Han Thit Naing ဓာတ်ပုံသတင်း

ဟန်သစ်နိုင် – သခင်ကိုယ်တော်မှိုင်း ၁၃၉ နှစ်ပြည့် အခမ်းအနား ကျင်းပ

 
 

ဟန်သစ်နိုင် – သခင်ကိုယ်တော်မှိုင်း ၁၃၉ နှစ်ပြည့် အခမ်းအနား ကျင်းပ
(မိုးမခ) မတ် ၂၇၊ ၂၀၁၅

ငြိမ်းချမ်းရေးဖခင်ကြီး ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ ၁၃၉နှစ်မြောက် မွေးနေ့အခမ်းအနားကို ရန်ကုန်ရွှေတိဂုံတောင်ဘက်မုဒ်ရှိ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဂူဗိမာန်ရှေ့ မြက်ခင်းပြင်တွင် မတ်လ ၂၃ရက်နေ့က ပြုလုပ်ခဲ့သည်။


မနက်ပိုင်းတွင် ဆရာကြီးသခင်ကိုယ်တော်မှိုင်းအတွက် ရည်စူးပြီး ဆရာကြီး၏ ကျန်ရစ်သူမိသားစုဝင်များနှင့် ဆရာကြီးဂူဗိမာန်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ တို့ မှ ဆွမ်းကပ်လှူဒါန်းခဲ့သည်။ နေ့လည်ပိုင်းတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယက ဦးတင်ဦး၊ နိုင်ငံရေးပါတီမှခေါင်းဆောင်များ၊ နိုင်ငံရေးအင်အားစုများ၊ စာပေပညာရှင်များ၊ ပြည်သူများတက်ရောက် ခဲ့ကြသည်။ တက်ရောက်လာသောပုဂ္ဂိုလ်များမှ ကျဆုံးသွား ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်များ၊ ဒီမိုကရေစီတိုက်ပွဲအဆင့်ဆင့်တွင့် ကျဆုံးခဲ့သော ရဟန်းရှင်လူ ကျောင်းသားပြည်သူများကို တစ်မိနစ် ငြိမ်သက်အလေးပြုခဲ့ကြသည်။

မာမာအေး

နိုင်ငံကျော်အဆိုတော် ဒေါ်မာမာအေးမှလည်း ငြိမ်းချမ်းရေးသည် အပေါင်းလက္ခဏာ၊ တို့ဗမာသီချင်း၊ ငြိမ်းချမ်းရေးသည် အေးမြသောရေစင် စသော ငြိမ်းချမ်းရေးသီချင်များကို သီဆိုဂုဏ်ပြုပေးခဲ့သည်။

 

ဒေ၀ီသန့်စင်

၎င်းအခမ်းအနားတွင် ဒေါ်ဒေဝီသန့်စင်မှလည်း “ မြန်မာနိုင်ငံရဲ့ အချိန်အကြာဆုံး ပြည်တွင်းစစ်သည် ကိုယ့်ဗမာအချင်းချင်း လည်းဖြစ်တယ် ဒါကြောင့်မို့ ငြိမ်းချမ်းရေးယူကြပါလို့ ဆရာကြီးလက်ထက်ကတည်းက ဆရာကြီးမဆုံးခင်ငြိမ်းချမ်းရေး ယူသွားချင်တယ်လို့ ဆရာကြီးကပြောပါတယ်။ အဲဒါကြောင့် မြန်မာနိုင်ငံ ဟာဒီနေ့အထိ ငြိမ်းချမ်းရေးဟာ ဆွေးနွေးရင်းနဲ့ နီးလိုက်ဝေးလိုက်ဖြစ်နေတယ်။ ဆရာကြီးတို့မမြင်သွားပေမယ့် ဒီချခဲ့တဲ့မျိုးစေ့ဟာ တောက်လျှောက်ရှင်သန်နေပါတယ်၊ ဒီနေ့လိုပွဲကြီးဖြစ်အောင်၊ ဒီအရှေ့ကမြေတွေဖြစ်အောင် အဖွဲ့အစည်းတွေနဲ့ ဝိုင်းဝန်းကြိုးစားပြီးတော့ အရင်ဆရာကြီးတို့ဖောက်သွားတဲ့လမ်းကို ဒီထက်ကောင်းတဲ့လမ်းချောဖြစ်အောင် အရိပ်ပေးနိုင်တဲ့ လမ်းတွေဖြစ်အောင်လုပ်သွားသလိုပဲ ဒေါ်လေးတို့ခေတ်မှာငြိမ်းချမ်းရေးမရလည်း မျိုးဆက်သစ်လူငယ်တွေကနေပြီးတော့ ငြိမ်းချမ်းရေးအလံကို ဆင့်ကဲဆင့်ကဲ မြန်မာနိုင်ငံအတွက် အေးအေးချမ်းချမ်းနဲ့ဖြစ်အောင် ထပ်ပြီးသယ်ပိုးနိုင်ပါစေလို့ ဆန္ဒပြုချင်ပါတယ်” ဟုပြောပြသည်။

ဦးတင်ဦး

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယက ဦးတင်ဦးမှ ငြိမ်းချမ်းရေးဖခင်ကြီး အကြောင်း ပြောပြရာတွင်“ဆရာကြီးသခင်ကိုယ်တော်မှိုင်းသည် ငြိမ်းချမ်းရေးကို အင်မတန်လိုလားသော ပုဂ္ဂိုလ် ကျော်ဖြစ်တယ်၊ အင်မတန်ရိုးသားစွာ ငယ်စဉ်ကပညာသင်ခဲ့ပြီး ဒီပညာနဲ့ နယ်ချဲ့ကိုလိုနီ ဘဝမှလွတ်မြောက် ရအောင် ရေးတဲ့အကြောင်းတွေ၊ လှုပ်ရှားဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းရပ်တွေဖြစ်တဲ့အတွက် ဒါတွေကို ဂုဏ်ပြုရမယ်၊ အခုနောက်ပိုင်း ဒီမိုကရေစီရေးမတိုင်ခင်က ဒီတိုင်းပြည်မှာ လက်နက်ကိုင်ပဋိပက္ခတွေ အင်မတန်မှကြီးမားစွာရှိနေတဲ့အချိန်၊ အခုလည်းပျောက်တိပျောက်ကျား မပြီးသေးပါဘူး၊ အဲဒါကြောင့်ဒီနေ့လည်း ငြိမ်းချမ်းရေးဆိုတဲ့စကားဟာ ကျနော်တို့အကုန်ပြောနေကြတာပါ။ ကျနော်တို့အားလုံးလည်း ငြိမ်းချမ်းရေးကို လိုချင်ပါပြီ” ဟုပြောသည်။


ဆရာကြီးသခင်ကိုယ်တော်မှိုင်းကို ၁၈၇၆ခုနှစ်တွင် ပြည်ခရိုင် ရွှေတောင်မြို့နယ် ဝါးလယ်ရွာတွင်မွေးဖွားခဲ့ပြီး ဆရာကြီးသည် နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်ဆန့်ကျင်ရေး၊ တိုင်းပြည်လွတ်လပ်ရေး၊ တစ်မျိုးသားလုံးသွေးစည်းညီညွတ်ရေး၊ လယ်သမားအရေး၊ အလုပ်သမားအရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးကိုပါဆောင်ရွက်ခဲ့ပြီး ၁၉၆၄ ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။

ဆရာကြီးသခင်ကိုယ်တော်မှိုင်းအားဂုဏ်ပြုသောအားဖြင့် ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်ချမ်းရေးဗိမာန်၊ ရုပ်ထု-ရင်ပြင်၊ စာကြည့်တိုက်၊ ပြတိုက်၊ ပန်းခြံများကို တင့်တော်သော မြို့နယ်၊ ကျေးရွာများတွင် တည်ဆောက်ဖွင့်လှစ်သွားရန် ကြိုးစားလျက်ရှိပြီး၊ ပထမအနေဖြင့် ဆရာကြီး၏ ဇာတိမြေ၊ ပြည်ခရိုင် ရွှေတောင်မြို့နယ်၊ ဝါးလယ်ရွာတွင် ဆရာကြီးကိုလေးစားကြည်ညိုကြသော ရဟန်းရှင်လူ ပြည်သူအပေါင်းတို့၏ လှူဒါန်းငွေဖြင့် “ဆရာကြီး သခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးဗိမာန်” တည်ဆောက်ရန် စီစဉ်ဆောင်ရွက်လျက်ရှိနေကြောင်း ဆရာကြီး ဂူဗိမာန်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ ကြေညာခဲ့သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts