၀၁၅

အထက်ပါအသုံးအနှုံးမှာ စာရေးသူတည်ထွင်သော စကားလုံးအသစ်မဟုတ်ပါ။   ၎င်းအခေါ်များကို စတင်သုံးစွဲခဲ့သူသည် ကွယ်လွန်သူ မြန်မာနိုင်ငံဝန်ကြီးချုပ်ဟောင်း သခင်နု ခေါ် ဦးနု ဖြစ်ပါသည်။  သူ့ကို လုပ်ဘော်ကိုင်ဘက်များက “ကိုကြီးနု” ဟုခေါ်ကြပါသည်။ စာရေးသူတို့အရွယ်များက ဂါရဝေါစဖြင့် “ဘကြီးနု” ဟုခေါ်ရမည်ဖြစ်ပြီး ခေတ်လူငယ်များကတော့ “ဖိုးဖိုးကြီးနု” ဟုခေါ်ရမည့်ပုဂ္ဂိုလ်ဖြစ်ပါသည်။ ဇာတ်လမ်းကိုစရသော် ၁၉၅၇ ခုနှစ်၌ အိမ်နီးချင်းယိုးဒယားနိုင်ငံတွင် ဖီးမာရှယ်ဆရစ်တာနာရပ်ခေါင်းဆောင်သော စစ်တပ်ကအာဏာသိမ်းလိုက်သဖြင့် ၀န်ကြီးချုပ် မာရှယ် (ဟောင်း) ပီဘူဆွန်ဂယမ်မှာ ရန်သူ ကမ္ဘောဒီးယားနိုင်ငံသို့ မိုးကြိုးငှက် (Thunder Bird) အမည်ရှိကားနှင့် ထွက်ပြေးရသောဓာတ်ပုံ မြန်မာသတင်းစာများ တွင်  “မှန်ကင်းတလှည့်၊ ထင်းတလှည့်” ခေါင်းစဉ်ဖြင့် ပါလာပါသည်။

နောက် တရက် နှစ်ရက်အကြာတွင် ၀န်ကြီးချုပ်ဦးနုကမိန့်ခွန်းပြောရာတွင် ဒုတိယကမ္ဘာစစ်ကြီးအပြီး ယခင် ကိုလိုနီနိုင်ငံ အများ လွတ်လပ်ရေးရလာကြောင်း၊ လွတ်လပ်စနိုင်ငံအများစုမှာ လက်ဝဲ၀ါဒဘက်သို့ ယိမ်းကြကြောင်း၊  သို့ပါလျက်နှင့် လုံးဝလက်ဝဲနိုင်ငံအဖြစ်သို့ မရောက်မခြင်း လက်ဝဲအုပ်စုက မကျေနပ်၍ ကွန်မြူနစ်သူပုန်များပေါ်လာကြောင်း၊ အမေရိကန် ခေါင်းဆောင်သော အခြားအုပ်စုကလည်း ကွန်မြူနစ်မဖြစ်ပြီးရောဟုသဘောထားကာ၊ ကွန်မြူနစ်ဆန့်ကျင်သူဆိုလျှင် မည် သူ့ကိုမဆိုထောက် ခံအားပေးကြောင်း၊ ထို့ကြောင့် အမေရိကန်အကူအညီယူသော ဖွံ့ဖြိုးစနိုင်ငံအချို့တွင် ဒီမိုကရေစီ ဆိပ်သုဉ်းသွားပြီး စစ်အာဏာရှင်၊ ဖက်ဆစ်အာဏာရှင်စနစ်များပေါ်လာကြောင်းကိုတောင်အမေရိကနိုင်ငံများ၊ ယိုးဒယား၊ တောင်ကိုးရီးယား၊ ပါကစ္စတန်စသောနိုင်ငံများကို ဥပမာပေး၍ဟောသွားပါသည်။

၎င်းမိန့်ခွန်းတွင် ၀န်ကြီးချုပ်ဦးနုက အချို့နိုင်ငံများတွင် ဒီမိုကရေစီအစိုးရများသည် ကွန်မြူနစ်ကိုအကြောက်လွန်ပြီး  စစ်တပ် ကိုအားကိုးကာ ချဲ့ထွင်ကြကြောင်း၊  ၎င်းကိစ္စမှာ တစ္ဆေကြောက်ပြီး သရဲမွေးသည့်လူနှင့်တူကြောင်း၊  တနေ့တွင် ယခုတောင် အမေရိကနိုင်ငံများ၊ ယိုးဒယား၊ တောင်ကိုးရီးယား၊ ပါကစ္စတန်စသောနိုင်ငံများက ပြသွားသည့်ဥပမာအတိုင်း ကွန်မြူနစ် တစ္ဆေကိုဟန့်တားနိုင်သော်လည်း စစ်ဖက်ဆစ်၏ဂုတ်ချိုးခြင်းခံလိုက်ရမည်ဖြစ်ကြောင်း စကားပြောတရား ဟောကောင်းသူ ပီပီ ဥပမာ၊ ဥပမေယျ အစုံစုံဖြင့် ပြောသွားခဲ့ပါသည်။

ဝန်ကြီးချုပ်ဦးနုက အာဏာရှင်မှန်သမျှသည် လက်နက်ဖြင့်အာဏာရလာသကဲ့သို့ လက်နက်ဖြင့်ပင် ဖြုတ်ချခြင်းခံတတ်ရကား ၎င်းရန်ကိုကာကွယ်နိုင်ရန် ကွန်မြူနစ်အာဏာရှင်နှင့် ဖက်ဆစ်အာဏာရှင်တို့သည် ပါတီပိုင်ခါးပိုက်ဆောင်တပ် ထားလေ့ရှိ ကြောင်း၊  စစ်အာဏာရှင်များကတော့ နိုင်ငံပိုင်စစ်တပ်များကိုကိုယ် ပိုင်ခါးပိုက်ဆောင်တပ်သဖွယ် အသုံးချတတ်ကြောင်း၊ သို့သော် ၎င်းစစ်အာဏာရှင်သည်တပ်များနှင့် ကင်းကွာသည်မှာကြာသွားပါက “လက်နက်ပိုင်ရှင်” စစ်သေနာပတိ၏ဖြုတ်ချ ကာ အာဏာသိမ်းခြင်းခံရကာဇာတ် တူသားအစားခံရမည်ဖြစ်ကြောင်းကို မာရှယ်ဟောင်း ပီဘူဆွန်ဂယမ်နှင့် မာရှယ်သစ် ဆရစ် တာနာရပ်ကို ဥပမာပေး၍ ဟောသွားပါသည်။ ၎င်းပြင် စစ်အာဏာရှင်နိုင်ငံတို့၌ စစ်အာဏာရှင်နှစ်ဆက်၊ အများဆုံး သုံးဆက်သာ သက်တမ်းရှည်တတ်ကြောင်း၊ ဒုတိယမြောက် သို့မဟုတ် တတိယမြောက် စစ်အာဏာရှင်က အရင်လူအပေါ် အပြစ်ပုံချပြီး ကိုယ်လွတ်ရုန်းကာ အရပ်သားအစိုးရကို အာဏာပြန်လွှဲပေးတတ်ကြောင်းလည်း ထည့်ပြောသွားခဲ့ပါသည်။

ဦးနုကြီးက ကွန်မြူနစ်ဝါဒမကောင်းကြောင်း “လူထုအောင်သံ” ပြဇာတ်ဖြင့် ၀ါဒဖြန့်ခဲ့သည်။ ၎င်းပြဇာတ်ကို  သတ္တမတန်းသုံး   မြန်မာစာအဖြစ်ပြဌာန်းလိုက်၍ ကျောင်းသားတိုင်းသိနေကြသည်။ ဦးဗကလေးက   ရုပ်စုံစာအုပ်အဖြစ်ရေးဆွဲပေးပြီး၊ တအုပ် ကို ၁၅ ပြားဖြင့်ရောင်းသဖြင့် လူတန်းစားမရွေး ဖတ်နိုင်သွားခဲ့သည်။    ကျောင်းသုံးမူရင်းပြဇာတ်စာအုပ်၏ ရောင်းဈေးမှာလည်း ၂၅ ပြားသာရှိသည်။

၎င်းပြဇတ်ကို ပြန်ကြားရေးဌာနမှရုပ်ရှင်ရိုက်ပြီး မြန်မာပြည်အနှံ့လှည့်လည်ကာ အခမဲ့ပြသသည်။ ထိုစဉ်က ရန်ကုန်မြို့တော် ၌ပင် အိမ်တိုင်း၌ ရေဒီယိုမထားနိုင်ကြသေး၊ ရေဒီယိုကက်ဆက်ဆိုသည်မှာ မပေါ်သေး။ လေးလန်သော တိပ်ရီကော်ဒါကြီး များပင် ပေါ်စအခြေအနေဖြစ်ရကား တောနေလူထုမှာ အစိုးရက အလကားလာပြမည့်ရုပ်ရှင်များနှင့် အမေရိကန်ပြန်ကြား ရေးဌာန (USIS) မှ လှည့်လည်ပြသည့် ၀ါဒဖြန့့် ရုပ်ရှင်ကားများကိုမျှော်ကြသည်။

တိုက်တိုက်ဆိုင်ဆိုင် ၁၉၅၆ ခုနှစ် ဟန်ဂေရီပြည်သူ့ အုံကြွမှုကို ဆိုဗီယက်ရုရှားက တင့်ကားများ၊ အမြောက်ကြီးများသုံး၍ အကြမ်းဖက်နှိမ်နှင်းသောကြောင့် ဟန်ဂေရီပြည်သူပြည်သားများ အိမ်နီးချင်း သြစတြီးယားသို့ ထွက်ပြေးခိုလှုံရပုံကို အမေရိ ကန်ပြန်ကြားရေးဌာနက မြန်မာတပြည်လုံးလှည့်ပြသဖြင့် လူထုကြီးမှာ ကွန်မြူနစ်တစ္ဆေ ပိုအခြောက်ခံရပြန်တော့သည်။

ဦးနု၏ လူထုအောင်သံရုပ်ရှင် အောင်မြင်လိုက်ပုံများကိုဖော်ပြရသော်…

(၁) သူပုန်တို့က မုဆိုးမကြီးတဦး၏နွားကို ပြည်သူပိုင်သိမ်းပြီးဆွဲယူသွားစဉ် မုဆိုးမကြီးကလိုက်ပြီး “ဗိုလ်ကြီးရယ်၊ ကျွန်မ နွားကလေးပြန်ပေးပါရှင်၊ ကျွန်မမှာ ဒီနွားလေးဘဲရှိပါတယ်ရှင်၊ ပြန်ပေးပါဗိုလ်ကြီးရယ်၊  ပြန်ပေးပါဗိုလ်ကြီးရယ်” ဟု သနား စရာအသံဖြင့်ပြောခိုက် သူပုန်ဗိုလ်က သေနတ်ကိုမိုးပေါ်ထောင်ပစ်ပြီး ခြောက်လှန့်ကာမောင်းထုတ်လိုက်ခန်း။

(၂) ကွန်မြူနစ်တို့၏ခုံရုံးတရားစစ်ဆေးရာတွင် ရပ်မိရပ်ဖအချို့ကို “ဂျူရီ” လူကြီးများလုပ်ခိုင်းပြီး သေနတ်များဖြင့်ချိန်ထားခါ “ဂျူရီ” လူကြီးများ၊ ဒီစီရင်ချက်ကိုသဘောတူကြပါရဲ့လား” ဟုမေးရာ ရွာမိ ရွာဖ “ဂျူရီ” လူကြီးများမှာ ကြောက်လန့်စွာဖြင့် “တူ.. တူပါတယ်ဗိုလ်ကြီး၊   ဟုတ်..ဟုတ်ပါတယ် ဗိုလ်ကြီး” ဟု တုန်ရင်သောအသံဖြင့် ပြောကြဟန်။

(၃) ရဲဘော်ဖြူ ဗိုလ်အေးဖေနှင့်အဖွဲ့ကို ကွန်မြူနစ်ဗိုလ်တောက်ထွန်းနှင့်အဖွဲ့ က လိမ်ညာဖိတ်၊ သေနတ် နှင့်တေ့ကာ လက် နက်ချခိုင်းပြီး ပစ်သတ်ခန်း။

(၄) အမှားကိုမြင်ပြီး လက်နက်ချတော့မည့် ရဲဘော်အောင်ဝင်းကို  ဗိုလ်တောက်ထွန်းက ပစ်သတ်ခန်းတို့မှာ ကြည့်သူများ အသည်းစွဲသွားပြီး ကွန်မြူနစ်တစ္ဆေကို အကြောက်ကြီး ကြောက်သွားကြပါသည်။ “ဗိုလ်ကြီးရယ်၊ ကျွန်မ နွားကလေးပြန် ပေးပါရှင်”။ “ဂျူရီ လူကြီးများ၊ သဘောတူကြပါရဲ့လား”။ “တူ..တူပါ တယ်ဗိုလ်ကြီး”။  စသောစကားတို့မှာလည်း သင်္ကြန်၌ “တာစား” သွားခဲ့သည်။

ဦးနုမှာ ဗေဒင်ယုံသူ၊ နတ်ယုံသူ၊ အယုံသည်းသူအဖြစ်နာမည်ကြီးခဲ့သူဖြစ်ပါငြားလည်း၊  ၎င်းကိုယ်တိုင်နှင့်  မြန်မာပြည်သူလူ ထုကြီးသည် သူပေးသည့်ဥပမာအတိုင်းဖြစ်နေပြီး မကြာမီ သရဲဂုတ်ချိုးခံရတော့မည်ဟု မည်သည့်ဗေဒင်ဆရာကသော်၎င်း၊  နတ်ထိန်း ပုစ္ဆာန်းတို့ကသော်လည်းကောင်း၊ ကြိုတင်ဟောကိန်းထုတ်ခြင်း၊ နိမိတ်ဖတ်ခြင်းတို့ မပြုခဲ့ကြပါ။

ဇာတ်ဆရာဦးနုမှာမူ ကွန်မြူနစ်တစ္ဆေကို နိုင်လိုက်သော်လည်း  စစ်ဖက်ဆစ်သရဲ၏ ဂုတ်ချိုးခံလိုက်ရလေတော့၏။ ဦးနုတင် မကပါ။  သရဲကိုငယ်နိုင်ဟု မိမိတို့ကိုယ်ကို မိမိတို့ မှော်ဆရာဟုအထင်ကြီးနေကြသောဦးဗဆွေ၊ ဦးကျော်ငြိမ်း၊ ဗိုလ်ခင်မောင် ကလေးစသော ဖဆပလခေါင်းဆောင်များမှာလည်း သူတို့မွေးခဲ့သည့်သရဲ၏ အစားခံရပါတော့သည်။

တစ္ဆေကြောက်သော ဖဆပလ အစိုးရမှာ သရဲမွေးမိရာမှ ဂုတ်ချိုးခံလိုက်ရလေပြီ။ သူတို့ ချည်းခံရရုံဆိုက တော်ပါသေးသည်။ မဆီမဆိုင်ပြည်သူကြီးခမျာ မြေဇာပင်ဖြစ်ခဲ့ရသည်မှာ အနှစ်ငါးဆယ်ကျော်ခဲ့ပါပြီ။ ၀န်ကြီးချုပ်ဦးနု ၎င်းမိန့်ခွန်းကိုပြောခဲ့သည့် အချိန်က မမွေးဖွားခဲ့သေးသူများ၏သားမြေးများပင် ယနေ့တိုင် သရဲဂုတ်ချိုးခံနေရဆဲဖြစ်ပါသည်။

ကွန်မြူနစ်တစ္ဆေကိုအကြောက်ကြီးကြောက်မိသောပြည်သူလူထုကြီးမှာလည်း စစ်ဖက်ဆစ်သရဲဒဏ်ကို ၂၆ နှစ်ကျော် အ လူး အလဲခံထားရဖြင့် ၁၉၈၈ ခုနှစ်တွင် မခံနိုင်တော့ဘဲ ပေါက်ကွဲကြကာ “လူထုအော်သံ”   (လူထုအောင်သံမဟုတ်) ကြီးဖြစ် သော “ဒို့အရေးနှင့် အလိုမရှိ” တို့ဖြင့် ကမ္ဘာသိအောင်ပြနိုင်ခဲ့ပါသော်လည်း လူသား၏အရသာကိုသိနေသော သားစား ဘီလူးကို သတ်သတ်လွတ်စားပါရန် တောင်းပန်သကဲ့သို့သာရှိပြီး စစ်ဖက်ဆစ်သရဲကြီးက ၎င်း၏ အန္တေ၀ါသိကဟုယူဆထားသောဘီလူးသဘက်များကို မှော်ဝင်အိုးကြီးအတွင်းမှလွှတ်လိုက်ပြီး ထင်ရာစိုင်းစေတော့ရာ တပြည်လုံးသွေးချောင်းစီး ကာ ပြည်သူလူထုကြီး မှာလည်း “ဒယ်အိုးထဲမှငါး ဆီပူကြောက်ပြီး မီးဖိုထဲခုန်ဆင်း” သည့်ဘဝမျိုးရောက်သွားလေတော့၏။

လူ့သွေးသောက်ဖူးသွားသော ဘီလူးသဘက်တို့မှာ လက်ရဲဇက်ရဲဖြစ်လာကာ နောက်ဆုံးတွင် သူတို့၏ဆရာရင်း သရဲကြီးကို ပင် ချမ်းသာမပေးတော့ဘဲ သတ်ဖြတ်စားသောက်လိုက်ကြလေတော့သည်။ “ဆရာကာပြန်၊ အာခေါင်လှံစူး” ဆိုသည့် စကားရှိသော်လည်း ဘီလူးသဘက်တို့မှာ တန်ခိုးထွားဆဲဖြစ်ပြီး   ငါနှင့် ငါသာ နှိုင်းစရာဟုအထင်ရောက်ကာ ငါတို့ကလွဲရင် ဘယ်သူမှ မကောင်းဆိုသည့်သဘောမျိုးပင် လုပ်ကိုင်ပြောဆို ရေးသားလာကြလေသည်။

မြန်မာလူထုကြီးမှာတော့ ဖဆပလတို့ မွေးခဲ့သောသရဲကြီး၏ဒဏ်ကို ၂၆ နှစ်ကျော်နှင့် သရဲကြီး၏တပည့် ဘီလူးသဘက်ကြီး များ၏ဒါဏ်ကို၂၇ နှစ်ကျော် စုစုပေါင်း ရာစုနှစ်ထက်ဝက်ကျော် အလူးအလဲခံထားရဖြင့် မကောင်းဆိုးဝါးများရန်မှအမြန်ကယ်တင်ပေးမည့် ၀ိဇ္ဖာဓိုရ် သူတော်မြတ်တို့ ကိုမြှော်တော်ဇောနှင့်မောနေ ကြပါတော့သည်။ ၂၀၁၅ ရွေးကောက်ပွဲက ၀ိဇ္ဖာဓိုရ် သူတော်မြတ်တို့ ကိုရှာဖွေတွေ့ရှိနိုင်ပါမည်လော။

လွန်ခဲ့သောနှစ်ပေါင်း ၂၅၀၀ ကျော်က ဂေါတမမြတ်စွာဘုရားသည် အနာဂတ္တံသဉာဏ်တော်ဖြင့် ရှေ့ရေးကိုကြည့်ပြီး “ငါ ဘုရား၏သာသနာတ်ာကို ငါ၏သားတော်များဖြစ်သော ရဟန်းများက ဖျက်ကြပေလတ္တံ့” ဟု ကြိုတင်ဟောကိန်းထုတ်ထားခဲ့ပါ သည်။ ရဟန်းတုရဟန်းယောင်၊ ရှင်တုရှင်ယောင်တို့ကြောင့် သာသနာတော် ဆုတ်ယုတ်လာသည်မှာ အမှန်ဖြစ်ပါသည်။

မြန်မာစစ်တပ်ကိုတည်ထောင်ပေးခဲ့သူ ဗိုလ်ချုပ်အောင်ဆန်းမှာတော့  ဂေါတမဗုဒ္ဓကဲ့သို့ သဗ္ဗညုတရွှေ ဉာဏ်တော်လည်းမရခဲ့၊ အနာဂတ္တံသဉာဏ်တော်လည်းရှိသူမဟုတ်၍၊ အနာဂတ်ကိုကြိုမမြင်၍သာ မြန်မာစစ်တပ်၏ဖခင်ကြီးဖြစ်ခဲ့ဟန် ရှိပါသည်။  အနာဂတ်ကိုကြိုမြင်၍ သူထောင်ခဲ့သောတပ်မတော်ကို သူ၏သားများဖြစ်သော စစ်ဗိုလ်စစ်သားများက ဖျက်ကြတော့မည်၊ ကိုယ့်လူမျိုးကို ကိုယ်ကျွန်ပြန်လုပ်မည့်တပ်၊ သူ့သမီးအရင်းကို နည်းမျိုးစုံနှင့်ဒုက္ခပေးမည့်တပ်ဖြစ်တော့မည်မှန်းသာသိရှိခဲ့ရပါက “ကိုယ့်လူမျိုးကိုယ်နှိပ်စက်မည့်တပ်မျိုး ထူထောင်ပေးခဲ့မည့်အစား တိုင်းတပါးသားလက်အောက် ကျွန်သားပေါက်ဖြစ် နေရတာက ပိုကောင်းပါလိမ့်ဦးမည်” ဟု ပြောခဲ့မည်မှာ မချွတ်။

ယခုအချိန် ဗိုလ်ချုပ်အောင်ဆန်းသာ အသက်ပြန်ရှင်လာခဲ့ပါက ဖြစ်နိုင်ဖွယ်များမှာ  …
(၁) သူ၏သားမြေးများသဖွယ်ဖြစ်သော ယခုခေတ်စစ်ဗိုလ်စစ်သားများကို ဆုံးမပဲ့ပြင်ရန် သူအားထုတ်မည်မှာ သေချာသည်။ သို့သော်လည်း ဆရာရင်းသရဲကြီးကို ပင် ချမ်းသာမပေးတော့ဘဲ သတ်ဖြတ်စားသောက်လိုက်ကြသော ဘီလူးသဘက်ကြီးများက “ဖခင်ကြီးသော ဘိုးအေသော” မမှုတော့ဘဲ အဇာတသတ်မှစခဲ့သော “အဖသတ် မင်းငါးဆက်” လမ်းစဉ်ကိုလိုက်တော့မည်မှာ သေချာသလောက်ရှိသည်။

(၂) ဘုရားချွတ်သော်မှ မကျွတ်တော့မည့် “သူ၏သားမြေးများ” ကိုဆုံးမ မရသဖြင့် “လွန်ကုန်ပြီ၊ လွန်ကုန်ပြီ၊  မြန်မာပြည်သူ လူထုကြီးရေ၊ ဒီလိုတပ်မျိုး ထူထောင်ပေးခဲ့မိတာ ကျုပ်အမှားပါဘဲ။ ကျုပ်ကိုသာ သတ်ကြပါတော့” ဟု ဆိုလေမည်လော။

(၃) သို့မဟုတ် ရှက်ဒေါသဖြင့် ဂျပန်လမ်းစဉ်လိုက်ပြီး “ဟရာကီရိ” လုပ်ခါ သူ့ကိုယ်ကိုသူ သတ်သေမည်လော၊ စဉ်းစားစရာပင် ဖြစ်ပါတော့သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

5 thoughts on “ဒေါက်တာမောင်မောင်ကြီး – ကွန်မြူနစ်တစ္ဆေနဲ့ စစ်ဖက်ဆစ်သရဲ
  1. “ကျားကြောက်လို့ရှင်ကြီးကိုး ၊ရှင်ကြီး ကျားထက်ဆိုး” ဆိုတဲ့စကားပုံအတိုင်းပေါ့။

    ကျုပ်တို့ငယ်စဉ်က “ငနုအစိုးရအလိုမရှိ၊ ထွက်ပေး”လို့ ကိုယ့်အဖေအရွယ်လူကြီးကို “င”တပ်ပြီးအော်ခဲ့ဘူးပါရဲ့။ အဖမ်းလဲမခံရပါဘူး။ ပုလိပ်ကလဲ သေနတ်ကျည်ဆံမပြောနဲ့လေးဂွနဲ့တောင်မပစ်ပါဘူး။

    စစ်အစိုးရအဆက်ဆက်ခေတ်တွေမှာကတော့ “နောက်လာတဲ့မောင်ပုလဲ ဒိုင်းဝန်ထက်ကဲ”၊ “အရင်ဘုန်းကြီးတချက်ခေါက်ရင် နောက်ဘုန်းကြီးနှစ်ချက်ခေါက်လိမ့်မယ်” ဆိုတဲ့စကားပုံတွေအတိုင်းပါဘဲလေ။

  2. There is nothing constant in the Universe, All ebbs & flows. Buddha taught us ;Anicca, Dukkha & Anatta.
    Even the tiny cells in our body has their limits. It has own limit to die after a certain period of time.
    Ninety thousands Hinthar ( Golden Ducks) were destroyed by themselves. Only one thing, it will go on until the “Karma” ends.

    1. နောက်ဆုံးတော့ အပေါ်ကဦးပဉ္စင်း ဦးဇီဝကရေးခဲ့သလို ကံစီမံရာခံရတာပေါ့။ ဘုရား သက်တော်ထင်ရှား ရှိစဉ်က ရဟန္တာများနှင့် ပုထုဇဉ်ရဟန်းများ လူများ၏ ရှေးဘ၀က အကြောင်းနှင့် ၀ဋ်များအကြောင်းကို ထုတ်ဖော်ဟောကြားတတ်ပါတယ်။ မြတ်စွာဘုရားသာ သက်တော်ထင်ရှား ရှိနေခဲ့ပါက မြန်မာပြည်နဲ့ မြန်မာပြည်သူသန်း ၅၀ ကျော်ရဲ့ ရှေးကံနဲ့ဝဋ်ကို ဟောကြားပေးပါရန် လျှောက်ထားကြည့်ချင် ပါတော့တယ်။

  3. ကျနော် စာအုပ် တစ်အုပ်ထဲမှာ ဖတ်ခဲ့ဖူးတယ် ခင်ဗျ။ စာအုပ်နာမည်တော့ မေ့နေပါပြီ။ အလံနီကွန်မြူ နစ် သခင်စိုးကြီးက ပြောခဲ့ဖူးတယ်တဲ့။ ဒီတပ်မတော်ကို စတင် တည်ထောင်တုန်းက ဂျပန်ပြည်မှာ ဖက်ဆစ် စနစ်ဆိုးကြီး ကြီးထွားနေခဲ့ချိန် ဖြစ်တယ်။ ဒါကြောင့် တပ်မတော်ရဲ့ ရေခံ မြေခံဟာ မကောင်းခဲ့ဘူးလို့ မှတ်ချက်ချတယ်တဲ့။ သူ့ အမြင်ပေါ့လေ။ ကျနော် ထင်တာကတော့ ခေါင်းဆောင်မှု လွဲသွားတာ အဓိကလို့ ထင်တာပဲ။ ကံဆိုးစွာနဲ့ တပ်မတော် ခေါင်းဆောင် ဖြစ်လာတဲ့ ဗိုလ်ချုပ်ကြီး နေဝင်း တဖြစ်လဲ ဦးနေဝင်းဟာ တခြား ဗိုလ်ဇေယျတို့ ဗိုလ်ရန်နိုင်တို့လို ကျောင်းသားလှုပ်ရှားမှုတွေမှာ ပါခဲ့တဲ့ တက္ကသိုလ် ကျောင်းသား တစ်ယောက်ရဲ့ သမိုင်းကောင်း မရှိခဲ့ရှာဘူးလေ။ ဒီတော့ သူ့ ရပ်တည်ချက် အတွေးအခေါ်ကလည်း မကောင်းရှာဘူးပေါ့။ ဒါနဲ့ တပ်မတော်ကြီး တစ်ခုလုံး လမ်းမှား သွားရှာတာပဲ။

    1. (၁) ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်က သူ့ရာထူးကိုဆက်ခံရမည့်သူအဖြစ်ရွေချယ်ပေးခဲ့သူ ဗိုလ်လက်ျာ ၁၉၄၉ မှာ ကာကွယ်ရေးဝန်ကြီးအဖြစ်ကနှုတ်ထွက်သွားရပြီး ဗိုလ်နေဝင်း စစ်ဦးစီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီးဖြစ်လာတာဟာ မြန်မာပြည်အတွက်ရော မြန်မာစစ်တပ်အတွက်ပါ ဂြိုဟ်ဆိုးကြမ္မာဆိုးစဝင်ခဲ့တယ်လို့ဆိုရမယ်။

      (၂) ဗိုလ်နေဝင်းဟာ လင်ရှိမယားဒေါ်ခင်မေသန်းကိုယူလို့ ဝန်ကြီးချုပ်ဦးနုက ဗိုလ်နေဝင်းကိုစစ်ဦးစီးချုပ်ရာထူးကဖြုတ်လိုက်တုန်းက အတင်းဝင်ကယ်ခဲ့တဲ့ ဦးဗဆွေ၊ ဦးကျော်ငြိမ်း၊ ဗိုလ်ခင်မောင်ကလေး စတဲ့ ဖဆပလ ခေါင်းဆောင်တွေရဲ့ အမှားကလည်း မြန်မာပြည်အတွက်ရော မြန်မာစစ်တပ်အတွက်ပါ မကောင်းရာဘက်တွန်းပို့သလိုဖြစ်ခဲ့ပါတယ်။

      (၃) ဖဆပလကွဲတော့ ဗိုလ်နေဝင်းနဲ့စစ်တပ်ဟာ သူတို့နောက်မှာရှိတယ်လို့ထငိခဲ့ရှာတဲ့ဦးဗဆွေ၊ ဦးကျော်ငြိမ်း၊ ဗိုလ်ခင်မောင်ကလေး စတဲ့ ဆိုရှယ်လစ် ခေါင်းဆောင်တွေရဲ့အမှားကလည်းနောက်တချက်ပေါ့။

      (၄) အိမ်စောင့်အစိုးရပြီးကတည်းက ဗိုလ်နေဝင်းနဲ့ မြန်မာစစ်တပ်ဟာ အာဏာရဲ့အရာကိုသိသွားပြီ။ ထပ်ပြီးအာဏာသိမ်းလိမ့်မယ်ဆိုတာကိုမတွက်ခဲ့ကြတဲ့ဦးနုနဲ့ ပထစ ခေါင်းဆောင်တွေရဲ့အမှားကလည်းနောက်တချက်ပေါ့။ တကယ်ဆိုရင် ဗိုလ်မှူးချုပ်အောင်ရွှေနဲ့ဗိုလ်မှူးချုပ်မောင်မောင်ကိုသံအမတ်အဖြစ်၊ ဗိုလ်မှူးကြီးထွန်းစိန်နဲ့စိန်မြကို စစ်သံမှူးအဖြစ်နိုင်ငံခြား “ပ”ထုတ်ကတည်းက ဗိုလ်နေဝင်း၊ ဗိုလ်အောင်ကြီးနဲ့ဗိုလ်တင်ဖေကိုပါ “ပ”ထုတ်ရမှာ။

Comments are closed.