ကဗျာ ကျော်ဟုန်း

ကျော်ဟုန်း – ရာဇဝင်သစ်ရဲ့ အာဂ


ကျော်ဟုန်း – ရာဇဝင်သစ်ရဲ့  အာဂ
(မိုးမခ) မတ် ၂၇၊ ၂၀၁၅

ရာဇဝင်ရိုင်းတွေ
မသိကျိုးကျွန်ပြုချိန်မှာ
ရာဇဝင်သစ်တွေ
မော်ကွန်းသစ် ဖွင့်တယ်။

ရာဇဝင်ဟောင်းတွေ
အိပ်မောကျနေချိန်မှာ
ရာဇဝင်သစ်တွေ
နေခြစ်ခြစ်တောက် ထွန်းတယ်။

ကြည့်လိုက်ကြစမ်း …
ညွတ်ကွင်းမိလျက်နဲ့ တောင်
အပြင်လွတ်တွေကို တွန်သံပေး
ပြန်ပြုံးပြပြီး အားပေးရဲကြတဲ့
တကယ့် အာဂလေးတွေ။

ကြည့်လိုက်ကြစမ်း …
ဖြူစင် နု ဥ မျက်နှာပိုင်ရှင်လေးတွေ
သူတို့ ရဲ့ နှုတ်ဖွင့်ထွက် အသံလှိုင်း
သတ္ထုဓာတ်တွေ လှိုင်လို့ ။

(သားတို့ က ခိုးဆိုးလုယက်နေလို့ 
ထောင်ထဲရောက်တာမှ မဟုတ်တာ၊
အများအတွက်လုပ်ရင်း အချုပ်ခံရတာလေ၊
ဒီလို သားမျိုး အမေ့မှာရှိတာ
ဂုဏ်ယူလိုက်စမ်းပါ အမေ) တဲ့…။

အသံမဲ့ အံကြိတ်ခဲထားတဲ့
ဝမ်းကြာသိုက် ပိုင်ရှင်များရဲ့
ပူလောင်မြစ်ရေစီးတွေဟာ
ချက်ချင်း လိပ်တင်လိုက်တဲ့ လိုက်ကာလို
အငွေ့ ပျံ ခမ်းခြောက်သွားပုံများ
ဒါဟာ ရာဇဝင်အသစ်ပဲ
မော်ကွန်းထိုးလိုက်ကြ။  ။

( ၂၅၊ မတ်၊၂၀၁၅။ လက်ပံတန်းမြို့ နယ်တရားရုံးထုတ်ခံ ပင်မသပိတ်စစ်ကြောင်းမှ ဇာနည်များသို့ ဂုဏ်ပြုလျှက်)

Photo Credit – Irrawaddy Burmese News


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts