စာစုတို

စိုးနေလင်း – ကျွန်ုပ်နှင့် ဘုရားသခင်မဖန်ဆင်းသောသူများအကြောင်း

စိုးနေလင်း – ကျွန်ုပ်နှင့် ဘုရားသခင်မဖန်ဆင်းသောသူများအကြောင်း
(မိုးမခ) မေ ၂၊ ၂၀၁၅

“ဤကမ္ဘာမြေပြင်ပေါ်တွင် ငြိမ်သက်ခြင်း ရှိစေသတည်း”

  (သမ္မာကျမ်းစာ)

အဲဒီစာသားလေးကို စဖတ်မိတဲ့အချိန်ကစပြီး နှစ်သက်သဘောကျသွားမိတယ်လို့ ၀န်ခံရမှာပါပဲ။ ခရစ်ယာန်ဘုရားကျောင်းတခုရဲ့ရှေ့မှာထင်ပါရဲ့။ နောက်ပိုင်းမှာတော့ သမ္မာကျမ်းစာအုပ်မှာ အဲဒီစာသားလေးကို ရှာတွေ့ခဲ့ပါတယ်။ ဒါပေမယ့် သူ သတိထားမိသလောက် တီဗီဖန်သားပြင်ပေါ်မှာ မြင်ရ ကြားရခဲ့သမျှ ကမ္ဘာမြေပြင်ပေါ်မှာ အဲံဒီစာသားနဲ့ ဆန့်ကျင်ဘက်တွေ ကိုပဲ တွေ့နေရတယ်ဆိုရင် မှားမယ်မဟုတ်ပေဘူး။ လူမျိုးရေးမျိုးတုန်းသတ်ဖြတ်မှုတွေ၊ ယဉ်ကျေးမှုခြင်းထိခတ် ပဋိပက္ခ ဖြစ်မှုတွေ၊ အာဏာရှင်စနစ်တခုရဲ့ ဖိနှိပ်မှုတွေကို ဆန့်ကျင်ခုခံတိုက်ခိုက်နေတဲ့ စစ်ပွဲတွေ၊ဘာသာရေးအစွန်းရောက်တွေရဲ့ လွှမ်းမိုးချယ်လှယ်ရေးစစ်ပွဲတွေနဲ့ တခြားသံတူကြောင်းကွဲ ကြောင်းကွဲသံတူ စစ်ပွဲငယ် စစ်ပွဲလတ် စစ်ပွဲကြီးတွေ စက်သေ နတ်သံ အမြောက်သံ ရော့ကက်လောင်ချာသံ ဒုံးကျည်ပေါက်ကွဲသံ မိုင်းဗုံးပေါက်ကွဲသံတွေ စစ်ဘေး စစ်ဒဏ်ခံကြရသူတွေ ရဲ့ စူးစူးရဲရဲ အော်ဟစ်ငိုကြွေးနေတဲ့ ငရဲပွက်သံတွေ …။

အဲဒါတွေအပြင် လူသားတွေရဲ့လိုအပ်ချက်တွေနဲ့ အလိုလောဘတွေကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းမှုတွေ ရာသီဥတုဖောက်ပြန်ပျက်စီးမှုတွေနဲ့ အဲဒီရဲ့အကျိုးဆက်တွေကြောင့် ပေါ်ပေါက်လာတတ်တဲ့ သဘာဝဘေးအန္တရယ်တွေ လေပြင်း မုန်တိုင်း မြေငလျင် ရေအောက်မြေငလျင် ဆူနာမိ လူသတ်လှိုင်းကြီးတွေ တောမီးလောင်ကျွမ်းမှုတွေ …။

ကမ္ဘာကြီးရဲ့ဘယ်နေရာ ဘယ်ဒေသမှာများ စစ်မှန်တဲ့ ငြိမ်သက်အေးချမ်းခြင်း ရှိပါသလဲ။ အမြဲလိုလို ဓမ္မခေါင်းလောင်းသံ ဓမ္မ သီချင်းသံ ၀တ်ပြုဆုတောင်းသံ တရားဓမ္မ ဟောပြောဆုံးမသံ  ဆည်းလည်းသံတွေနဲ့သာ ငြိမ်းချမ်းအေးမြနေတတ်တဲ့ ဘုရား ကျောင်းတွေ ဘုန်းကြီးကျောင်းတွေ ပလီတွေမှာတောင် မငြိမ်းချမ်း မအေးမြနိုင်တော့ စစ်ဖိနပ်ခွာသံတွေ ရိုက်နှက်ဖျက်ဆီး ဖမ်းဆီးသံတွေ သေနတ်မောင်းတင်သံ သေနတ်ပေါက်ကွဲသံတွေ …။

စည်ကားအပ်သောနေရာများ မစည်ကားနိုင်တော့ဘဲ မစည်ကားအပ်သောနေရာများ စည်ကားအုန်းကျွက်ဖြစ်နေခဲ့ပြီကော။

ကမ္ဘာလောကအား စောင့်ရှောက်အပ်သော လောကပါလ တရားများအားမျက်ကွယ်ပြု ချိုးဖောက် လောဘ ဒေါသ မောဟ မာန်မာန ပြင်းရှကြသူများ စိုးမိုးချယ်လှယ်နေကြပြီး လောကအားကောင်းကျိုးပြုရန် စေတနာမေတ္တာဖြင့် လှုပ်ရှားဆောင် ရွက်နေကြသောလူများကား ဆင်းရဲဒုက္ခ ကန္တာရထဲတွင် မောဟိုက်ပင်ပန်း လောင်ကျွမ်း ညှိုးခြောက်နေခဲ့ကြရပြီ။

တရားအား မည်သူစီရင်မှာပါလဲ။ သည်မေးခွန်းကို သူအကြိမ်ကြိမ်ထုတ်မေး ရှာဖွေကြည့်ရှုခဲ့သော်လည်း အဖြေပေးမည့်သူမရှိ။ အဖြေမတွေ့။ နေ့ညတို့သာ တိုက်စားပွန်းပဲ့ ပါးလျားကျုံလှီလာခဲ့ပေါ့။ အချိန်ကား မည်သူ၏အလိုဆန္ဒကိုမှ လိုက်လျှော ခြင်းမရှိ။ မည်သူ့မျက်နှာကိုမှ မငဲ့။ နှေးမြန်မရှိ တအိအိ ရွေ့ရှားသွားနေဆဲ။ ရုပ်နာမ်ဓမ္မကို မလွန်ဆန်နိုင်ကြသော သတ္တ၀ါ များကား အနိစ္စ ဒုက္ခ အနတ္တ ဘ၀ဖြစ်တည်မှု၏ ဖြစ်စဉ်တရားအတိုင်းသာ။

အဲဒီလို မြင်သာထင်ရှား တရား စင်စစ် ရှိနှင့် ခဲ့ပြီး ဖြစ်ပေမယ့် လောဘ ဒေါသ မောဟ ကြီးမားလွန်ကဲကြသော မိမိကိုယ် မိမိအာဏာ မိမိစည်းစိမ်ဥစ္စာ ပိုင်ဆိုင်မှုများအား ထာဝရတည်မြဲမည်ဟု မိုက်မဲမှားယွင်းစွာ ယုံကြည်နေကြသော သူတို့တိုင်း ပြည်မှ စစ်ဗိုလ်ချုပ်ဆိုသူများ၏ ရူးသွပ် ကျွံကျူးမှုများကား ကုရာနတ္ထိ ဆေးမရှိ ဖြစ်နေပုံရရဲ့။

“အမှန်တရားအား ဘုရားသခင်သိ၏။ သို့ရာတွင် စောင့်ဆိုင်းပါလေအုံး” ဆိုသော ဆိုစကားလေးအား သူဖတ်ရှုမိခဲ့သော အချိန်မှာ ဆယ်စုနှစ်ပေါင်းအတော်ပင် ကြာမြင့်ခဲ့ပြီ ဖြစ်ပါသည်။ သူကလည်း စောင့်ခဲ့ပါသည်။ စောင့်သည်ဆိုရာ၌ပင် သူက မလှုပ်မရှား ငြိမ်သက်စောင့်ဆိုင်းမှု (Passive waiting) မဟုတ်ဘဲ တက်ကြွလှုပ်ရှားစောင့်ဆိုင်းမှု (Active waiting) ကို ရွေး ချယ်ခဲ့ပါသည်။ အတော်အတန်အတိုင်း အတာအထိ သက်ရောက်မှုရှိသော တက်ကြွလှုပ်ရှား စောင့်ဆိုင်းမှုကို သူပြုလုပ်ခဲ့ပါ သည်။ ပြုနေဆဲလည်းဖြစ်ပါသည်။ သည်လိုနှင့်ပင် တနေ၀င် တနေထွက် ပင့်သက်ပြင်းများကိုမျိုချရင်း သစ်တပင်လို ရှင် သန်နေထိုင်ခြင်း အတတ်ကို အပတ်တကုတ်ကျင့်ကြံ အားထုတ်ခဲ့ ကိုင်းမ ခက်လက် စိတ်စိတ်ယှက်ဖြာ အရိပ်အာဝါသကောင်း
ငှက်တသောင်း နားနေနိုင်အောင် ကြိုးစားခဲ့ပါသည်။ ဒါပေမယ့် အမှတ်တမဲ့ သတိထားမိတဲ့အခိုက် သူ့ကိုယ်သူပြန် ကြည့် လိုက်မိတဲ့အချိန်မှာတော့ သူ မှီတည် တွယ်ကုတ်ထားရာ ကမ်းပါးက တစတစ ပဲ့ကျနေခဲ့ပြီဆိုတာကို တွေ့ရှိခဲ့ရ။ ဘယ်အချိန် မှာ ရေအီနေဆဲ ဗေဒါတို့ပိတ်ကြပ်နေဆဲ မြစ်ထဲကို လဲပြို နစ်မြှုပ်သွားလေမလဲ။ သူမသိနိုင် …။

ပေါက်ပင်ဘာလို့ကိုင်းရတယ် .. ဗျိုင်းနားလို့ကိုင်းရတယ် .. ဗျိုးင်းဘာလို့နားရတယ် …. အဲဒီနှစ်ပေါင်းများစွာက သူငယ်တန်း မြန်မာဖတ်စာကလေးကို မကြာ မကြာ ပြန်သတိရမိတယ်။ ပေါက်ပင်တွေ ဗျိုင်းတွေ နားသူ ကိုင်းသူတွေ အတိုင်အဖောက် ညီနေ ကြဆဲ၊ ထိုးဇာတ်တခုကို ရှေ့ဆုံးတန်းက ကြည်နေရသလိုပင်၊ အာဏာရဓားပြတွေရဲ့ အကျဉ်းစခန်းထဲမှာ သူ မလွှဲ မရှောင်သာနေခဲ့ရစဉ်က မကြာခဏ အစာအိမ်အချဉ်ပေါက်ခဲ့သူတယောက်ဟာ ခုချိန်မှာ စိတ်အချဉ် မကြာ မကြာ ပေါက် တတ်လာခဲ့တာကို သူသတိပြုမိတယ်။ အစာအိမ်အချဉ်ပေါက်တဲ့ဝေဒနာဟာ အတော်ပြင်းထန်ဆိုးဝါးလှတယ်။ အစာအိမ်ထဲ မှာရှိနေတဲ့ အချဉ်ဓာတ်မကုန်မချင်း ဘာအစာ ဘာအရည်ကိုမှ လက်မခံ၊ ပြန်ပြီးသာ အော့အန်တတ်တဲ့အတွက် အခံရဆိုး လှတယ်။ ဒါပေမယ့် စိတ်အချဉ်ပေါက်တဲ့အခါမှာတော့ အရာရာတိုင်းနဲ့ သဟဇာတမဖြစ်ရင်ထဲမှာ စစ်ပွဲကြီးတခုဖြစ်နေသလိုပဲ လို့ ဆိုရမလား။ မိုက်ရူးရဲစိတ်နဲ့ ရန်သူရဲ့ကတုတ်ကျင်းကို လက်ပစ်ဗုံးနဲ့ တက်ထုလိုက်ရမလား ကျည်ကွယ် မျက်ကွယ် ယူမနေတော့ပဲ မတ်တပ်ရပ်ပြီး တရစပ်ပစ်ခတ် ရန်သူရဲ့သတ်ကွင်းထဲကို ပြေးတက်ပစ်ခတ်ရင်း… ဆင်ခြင်တုံတရားရဲ့ နယ်နိမိတ်မျဉ်းစပ်ကို အကြိမ်ကြိမ်ချဉ်းကပ်မိသလို အခါခါလည်း ခြေတဖက် ကျွံချမိခဲ့တဲ့အချိန်မှာ ရှိတဲ့စိတ်အခြေအနေကို ဘယ်လိုဖော်ပြရမယ်ဆိုတာကို သူမသိတတ်တော့။ အတော် ကြီးပြင်းထန် စူးရှတဲ့ခံစားမှုဆိုတာလောက်သာ သူဖော်ပြနိုင်ရဲ့။

လမ်းကို တည့်တည့်ဖြောင့်ဖြောင့်လျှောက်ခဲ့မိတဲ့တလျှောက်မှာ ဒဏ်ရာတွေသာ တိုးများလာခဲ့။ လမ်းရဲ့အဆုံးမှာ ရွာတွေ့ မလား။ ရွာရော ရှိရဲ့လား။ ဟိုးအရင်တုံးကတော့ ရွာရှိခဲ့တာ သေချာလောက်ပါရဲ့။ အခုတော့ ရွာရှိလေသလား။ ရွာမရှိ လေသလား သူမသိတတ်တော့။ ဒါပေမယ့် ငယ်ငယ်ကတည်းက တသက်လုံးလျှောက်လာခဲ့တဲ့လမ်းဟာ မသူတော်တွေ သူခိုး ဓားပြတွေ အဓမ္မ၀ါဒီတွေ လျှောက်တဲ့ လမ်းမဟုတ်။ လူသားတွေနဲ့ လူ့လောကကို ချစ်မြတ်နိုး၊ လူ့ရွာလောကကို ဖွံဖြိုးငြိမ်းချမ်းစေချင်တဲ့ စေတနာနဲ့ဖြောင့်မှန်သူတွေ မေတ္တာ တရားနဲ့  ကတိသစ္စာကို လေးစားတန်ဘိုးထားတတ်ကြသူတွေ သာ လျှောက်ခဲ့ကြ လျှောက်နေကြဆဲဖြစ်တဲ့လမ်းဆိုတာကိုတော့ သူသိနေတယ်။ အလေးအနက်ယုံကြည်နေဆဲ ဖြစ်တယ်။

ဒါပေမယ့် ယုံကြည်တယ်ဆိုတဲ့စကားလုံးကို နားမလည်တဲ့သူတွေ၊မသုံးစွဲဘူးသေးတဲ့ လူတွေရှိနေသလို တကယ်မဟုတ်ဘဲ ဟန်ဆောင်ပန်ဆောင် သုံးစွဲနေတဲ့သူတွေလည်း အများကြီးရှိနေခဲ့ ရှိနေကြဆဲ။ ကိုယ့်အတ္တ အကျိုးစီးပွားရရှိ တိုးပွားရေးကလွဲ ရင်တခြားဘာကိုမှ မယုံကြည်ချင်ကြတဲ့သူတွေလည်း ရှိပါသေးရဲ့။ အဲဒီလိုလူမျိုးတွေရဲ့ မျက်လုံးတွေက ဘယ်နေရာ ဘယ် သူ့ဆီက သူတို့အတွက် ဘာရနိုင်မလဲ။ ဒါကိုပဲ ရှာဖွေကြည့်ရှုတတ်ကြတော့ တခြား လူ့ဘ၀ လူ့ဖြစ်စဉ်တွေကို မမြင် တတ်ကြတော့။ မြင်ပြန်ရင်လည်း ဘာခံစားမှုမှ နိုးထဖြစ်ပေါ်မလာ။ ကိုယ်နဲ့မဆိုင်သလို အလွယ်တကူ မျက်နှာလွှဲပစ် လိုက်နိုင်ကြ။ မျက်နှာလွှဲမပစ်နိုင်ကြသူတွေအတွက်ကတော့ ပြင်းထန်တဲ့ခံစားမှုတွေ ရုန်းကြွဖြစ်ပေါ်လာတတ်ပါတယ်။

