အတွေးအမြင် မောင်ရစ်

မောင်ရစ် – ဦးဝင်းတင် လျောက်တဲ့လမ်း

 
မောင်ရစ် – ဦးဝင်းတင် လျောက်တဲ့လမ်း
(မတ် ၁၈၊ ၂၀၁၅) ဦးဝင်းတင် ၈၅ အင်တာဗျူးများ စာအုပ် အမှာစာ
ဆရာ ကွယ်လွန်တာ ယခု ၂၀၁၅ ဧပြီဆို ၁ နှစ်ပြည့်ပြီ။ ၂၀၁၄ မတ်လမှာ ဆရာ ၈၄ နှစ် ပြည့်တယ်။ အခုဆိုရင် ၈၅ နှစ် ရှိနေပြီပေါ့။ ဆရာနဲ့ အင်တာဗျူးတွေ မိုးမခမှာ လုပ်ခဲ့တာ ၁၀၀ ကျော် ရှိပါတယ်။ ပထမပိုင်း အင်တာဗျုးတွေကို ၂၀၁၃ ဒီဇင်ဘာလမှာ တကောင်းစာပေတိုက် ရန်ကုန်မြို့ကနေ “အတိုက်အခံခေါင်းဆောင် ဦးဝင်းတင် – မိုးမခမီဒီယာ” ဆိုပြီး ထုတ်ဝေခဲ့ဖူးပါတယ်။ ၂၀၀၈၊ ၂၀၀၉ ၊ ၂၀၁၀ ခုနှစ်များက မိုးမခမီဒီယာမှာ ဦးဝင်းတင်ပြောကြားခဲ့တဲ့ အင်တာဗျူးတွေ

ဖြစ်ပါတယ်။ အခုဒီစာအုပ်ကတော့ “ဦးဝင်းတင် ၈၅” –  ၂၀၁၀ နှောင်းပိုင်းကနေ ၂၀၁၃ အထိ အင်တာဗျူးများ ၈၅ ပုဒ် စုစည်းမှုတွေ ဖြစ်ပါတယ်။ ၂၀၁၀ ကနေ ၂၀၁၃ အချိန် မြန်မာပြည်ရဲ့ ဒီမိုကရေစီ အပြောင်းအလဲကာလ အတိုက်အခံပါတီနဲ့ လူထုတို့ရဲ့ ရုန်းကန်မှု ရပ်တည်မှု ဦးတည်မှုတို့ကို တစေ့တစောင်း မြင်ကြရမယ့် ဆရာ့ရဲ့ အတွေးအမြင်တွေ ဖြစ်ပါတယ်။ စာအုပ်ကို ထုတ်ဝေဖြစ်အောင် ကြိုးပမ်းပေးတဲ့ ရန်အောင်စာပေတိုက်ကို ကျေးဇူးတင်ရပါတယ်။

ဆရာနဲ့ ဒီမိုကရေစီအရေးတော်ပုံကာလတလျောက်မှာ တခါမှ မှတ်မှတ်သားသား မဆုံဖြစ်ဘဲ ဆရာ အကျဉ်းထောင်က ထွက်လာပြီးနောက်မှ တယ်လီဖုံးကတဆင့် အဝေးကနေ တွေ့ဆုံ အင်တာဗျုးခဲ့ရတာ ၂၀၀၈ ကမှ ဖြစ်ပါတယ်။ လူချင်း ဆုံပြီး ဂါရ၀ပြုခွင့်ရတာက ၂၀၁၃ နှစ်ကုန်ခါနည်းမှ ဖြစ်ပါတယ်။ ဆရာ့အားကိုးနဲ့ မိုးမခ လစဉ်မဂ္ဂဇင်း ပုံနှိပ်စာစောင်ကို မြန်မာပြည်တွင်းမှာ စတင်ထုတ်ဝေဖြစ်တာကတော့ ဆရာမဆုံးခင် ရက်ပိုင်း ၂၀၁၄ ဧပြီကျမှ ဖြစ်ပါတယ်။ ဆရာက ကျနော်တို့ကို တွေ့တော့ စာအုပ်ထုတ်မယ့်အကြောင်း တင်ပြဆွေးနွေးတဲ့အခါ နင့်နင့်သီးသီးဖြစ်စေတဲ့ စကားတခွန်းမိန့်ပါတယ်။
“လူတွေက ဦးသိန်းစိန်ခင်းတဲ့လမ်းကို လျောက်နေကြတယ်။ ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် လာလျောက်နေကြတာပေါ့ကွာ။ နိုင်ငံရေးပါတီတွေကော၊ တိုင်းရင်းသားအဖွဲ့အစည်းတွေကော၊ ကျောင်းသားတွေကော၊ မီဒီယာတွေကော၊ တဦးချင်းစီကော စသည်ဖြင့်ပေါ့။ သည်တော့ မင်းတို့လည်း ဦးသိန်းစိန်ခင်းတဲ့လမ်းကို လျောက်ကြတယ်ဆိုရင် ဘယ်လောက်ထိ လျောက်နိုင်မှာလဲဆိုတာ ကြည့်ကြသေးတာပေါ့ကွာ …” တဲ့။
ကျနော်တို့က ဘာပြန်ပြောလိုက်သလဲဆိုတော့ …  “ဦးသိန်းစိန်ခင်းတဲ့ လမ်းမဟုတ်ပါဘူးဆရာရယ်၊ ပြည်သူတွေ လျောက်နေတဲ့လမ်း၊ ဆရာတို့အပါအ၀င် ပြည်သူတွေခင်းတဲ့လမ်းကို ကျနော်တို့ အတူတူ လျောက်နေကြတယ်လို့ပဲ ယူဆပါတယ်။” လို့ပါ။
အခု ဆရာကွယ်လွန်တာ ၁ နှစ် ရှိပြီ။ မိုးမခမဂ္ဂဇင်းလည်း မြန်မာပြည်မှာ ထုတ်ဝေနေတာ ၁ နှစ် ရှိပြီပေါ့ဆရာ။ အခုအချိန်ထိ ကော၊ နောင်အနာဂတ်အတွက်ကောမှာ သေချာတာတခုတော့ ရှိပါတယ် ဆရာရေ …။ ကျနော်တို့ လျောက်နေကြတာ ဦးဝင်းတင် လျောက်တဲ့ လမ်းပါ။
ဆရာဦးဝင်းတင် သက်တော်ရာကျော် ရှည်ပါစေ။

 

(မောင်ရစ်)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “မောင်ရစ် – ဦးဝင်းတင် လျောက်တဲ့လမ်း
  1. Greatest Journalist for the People of Burma (short bio)
    * Age 0 – born in Gyobin-gauk, Pegu Division
    * Age 23, University Degree received. Started editor job
    * Age 24-27, Netherlands. oversea studied journalism
    * Age 28 Editor of Mirror Newspaper
    * Age 32 , Bo Ne Win 1962 coup.
    * Age 39 Chief Editor of Hanthawaddy Newspaper (Mandalay)
    * Age 42 He rejected Deputy Minister of Information
    * Age 48, his newspaper was stopped by military government.
    * Age 49 to 58, freelance life
    * Age 58, 1988 general strike. Founder of NLD by intellectual group
    * Age 59 to 79, the longest prisoner.
    *
    *
    *
    * Age 79 to 84 journalist again until he die.
    * Age 80, publish his political prisoner life ဘာလဲဟဲ့လူ့ငရဲ
    * Age 84 , died peacefully on 2014, April 21

Comments are closed.