တူမောင်ညို သူတို့အာဘော်

တူမောင်ညို – အခြေခံဥပဒေပြင်ဆင်ရေးနဲ့ ရွေးကောက်ပွဲဝဲဂယက်မှာ မဗေဒါက တပွင့်ထဲ

 တူမောင်ညို – အခြေခံဥပဒေပြင်ဆင်ရေးနဲ့ ရွေးကောက်ပွဲဝဲဂယက်မှာ မဗေဒါက တပွင့်ထဲ
(မိုးမခ) မေ ၄၊ ၂၀၁၅

၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရမယ်။
၂၀၀၈ အခြေခံဥပဒေပြင်ဆင်နိုင်ရေးအတွက် ၆ ပွင့်ဆိုင်ဆွေးနွေးပွဲမှာ ဆွေးနွေးရမယ်။
ဤသည်မှာ ယနေ့ကာလ၌ အတိုက်အခံများဘက်မှ ကျယ်ကျယ်လောင်လောင် ပြောဆိုနေသည့် ကိစ္စတစ်ခုဖြစ်ပါတယ်။

● ၂၀၁၅ ရွေးကောက်ပွဲသတ်မှတ်အချိန်အတိုင်း ဖြစ်ပါ့မလား
ဒီအတွက်စိုးရိမ်မှုတွေကို ပြောကြသည်။ အလုပ်သမား၊ လယ်သမား၊ ကျောင်းသား ဆန္ဒပြမှုများ၊ ကိုးကန့်စစ်ပွဲ လောက်ကိုင် စစ်မျက်နှာ — စသဖြင့် စိုးရိမ်မှုတွေကို ရေတွက်ပြကြပါတယ်။

အုပ်စိုးသူများဘက်က အောက်တိုဘာလကုန် နိုဝင်ဘာလဆန်းမှာ ရွေးကောက်ပွဲလုပ်ပေးမယ်လို့ အကြိမ်ကြိမ်ပြောဆိုနေ သော်လည်း မယုံရဲကြ။ အာဏာသိမ်းစစ်ခေါင်းဆောင် (နဝတ) ဥက္ကဋ္ဌကိုယ်ပင် ရာထူးမှဖြုတ်ပစ်ခဲ့သည့်လုပ်ရပ်ကလည်း အထင်အရှားပင်ဖြစ်သည် မဟုတ်ပါလား။ သို့ဖြင့် ၁၉၉၀ ရွေးကောက်ပွဲရလဒ်သည် ရေစုန်မျောသွားခဲ့ရဖူးပြီ။ ကြားဖြတ်ရွေး ကောက်ပွဲ (၂၀၁၄ )  လုပ်မည်ပြောပြီး၊ မလုပ်ဖြစ်တော့ဟု ပယ်ဖျက်လိုက်သည် ကလည်းရှိတယ်မဟုတ်ပါလား။

သို့ပါ၍ လွတ်လပ်ပြီးတရားမျှတသောရွေးကောက်ပွဲကို ပြောဆိုသတ်မှတ်ကြရာ၌ ရွေးကောက်ပွဲမတိုင်ခင် မဲဆွယ်ကာလ၊ ရွေးကောက်ပွဲနေ့ရက်၊ မဲပေးမှု၊ မဲရေတွက်မှု၊ ရွေးကောက်ပွဲကော်မရှင်၏ ဆောင်ရွက်မှုအဆင်ဆင့် စသည့်ကိစ္စများအပြင် ရွေးကောက် ပွဲတွင်အနိုင်ရပါတီလက်ထဲ အေးအေးဆေးဆေးအာဏာအပ်ပြီးသည့်အထိ ကိစ္စအားလုံးသွေးရိုးသားရိုး၊ နည်းမှန်လမ်းမှန်ဆောင်ရွက်ပြီး စီးပါမှ “လွတ်လပ်ပြီး၊ တရားမျှတတဲ့ ရွေးကောက်ပွဲ”လို့ ပြောနိုင်မယ်ထင်ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲ လွတ်လပ်ပြီးတရားမျှတပါ့မလား။ ထိုသို့ပြောနိုင်ရန် လိုအပ်သောရေခံမြေခံတွေ နှင့် နိုင်ငံရေးရာသီဥတု အနေအထားတွေကို မမြင်ရ၊မတွေ့ရ၊မခံစားရသေး။ ထို့အပြင် တခွင်လုံးမြင်ကွင်းကလည်း မှုံဝါးနေပြီး၊ ဟိုလိုလို၊ သည်လိုလို၊ မရေမရာမှုနှင့် မသေမချာမှုသည် လုံးထွေးနေလျက်။ ထိုအရာများထက်ပို၍ အရေးကြီးသောကိစ္စများမှာ အောက်ပါ အချက် များဖြစ်ပါတယ်။ “၂၀၀၈ အခြေခံဥပဒေမပြင်ဘဲ တရားမျှတဲ့ရွေးကောက်ပွဲမဖြစ်နိုင်” ဟု အတိုက်အခံပါတီက ခေါင်းဆောင်က ပြောဖူးပါတယ်။ အခုတော့ ထိုစကားသည် ဟိုတုန်းက ပြောခဲ့သည့်စကားဖြစ်သွားပြီလာမပြောတတ်ပါ။

– ၂၀၀၈ အခြေခံဥပဒေကို  ဘယ်အတိုင်းအတာအထိ ပြင်ဆင်မလဲ၊ ဘယ်ပုဒ်မတွေပြင်ဆင်မလဲ
– ရွေးကောက်ပွဲကော်မရှင် အသစ် ဘယ်သူတွေနဲ့ ပြန်လည်ဖွဲ့စည်းမလဲ

● ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေးဘယ်လဲ
ဥတ္တရသီရိမြို့နယ်မှ ရွေးချယ်ခံလွှတ်တော်ကိုယ်စားလှယ်၊ (NLD) ပါတီမှ  အမတ်မင်း ဦးမင်းသူ၏ ပြောကြားချက်အရ ဆို လျှင် “အခြေခံဥပဒေပြင်ဆင်ရေးဟာ အဖွဲ့ချုပ်ရဲ့မူဖြစ်တယ်”၊ “အရေးကြီးဆုံးလုပ်ငန်းစဉ် ” ဖြစ်ပါတယ်တဲ့။

ဒါ့အပြင် ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေးနဲ့တဆက်တည်း ၂၀၁၅ ရွေးကောက်ပွဲအောင်မြင်စွာ ဖြတ်သန်းနိုင်ရေးကို တ ဆက်တည်း စဉ်းစားနေကြောင်းကိုလည်း အလေးထားပြောနေပါတယ်။

ဦးမင်းသူပြောတာလည်း ပြောတာပေါ့လေ။ (NLD) ပါတီဆိုတာကလည်း  ဘယ်လိုအစည်းအဝေးတွေမှာ ဘယ်လိုမူတွေ ပေါ်လစီတွေဘယ်လိုပဲချမှတ်၍ ဘယ်သူတွေက ဘယ်လိုကိုင်စွဲပြောဆိုနေပေမယ့်လည်း အဲဒီမူတွေ၊ ပေါ်လစီတွေကို အချိန်မရွေး ချိုးဖောက်ကျော်လွန်နိုင်တဲ့၊ ပစ်ပယ်နိုင်တဲ့ တန်ခိုးသြဇာအလွန်ကြီးသူရှိနေတဲ့ပါတီ၊ ဦးဆောင်နေတဲ့ ပါတီဖြစ်ပါ တယ်။ ဘယ်သူတွေက ဘယ်လိုမူ တွေ၊ ဆုံးဖြတ်ချက်တွေကို ကိုင်စွဲပြီး ဘာတွေပဲပြောခဲ့၊ပြောခဲ့၊ ကိုင်စွဲခဲ့၊ ကိုင်စွဲခဲ့ နောက်ဆုံး မှာ အခုဆီထမင်းဟေ့ဆိုရင် ဘယ်သူမှ စာကလေးမကြော်ရဲတဲ့ အနေအထားဖြစ်ပါတယ်။ တခါက “ရွှေဂုံတိုင်ကြေညာချက်” ရဲ့ ကံကြမ္မာပဲ ကြည့်ကြပါတော့။

ဒါ့အပြင် (NLD) ပါတီရဲ့အစဉ်အလာဓလေ့ဆိုတာက သူတို့လုပ်ငန်းကို ကြိုပြောလေ့မရှိတဲ့ပါတီဆိုလေတော့၊ လောလော ဆယ်မှာ  ဦးမင်းသူပြောနေတာကိုပဲ  အခြေတည်ပြီး စဉ်းစားကြည့်ကြပါစို့။

ဦးမင်းသူကအပြောတိုင်းဆိုရင် “အခြေခံဥပဒေပြင်ဆင်ရေးဟာ အဖွဲ့ချုပ်ရဲ့မူဖြစ်တယ်”။

ဒီလိုဆိုရင် ၂၀၀၈ အခြေခံဥပဒေကို ဘယ်တော့ပြင်ဆင်မလဲ၊ဘယ်ပုဒ်မတွေကို ဘယ်အတိုင်းတာအထိပြင်ဆင်မလဲ။ ဒီနေရာ မှာ အပိုင်း ၂ ပိုင်းခွဲပြီးကြရအောင်။

– ပြင်ဆင်ရမယ့်ပုဒ်မတွေ ဘာတွေလဲ
– ဘယ်တော့ပြင်ဆင်မလဲ (အချိန်ကာလ)

● ပြင်ဆင်ရမယ့်ပုဒ်မတွေ
(NLD) ပါတီက ပြင်ချင်တယ်လို့ ပြောနေတဲ့ပုဒ်မပေါင်း ၁၆၈ ခုရှိပါတယ်။

လွှတ်တော်တွင်းပြင်ဆင်ရေးကော်မတီ အစီရင်ခံစာက အဆိုပြုထားတာက ပုဒ်မပေါင်း ၂၀၀ ကျော်ရှိပါတယ်။ ဒါပေမယ့် လွန်ခဲ့ တဲ့ ဧပြီလ ၂၅ ရက်နေ့က ပြင်ဆင်ရေးဆိုင်ရာအကောင်အထည်ဖော်မှုကော်မတီ အတွင်းရေးမှူး ဦးအေးမောက်က “၂၀၁၅ ရွေးကောက်ပွဲမတိုင်မီမှာ အဆိုပြုထားတဲ့ ပုဒ်မအားလုံးကိုပြင်ဆင်ဖို့မဖြစ်နိုင်တော့ဘဲ အရေးကြီးတဲ့ အချက်တွေ ကိုသာ ပြင်ဆင်နိုင်တော့မှာ ဖြစ်ပါတယ်” လို့ ပြောဆိုလာတဲ့အတွက် အရေးကြီးတဲ့အချက်တွေ၊ ပုဒ်မတွေဟာ ဘယ်ဟာ တွေလဲ။ အဲဒီပုဒ်မတွေကို ဘယ်လိုရွေးထုတ်မလဲ၊ သတ်မှတ်မလဲ။ အရေးကြီးတယ်/ အရေးမကြီးဘူးဆိုတာကို ဘယ်လို အချက်နဲ့ တိုင်းတားမလဲ။

ကြံ့ဖွံ့ပါတီရဲ့ အကြီးမှု၊ သမ္မတဦးသိန်းစိန်ရဲ့အရေးကြီးမှု၊ လွှတ်တော်ဥက္ကဋ္ဌဦးရွှေမန်းရဲ့အရေးကြီးမှု၊ ကာချုပ်ဗိုလ်မင်းအောင် လှိုင်ရဲ့အရေးကြီးမှု၊ (ကာလုံ)ရဲ့ အရေးကြီးမှုတွေဟာ တစ်ထပ်တည်းကျနိုင်ပေမယ့် (NLD) ပါတီအပါအဝင် အခြား အတိုက်အခံပါတီများရဲ့အရေးကြီးမှုနဲ့တော့ တထပ်တည်းကျနိုင်စရာ အကြောင်းမရှိပါဘူး။ ဒီတော့ အုပ်စိုးသူများရဲ့အရေးကြီးမှုနဲ့ အတိုက်ခံပါတီများရဲ့အရေးကြီးမှုတို့ဟာ အရေးကြီးမှုချင်း ထိပ်တိုက်တိုးနေပါပြီ။

ဘယ်ပုဒ်မတွေက အရေးကြီးတယ်၊ ဘယ်ပုဒ်မတွေကို ပထမဦးစားရမယ်၊ ပုဒ်မအရေအတွက် ဘယ်လောက်ပဲ ပြင်ဆင်မယ် ဆိုတာတွေကိုလည်း ဘယ်သူက ဆုံးဖြတ်သတ်မှတ်ပေးမှာလဲ။ ပြင်ဆင်ရေးကော်မတီလား၊ ပြင်ဆင်ရေးကော်မတီကို ကြိုး ကိုင်နေတဲ့ လွှတ်တော်ဥက္ကဋ္ဌဦးရွှေမန်းလား၊ သမ္မတ ဦးသိန်းစိန်လား၊ ကာချုပ် ဗိုလ်ချုပ်ဗိုလ်မင်းအောင်လှိုင်လား၊ (ကာ လုံ) လား။ သေချာတဲ့အချက်ကတော့ သူတို့အားလုံး ကွဲပြားခြားနားမှုမရှိဘဲ အဆုံးအဖြတ်ပေးကြလိမ့်မယ်ဆိုတဲ့အချက်ပဲ ဖြစ်ပါ တယ်။

ဒါ့အပြင် ပြင်ဆင်တဲ့အခါ “ ၇၅% + ၁ ” လိုတယ်။ အဲဒီလိုအပ်တဲ့ ၇၅% ရဲ့ အများစုက ကြံ့ဖွံ့ပါတီရဲလက်ထဲမှာရှိတယ်။ ကြံ့ဖွံ့ ပါတီရဲ့လက်ထဲမှာရှိတယ်ဆိုတာ ဦးသိန်းစိန်၊ ဦးရွှေမန်းတို့လက်ထဲမှာရှိတယ်ဆိုတာပဲဖြစ်ပါတယ်။ ဒါ့အပြင်အရေးကြီးတဲ့ (+၁) ဆိုတဲ့ မဲကလည်း ကာချုပ်ဗိုလ်မင်းအောင်လှိုင်လက်ထဲက အရာပဲဖြစ်ပါတယ်။ သူက “ဟင့်အင်း”လို့ ဆိုလိုက်ရင် လွှတ်တော်ထဲ လွှတ်ထားတဲ့ သူကောင်တွေကတုတ်တုတ်မျှလှုပ်ဝံ့မည်မဟုတ်ပါ။ အတိုက်အခံပါတီခေါင်းဆောင်ကလူမှုဆက်ဆံရေးအရယဉ်ကျေးမှုအရ “ ထမင်းစားဖိတ်” တာကိုပင် မသွားဝံ့သော စစ်ဗိုလ်အမတ်များ၏သူရသတ္တိကို ကျနော်တို့ တွေ့မြင်ခဲ့ကြရပြီးပြီ မဟုတ်ပါလား။

ဒီတော့ ကာချုပ်ဗိုလ်မင်းအောင်လှိုင်၏ “ဟင့်အင်း” ကို ဘယ်လိုကျော်ဖြတ်ကြမလဲ။ ဤအချက်သည် အခြေခံဥပဒေပြင်ဆင် ရေး၌ အချက်အချာကျသောကိစ္စတခုဖြစ်ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်အရေအတွက်အရသော်လည်းကောင်း၊ လွှတ်တော်ကိုယ်စားလှယ်တခုချင်းစီ၌သော်လည်းကောင်း (NLD) ပါတီကိုယ်စားလှယ်များသည် အနည်းစုဖြစ်မြဲဖြစ်ပါတယ်။ ဒီအချက်က လွှတ်တော်တွင်းဆောင်ရွက်မှုမှန်သမျှ၏ အရှုံး/အနိုင်ကို ဆုံးဖြတ်ပါတယ်။ သဘောထားကြီးခြင်း၊ အမြော်အမြင်ရှိခြင်း၊ တိုင်းပြည်ချစ်ခြင်း၊ ပြန်လည်သင့်မြတ်လိုခြင်းဆိုသည့်ကိစ္စများက အခြားကိစ္စရပ်များသာဖြစ်ပါလိမ့်မယ်။  လွှတ်တော်တွင်း၊ လွှတ်တော်ကော်မတီများအတွင်း၌မူ အများစု ၏ ဆုံးဖြတ်ချက်ကို အနဲစုကနာခံရမည်သာ။

သို့ပါ၍ အနဲစုဖြစ်သော (NLD) ကိုယ်စားလှယ်များသည် အများစုဖြစ်သော (ကြံ့ဖွံ့ပါတီ) ကိုယ်စားလှယ်များ၏ အဆုံးအဖြတ်ကို နာခံရမည်သာဖြစ်ပါတယ်။ သဘောမတူသဖြင့် ကန့်ကွက်နိုင်/မဲမပေးဘဲနေနိုင်သော်လည်း ဆုံးဖြတ်ချက်အတိုင်းတော့နာခံရမည်သာဖြစ်ပါတယ်။ ဤသည်တို့မှာ “စည်းကမ်းပြည့်ဝသောဒီမိုကရေစီ”၊ ၂၀၀၈ အခြေခံဥပဒေအရ ဖြစ်ပါတယ်။ (NLD) ပါတီအမတ်များသည် “ ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ပြီး နိုင်ငံတော်၏ဥပဒေများကိုလည်းလိုက်နာပါမည်”ဟု ကတိသစ္စာပြုထားခဲ့သည် မဟုတ်ပါလား။

ဒါဆို ပြင်ဆင်ရေးနဲ့သက်ဆိုင်တဲ့ ဘယ်တော့ ပြင်ဆင်မလဲဆိုတဲ့ အချိန်ကာလကိစ္စကို စဉ်းစားကြည့်ကြရအောင်။

● ပြင်ဆင်ရေးကာလ
အချိန်ကာလသည် (NLD) ပါတီ၏ဘက်၌ မရှိတော့ပါ။

၁၂ ကြိမ်မြောက် လွှတ်တော်အစည်းအဝေးများကို လာမည့် မေလ ၁၀ ရက်နေ့နောက်ပိုင်းမှာ ပြန်လည်စတင်မည်ဟု သိရပါ တယ်။ ဒါ့အပြင်ရခိုင်အမျိုးသားပါတီ(ANP) ဥက္ကဋ္ဌ ပူပူနွေးနွေးတပွင့်ဆိုင်ပိုင်ရှင် ဒေါက်တာအေးမောင်က “လက်ရှိ အနေ အထားအရဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို မေလအတွင်းမှာပြုလုပ်ဖို့ မဖြစ် နိုင်ပါဘူး” လို့ဆိုတဲ့ပြောဆိုချက်ဟာ မသေချာတဲ့ခန့်မှန်းပြောဆိုချက် မဟုတ်တော့ပါဘူး။

ဖွဲ့စည်းပုံပြင်ဆင်ရေးဆန္ဒခံယူပွဲ ရက်ရွှေ့သွားရင် တဆက်တည်းဖြစ်တဲ့ ၂၀၁၅ ရွေးကောက်ပွဲပါ ရက်ရွှေ့ဆိုင်းသွားနိုင်စရာရှိပါ သလား။ ဒီအချက်ကလည်း ရွေးကောက်ပွဲဝေဒနာစွဲကပ်နေသူတွေ ပူပင်ကြောင့်ကျဖြစ်နေရတဲ့ စိုးရိမ်သောကတွေထဲက တစ်ခုပဲ ဖြစ်ပါတယ်။

လက်ရှိအနေအထားမှာ လူထုဆန္ဒခံယူပွဲဥပဒေမူကြမ်းကို ပြင်ဆင်အတည်ပြုရဦးမှာဖြစ်တဲ့အတွက် ယခင်က မျှော်မှန်းပြော ဆိုနေကြသလို မေလအတွင်းမှာ လူထုဆန္ဒခံယူပွဲဖြစ်ပေါ်လာစရာအကြောင်းမရှိတော့ပါ။ ဒါ့အပြင် စဉ်းစားကြည့်တဲ့အခါ ပြင်ဆင်ရေးမှာ အချိန်ကာလထက် ဘယ်ပုဒ်မတွေပြင်ဆင်မလဲဆိုတာက ပိုအရေးကြီးပါတယ်။

လိုအပ်တဲ့အချက်တွေ ပုဒ်မတွေကိုသာ တကယ်တန်းပြင်ဆင်မယ်လို့ ဆုံးဖြတ်နိုင်တယ်ဆိုရင် ဘယ်အချိန်ပြင်မလဲ ဆိုတဲ့ ကိစ္စက လက်အောက်ခံကိစ္စ၊ အသေးအဖွဲ့ကိစ္စသာလျှင်ဖြစ်ပါတယ်။ အခုလက်ရှိအနေအထားမှာတော့ ဘယ်အချက် ဘယ် ပုဒ်မပြင်ဆင်မလဲဆိုတဲ့ကိစ္စကလည်း အုပ်စိုးသူတွေလက်ထဲမှာရှိနေပြီး၊ ဘယ်အချိန်ပြင်ဆင်မလဲဆိုတာကလည်း သူတို့ လက်ထဲမှာပဲရှိနေတဲ့ အရာဖြစ်နေ ပြန်ပါတယ်။

အုပ်စိုးသူလက်ထဲမှာပဲ အရာရာဟာ ရှိနေလေတော့ ဒီမသေချာမှုကို နိုင်ငံရေးသင်္ချာတွက်ချက်ကြပြီးတဲ့သကာလ “၂၀၀၈ အခြေခံဥပဒေကိုပင်ဆင်ပြီး၊ ၂၀၁၅ ရွေးကောက်ပွဲကိုအောင်မြင်စွာဖြတ်သန်းရေးအတွက် ၆ ပွင့်ဆိုင်ဆွေးနွေးရေးသည် သော့ချက်” ဆိုတဲ့ ပုံသေနည်းပေါ်ထွက်လာပါတော့တယ်။

ဒီပုံသေနည်းကို ထုတ်လုပ်သူတွေအနေနဲ့ အခြားတစ်ဖက်ကနေ အတိအလင်းဖော်ပြဝန်ခံနေတဲ့အချက်မှာ ဒီကနေ့ ပြဿနာ အားလုံးရဲ့သော့ချက်ဟာ အခြေခံဥပဒေပြင်ဆင်ရေးပြဿနာမဟုတ်ဘဲ နိုင်ငံရေးပြဿနာဖြေရှင်းရေးဆိုတဲ့ အချက်ပဲဖြစ်ပါ တယ်။ တည်ရှိနေတဲ့ နိုင်ငံရေးပြဿနာများကို တန်းတူရည်တူ၊ သွေးရိုးသားရိုး၊ ဆွေးနွေးပြေလည်မယ်ဆိုရင် ကျန်တဲ့ အခြေခံဥပဒေပြင်ဆင်ရေး၊ လူထု ဆန္ဒခံယူပွဲ၊ ရွေးကောက်ပွဲစတဲ့ကိစ္စတွေဟာ လက်အောက်ခံကိစ္စလေးတွေသာဖြစ်သွားပါလိမ့်မယ်။

● မဗေဒါက တပွင့်ထဲ
၆ ပွင့်ဆိုင်ဆိုတဲ့ နိုင်ငံရေးဆွေးနွေးပွဲရဲ့ ပုံပန်းကိုကြည့်ပါဦးစို့။

ဒါဟာလည်းတကယ်တော့ မိမိကိုယ်ကိုယ်နှစ်သိမ့်မှုတခု၊ မိမိကိုယ်ကိုယ်ကိုမိမိ ယုံကြည်မှုတည်ဆောက်နေခြင်းတမျိုးသာ လျှင်ဖြစ်ပါတယ်။ တကယ်တော့ ၆ ပွင့်ဆိုင်ဆိုတာမှာလည်း သူတို့ချည်းပဲဖြစ်ပါတယ်။

၎ ယောက် ၂ ယောက်ယှဉ်ရတဲ့ပွဲဖြစ်ပါတယ်။ ၂ ယောက်လို့ ပြောရတာက စစ်သားနဲ့ အရပ်သားခွဲပြီး ၂ ယောက်လို့ပြောရ တာပါ။ ထို အရပ်သားကြီး တစ်ယောက်ကလည်း တစုံတခုသော အရေးအကြောင်းမှာ လွှတ်တော်ဥက္ကဋ္ဌကြီးဘက်ရပ်သွားရင် မခက်ပေ ဘူးလား။ ဟိုဘက်က ၄ ယောက်ကတော့ စစ်ဗိုလ်ချုပ်တွေချည်း ဖြစ်ပါတယ်။ တာဝန်ထမ်းဆောင်ဆဲနဲ့ တာဝန်မှ အနားယူထားသူ ဆို တာပဲကွာခြားတာပါ။ ထိုကွာခြားချက်ကလည်း ဟိုဒင်းကို “မစင်” လို့ခေါ်သလိုပဲ ကွာတာပါ။ အနှစ်သာ ရကတော့ အတူတူပါ။ ၂၀၀၈ အခြေခံဥပဒေကိုအသက်ပေးလို့ဖြင့်ကာကွယ်မယ့်သူတွေချည်း ဖြစ်ပါတယ်။ ဒီတော့ယမုံနာ သေနာသောင်ကမ်းမှာ မဗေဒါက တပွင့်ထဲ။

“ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ အစိုးရအဖွဲ့က ခွင့်မပြုဘူးဆိုလျှင် ရွေးကောက်ပွဲကို သပိတ်မှောက်တာဟာ အကောင်း ဆုံးနည်းလမ်းတစ်ခုလို့ ကျွန်မ မထင်ပါဘူး၊ ရွေးချယ်မှုကိုတော့ ဖွင့်ထားဆဲဖြစ်ပါတယ်” လို့ မဗေဒါဖြေကြားခဲ့တာဟာ ဒီလိုအခက်အခဲ တွေ၊ အကြပ်အတည်းတွေ ဝိုင်းဝိုင်းလည်နေတာကို သိရှိစေဖို့ သက်သက်လား၊ သို့တည်းမဟုတ် ဒီအခက်အခဲအကြပ်အတည်းတွေကို ဖောက်ထွက်နိုင်ဖို့ ရွေးချယ်စရာ နည်းလမ်းတစ်ရပ်ကိုပဲ ဖော်ညွန်းနေရော့သလားဆိုတော့ကျနော့်စိတ်ထဲမှာ မသဲမကွဲနဲ့ဇဝေဇဝါဖြစ်နေ ဆဲပါပဲ။

သေချာတာတစ်ခုကတော့ ဘယ်ရွေးလမ်းကိုပဲဖြစ်ဖြစ် မဗေဒါတစ်ဦးထဲကပဲ ဆုံးဖြတ်ရွေးချယ်နိုင်မှာဖြစ်ပါတယ်။ ချီတက် ရမယ့်လမ်းမှန်ကို ရွေးချယ်ညွန်ပြနိုင်တဲ့အခွင့်အလန်းဆိုတာ လူထုခေါင်းဆောင်လက်ထဲမှာပဲရှိတာမဟုတ်ပါလား။ a leader must lead ဆိုတဲ့ စကားလည်းရှိတာပဲ။ တဖက်ကတော့ လမ်းအားလုံးကိုပိတ်ထားပါတယ်။

Photo by Ayemi


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts