ဖိုးထက် ခေတ်ပြိုင်အတွေ့အကြုံ

ဖိုးထက် – ဝေးသွားတဲ့ လမ်းမကြီး

 

ဖိုးထက် – ဝေးသွားတဲ့ လမ်းမကြီး

(မိုးမခ) ဧပြီ ၂၁၊ ၂၀၁၅

 

မန္တလေးကိုရောက်တိုင်း ကျွန်တော် မေမြို့ကို တစ်ခေါက်တော့ ရောက်အောင်သွားသည်။ သို့သော် ရုက္ခဗေဒဥယျာဉ်ကို ရောက်ချင်မှ ရောက်သည်။ မေမြို့ကို ကျော်သွားရသည့် ပိတ်ချင်းမြှောင်ကို ရောက်ချင်မှ ရောက်သည်။ တကယ်တော့ ကျွန်တော်က မေမြို့ကို အရောက်သွားချင်လို့ မဟုတ်။ မန္တလေးမှ မေမြို့သို့ အရောက်သွားရသော လမ်းကို သဘောကျသောကြောင့် ဖြစ်သည်။ တစ်ခါတစ်ရံ လမ်းမှာ အချိန်ကုန်ပြီး မေမြို့ကို ရောက်ချင်မှတောင် ရောက်သည်။ 

 

မေမြို့ကို အင်္ဂလိပ်ခေတ်က စစ်ဗိုလ်ချုပ်ကြီး မေကို ကိုယ်စားပြုပြီး မေမြို့လို့ ခေါ်သည်ဟု ကျွန်တော် သိသည်။ စစ်အစိုးရခေတ်ရောက်တော့ ပြင်ဦးလွင်လို့ အမည်ပြောင်းသည်။ သို့သော် ကျွန်တော်လို မန္တလေးသားတွေ ကတော့ မေမြို့မှ မေမြို့။ တစ်ပြားမှ မလျှော့။ ပြင်ဦးလွင်လို့ မခေါ်ဘဲ မေမြို့လို့ ခေါ်ရင် ထောင်ချလို့ရတယ်ဟု ကောလဟာလတွေ လွှင့်ခဲ့ကြပေမယ့် ကျွန်တော်တို့ကတော့ မေမြို့ဘဲ။

 

အရင်က မန္တလေး မှ မေမြို့သို့သွားလိုလျှင် မန္တလေး-လားရှိုးလမ်းကိုရောက်ဖို့ ၃၅လမ်း A လမ်းမှ ထွက်ချင်ထွက်။ နန်းရှေ့ ၁၉လမ်း အတိုင်းထွက်ပြီး ပုသိမ်ကြီး ကန်ကောက်လမ်းမှ ထွက်ချင်ထွက်။ ဒီနှစ်လမ်းသာ မန္တလေး-လားရှိုးလမ်းကို ဖြူးနေအောင် ပေါက်သည်။ ကားသွားလို့ရသည်။ အခုတော့ မြစ်ဝကျွန်းပေါ်က ချောင်းလက်တက်တွေ မြစ်မကြီးထဲသို့ စီဝင်နေကြသလို လမ်းတွေ အများကြီးက မန္တလေး-လားရှိုးလမ်းပေါ်ကို ဦးဆိုက်သည်။ ၃၅ A လမ်း၊ ၁၉ လမ်း၊ လမ်း ၄၀၊ ၄၁၊ သိပ္ပံလမ်း…အို အများကြီးပါ။ 

 

အခုလဲ ကျွန်တော် မေမြို့ကို သွားအုံးမယ်လို့ မန္တလေးနေ အမငယ်ကို ပြောတော့ ကားယူသွားလေတဲ့။ ကားနဲ့ သွားရတာ ၀န်ကျယ်သည်။ ကရိကထများသည်။ ပြီးတော့ သူ့ကားက ချမ်းသာလို့ ၀ယ်ထားသော ကားလဲ မဟုတ်။ အလုပ်အတွက်ကလွဲပြီး ကျွန်တော် မသုံးချင်။ ဆိုင်ကယ်ဘဲ ယူတော့မယ်ဆိုကာ မနေ့ကတည်းက အင်ဂျင်ဝိုင်လဲ၊ လေစစ်၊ မီးစစ် လုပ်ထားသော ဆိုင်ကယ်လေးကို ဆွဲထုတ်လာခဲ့သည်။ မန္တလေး-လားရှိုး လမ်းပေါ်ကိုတက်ဖို့ ၃၅ A လမ်းကို ရွေးချယ်လိုက်သည်။ 

 

မြန်မာနောက်ဆုံးမင်းဆက် သီပေါမင်းနှင့် စုဖုရားလတ်တို့ကို အိန္ဒိယကိုခေါ်ဖို့ အင်္ဂလိပ်စစ်တပ်တွေ ဧရာဝတီမြစ်ကနေ မန္တလေးနန်းတော်ကို တက်ဖို့ စစ်ကြောင်းသုံးခုခွဲပြီး တက်လာခဲ့သည်။ A၊ B၊ C ။ အဲဒီမှစပြီး ၃၅လမ်းကို အေလမ်း။ ၂၆ လမ်းကို ဘီလမ်း။ ၂၂ လမ်းကို စီလမ်း ဆိုပြီး မန္တလေး နယ်ခံတွေက နှုတ်စွဲနေခဲ့သည်။ အရင်က အေလမ်းကြီးမပြီးဆုံးသေးခင် မြင်းတန်းရပ်ကွက်ကို ကျော်ကတည်းက မြို့ပြလက္ခဏာတွေ ကုန်ပြီ။ လမ်းတစ်ဖက် တစ်ချက်မှာ လယ်ကွင်းတွေ၊ နွားလှည်းတွေ။ အခုတော့ အောင်ပင်လယ် ဘိုးဘိုးကြီးနန်း ရောက်သည် အထိ ခြံဝန်း အကျယ်ကြီးတွေ ခတ်ထားသော ၀န်းအကျယ်ကြီးတွေ။ ခြံဝန်းအကျယ်ကြီးတွေထဲမှာ ဂိုထောင်ကြီးတွေ။ သေချာတာက ပိုင်ရှင်တွေသည် မြန်မာတွေ မဟုတ်။ ခြံရှေ့မှာ ကွမ်းယာဆိုင်လေး၊ အသုပ်ဆိုင်လေးတွေ ဖွင့်ထားသော မြန်မာ ခြံစောင့်တွေရှိသည့် သိန်းသောင်းချီတန်သော မြေကွက်တွေ အဖြစ်ပြောင်းသွားကြပြီ။ 

 

နတ်တွေကို ကျွန်တော် မယုံပေမယ့် Reputation ကောင်းကောင်းရှိသော နတ်တွေကို ကျွန်တော်လေးစားပါသည်။ အရက်သမား မဟုတ်သောနတ်၊ မကောက်ကျစ်သော နတ်ဖြစ်သည့် အောင်ပင်လယ်ဘိုးဘိုးကြီး နန်းရှေ့မှာ ကျွန်တော် ဆိုင်ကယ်ရပ်လိုက်တော့ “အစ်ကို ပန်းယူမလား။ ၅၀၀ ဖိုးယူသွားနော်။ လမ်းမှာ ခလုတ်မထိ ဆူးမငြိ ပါစေနဲ့လို့ ဘိုးဘိုးကြီးက ဆုပေးပါတယ် အစ်ကို” ဟု သနားခါး ပါးကွက်ကြားလေးကို မှုန်နေအောင် လိမ်းထားသည့် အပျိုပေါက်အရွယ် ကောင်မလေးက သပြေပန်းနှင့် ဇွန်ပန်းတွေ တွဲစပ်ထားသော ပန်းစည်းလေးကို ဆိုင်ကယ် ရှေ့ခြင်းထဲသို့ အခြား ပန်းရောင်းသူများ မရောက်ခင်မှာ ပြေးလာပြီး ထည့်သည်။ လေတဖြူးဖြူး တိုက်ခတ်နေသည့် အကြားကပင် ဇွန်ပန်းနံ့က မွှေးကြိုင်နေသည်။ 

အောင်ပင်လယ်ကို ကျော်တော့ သဗ္ဗတော၊ လက်ကောင်း၊ သုံးအိမ်၊ ကျောက်မီး စသည့် ရွာတွေကို အစဉ်တိုင်း ကျွန်တော် ဖြတ်မောင်းလာသည်။ ကျောက်မီးရွာရောက်တော့ မန္တလေး လားရှိုးလမ်းကြီးပေါ်မှ ဖဲ့ထွက်ပြီး ဆည်တော်ကြီး မြောင်းမကြီး လမ်းပေါ်သို့ ချိုး ၀င်ခဲ့သည်။ ဆရာလယ်တွင်းသားစောချစ်၏ ပန်းမြိုင်လယ်မှ ဦးယျာဉ်မှုး စာအုပ်ထဲမှ ကျောက်မီးရွာ။ ဒီရွာမှာ ကျွန်တော်ခုနှစ်တန်းအထိ ကျောင်းနေခဲ့သည်။ ဆည်တော်ကြီး မြောင်းဘေးမှာ ရှိသည့် ကျောက်မီး အ.ထ.က ကို လမ်းကြုံတုံး ကျွန်တော်ဝင်ကြည့်ချင်သည်။ ဘာတွေများ ပြောင်းလဲကုန်ပြီလဲ။ ဆယ်စုနှစ် နှစ်ခုနီးပါး အတွင်း ဘာတွေများ ပြောင်းကုန်သလဲ။ 

 

အရင်က မြောင်းဘေး မြောင်းဘောင်ပေါ်မှာ ရှိသော သစ်ပင်ကြီးတွေ ဘာမှ မရှိတော့။ ကျောင်းရှေ့က ထမင်းစားကျောင်းဆင်းချိန်တိုင်း ရေဆင်း ခိုးကူးကြသော ရေချိုးဆိပ်ရှိ ညောင်ပင်ကြီးတောင် ညောင်ငုပ်တိုကြီးအဖြစ်သာ မြင်ရတော့သည်။ ကျောင်းရှေ့က ဘောလုံးကွင်းကလဲ အသစ်တိုးလာသော ကျောင်းဆောင်တွေကြောင့် ဘောလုံးကန်လို့ရလောက်သော အကျယ်အ၀န်း မဟုတ်တော့။ 

 

ကျောင်းထဲကို ကျွန်တော် ၀င်သွားလျှင် ကျွန်တော့်ငယ်ဆရာ၊ ဆရာမတွေ တွေ့နိုင်သေးသည်။ သို့သော် မသေချာသော ကိစ္စဖြစ်ပြီး အချိန်ယူရမည့် ကိစ္စဖြစ်သောကြောင့် ရှိစေတော့။  ဆိုင်ကယ်ကို လမ်းမကြီးဘက်သို့ ပြန်ကွေ့လာခဲ့သည်။ ပြီးတော့ ကျောက်မီးနဲ့ ဆည်တော်ကြီး ချောင်းသာ ခြားသည့် ငွေတောင်ရွာကို ဖြတ်သည်။ ပြီးတော့ အရင်က ဆီးသီးနဲ့ သရက်သီး လှိုင်လှိုင်ထွက်သည့် ကုလားကြီးခြံ။ ပြီးတော့ ထုံးဘို၊ အုန်းချော။ နောက်ဆုံးမှာ ကျောက်ချော။ ကျောက်ချောရွာရောက်လျှင် မြေပြန့်လမ်းဆုံးပြီ။ တောင်တက်လမ်းစပြီ။ အရင်က အဆင်းရော၊ အတက်ပါ တစ်လမ်းတည်း။ အခုတော့ နှစ်လမ်း။ အဆင်းနဲ့ အတက် သပ်သပ်စီခွဲထားသည်။ အဆင်းလမ်းက အင်္ဂလိပ်ခေတ်ကတည်းက ဖောက်သွားသော လမ်း။ လမ်းက ပြေပြစ်သည်။ 

 

အတက်လမ်းက စစ်အစိုးရ ဖောက်ခဲ့သော လမ်းသစ်။ မတ်စောက်သည်။ ဖောက်ခါစက အရမ်းမတ်စောက်ပြီး စနစ်မကျသောကြောင့် ကားတွေ ခဏ ခဏ မှောက်သည်။ တိုက်သည်။ လူတွေ သေလွန်းမက သေမှ လမ်းကို ပြန် ပြင်ရင်း ပြင်ရင်း အခုတော့ သိပ်မဆိုးသော လမ်းဖြစ်လာသည်။ လမ်းအသစ်ဖြစ်လာတာ ကောင်းပေမယ့် မြန်မာပြည် ထုံးစံအတိုင်း လမ်းကန်ထရိုက်တာများက လမ်းရဲ့ ဘေး ဘယ်၊ ညာ တစ်လျှောက် သစ်ကြီး၊ ၀ါးကြီးတွေကို လမ်း အကြောင်းပြပြီး ခုတ်လှဲပြစ်ခဲ့ကြသည်။ ပြီးတော့ ထုံးဖုတ်တာမှာသုံးသည်။ ထင်းဆိုက်ပြစ်သည်။ တန်ဖိုးနားမလည်သော အစိုးရ လက်အောင်မှာ တကယ့် ၀ရုံးသုံးကားဖြစ်ခဲ့ကြတာ အခုအချိန်အထိ လမ်းကြီးက သက်သေ။ 

 

အရင်က ကျောက်ချောကို ရောက်တာနဲ့ လေထုက ပြောင်းလဲသွားသည်။ အေး၊ မွှေး သည့် လတ်ဆတ်သောလေကို စပြီး ရှူရပြီ။ လေရှူရတာ စီးစီးပိုင်ပိုင်ရှိသည်။ အခုတော့ သုံးထပ်ကွေ့ရောက်သည်အထိ လေက ပူနွေးနွေး။ ပွယောင်းယောင်း။ ၂၁ မိုင် view point ကို ရောက်တော့ အရင်ဆိုင်ကယ်တွေ၊ ကားတွေ ရပ်သော နေရာက သစ်ကြီး ၀ါးကြီးတွေ ပါးလျနေတာ စိတ်မချမ်းမြေ့ဖွယ် တွေ့ရပြန်သည်။ သို့သော် မန္တလေးမြို့ကြီးကို အပေါ်စီးက စီး၊ မိုးကြည့်ရသော အရသာက ကျွန်တော်ကို စိတ်ကြည်နူး ချမ်းမြေ့စေသည်။ 

 

ဘယ်ဘက် ယွန်းယွန်းမှာ စီးဆင်းနေသော သုံးမည်ရ ဒုထ္တ၀တီမြစ်။ ကျွဲနဖားတောင်ကြီးကတော့ မားမားကြီးကျန်နေဆဲ။ အရင်လို စိမ်းစိမ်းစိုစိုဖြင့် အစိမ်းရောင်သမ်းနေသော တောင်ကြီး မဟုတ်တော့။ မန္တလေး နန်းမြို့ရိုး လေးထောင့်စပ်စပ်ကြီးကို မြင်ရသည်။ မြို့ကြီးရဲ့ဘေးမှာ ရပ်ကွက်တွေ၊ ရပ်ကွက်တွေ။ အရင်က တောင်ဖက်ဆုံးမှာ အောင်ပင်လယ်၊ အင်းခရု။ အခုတော့ မြစ်ငယ်အထိ ရပ်ကွက်တွေ ဆက်စပ်ကုန်ပြီ။ ဒီရပ်ကွက်တွေမှာ မြို့ထဲက မြို့ပြင်ကို ထွက်လာသော မြန်မာလူမျိုး မိသားစုတွေ ဘယ်နှစ်စု ရှိမယ်မှန်း ကျွန်တော် မသိပေမယ့် မြန်မာ မိသားစုတွေ အများစုဆိုတာ သေချာသည်။ မန္တလေး မြို့ကြီးက မကျည်းစေ့ ဆယ်တောက်တန်း ကစားကာနီး ကျဲချလိုက်သလို ပြန့်ကျဲကားလာသည်။ တိုးတက်သော ကျယ်ပြန့်လာခြင်းလို့ ကျွန်တော် မထင်။ ဆုတ်ယုတ်သော၊ ရှုံးနိမ့်သော ပြန့်ကားခြင်းများ။ မြို့အလည်မှာ ပ၀တ္တိသားတွေ ရှိသည်။ ပြည်သူလူထုကို ဂုပ်ခွစီးထားသော လူတန်းစားတွေ ပိုင်သည့် မြေတွေ ရှိသည်။ 

 

အရင်က ၂၁မိုင် ရှူခင်းသာက မန္တလေးမြို့ကြီးကို စီးမိုးကြည့်လျှင် စုစုစည်းစည်းနှင့် မြို့ကြီးက နန်းသွေး၊ နန်းဟန်အပြည့်။ အခုတော့ အစော်ကားခံရသော မြို့ကြီးလို့ ကျွန်တော် ထင်မိသည်။ ဆရာကြီး မြသန်းတင့်က မန္တလေးကို ဖီးနစ်ငှက်နှင့် တင်စားခဲ့သည်။ မီးပုံထဲမှ အမြဲ ရှင်သန်ထမြောက်လာသည့် မြို့။ အခုတော့ မြို့ကြီးက ခြောက်ကပ်ကပ်ဖြင့် လူမမာသည် ကြီးတစ်ယောက်နှင့် တူနေသည်လို့ ကျွန်တော် တွေးမိသည်။ 

 

၂၁ မိုင်မှာ ကျွန်တော် ခဏနားချင်သည်။ ဆိုင်ကယ်ကို အနားပေးရင်း အပေါ့အပါးသွားဖို့ ထိုင်နေကြ လ္ဘက်ရည်ဆိုင်ကိုရှာသည်။ ရှာမတွေ့။ သေသေချာချာ နှစ်ခေါက် ပြန်ရှာမှ အရင်ဆိုင်လေး နေရာမှာ ဆိုင်ကြီး ကနားကြီး ဖြစ်နေတာ တွေ့ရသည်။ သို့သော် ဆိုင်ရှင်တွေက ကျွန်တော် မှတ်မိသော သူတွေ မဟုတ်တော့။ တရုတ်လိုလို ရှမ်းလိုလို ကိုးကန့်လိုလို ပိုင်ရှင်တွေ။ မြန်မာပြည်ဖွားတွေဖြစ်ပြီးတာပါဘဲလို့ ကျွန်တော်တွေးပြီး ၀င်ထိုင်တော့ လ္ဘက်ရည်က အရင်လို နွားနို့စစ်စစ် ရောထားသော မွှေးနေသည့် လ္ဘက်ရည် မဟုတ်တော့။ ဖွယ်တယ်တယ်။ ဖန်တန်တန်။ ဆိုင်ပိုင်ရှင်တွေရဲ့ စကားတွေ၊ ဆက်ဆံပုံတွေကလဲ အေးတိ အေးစက်။ နွေးနွေးထွေးထွေးမရှိ။ 

 

၂၁ မိုင်က ထွက်လာပြီးတော့ ကျွန်တော့်ဆိုင်ကယ်က မောင်းရတာ သိပ်မကောင်း။ သိပ်မဆွဲချင်။ ဂီယာ နံပါတ် ၂ နဲ့ အသာလေး တက်ရမည့် နေရာမှာ ဂီယာ နံပါတ် ၁ ကို ပြန်ပြန် ချိန်းနေရသည်။ မန္တလေးသားပီပီ ကျွန်တော် ဆိုင်ကယ်စီးတာ ကျွမ်းကျင်သည်။ ကိုယ့် ကိုယ် ကိုယ် ယုံကြည်မှု ရှိသည်။ အရင်က ဒီလမ်း ဒီခရီးဆိုတာ ကျွန်တော့်အတွက် ဆိုင်ကယ် မကောင်းပေမယ့် အေးအေးဆေးဆေး ထိန်းကျောင်းမောင်းနှင်လို့ ရသည့် နေရာ။ ကုန်းဆင်း၊ ကုန်းတက်၊ တောင်ဆင်း၊ တောင်တက်၊ အကွေ့၊ အစောင်း တွေမှာ သင့်တော်ရာ ဂီယာနှင့် ဘရိတ်ကို တွဲပြီး မောင်းနှင်နေကြ။ သက်တောင့်သက်သာ။ အေးအေးဆေးဆေး။ အခုတော့ ဘာလိုနေမှန်း မသိ။ မောင်းရတာ အထာမကျချင်။ ဆိုင်ကယ်က အကောင်း။ တောင်တက်မှာမို့ စိတ်ချရအောင် ဂျပန်လုပ် ဆိုင်ကယ်ကို ရွေးယူလာသည်။ ပြီးတော့ အင်ဂျင်ဝိုင်ကလဲ အသစ်စက်စက်။ ဒါတောင်မှ သိပ်မဆွဲ။

ခြောက်ထပ်ကွေ့ကို တက်တော့ ကျွန်တော့်ဆိုင်ကယ်မဆွဲတာ သိသာလာသည်။ လမ်းဘေးမှာ ခဏရပ်။ အင်ဂျင်အေးအောင် ခဏစောင့်။ အသင့်ယူလာသော ပလပ်အသစ်လဲ။ ပြန်မောင်းတော့မှ အဆင်ပြေသလိုလိုဖြစ်သွားသည်။ 

 

မေမြို့အ၀င် စစ်တက္ကသိုလ်ရှေ့ရောက်တော့ အချိန်လင့်နေပြီ။ သို့သော် ဆိုင်ကယ်ကို အမြန်မစီးမိ။ မေမြို့ စစ်တက္ကသိုလ်ကြီးက ကျွန်တော့်ကို ညှို့ယူနေသည်။ ကျွန်တော့် မျက်စိကိုယ် ကျွန်တော် မယုံနိုင်။ ကြီးကျယ် ခမ်းနားလှချည့်။ ခမ်းနား ထယ်ဝါလှချည့်။ အရာရာမှာ စနစ်ကျ၊ သပ်ရပ်သော စစ်ကျောင်းတော်ကြီးပါပေ။ ကျွန်တော့် သူငယ်ချင်းတွေ တက်ရောက်ပညာသင်ကြား သွားကြသော စစ်ကျောင်းတော်ကြီး။ နောင်တစ်ခေတ်၏ အောင်စစ်သည်တွေ နေသွားကြသည့် ကျောင်း။ ကမ္ဘာကျော် နာမည်ကြီးသည့် ကျောင်း။ နိုင်ငံကျော် နာမည်ကြီးသည့် ကျောင်း။ တိုင်းပြည်တစ်ခုလုံး တုန်လှုပ် ခြောက်ခြားစေမည့် လူများ မွေးထုတ်ပေးခဲ့သည့် ကျောင်း။ 

 

ဆိုင်ကယ်ကို လမ်းဘေး ထိုးရပ်ပြီး ကျောင်းကြီးကို ကျွန်တော် ငေးနေမိသည်။ out pass ရကြဟန်တူသည့် ဗိုလ်လောင်းဝတ်စုံကို ကျော့ ကော့နေအောင် ၀တ်ထားသည့် ဗိုလ်လောင်း ကလေးလေးတွေ လမ်းလျှောက်ပုံက ရင်ကိုကော့။ ခေါင်းကိုမော့။ မိမိကိုယ် ကိုယ် ယုံကြည်ချက် မြင့်မားသော လူများတွင်သာတွေ့ရတတ်သည့် လမ်းလျှောက်ပုံမျိုး ဖြစ့် ဘယ်၊ ညာ ညီအောင် ၀င်သူက ၀င်သွားသည်။ ထွက်သူတွေက ထွက်လာသည်။ ယုံကြည်မှု မြင့်မားမှုများကိုတွေ့ရသော်လည်း ကောက်ကျစ်မှုတွေ၊ လောဘတွေ၊ မောဟတွေ ပြည့်နေသော မျက်နှာလေးတွေတော့ မဟုတ်ကြသေး။  ကျောင်းရှေ့ စိန်ပန်းပင် နီနီရဲရဲကြားမှာ စစ်ဝတ်စုံ စိမ်းစိမ်းဝတ် လူငယ်လေးတွေ တွေ့ရတာ ကြည်နူးစရာ။ ပါလာသော ကင်မရာကို ထုတ်ပြီး အတွဲ အစပ်မိလှသည့် အရောင်တွေကို မှတ်တမ်းတင်ချင်ပေမယ့် ကျွန်တော့်မလှမ်းမကမ်းမှာ ကွက်ကြည့် ကွက်ကြည့် လုပ်နေကြသည့် အရပ်ဝတ်လူတွေကို သတိထားမိလိုက်သည်။ မဟုတ်မလွဲရော့။ လုံခြုံရေး ချထားသော စစ်သား အရာရှိများသာ ဖြစ်မည်။ အကြာကြီး ငေးကြည့်နေလို့ အဆင်မပြေပါဘူးလေလို့ ကျွန်တော် တွေးမိပြီး ဆိုင်ကယ်ပေါ် တက်တော့ လက်ကိုင်ဖုန်းက မြည်လာသည်။ ဆက်သူက မန္တလေးက အမအငယ်။ “ဟဲ့ ဘယ်ရောက်နေတာလဲ။ အဆင်ပြေရဲ့လား။ မမှောင်ခင် ပြန်ဆင်းလာခဲ့။ ခြေရှည်တော် မူမနေနဲ့” ဟု ဆိုကာ ဖုန်းပြန်ချသွားသည်။

တကယ်ဆို ကျွန်တော် ကန်တော်ကြီး ဥယျာဉ်ဘက်ကို သွားချင်သေးသည်။ အေးအေးလူလူ သွားထိုင်နေချင်သေးသည်။ အချိန်ကို ပြန်ကြည့်တော့ မေမြို့က သူငယ်ချင်း တစ်ယောက်ကို ရှာရအုံးမှာနှင့် အချိန်လောက်မည် မထင်။ ခဏ ခဏ ရောက်ဖူးနေသည့် နေရာကို မသွားတော့ဘဲ သူငယ်ချင်း အိမ်ရှိရာသို့ လာခဲ့သည်။ သူငယ်ချင်းအိမ်က သူငယ်ချင်း အိမ်မဟုတ်တော့။ အသားနီစပ်စပ် လူတစ်ယောက်ထွက်လာပြီး ဒီအိမ်ကို သူတို့ ၀ယ်ထားတာ ကြာပြီဖြစ်ကြောင်း။ အရင်အိမ်ပိုင်ရှင်တွေ မြို့သစ်ဖက်ကို ပြောင်းသွားကြောင်း။ ကံကောင်းတာက သူ မသေမချာ ညွှန်ပေးလိုက်သည့် လိပ်စာအတိုင်း မြို့သစ်ထဲမှာ သူငယ်ချင်း အိမ်ကို လိုက်ရှာတော့ တွေ့သည်။ ဒါပေမယ့် သူငယ်ချင်းကို မတွေ့။ 

 

မလေးရှားထွက်သွားတာ ခြောက်နှစ်တောင် ကျော်ပြီပေါ့ သားရယ်ဟု ကျွန်တော့်ကို မှတ်မိသည့် သူ့ အမေက ပြောသည်။ ထမင်း ဇွတ်ကျွေးနေသည့် သူငယ်ချင်း အမေကို ဇွတ်ငြင်းပြီး ဈေးလေးနားက ကျွန်တော် သိပ်ကြိုက်သည့် ရှမ်းခေါက်ဆွဲ ဆိုင်လေးရှိရာ ထွက်လာခဲ့ရသည်။ စိတ်ညစ်ရပြန်သည်။ အဲဒီဆိုင်နေရာမှာ ကုန်တိုက်လိုလို၊ ကုန်စုံဆိုင်လိုလို ဆိုင်ကြီး ကနားကြီးက ရောက်နေပြန်သည်။ အစားတစ်လုပ်အတွက် အလွန်ကရိကထမခံလိုသော လူပျင်း ကျွန်တော်က တွေ့ကရာ ဆိုင်မှာ ၀င်ထိုင်စားတော့ မေမြို့ရှမ်းချဉ်တစ်ခုနဲ့တောင် အလွန်အရသာ ရှိသော ရှမ်းခေါက်ဆွဲနှင့် ခေါပုတ်စားခဲ့သည်။ 

 

စားသောက်ပြီးလို့ ကျွန်တော် နာရီကြည့်တော့ လေးနာရီကျော်ပြီ။ လမ်းမှာ တစ်နာရီခွဲလောက် မောင်းရမည်။ ဒါတောင်မှ ၂၁ မိုင်မှာ မနားဘဲ မောင်းပါမှ။ မမှောင်ခင် ပြန်ဆင်းလာခဲ့နော်ဟု သေသေချာချာ ဖုန်းဆက်မှာနေသည့် အမစကားကိုလဲ နားထောင်ချင်သည်။ 

 

ဆိုင်ကယ်ကို မန္တလေးဘက်သို့ ဦးတည်ပြီး မေမြို့က ပြန်ထွက်လာတော့ စစ်တက္ကသိုလ် ကျောင်းတော်ကြီး ရှေ့က ဖြတ်ရပြန်သည်။ တကယ်တော့ ဒီကျောင်းတော်ကြီးကို ကျွန်တော်ကြည့်ပြီး ဘာကို အားငယ်မှန်း မသိ ကျွန်တော် အားငယ်သည်။ ဘာကို ကြောက်မှန်း မသိ ကျွန်တော် ကြောက်နေသည်။ ပြီးတော့ လမ်းတစ်လျှောက် ကျွန်တော် ဆိုင်ကယ်မောင်းလာတော့ အရင်လို ဒီလမ်းကြီးက စိတ်ပေါ့ပါး လွတ်လပ်မှုကိုလဲ မပေး။ ပျော်ရွှင် ကြည်နူး မှုကိုလဲ မပေး။ ဒီလမ်းကြီးက အရင်လို မဟုတ်တော့။ ဒီလမ်းမကြီးရဲ့ဘေးမှာ ကျွန်တော့် သူငယ်ချင်း အိမ်လဲ မရှိတော့။ သို့သော် ပိုမိုကြီးကျယ် ခမ်းနား၊ ဟိတ်ဟန် အလွန်ကြီးပြီး တသီးတသန့် ရှိနေသည့် စစ်ကျောင်းတော်ကြီးက အရင်လိုဘဲ ကျွန်တော်နှင့် ဝေးနေဆဲပါဘဲလေ။ 

ဖိုးထက်

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts

4 thoughts on “ဖိုးထက် – ဝေးသွားတဲ့ လမ်းမကြီး
  1. လူထုဦးလှရေးတဲ့ “သတင်းစာများပြောပြတဲ့ စစ်အတွင်းဗမာပြည်” တတိယတွဲ၊ စာမျက်နှာ ၂၉၀ – ၂၉၃ ကိုကြည့်ရင် ဂျပန်ခေတ် “လွတ်လပ်သော ဗမာနိုင်ငံတော်” ဒေါက်တာဘမော်အစိုးရကလည်း “မေမြို့” ကို “ပြင်ဦးလွင်” ဆိုတဲ့ မူရင်းရှမ်းအမည်ကိုပြောင်းခဲ့ဖူးပါတယ်။ လွတ်လပ်ရေးရပြီးဦးနုခေတ်က တရားဝင်အမည်မပြောင်းခဲ့ပေမဲ့ “မေမြို့” ကို “ပြင်ဦးလွင်”လို့လည်းတွဲခေါ်တတ်ပါတယ်။ ၁၉၆၄ လောက်က အဆိုတော် နွဲ့ယဉ်ဝင်းဆိုခဲ့တဲ့ “မေမြို့ သို့မဟုတ် ပြင်ဦးလွင်” ဆိုတဲ့သီချင်းလည်းရှိပါတယ်။

    1. ဆရာခင်ဗျား…ကျေးဇူးတင်ပါတယ်။ အချက်အလက် မှားတာရှိရင် ၊ မသင့်တော်တာရှိရင် ထောက်ပြဝေဖန်ပါ ခင်ဗျာ။

  2. အဲဒီလို တိုက်ရိုက်ပြောတာ ဘာမှ မပါပဲ ရိုးရိုးလေး ရေးတဲ့ ဆောင်းပါးလေးတွေလည်း ဖတ်လို့ ကောင်းတယ်ဗျ။

    1. ကိုယ့် ငါးချဉ်းမှ ကိုယ်မချဉ်စုတ်ကြရင် ဘယ်သူက လှည့်ကြည့်မှာလဲဗျာ။ ဘာဘဲဖြစ်ဖြစ် ကျေးဇူးတင်ပါတယ်။

Comments are closed.