ဖျတ်ကနဲ သူ့မျက်လုံးတွေ အိမ်ရှေ့လမ်းမဘက်အရောက်မှာ အိမ်ရှေ့က အမှုက်ပုံးဘေးမှာ ပစ္စည်းသယ်တဲ့စက်ဘီး သုံးဘီး လှည်းတစီးရပ်နေတာကို တွေ့လိုက်ရတယ်။ နှစ်နှစ်သား သုံးနှစ်သားအရွယ် ကလေးတယောက်က လှည်းကလေးရဲ့အ တွင်းမှာ မတ်တပ်လေးရပ်၊ ကာထားတဲ့လက်တန်းကို လက်ကလေးနဲ့ဆုပ်ကိုင်ပြီး အမှိုက်ပုံးကို မွှေနှောက်ရှာဖွေနေတဲ့ ဂျင်းဘောင်းဘီတိုနဲ့ ကက်ဦးထုပ်တလုံးဆောင်းထားတဲ့ အသက် ၂၀ ၂၅ နှစ်လောက်ရှိမယ့် အသားညိုညိုလူကို လှမ်းကြည့် နေတယ်။ နင်းသူထိုင်တဲ့ဖင်ထိုင်ခုံနောက်က ကယ်ရီယာခုံပေါ်မှာက လသားလောက်ရှိမယ့် ကလေးလေးတယောက်ကို ရင်ခွင်ထဲမှာပိုက်ချီထားတဲ့ အသားညိုညိုမိန်းကလေးတယောက် ထိုင်နေတယ်။ လေးဦးပါ မိသားစုလေးတစု ဖြစ်ပုံရရဲ့။ ဒီနေ့မှပဲ မိုးသားတိမ်လိပ်မရှိ အောက်တိုဘာလရဲ့နေကလည်း ပြင်းပြင်းရှရှ ကျဲကျဲတောက်ပူပြင်းနေလေရဲ့။အဲဒီလိုပဲ အမှိုက် ပုံး တခုပြီးတခု နွေနွေ မိုးမိုး ဆောင်းဆောင်း လှည့်ပတ် အမှိုက်ကောက်ရင်း အသက်မွေးကြရပုံရရဲ့။ ကိုယ့်နိုင်ငံတွင်းမှာ လုပ်စရာအလုပ်တွေ တပုံတပင်ရှိနေတယ်။ နိုင်ငံရပ်ခြားကလူတွေတောင် အလုပ်လာလုပ်လို့ရသေးတယ်လို့ ကိုယ့်နိုင်ငံ အ ကြောင်း ကိုယ့်ပြည်သူထုအကြောင်း သိသိကြီးနဲ့ ဗြောင်လိမ်ကြွားလုံးထုတ်နေတဲ့ စစ်ဗိုလ်ချုပ်ဆိုသူတွေရဲ့ပြောစကားကို  ပြန်ပြီးသတိရလိုက်မိတယ်။ တပြိုင်နက်ထဲမှာပဲဒေါသ စိတ်က ရင်ထဲမှာ ရုတ်တရက် ရုန်းကြွဖြစ်ပေါ်လာတာကို သိလိုက် တယ်။

အိမ်ရှေ့ကဖြတ်ပြီး မနက်အလုပ်ဆင်း ညနေအလုပ်ပြန် လုပ်နေကြတဲ့ မြန်မာနိုင်ငံက ရွှေ့ပြောင်းအလုပ်သမားတွေကို မြင်တွေ့နေကြအရေအတွက်ထက် အများကြီးပိုပြီး တွေ့လာနေရတယ်။ မျက်နှာသစ်တွေ ကလေး လူလတ် လူကြီး သက် တမ်းစုံ လူမျိုးစုံ အုံနဲ့ကျင်းနဲ့ စက်ဘီးကိုယ်စီနဲ့ သွားလာနေကြသလို လမ်းလျှောက်သွားလာနေကြတာကို နေ့စဉ်နဲ့အမျှ မမြင်ချင်အဆုံး တွေ့နေရတယ်။ ထိုင်းနိုင်ငံက မြို့တမြို့တောင် ဟုတ်မှဟုတ်ရဲ့လားလို့ သံသယဖြစ်လောက်စရာ။ စစ်ဗိုလ် ချုပ်ဆိုသူတွေမှာ နားမျက်စိတွေမှပါကြရဲ့လား။ အို နား မျက်စိမှမဟုတ်ပါဘူး။ ဥနှောက်လည်း ပါကြပုံ မရကြပါဘူး ထင်ပါရဲ့။ စိတ်ပျက်စရာကောင်းသလို ၀မ်းနည်းတတ်မယ်ဆိုရင်လည်း ရင်ကွဲနာကျလောက်ရဲ့။ အဲဒီလို ပြုပြင်လို့မရအောင် ကမ်းကုန် နေတဲ့ လူ့ဗာလတွေက တိုင်းပြည်အုပ်ချုပ် ပြည်သူလူထုရဲ့ အသက်သွေးတွေကို တဖြည်းဖြည်းစုပ်ယူနေခဲ့တာ ကာလ ရှည်ကြာပေါ့။ ပြည်သူလူထုတွေခမျာ သွေးသားဆုတ်ယုတ် လူသားရုပ်သွင်တောင် မပီပြင်ချင်တော့။

နေကလည်းမြင့်လာခဲ့သလို အရူးကလည်း ရင့်လာခဲ့ပြီကော။ ဘယ်သူကြိုက်ကြိုက် မကြိုက်ကြိုက် ဘယ်သူ ကန့်ကွက် ကန့်ကွက် တိုင်းပြည်အုပ်ချုပ် မင်းလုပ်ချင်နေတဲ့ မင်းရူးတွေကို ဘယ်လိုဆန့်ကျင် တိုက်ခိုက်ကြပါမလဲ။ နေပူပြင်းပြင်းထဲ မှာထိုင်ရင်း ဥနှောက်တွေ ဆူပွက်လာသလိုပဲ။ တယောက်ထဲလုပ်လို့ မရဘူးဆိုတာလည်း သေချာတယ်။ ဒါပေမယ့် ဘယ် သူကမှလည်း အရေးတယူ စဉ်းစားကြပုံမပေါ်ဘူး။ ဗီယက်နမ်လွတ်မြောက်ရေးအတွက် ဗုဒ္ဒဘာသာ သီလရှင်လေးတပါးက ကိုယ့်ကိုယ်ကို ဓာတ်ဆီလောင်းပြီးမီးရှို့ သတ်သေဆန္ဒပြခဲ့ဖူးတာကို သူ သတိရနေတယ်။ ၁၉ ရက် စက်တင်ဘာ ၂၀၀၆ ခုနှစ်က ထိုင်းနိုင်ငံမှာ ဒီမိုကရေစီ နည်းလမ်းတကျ ရွေးချယ်တင်မြှောက်ခံ အစိုးရကို စစ်တပ်က အာဏာသိမ်းလိုက်ပြီး မကြာခင်မှာ အငှားကားယာဉ်မောင်းသမားတယောက်က အများပြည်သူတွေမြင်သာ ထင်ရှားရှိနိင်တဲ့ ကုန်းကျော်တံတား တခုမှာ ကိုယ့်ကိုယ်ကို ဆွဲကြိုးချပြီး သူ စစ်အာဏာသိမ်းတာကိုဆန့်ကျင်ကြောင်း သက်သေပြသွားခဲ့တယ်။

သူအတွေး စိတ်ကူးထဲမှာ ဆူနာမိ ပင်လယ်လှိုင်းလုံးကြီးတွေကို မြင်ယောင်နေမိတယ်။ ဆင်းရဲတွင်းထဲမှာ နစ်မွန်းနေတဲ့ ပြည်သူလူထု တွေနေထိုင်တဲ့ နေရာဒေသတွေကို ပျက်စီးစေမယ့်အစား နေပြည်တော်လို့ခေါ်နေကြရတဲ့ သားစားလူ့ ဘီလူးတွေရဲ့နေရာကို ဖျက်ဆီး ဖယ်ရှားပစ်လိုက်ပါတော့လား။ ငလျင်တော်လဲပေါက်ကွဲ ဖုံးလွှမ်းမြေ မျိုပစ်လိုက်ပါတော့ လား … ဆူနာမိရေ….။

ဘုရားသခင်…အရှင်မုန်းတော်မူသော အရာခြောက်ပါးဖြစ်သော ထောင်လွှားသောမျက်နှာတပါး၊ မုသား၌ကျင်လည်သော လျှာတပါး၊ အပြစ်မရှိသောသူ၏ အသက်ကိုသတ်သော လက်တပါး၊ မကောင်းသောအကြံကို ကြံစည်သော နှလုံးတပါး၊ အပြစ်ပြုရာသို့ အလျှင်အမြန်ပြေးတတ်သော ခြေတပါး၊ မုသာစကားကိုပြော၍ မမှန်သောသက်သေတပါး၊အပေါင်းအဘော်ချင်း ရန်တွေ့စေခြင်းငှာ ပြုတတ်သော သူတပါး။ ဤအရာများအားလုံးနှင့်ပြည့်စုံနေသော မြန်မာနိုင်ငံမှ စစ်အာဏာရှင် ဗိုလ်ချုပ်ဆိုသူများအား ငရဲမီးတွင် အလျှင်အမြန် အပြစ်ပေးလောင်မြိုက်စေပါလော့…။

ကျွန်ပ်ကိုမူကား တောင်ပံမှ မြားစူးဒဏ်ရာကင်းပျောက် လွတ်မြောက် ပျံသန်းခွင့် ပြုပါလေ….။   ။

(ပြန်လည်ဆန်းသစ်ခြင်း ဖြစ်ပါတယ်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts